မြန်မာအပေါ် စွဲဆိုထားတဲ့ ICJ အမှု နိုဝင်ဘာ ၁၉ ရက် စီရင်ချက်ချမယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတဲ့အမှုကို လာမယ့်နိုဝင်ဘာ ၁၉ ရက်မှာ စီရင်ချက်ချမယ်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ထုတ်ပြန်ပါတယ်။
၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ သူ့ရဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ရိုဟင်ဂျာတွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှုနဲ့ မီးရှို့မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
အဲဒီဖြစ်ရပ်တွေကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေက ပြောထားပါတယ်။
အဲဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းကို ချိုးဖောက်ခဲ့တယ်ဆိုပြီး ICJ မှာ အမှုစွဲဆိုခဲ့တာပါ။
ဒီအမှုဟာ လူပုဂ္ဂိုလ်တစ်ဦးချင်းစီကို ရာဇဝတ်မှုနဲ့ တရားစွဲဆိုတာမဟုတ်ဘဲ လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာမှာ တာဝန်ရှိ၊ မရှိကို ဥပဒေအရ ဆုံးဖြတ်ပေးဖို့ တောင်းဆိုထားတဲ့အမှု ဖြစ်ပါတယ်။
လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ - HRW ရဲ့ အကြီးတန်း နိုင်ငံတကာတရားမျှတမှုဆိုင်ရာ အကြံပေး မာရီယာ အယ်လီနာ ဗီညိုလီက ICJ ရဲ့ စီရင်ချက်ဟာ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရရှိရေး ကြိုးပမ်းမှုမှာ အရေးပါတဲ့ အခိုက်အတန့်ဖြစ်လာမယ်လို့ ပြောပါတယ်။
ဒါ့အပြင် ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တာကြောင့် လူ့အခွင့်အရေးကို လေးစားတဲ့ နိုင်ငံတွေအနေနဲ့ ရိုဟင်ဂျာတွေကို ထောက်ခံကူညီဖို့၊ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တရားမျှတမှုရရှိရေး ဆောင်ရွက်ဖို့နဲ့ သူတို့ ဘေးကင်းလုံခြုံပြီး ဆန္ဒအလျောက် နေရပ်ပြန်နိုင်ရေးအတွက် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ သူက တိုက်တွန်းပါတယ်။
နိုဝင်ဘာ ၁၉ ရက်မှာ ချမှတ်မယ့် ICJ စီရင်ချက်ဟာ အပြီးသတ်ဖြစ်ပြီး အယူခံဝင်ခွင့်မရှိပါဘူး။

