မြန်မာ့အကြီးဆုံး ဟံသာဝတီလေဆိပ်စီမံကိန်းကို ပြန်စဖို့ နေပြည်တော်ပြင်ဆင်

ဓာတ်ပုံ ရင်းမြစ်, Hanthawaddy Airport
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အစိုးရလက်ထက်မှာ ရပ်ဆိုင်းခဲ့တဲ့ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းကို ပြန်စဖို့ နေပြည်တော်က ကော်မတီ ဖွဲ့လိုက်ပါတယ်။
လေဆိပ်စီမံကိန်း ဦးဆောင်ကော်မတီကို ဒုတိယ သမ္မတ ဦးညိုစောက ဦးဆောင်မယ်လို့ဆိုပြီး နေပြည်တော်က စက်တင်ဘာ ၂၃ ရက် ရက်စွဲနဲ့ ပြန်တမ်းထုတ်တာဖြစ်ပါတယ်။
ဒီလေဆိပ်ကို ၂၀၂၂ ခုနှစ်မှာ စတင်ဖွင့်လှစ်နိုင်ဖို့ လျာထားခဲ့ပေမဲ့ ဆောက်လုပ်ရေးအတွက် သဘောတူညီထားတဲ့ရက် ကျော်လွန်ခဲ့တာ၊ ကုန်ကျစရိတ်တွက်ချမှု မကိုက်ညီမှုတွေ၊ ကိုဗစ်ကပ်ဘေး နဲ့ စစ်တပ်အာဏာသိမ်းမှုအပြီး ဂျပန်အစိုးရရန်ပုံငွေ ရပ်ဆိုင်းမှုတွေ ကြောင့် ဒီလေဆိပ်စီမံကိန်းကြီးက ရပ်တန့်ခဲ့တာပါ။
နေပြည်တော်က အခုအသစ်ဖွဲ့လိုက်တဲ့ ကော်မတီထဲမှာ ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ပို့ဆောင်ရေး၊ လျှပ်စစ်နဲ့ စွမ်းအင်၊ စီမံကိန်း၊ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး၊ ဘဏ္ဍာ/အခွန်၊ ဥပဒေရေးရာ၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ မွေးမြူရေးနဲ့ဆည်မြောင်း၊ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စတဲ့၀န်ကြီးဌာနတွေက ၀န်ကြီးတွေနဲ့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ပါ၀င်ပါတယ်။
နောက်ပြီး စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးနဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့ကိုလည်း ကော်မတီ၀င်အဖြစ်ထည့်ထားပါတယ်။
စီမံကိန်းကို ထပ်မကြာဘဲ ရှေ့ဆက်လုပ်နိုင်အောင် အကောင်အထည်ဖော်နိုင်ဖို့ ရည်ရွယ်ပြီး ဒီကော်မတီဖွဲ့တာလို့လည်းဆိုပါတယ်။
နောက်ပြီး ဘဏ္ဍာငွေခွဲဝေမှု၊ ခရီးသည်ခွဲဝေမှု၊ ငွေစာရင်းတွက်ချက်မှု၊ စစ်ဆေးမှုတို့အတွက် မူဝါဒချမှတ်ရမယ်ဆိုတဲ့အချက်တွေအပြင် ဒီစီမံကိန်း အကောင်အထည်ဖော်မှု ရဲ့ တိုးတက်မှုတွေကို စောင့်ကြည့်ကြပ်မတ်ရမယ်လို့ ဆိုပါတယ်။
လုပ်ငန်းကော်မတီတွေကို လည်း ဆက်ပြီးဖွဲ့စည်းသွားရမယ်လို့ ဆိုပါတယ်။
ခရီးသည် ၁၂ သန်းအထိ ၀န်ဆောင်မှုပေးဖို့ရည်မှန်းထားတဲ့ ဒီစီမံကိန်းအတွက် တင်ဒါခေါ်ယူမှုတွေကို ဦးသိန်းစိန်အစိုးရလက်ထက်မှာ စတင်ခဲ့တာပါ။
လေဆိပ်စီမံကိန်းအတွက် ၂၀၁၃ ခုနှစ်က တင်ဒါခေါ်ယူမှုမှာ Incheon Airport Consortium ကို ရွေးချယ်ခဲ့ပေမဲ့ ညှိနှိုင်းမှုတွေမှာ အဆင်မပြေခဲ့ဘဲ ၂၀၁၄ ခုနှစ် ဒုတိယအကြိမ် တင်ဒါခေါ်ယူမှုမှာ Yongnam-CAPE-JGC Consortium က ရွေးချယ်ခံခဲ့ရတာပါ။
၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှာတော့ ဂျပန်နိုင်ငံ JGC Corporation၊ စင်္ကာပူ Yongnam Holdings နဲ့ နိုင်ငံတကာ ချန်ဂီလေဆိပ်အဖွဲ့ တို့ပါဝင်တဲ့ JGC- Yangnam- Changi Airport International Consortium နဲ့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဒီစီမံကိန်းကို ဂျပန်အစိုးရ နဲ့ မြန်မာအစိုးရ တို့အကြား G to G ဆောင်ရွက်ဖို့ NLD အစိုးရလက်ထက်မှာ ဆွေးနွေးခဲ့ကြတာလည်း ဖြစ်ပါတယ်။
စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ သုံးစွဲသွားဖို့လည်း သဘောတူခဲ့ကြပါတယ်။
ရန်ကုန်နဲ့ မိုင် ၅၀ အကွာက ပဲခူးမြို့နယ်၊ ကျောက်တိုင်ကန်ရွာအနီးက မြေဧက ၉ ထောင်ခန့်ပေါ်မှာ တည်ဆောက်ဖို့ စီစဉ်ခဲ့ကြတာပါ။
အခုတော့ စီမံကိန်းရပ်ဆိုင်းနေပြီး နှစ်ပေါင်းများစွာအကြာမှာ ဒီစီမံကိန်းကို ပြန်စဖို့ နေပြည်တော်ဘက်က ကြိုးစားလာတာလည်းဖြစ်ပါတယ်။




