တိုက်ရိုက်ထုတ်လွှင့်မှု , အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်ခင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သွားမယ်

မြန်မာ့နိုင်ငံရေး နောက်ဆုံးအခြေအနေကို အာဆီယံမှာ ဆွေးနွေးနိုင်ရေး ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် နေပြည်တော်သွားတဲ့ သတင်းအပါအဝင် မြန်မာနဲ့ ကမ္ဘာထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင် ရက်ပိုင်းအလိုမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သွားပြီး မြန်မာနိုင်ငံရေးအခြေအနေကို အချက်အလက်စုမယ်။
  • ထိုင်းရဲ့ မြန်မာခရီးမှာ နယ်စပ်လုံခြုံရေး၊ နှစ်နိုင်ငံကုန်သွယ်ရေးနဲ့ ရှမ်းပြည်နယ်ဘက်က သတ္တုတူးဖော်မှုတွေနဲ့ ဆက်စပ်နိုင်တဲ့ နယ်စပ်မြစ်ရေညစ်ညမ်းမှုကိစ္စတွေကို ဖိအားပေးဆွေးနွေးမယ်။
  • ကလောမြို့ထဲမှာ မိုးအဆက်မပြတ်ရွာသွန်းလို့ ကလောချောင်းရေမြင့်တက်လာပြီး ရပ်ကွက်တချို့မှာ ရေကြီးနေ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ကလောမှာ ချောင်းရေတက်လို့ ၂ ရက်ဆက်ရေကြီးနေ

    ကလောမြို့ ရပ်ကွက် ၄ မှာ နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းက ရေကြီးနေတဲ့မြင်ကွင်း
    ဓာတ်ပုံ ပုံစာ, ကလောမြို့ ရပ်ကွက် ၄ မှာ နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းက ရေကြီးနေတဲ့မြင်ကွင်း

    ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ထဲမှာ မိုးအဆက်မပြတ်ရွာသွန်းပြီး ကလောချောင်းရေ မြင့်တက်လာတာကြောင့် ကလောမြို့ထဲက ရပ်ကွက်တချို့မှာ ရေကြီးနေတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

    ဒီနေ့ နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်းမှာ ကလောချောင်းနဲ့နီးတဲ့ပလောင်ဈေးတန်းတလျှောက်နဲ့ ရပ်ကွက် ၄ ဘက်ခြမ်းမှာ ရေတွေ သိသိသာသာထိုးတက်လာတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

    “တောင်ပေါ်မှာလည်း မိုးကမရပ်တော့ ရေက ထပ်ပြီး တက်တက်လာတာ၊ မနေ့ည (နိုဝင်ဘာ ၁၀ ရက်) ကနေ ဒီမနက်အထိ ရေက ဆက်တက်နေတယ်၊ အိမ်အောက်ထပ်ထဲ ရေဝင်နေပြီ”လို့ သူက ဆိုပါတယ်။

    ကလောမြို့အခြေစိုက် လူမှုကူညီရေးအဖွဲတချို့ကလည်း ရေအခြေအနေကို စောင့်ကြည့်ရင်း ပစ္စည်းတွေ သိမ်းဆည်းထားကြဖို့နဲ့ ရေထပ်တက်လာရင် ရှောင်ရှားကြဖို့ လူမှုကွန်ရက်ကနေ အသိပေး ဆော်ဩနေကြပါတယ်။

    ကလောမှာ နိုဝင်ဘာ ၁၀ ရက်ကစလို့ မိုးအဆက်အပြတ်ရွာသွန်းနေတာဖြစ်ပြီး ဒီမိုးများမှုကြောင့် ရှမ်းတောင်ပိုင်းက ကလောအပါအဝင် အောင်ပန်း၊ ရပ်စောက်၊ ‌ညောင်ရွှေ၊ ဟဲဟိုးမြို့တို့မှာလည်း ရေကြီးရေလျှံမှုတွေဖြစ်နေတယ်လို့ အဲဒီမြို့တွေမှာ နေထိုင်နေကြတဲ့သူတချို့က ပြောပါတယ်။

    ရပ်စောက်မြို့မှာတော့ ရပ်ကွက်တချို့က ဒေသခံတချို့ဟာ ရေလွတ်ရာအရပ်မှာ ယာယီ ရှောင်တိမ်းနေထိုင်နေရတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

    မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုးစီးဌာနကတော့ ပင်လယ်ဘက်က တိုက်ခတ်လာတဲ့ လေနွေးတွေနဲ့ တရုတ်ပြည်မကြီးမှာဖြစ်နေတဲ့ လေဖိအားကြီး ရပ်ဝန်းဒေသကနေ တိုက်ခတ်လာတဲ့ လေအေးတွေ တွေ့ဆုံမှုကြောင့် မနက်ဖြန်အထိ ရှမ်းပြည်နယ်အပါအဝင် နေပြည်တော်၊ မန္တလေး၊ မကွေးတို့မှာ နေရာကွက်ပြီး မိုးကြီးမယ်လို့ သတိပေးထားပါတယ်။

  2. အမေရိကန် ကာကွယ်ရေးဝန်ကြီး ဟက်ဂ်ဆက်ကို စွပ်စွဲပြစ်တင်ရေး မအောင်မြင်

    ပင်တဂွန်စစ်ဌာနချုပ်မှာ နို၀င်ဘာ ၁၀ ရက်တုန်းက ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ မြင်တွေ့ရတဲ့ အမေရိကန်ကာကွယ်ရေး၀န်ကြီး
    ဓာတ်ပုံ ပုံစာ, ပင်တဂွန်စစ်ဌာနချုပ်မှာ နို၀င်ဘာ ၁၀ ရက်တုန်းက ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ မြင်တွေ့ရတဲ့ အမေရိကန်ကာကွယ်ရေး၀န်ကြီး

    ကွန်ဂရက်လွှတ်တော်ရဲ့ခွင့်ပြုချက်မရဘဲ အီရန်ကို စစ်ဆင်ရေးလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိတ် ဟက်ဂ်ဆက်ကို အောက်လွှတ်တော်က စွပ်စွဲပြစ်တင်ဖို့ ကြိုးပမ်းမှု မအောင်မြင်ခဲ့ပါဘူး။

    အောက်လွှတ်တော်အမတ်အများစုက စွပ်စွဲပြစ်တင်ရေးအဆိုကို ကော်မတီတစ်ခုဆီ လွှဲပြောင်းဖို့ သဘောတူခဲ့ကြတာကြောင့် ကန်တပ်ကီပြည်နယ် ရီပတ်ဘလီကန်အမတ် သောမတ်စ် မက်ဆီရဲ့ကြိုးပမ်းမှုဟာ လတ်တလောမှာ ရပ်တန့်သွားခဲ့ပါတယ်။

    ပင်တဂွန်စစ်ဌာနချုပ်မှာ ခြောက်လအတွင်း ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တဲ့ ဟက်ဂ်ဆက်ကတော့ သူ့ကို စွပ်စွဲပြစ်တင်ဖို့ ကြိုးပမ်းတာဟာ “အဓိပ္ပာယ်မရှိတဲ့ပြက်လုံး” နဲ့ “ဖျက်လိုဖျက်ဆီးလုပ်မှု” ဖြစ်တယ်လို့ ပြောပါတယ်။

    ဝန်ကြီးအဖွဲ့ဝင်တစ်ဦးကို တာဝန်အလွဲသုံးစားလုပ်မှုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး ရာထူးကနေ ဖယ်ရှားဖို့ ရည်ရွယ်တဲ့ဒီကြိုးပမ်းမှုဟာ အစကတည်းက အောင်မြင်ဖို့ အလားအလာနည်းတယ်လို့ ယူဆထားကြပါတယ်။ အကြောင်းကတော့ သမ္မတ ဒေါ်နယ်ထရမ့်ကို ဆန့်ကျင်ပြီး မဲပေးမဲ့ ရီပတ်ဘလီကန်အမတ် အများအပြား လိုအပ်နိုင်တာကြောင့် ဖြစ်ပါတယ်။

    အင်္ဂါနေ့က စွပ်စွဲပြစ်တင်ရေးအဆိုကို ရီပတ်ဘလီကန်တွေ ဦးဆောင်တဲ့ အောက်လွှတ်တော် တရားရေးကော်မတီဆီ လွှဲပြောင်းဖို့ မဲခွဲဆုံးဖြတ်ရာမှာ မက်ဆီတစ်ဦးတည်းသာ ရီပတ်ဘလီကန်အမတ်တွေထဲက ကန့်ကွက်မဲ ပေးခဲ့ပါတယ်။

