ကုလမှာ မြန်မာ့အရေးဆွေးနွေးမှုတွေကို ပြည်တွင်းရေးစွက်ဖက်မှုနဲ့ နိုင်ငံရေးအရအသုံးချမှုဆိုပြီး တရုတ်နဲ့ ရုရှား ကန့်ကွက်
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို အကြောင်းပြပြီး နိုင်ငံရေးအရ ဖိအားပေးတာနဲ့ လူ့အခွင့်အရေးကိစ္စတွေကို နိုင်ငံရေးအတွက် အသုံးချတာမျိုး မလုပ်သင့်ဘူးဆိုတဲ့ပြောဆိုချက်နဲ့ တရုတ်နဲ့ ရုရှားကိုယ်စားလှယ်တွေက ကုလသမဂ္ဂမှာ ဆွေးနွေးခဲ့ပါတယ်။
အောက်တိုဘာ ၂၇ ရက်က ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီအစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့ပ်နဲ့ အခြားတာဝန်ရှိသူတွေရဲ့ မြန်မာက လူ့အခွင့်အရေးချိုးဖောက်ခံရမှု တင်ပြချက်တွေကို တုံ့ပြန်ဆွေးနွေးရာမှာ တရုတ်နဲ့ ရုရှားကိုယ်စားလှယ်တွေဥ အခုလို ပြောဆိုခဲ့ကြတာပါ။
လူ့အခွင့်အရေးကိစ္စတွေကို နိုင်ငံရေးအရ အသုံးချတာနဲ့ နှစ်မျိုးနှစ်စား စံနှုန်းထားတာတွေကို တရုတ်က ဆန့်ကျင်ကြောင်း၊ တခြားနိုင်ငံတွေအပေါ် လူ့အခွင့်အရေးကိစ္စကို အကြောင်းပြုပြီး လူသိရှင်ကြား ဖိအားပေးတာမျိုး မလုပ်သင့်ကြောင်း တရုတ်ကိုယ်စားလှယ်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ စီးပွားရေးပြန်လည်နာလန်ထူလာရေးနဲ့ ပြည်သူတွေရဲ့ လူနေမှုဘဝ တိုးတက်ရေးဟာ လူ့အခွင့်အရေးကို မြှင့်တင်ကာကွယ်ရာမှာလည်း အရေးကြီးတယ်လို့ တရုတ်ဘက်က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အကူအညီပေးဖို့ အသင့်ရှိကြောင်းလည်း ဆိုပါတယ်။ မြန်မာ့အရေးဖြေရှင်းရာမှာ အာဆီယံရဲ့ အခန်းကဏ္ဍကို ပိုမိုအားကောင်းစေဖို့နဲ့ အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံကြောင်း တရုတ်က ပြောပါတယ်။
တရုတ်ကိုယ်စားလှယ်ကလည်း အထူးအစီရင်ခံစာတင်သွင်းသူရဲ့ ပြောဆိုချက်တွေကို ပယ်ချခဲ့ပြီး ပြည်သူတွေကို လမ်းလွဲစေမယ့် အပြောအဆိုတွေ မလုပ်ဖို့ သတိပေးခဲ့ပါတယ်။
“နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ တင်းမာမှုတွေကို ပိုမိုမြင့်တက်စေပြီး မတည်ငြိမ်မှုတွေကို ပိုဆိုးရွားစေတာထက် သဘောထားကွဲလွဲမှုတွေကို လျှော့ချပြီး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကူညီပေးရေးကို အာရုံစိုက်သင့်ပါတယ်” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူတွေ ပြန်လည်နေရာချထားရေးကိုလည်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ဆွေးနွေးညှိနှိုင်းမှုကတစ်ဆင့် တဖြည်းဖြည်း ဖြေရှင်းသင့်ကြောင်း ပြောကြားခဲ့ပါတယ်။
ရုရှားကလည်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုအခြေအနေဟာ ပြည်တွင်းရေးကိစ္စဖြစ်ပြီး ကုလသမဂ္ဂမှာ အဲဒီကိစ္စတွေကို နိုင်ငံရေးအရ အသုံးချဆွေးနွေးတာကို ဆန့်ကျင်ကြောင်း ပြောပါတယ်။
မြန်မာမှာ ငြိမ်းချမ်းတဲ့ဘဝ ပြန်လည်တည်ဆောက်နိုင်ဖို့ မြန်မာအာဏာပိုင်တွေရဲ့ ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုကြောင်းနဲ့ အစိုးရသစ်ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်တွေ ပြုလုပ်နေကြောင်း ရုရှားကိုယ်စားလှယ်က ပြောပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာ့အရေးသုံးသပ်ချက်တွေမှာ ဘက်မမျှမှုရှိနေပြီး လက်ရှိအကျပ်အတည်းအတွက် နေပြည်တော်ကို အပြစ်တင်တာဟာ လက်ခံနိုင်စရာမရှိဘူးလို့လည်း ဆိုပါတယ်။
