အာဆီယံထိပ်သီးဆွေးနွေးပွဲနေ့မှာ မြန်မာ့အရေး ဖိလစ်ပိုင်ကျောင်းသားအဖွဲ့ ဆန္ဒပြမယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ပိုမိုဆိုးရွားလာနေတဲ့အပေါ် ကန့်ကွက်ဆန္ဒပြမယ်လို့ ဖိလစ်ပိုင်တက္ကသိုလ် ကျောင်းသားအဖွဲ့ BUKLOD CSSP က ကြေညာပါတယ်။
ကန့်ကွက်ဆန္ဒပြပွဲကို အာဆီယံဒေသတွင်းခေါင်းဆောင်တွေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်မယ့် ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး စတင်ကျင်းပမယ့် နိုဝင်ဘာ ၁၅ ရက်မှာ ပြုလုပ်မယ်လို့ဆိုပါတယ်။
အဲဒီလှုပ်ရှားမှုကို ဖိလစ်ပိုင်အခြေစိုက် Burma Solidarity Philippines အဖွဲ့နဲ့ University of the Philippines တက္ကသိုလ်က ကျောင်းသားအဖွဲ့ BUKLOD CSSP တို့ ပူးပေါင်းစီစဉ်တာ ဖြစ်ပါတယ်။
အာဆီယံထိပ်သီးအစည်းအဝေးအတွင်း မြန်မာ့အရေးနဲ့ အကောင်အထည်မဖော်နိုင်သေးတဲ့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်တို့ အပေါ် ဆန္ဒပြဖို့ စီစဉ်ထားတာလို့ စီစဉ်သူတွေက ပြောပါတယ်။
ဆန္ဒပြပွဲကို နိုဝင်ဘာ ၁၅ ရက် တနင်္ဂနွေနေ့ မနက် ၁၀ နာရီခွဲကနေ မွန်းတည့် ၁၂ နာရီအထိ ဖိလစ်ပိုင်နိုင်ငံ ကွီဇွန်မြို့၊ ဒိလီမန်ရှိ University of the Philippines တက္ကသိုလ်ဝင်းအတွင်းက Student Union Building မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။
ဆန္ဒပြပွဲမှာ မိန့်ခွန်းပြောကြားတာ၊ ကြွေးကြော်သံတွေ ဟစ်ကြွေးတာနဲ့ ဗီဒီယို၊ ဓာတ်ပုံတွေ ပြသတာတွေ ပါဝင်မှာဖြစ်ပြီး မီဒီယာတွေအနေနဲ့လည်း စီစဉ်သူတွေကို အင်တာဗျူးမေးမြန်းနိုင်မယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ နေပြည်တော်အစိုးရအဖွဲ့ခေါင်းဆောင်တွေကို ဖမ်းဆီးခံရတဲ့ပုံကို ပုံဖော်ထားတဲ့ ဗီနိုင်းပိုစတာတစ်ခုကို ထုတ်ဖော်ပြသဖို့ရှိသလို ထောင်ချဖို့ တောင်းဆိုချက်ကို ပုံဖော်ထားတဲ့ အကျဉ်းခန်းပုံစံတူကိုလည်း ပြသသွားမယ်လို့ စီစဉ်သူတွေက ပြောပါတယ်။
နေပြည်တော်ဘက်ကတော့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကိုအကောင်အထည်ဖော်သလို ရွေးကောက်ပွဲကျင်းပပြီး အရပ်သားအစိုးရပေါ်လာပြီလို့ပြောနေတာဖြစ်သလို အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ တောက်လျှောက် တုံ့ပြန်ထားတာပါ။