    အဲဒီအဆိုဟာ ထောက်ခံမဲ ၂၁၁ မဲ၊ ကန့်ကွက်မဲ ၂၀၄ မဲနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဒီမိုကရက် ၁၁ ဦးအပါအဝင် အမတ်တစ်ဒါဇင်ကျော် မဲမပေးခဲ့ကြပါဘူး။

    အဆိုကို ကော်မတီဆီ လွှဲပို့လိုက်တာကြောင့် စွပ်စွဲပြစ်တင်ရေး ကြိုးပမ်းမှုဟာ လက်တွေ့မှာ ရပ်တန့်သွားပြီလို့ ဆိုနိုင်ပါတယ်။

    လာမယ့် ဇန်နဝါရီလမှာ ဒီမိုကရက်တွေက အောက်လွှတ်တော်ကို ထိန်းချုပ်တော့မှာဖြစ်ပြီး လက်ရှိလွှတ်တော်သက်တမ်း ကုန်ဆုံးဖို့လည်း အချိန်သိပ်မကျန်တော့ပါဘူး။

    သမ္မတ ဒေါ်နယ်ထရမ့်ကလည်း Truth Social လူမှုကွန်ရက်မှာ အဲဒီမဲရလဒ်ကို ကြိုဆိုခဲ့ပြီး စွပ်စွဲပြစ်တင်ရေး ကြိုးပမ်းမှုဟာ “လုံးဝ ကျရှုံးသွားပြီ” လို့ ရေးသားခဲ့ပါတယ်။

  3. အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်ခင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သွားမယ်

    ဧပြီလက ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် နေပြည်တော်မှာ ဦးမင်းအောင်လှိုင်နဲ့ တွေ့ခဲ့

    အာဆီယံထိပ်သီးအစည်းအဝေး မတိုင်ခင် မြန်မာရဲ့ ‌နောက်ဆုံးဖြစ်ပေါ်‌နေတဲ့ နိုင်ငံရေး အခြေအနေကို သိရှိဖို့နဲ့ ထိုင်း -မြန်မာ နယ်စပ်လုံခြုံရေးကိစ္စတွေ အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖွမ်ကက်ကဲအိုဟာ နိုဝင်ဘာ ၁၂ ရက်မှာ နေပြည်တော်ကို သွားရောက်မယ်လို့ ထိုင်းနိုင်ငံခြား‌ရေးဘက်က သိရှိရပါတယ်။

    ဒီခရီးစဥ်ဟာ မြန်မာဘက်က တိုက်ပွဲတွေကြောင့် ကျည်ဆန်နဲ့ လက်နက်ကျည် အပိုင်းအစတွေ ထိုင်းနယ်မြေအတွင်း ကျရောက်ပြီးနောက် ထိုင်းအစိုးရက မြန်မာနယ်စပ်တစ်လျှောက် ခရိုင် ၁၀ ခုကို လုံခြုံရေးတိုးမြှင့်ဖို့ အမိန့်ပေးထားချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

    ဝန်ကြီးဆီဟာဆက်ဟာ ‌‌နေပြည်တော် သမ္မတ ဦးမင်း‌အောင်လှိုင်နဲ့ နိုင်ငံခြား‌ရေးဝန်ကြီးတို့နဲ့ တွေ့ဆုံမယ်လို့ နားလည်ရပါတယ််။

    လက်ရှိမှာ ထိုင်းပြည်ထဲရေးဝန်ကြီးဌာန လုံခြုံရေးတိုးမြှင့်ဖို့ အမိန့်ပေးထားတဲ့ ခရိုင် ၁၀ ခုမှာ ကန်ချနဘူရီ၊ ချုမ်ဖွန်၊ ချင်းရိုင်၊ ချင်းမိုင်၊ ပရာကျွတ်ခီရီခန်၊ ဖက်ချ်ဘူရီ၊ တာ့ခ်၊ မယ်ဟောင်ဆောင်၊ ရနောင်းနဲ့ ရတ်ချ်ဘူရီ ပြည်နယ်တွေ ပါဝင်ပါတယ်။

    မြန်မာဘက်က ဖလူးရွာအနီးမှာ မြန်မာစစ်တပ်နဲ့တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်နေချိန် အခုလို ညွှန်ကြားခဲ့တာပါ။

    ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကို စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ ဒေသအာဏာပိုင်တွေပူးပေါင်းပြီး နယ်စပ်အခြေအနေကို အနီးကပ်စောင့်ကြည့်ဖို့၊ တိုက်ပွဲအခြေအနေ ပိုဆိုးလာရင် ဒေသခံတွေကို အချိန်မီသတိပေးပြီး ဘေးကင်းရာကို ရွှေ့ပြောင်းပေးဖို့ ညွှန်ကြားထားပါတယ်။

    ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတော့ မြန်မာနိုင်ငံအတွင်း စစ်ရေးလှုပ်ရှားမှုတွေဟာ ထိုင်းနိုင်ငံပိုင်နက်နဲ့ အရပ်သားတွေကို မထိခိုက်စေရေး နှစ်နိုင်ငံကြားရှိပြီးသား နားလည်သဘောတူညီချက်ကို နေပြည်တော်ခရီးစဉ်အတွင်း ထပ်မံအလေးပေး ပြောကြားသွားမယ်လို့ ဆိုပါတယ်။

    ဒါအပြင် မြန်မာနိုင်ငံရဲ့ နောက်ဆုံးနိုင်ငံရေးအခြေအနေက အချက်အလက်တွေကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ပြန်လည်ဆွေးနွေးဖို့ ရည်ရွယ်တယ်လို့ သူက နိုဝင်ဘာ ၁၀ ရက်မှာ ထိုင်းအစိုးရအိမ်တော်မှာ ပြောကြားထားပါတယ်။

    ဒီခရီးစဉ်ဟာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ နိုဝင်ဘာ ၁၆ ရက်ကနေ ၁၈ ရက်အထိ ကျင်းပမယ့် ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး မတိုင်ခင် သွားရောက်တာလည်းဖြစ်ပါတယ်။

    မြန်မာမှာ အကြမ်းဖက်မှုတွေ လျော့ကျလာဖို့ ထိုင်းနဲ့ အာဆီယံတို့က လိုလားပြီး အဲဒီလိုဖြစ်လာမှ ပြန်လည်သင့်မြတ်ရေးအတွက် အခြေအနေကောင်းတွေ ဖန်တီးနိုင်မယ်လို့လည်း သူက ပြောပါတယ်။

    ဒါအပြင် နယ်စပ်ဖြတ်ကျော် မြစ်ရေညစ်ညမ်းမှုပြဿနာတွေကို ဆွေးနွေးဖို့ သွားရောက်မှာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်ဘက်က သတ္တုတူးဖော်ရေးလုပ်ငန်းတွေနဲ့ ဆက်စပ်နိုင်တဲ့ ကိုးမြစ်နဲ့ စိုင်းမြစ် ရေညစ်ညမ်းမှုကိစ္စကိုလည်း မြန်မာဘက်နဲ့ ဆွေးနွေးဖို့ရှိပါတယ်။ အဲဒီမြစ်တွေမှာ အာဆင်းနစ်နဲ့ အခြားသတ္တုအဆိပ်အတောက်တွေ စံချိန်စံညွှန်းထက် ကျော်လွန်နေတယ်လို့ ထိုင်းဘက်က ပြောထားပါတယ်။

    နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးမှာ သွင်းကုန်လိုင်စင်ဆိုင်ရာ အခက်အခဲတွေကိုလည်း ဖြေရှင်းပြီး ကုန်စည်စီးဆင်းမှု ပိုမိုချောမွေ့စေဖို့ ဆွေးနွေးသွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

    ရေအရည်အသွေး စီမံခန့်ခွဲရေးအတွက် နှစ်နိုင်ငံပူးတွဲလုပ်ငန်းအဖွဲ့ရဲ့ ပထမဆုံးအစည်းအဝေးကိုလည်း နိုဝင်ဘာလနှောင်းပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

    ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ရဲ့ နေပြည်တော်ခရီးစဥ်နဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ ဘီဘီစီက ထိုင်းနိုင်ငံခြား‌ရေးဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

  4. မင်္ဂလာပါ။ နိုဝင်ဘာ ၁၁ ရက် ဘီဘီစီမြန်မာပိုင်းသတင်း‌တွေကို ဒီစာမျက်နှာမှာ တိုက်ရိုက် တင်ဆက်ပေး‌‌နေပါတယ်။