SCEF ကိုယ်စားလှယ်အဖွဲ့ Paris Peace Forum တက်ရောက်မယ်, ပြင်သစ်သမ္မတနဲ့ သီးခြားတွေ့ဆုံဖို့ရှိတယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, SCEF
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့ဟာ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ နိုဝင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်မှာ နှစ်ရက် ကျင်းပမယ့် Paris Peace Forum ကို တက်ရောက်မယ်လို့ ပြင်သစ်အစိုးရနဲ့ နီးစပ်သူတစ်ဦးထံက သိရပါတယ်။
Forum ကာလအတွင်း ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နဲ့ သီးခြားတွေ့ဆုံရေးပြင်ဆင်ထားပြီး SCEF ရဲ့ လုပ်ငန်းစဉ်တွေကိုဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
SCEF ကိုယ်စားလှယ်အဖွဲ့ကို SCEF ရဲ့ မူဝါဒရေးရာအကြံပေး နော်မေဦးက ဦးဆောင်မှာဖြစ်ပြီး NUG နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ SCEF အတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ်တဲ့ ဒေါ်ဇင်မာအောင်လည်း ပါဝင်တက်ရောက်မယ်လို့ အဲဒီအခြေအနေကို သိရှိထားတဲ့ ထိုင်းအခြေစိုက် သံတမန်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ကနဦးအစီအစဉ်တွေအရ ပြင်သစ်သမ္မတအပြင် ပြင်သစ်သမ္မတဟောင်းရဲ့ အကြံပေးနဲ့ အခြားပြင်သစ်ခေါင်းဆောင်တချို့ကိုလည်း တွေ့ဆုံပြီး SCEF ရဲ့ လုပ်ငန်းစဉ်တွေကို တင်ပြဆွေးနွေးဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
ဘီဘီစီအနေနဲ့ ပြင်သစ်ခေါင်ဆောင်ပိုင်းတွေနဲ့ တွေ့ဆုံမယ်ဆိုတာနဲ့ ပတ်သက်လို့ SCEF ပြောရေးဆိုခွင့်ရှိသူတွေနဲ့ သီးခြားအတည်ပြုနိုင်ရေး ကြိုးစားနေပါတယ်။
Paris Peace Forum ကို ၂၀၁၈ ခုနှစ်က စတင်ကျင်းပခဲ့တာဖြစ်ပြီး အခုနှစ်မှာ ၉ ကြိမ်မြောက် ကျင်းပတာဖြစ်ပါတယ်။ ဒီနှစ်ရဲ့ ခေါင်းစဉ်ကတော့ “Joining Forces on What Matters Most” ဖြစ်ပြီး ကမ္ဘာ့နိုင်ငံတွေအနေနဲ့ အရေးကြီးတဲ့ စိန်ခေါ်မှုတွေကို အတူတကွ ပူးပေါင်းဖြေရှင်းဖို့ ဆိုပြီး ရည်ရွယ်ထားပါတယ်။
စစ်ပွဲတွေ၊ ရာသီဥတုပြောင်းလဲမှု၊ နည်းပညာအပြောင်းအလဲနဲ့ ကမ္ဘာ့စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုတွေကို နိုင်ငံတစ်နိုင်ငံတည်းနဲ့ ဖြေရှင်းဖို့ မဖြစ်နိုင်တဲ့အတွက် နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်ရေးကို အလေးထားဖို့ Forum က ဖော်ပြထားပါတယ်။
ဒီနှစ် Forum မှာတော့ ကလေးသူငယ်တွေရဲ့ အနာဂတ်ကို အလေးထားတဲ့ Child Summit ကိုလည်း ပထမဆုံးအကြိမ် သီးခြားထည့်သွင်းကျင်းပမှာဖြစ်ပါတယ်။ ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ အာဟာရနဲ့ မျက်နှာပြင်နဲ့ နည်းပညာတွေရဲ့ သက်ရောက်မှုတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။


