လိုင်စင်မရှိဘဲဆေးကုလို့တရားရင်ဆိုင်နေရတဲ့ ရွှေလက်ဒေါ်ခင်စန်းရီကို ဒေါက်တာဘွဲ့ပေး

ဓာတ်ပုံ ရင်းမြစ်, Dayspring International University
အမရပူရမြို့နယ်တရားရုံးမှာ တရားရင်ဆိုင်နေဆဲဖြစ်တဲ့ ရွှေလက်ဒေါ်ခင်စန်းရီကို ပညာရေးဆိုင်ရာ ဘွဲ့ ပေးခွင့်မရတဲ့ Dayspring International University ဆိုတဲ့ အဖွဲ့အစည်းတခုက ဒေါက် တာဘွဲ့ပေးလိုက်ပါတယ်။
ဒီအဖွဲ့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက သရုပ်ဆောင်ထူးခန့်ကျော်ကို ဒေါက်တာဘွဲ့ပေးလို့ ဝေဖန်ခံနေရတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
ဒီလိုဝေဖန်မှုတွေရှိလာတဲ့နောက်ပိုင်းမှာ Dayspring International University -Myanmar ဆိုတဲ့ ဖေ့ဘုတ်စာမျက်နှာကနေ သူတို့အဖွဲ့အစည်းဟာ ပညာရေးဆိုင်ရာဘွဲ့တွေ ပေးအပ်ခွင့်မရှိဘဲ လူမှုရေး၊ သာသနာရေးနဲ့ ပုဂ္ဂလိကကဏ္ဍထူးချွန်သူတွေကို ဂုဏ်ပြုအသိအမှတ်ပြုဆုပေးတဲ့အဖွဲ့ဖြစ်တယ် လို့ထုတ်လာပါတယ်။
ဒါပေမဲ့ ဒီအဖွဲ့က ဂုဏ်ပြုဆုပေးတဲ့ ဒေါ်ခင်စန်းရီဟာ တိုင်းရင်းဆေးကုသခွင့်လိုင်စင်မရှိဘဲ ကုသတာနဲ့ မှတ်ပုံမတင်ထားတဲ့ဆေးဝါး ၄၀ ဝန်းကျင်ထုတ်လုပ်တာကြောင့် တရားရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
သူ့ကို တိုင်ရင်းဆေးပညာ ဒေါက်တာဘွဲ့ပေးတာလို့ Dayspring International University က ထုတ်တဲ့ ဒေါက်တာဘွဲ့လက်ခံသူစာရင်းမှာ ဖော်ပြထားတာတွေ့ရပါတယ်။
ရွှေလက်ဒေါ်ခင်စန်းရီဟာ ၂၀၂၂ခုနှစ်မှာ ဆေးထုတ်လုပ်တာအပြင် အဘိဓမ္မာတောင်သာသင်တန်းကို အွန်လိုင်းကနေ ၃ လတက်ခဲ့ပြီး ကဝိဘိသက္ကဘွဲ့ရတယ်လို့ သူကိုယ်တိုင် လူမှုကွန်ရက်မှာ ပြောထားတာပါ။
ဒါပေမဲ့ ဒီသင်တန်းက တရားမဝင်ဆေးပညာသင်တန်းဖြစ်တယ်လို့ တိုင်းရင်းဆေးသမားတော် အသိုင်းအဝိုင်းနဲ့ တိုင်းရင်းဆေးကောင်စီက ဘီဘီစီကို အတည်ပြုပါတယ်။
အဘိဓမ္မာတောင်သာသင်တန်းဖွင့်လှစ်သူကိုလည်း ဒေါ်ခင်စန်းရီနဲ့အတူ ဒေါက်တာဘွဲ့ပေးတာ တွေ့ ရပါတယ်။ ပြည်သူ့ကျန်းမာရေးဒေါက်တာဘွဲ့လို့ ရေးထားတာပါ။
Dayspring International University ဟာ အမေရိကန်၊ ပြင်သစ်နဲ့ အိန္ဒိယက အဖွဲ့အစည်းတချို့နဲ့ချိတ်ဆက်ထားတယ်လို့ သူ့ဝက်ဘ်ဆိုက်မှာဖော်ပြထားပါတယ်။
ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေ၊ ခရစ္စယာန်ဘာသာရေး ခေါင်းဆောင်တွေအပြင် အခုလို ဆေးကုသခွင့်လက်မှတ်မရှိဘဲ ဆေးကုသမှုလုပ်ဆောင်နေသူတွေ ကိုပါဒေါက်တာဘွဲ့တွေပေးနေတာပါ။
အိန္ဒိယနဲ့ အာဖရိကဘက်မှာလည်း ဒီလိုဘွဲ့တွေကို လူအများအပြားကိုပေးနေတာဖြစ်ပါတယ်။
ဒါပေမဲ့ တက္ကသိုလ်ရဲ့ဝက်ဘ်ဆိုက်ဟာလူမှုကွန်ရက်နဲ့ ချိတ်ဆက်ထားတဲ့လင့်တွေ၊ အသိအမှတ်ပြု အဖွဲ့အစည်းလင့်တွေက အလုပ်မလုပ်သလို အေအိုင်အသုံးပြုထားတဲ့ပုံတွေကိုအသုံးပြုထားတာ တွေ့ရပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ ဘီဘီစီက ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတွေကို မေးမြန်းဖို့ ဆက်သွယ်ထားဆဲဖြစ်ပါတယ်။
Dayspring International University ရဲ့ ဝက်ဘ်ဆိုက်က ဖုန်းနံပါတ်ရဲ့ Whatsapp ကိုလည်း ဆက်သွယ်မေးမြန်းထားပါတယ်။


