
ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ဂျပန်ဘဏ္ဍာရေးဝန်ကြီးတာဝန်ယူထားတဲ့ ဆတ်ဆုကီကာတာရာမဂျပန်အစိုးရအနေနဲ့ မြန်မာကို FATF ရဲ့ အမည်ပျက်စာရင်းကနေ ဖယ်ရှားပေးဖို့ တိုက်တွန်းခဲ့တာမရှိဘူးလို့ ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနက ငြင်းဆိုလိုက်ကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာကို FATF (ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့)စာရင်းကနေ ဖယ်ရှားပေးဖို့ ထောက်ခံတဲ့နိုင်ငံတွေထဲမှာ ဂျပန်လည်း ပါဝင်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပြီးနောက် ဂျပန်ဘက်က အခုလို တုံ့ပြန်လာတာပါ။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ မတည်ငြိမ်မှုတွေနဲ့ ပြည်တွင်းစစ် ကျယ်ပြန့်လာချိန် ၂၀၂၂ ခုနှစ်မှာ FATF ရဲ့ အမည်ပျက်စာရင်းထဲ ထည့်သွင်းခံခဲ့ရတာပါ။ အဲဒီစာရင်းမှာ ပါဝင်တဲ့အတွက် မြန်မာနိုင်ငံနဲ့ ငွေကြေးလွှဲပြောင်းမှုတွေကို ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတွေ မဖြစ်စေရေးအတွက် နိုင်ငံတွေက ပိုမိုတင်းကျပ်စွာ စိစစ်ရတာဖြစ်ပါတယ်။
“ဂျပန်အစိုးရက မြန်မာကို FATF အမည်ပျက်စာရင်းကနေ ဖယ်ရှားပေးဖို့ ကြိုးပမ်းခဲ့တယ်ဆိုတာ မမှန်ပါဘူး။ ငွေကြေးခဝါချမှုနဲ့ တခြားတရားမဝင်လုပ်ရပ်တွေကို တားဆီးနိုင်ဖို့ လိုအပ်တဲ့ အစီအမံတွေ မြန်မာနိုင်ငံက ပိုမိုအားကောင်းအောင် လုပ်ဆောင်ဖို့ ဂျပန်က မျှော်လင့်ပါတယ်” လို့ ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနက ရိုက်တာကို ထုတ်ပြန်ပြောဆိုပါတယ်။
အောက်တိုဘာ ၃၀ ရက်က ပါရီမြို့မှာ ကျင်းပခဲ့တဲ့ FATF အဖွဲ့ဝင် ၄၀ နိုင်ငံရဲ့ တံခါးပိတ်အစည်းအဝေးအပြီးမှာလည်း မြန်မာနိုင်ငံဟာ အမည်ပျက်စာရင်းထဲ ဆက်လက်ပါဝင်နေခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ မြန်မာကို စာရင်းကနေ ဖယ်ရှားပေးဖို့ ဂျပန်က တောင်းဆိုခဲ့တာမရှိဘူးလို့လည်း ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒါပေမဲ့ အောက်တိုဘာ ၃၀ ရက်မှာ ရိုက်တာက ဖော်ပြခဲ့တဲ့ သတင်းမှာတော့ ဂျပန်အစိုးရအဆင့်မြင့်အရာရှိတစ်ဦးနဲ့ ဒီကိစ္စကို သိရှိသူတစ်ဦးရဲ့ ပြောဆိုချက်အရ ဂျပန်က မြန်မာကို အမည်ပျက်စာရင်းကနေ ဖယ်ရှားပေးဖို့ တိုက်တွန်းနေတယ်လို့ ဆိုထားပါတယ်။
အဲဒီသတင်းရင်းမြစ်နှစ်ဦးထဲက တစ်ဦးကတော့ ကြာသပတေးနေ့မှာ ရိုက်တာကို ထပ်မံပြောဆိုရာမှာ မိမိရဲ့ အရင်ပြောဆိုချက်အတိုင်း ရပ်တည်ကြောင်း ပြောခဲ့ပြီး ကျန်တစ်ဦးကိုတော့ ချက်ချင်း ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိခဲ့ပါဘူး။
စစ်တပ်ကျောထောက်နောက်ခံပြု မြန်မာအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ အမည်ပျက်စာရင်းကနေ ဖယ်ရှားနိုင်ရေး ကြိုးပမ်းမှုတွေကို “မိတ်ဆွေနိုင်ငံအချို့” က ထောက်ခံနေတယ်လို့ စနေနေ့မှာ ရိုက်တာကို ပြောထားပါတယ်။
အမေရိကန်၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ တောင်ကိုရီးယားနဲ့ အင်ဒိုနီးရှားတို့က မြန်မာရဲ့ ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုကြောင်းနဲ့ မြန်မာရဲ့ လက်ရှိတိုးတက်မှုကို အသိအမှတ်ပြုတဲ့အတွက် ကျေးဇူးတင်ကြောင်းလည်း သူက ပြောပါတယ်။ ဒါပေမဲ့ အသေးစိတ်ကိုတော့ ရှင်းပြခဲ့ခြင်းမရှိပါဘူး။
တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံအနေနဲ့ FATF ရဲ့ တာဝန်ဝတ္တရားတွေကို လိုက်နာဖို့ တိုက်တွန်းနေပြီး ဒီကိစ္စနဲ့ပတ်သက်လို့ FATF အဖွဲ့ဝင်နိုင်ငံတွေနဲ့ အနီးကပ်ညှိနှိုင်းနေတယ်လို့ ပြောပါတယ်။
ကျန်တဲ့နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ တရုတ်၊ အိန္ဒိယနဲ့ အင်ဒိုနီးရှားတို့ကတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့တာ ဒါမှမဟုတ် ရိုက်တာရဲ့ မေးမြန်းမှုကို တုံ့ပြန်ခြင်းမရှိခဲ့ပါဘူး။
ဂျပန်က မြန်မာကို FATF အမည်ပျက်စာရင်းကနေ ဖယ်ရှားပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ သတင်းကို ငြင်းဆိုလိုက်တဲ့အပေါ် စစ်တပ်ကျောထောက်နောက်ခံပြု မြန်မာအစိုးရဘက်က ချက်ချင်း တုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။
ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ အောက်တိုဘာလ ၂၆ ရက်ကနေ ၃၀ ရက်အထိ ကျင်းပခဲ့တဲ့ ငွေကြေးဆိုင်ရာ အရေးယူ ဆောင်ရွက်ရေးအဖွဲ့(FATF)ရဲ့ မျက်နှာစုံညီ အစည်းအဝေးကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တာဖြစ်ပါတယ်။