မြန်မာအစိုးရကို ဆန့်ကျင်တဲ့အင်အားစုတွေကို အနောက်နိုင်ငံတွေက နိုင်ငံရေး၊ သံတမန်ရေးနဲ့ ငွေကြေးအထောက်အပံ့ပေးနေခြင်းဟာ မြန်မာနိုင်ငံမှာ လူမှုရေးနဲ့ နိုင်ငံရေးတည်ငြိမ်မှု ပြန်လည်ရရှိရေးကို ပိုမိုခက်ခဲစေပြီး အာဆီယံရဲ့ ကြိုးပမ်းမှုတွေကိုလည်း ထိခိုက်စေတယ်လို့ ရုရှားက ပြောဆိုခဲ့ပါတယ်။
နေရပ်စွန့်ခွာသူတွေနဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေကို နိုင်ငံရေးအရ အသုံးချတာမျိုး မလုပ်ဖို့နဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့အကြား ယခင်က သဘောတူထားတဲ့ နေရပ်ပြန်ရေးအစီအစဉ်တွေ အကောင်အထည်ဖော်နိုင်ရေး နိုင်ငံတကာက ကူညီသင့်ကြောင်းလည်း ရုရှားက တိုက်တွန်းခဲ့ပါတယ်။
ရုရှားကိုယ်စားလှယ်က ကုလသမဂ္ဂရဲ့ သုံးသပ်ချက်တွေဟာ “အလွန်အမင်း တစ်ဖက်သတ်ဆန်တယ်” လို့ ပယ်ချခဲ့ပြီး “လက်ရှိအကျပ်အတည်းအတွက် နေပြည်တော်ကို အပြစ်တင်တာဟာ လက်မခံနိုင်စရာပါ” လို့ ပြောပါတယ်။
မြန်မာ့အရေးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အစီအစဉ်ထဲမှာ ဆက်လက်ထည့်သွင်းထားတာကိုလည်း ရုရှားက ဆန့်ကျင်ကြောင်း ပြောကြားခဲ့ပါတယ်။
ထိုင်းကိုယ်စားလှယ်က ASEAN လမ်းကြောင်းတွေကတစ်ဆင့် ပေးအပ်နေတဲ့ လူသားချင်းစာနာမှုအကူအညီတွေနဲ့ မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်စခန်းတွေကနေ ကယ်တင်ခဲ့တဲ့ လူ ၁၃,၇၀၀ ကျော်ကို နေရပ်ပြန်ပို့ပေးခဲ့မှုအကြောင်း ပြောပါတယ်။
ဂျပန်ကိုယ်စားလှယ်ကတော့ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
လေ့လာသူအဖြစ် ပါဝင်တဲ့ ဥရောပသမဂ္ဂ (EU) က စစ်တပ်ကျင်းပတဲ့ ရွေးကောက်ပွဲတွေရဲ့ တရားဝင်မှုကို ပယ်ချခဲ့ပါတယ်။
“အမည်ခံ အရပ်သားအစိုးရအောက်မှာ စစ်အုပ်ချုပ်ရေးကို နာမည်ပြောင်းပြီး ဆက်လက်လုပ်ဆောင်တာ”ကို တရားဝင်မှုကို မပေးနိုင်ဘူးလို့ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်က ရခိုင်ပြည်နယ်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ အတင်းအကျပ် စစ်သားစုဆောင်းမှုတွေ ရှိနေကြောင်း သတိပေးခဲ့ပါတယ်။
“အိုးအိမ်စွန့်ခွာနေရမှု ကြာရှည်လာတာကို အမြဲတမ်းဖြေရှင်းနည်းတစ်ခုအဖြစ် သဘောထားလို့ မရပါဘူး” လို့ ပြောဆိုခဲ့ပြီး နိုင်ငံတကာကနေ ကြိုတင်ခန့်မှန်းနိုင်တဲ့ ရန်ပုံငွေပံ့ပိုးမှုနဲ့ ဝန်ထုပ်ဝန်ပိုးကို မျှဝေတာတွေ လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။
အောက်တိုဘာ ၂၇ ရက်က ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ၈၁ ကြိမ်မြောက်အစည်းအဝေး၊ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနဲ့ ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ) မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုအခြေအနေကို ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့ပ်၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အကြီးအကဲ နီကိုလပ်စ် ကူမ့်ဂျန်နဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ ကယ်လီ ကာရီတို့က အစီရင်ခံတင်ပြခဲ့ကြပါတယ်။
ဆွေးနွေးမှုမှာ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းအပါအဝင် ထိုင်း၊ ဂျပန်၊ ဘီလာရုစ်၊ ဩစတြေးလျ၊ အင်ဒိုနီးရှား၊ ပိုလန်၊ ဆွစ်ဇာလန်၊ ရုရှား၊ ဥရောပသမဂ္ဂနဲ့ အခြားနိုင်ငံတွေက ကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးခဲ့ကြတာ ေတွေ့ ရပါတယ်။