နိုဝင်ဘာ ၅ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာ့သနပ်ခါး UNESCO စာရင်းဝင်သင့်ကြောင်း ကနဦးသတ်မှတ်ချက်ထွက်ပေါ်လာတဲ့သတင်းအပါအဝင် ကမ္ဘာနဲ့ မြန်မာထူးခြားသတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
နိုဝင်ဘာ ၅ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ဟာ လာမယ့် နိုဝင်ဘာ ၁၂ ရက်မှာ တစ်ရက်တာ ခရီးစဉ်အဖြစ် နေပြည်တော်ကို သွားရောက်ဖို့ ရှိနေတယ်လို့ ပြောလိုက်ပါတယ်။
နိုဝင်ဘာ ၃ ရက်နေ့က တရုတ်နိုင်ငံ၊ ဘေကျင်းမြို့မှာ ကျင်းပတဲ့ ၁၁ ကြိမ်မြောက် လန်ချန်း-မဲခေါင်းပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး သူက အခုလို ပြောဆိုခဲ့တာပါ။
လက်ရှိ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်မှာ ပဋိပက္ခတွေ ပြင်းထန်နေချိန်နဲ့ မကြာမီကျင်းပတော့မယ့် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင်မှာ သူ့ရဲ့နေပြည်တော်ခရီးစဉ်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
လာမယ့် နိုဝင်ဘာ ၁၆ရက်ကနေ ၁၈ ရက်အထိ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေး မတိုင်ခင် မှာ “မြန်မာနိုင်ငံရဲ့ ရပ်တည်မှု၊ သဘောထား” ကို ထိုင်းအစိုးရဘက်က သိချင်တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ ဆီဟာဆက်က သတင်းထောက်တွေကို ပြောပါတယ်။
နောက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီလာဆတ် ဟာ ဘေကျင်းကိုရောက်နေတဲ့အချိန် မှာပဲ ထိုင်းဘက်ခြမ်းကို ကရင်ပြည်နယ်ဘက်က လက်နက်ကြီးကျည်တွေထပ်ကျခဲ့လို့ ဆီဟာဆတ်ကိုယ်တိုင် မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေကို ဖုန်းခေါ်ပြောဆိုခဲ့ရတဲ့အထိပါ။
အခုတခေါက် ခရီးစဉ်မှာတော့ နေပြည်တော်နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ တွေ့ဆုံသွားဖို့ရှိပြီး ဦးမင်းအောင်လှိုင် နဲ့ ပါတွေ့ဆုံနိုင်ဖို့ ကြိုးစားနေတယ်လို့ AFP သတင်းဌာနက ရေးသားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလက ခရီးစဉ်မှာတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်က ဦးမင်းအောင်လှိုင် နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။
နောက် ၃ လအကြာ ဇူလိုင်လမှာတော့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်လာပြီး အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးအပါအဝင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အလွတ်သဘောတွေ့ဆုံမှုတွေ ရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်ကတော့ ဇူလိုင်လက ဘန်ကောက်မှာ ကျင်းပခဲ့တဲ့ အလွတ်သဘောတွေ့ဆုံမှုမှာ မြန်မာဘက်က ဆွေးနွေးတဲ့ကိစ္စရပ်တွေကို လာမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးဖို့ရှိတယ်လို့လည်း အဲဒီအစည်းအဝေးအပြီးမှာပြောဆိုထားပါတယ်။
ဒီတွေ့ဆုံမှုအပြီး တစ်လအကြာမှာတော့ ထိုင်းဝန်ကြီးချုပ် အနုတင်ရဲ့ တရားဝင်ဖိတ်ကြားမှုနဲ့ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ဘန်ကောက်မြို့ကို ရောက်ရှိလာခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းကစလို့ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးတိုင်းမှာ နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုပဲ ထိပ်သီးအစည်းအ၀ေးပွဲတွေ တက်ရောက်ခွင့် ပိတ်ထားခဲ့လို့ ဦးမင်းအောင်လှိုင်ရော၊ သူ့ နိုင်ငံခြားရေး၀န်ကြီးတွေပါ အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွေကို တက်ရောက်ခွင့် မရှိဖြစ်နေဆဲပါ။
ဦးမင်းအောင်လှိုင်ကို အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ဖိတ်ခေါ်သွားမလားဆိုတာကိုတော့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်က တပ်အပ်ပြောဆိုထားတာတော့ မရှိသေးပါဘူး။
ရွေးကောက်ပွဲညက ဒီမိုကရက်တွေအတွက် အိပ်မက်တစ်ခုလို ဖြစ်ခဲ့ပါတယ်။ ဇန်နဝါရီလရောက်ရင်တော့ လက်တွေ့အခြေအနေကို ရင်ဆိုင်ရပါတော့မယ်။
အင်္ဂါနေ့ညမှာ သူတို့ ဝမ်းသာအားရဖြစ်ခဲ့ကြတာ အကြောင်းရှိပါတယ်။ အပြတ်အသတ်အနိုင်ရခဲ့ပြီးနောက် လာမယ့်နှစ်မှာ ဒီမိုကရက်တွေဟာ ကွန်ဂရက်လွှတ်တော်နှစ်ရပ်စလုံးကို ထိန်းချုပ်တော့မှာ ဖြစ်ပါတယ်။
"ဒီနေ့ကစပြီး အမေရိကန်ရဲ့ကြီးကျယ်တဲ့ ပြန်လည်နိုးထမှု စတင်ပါပြီ" လို့ အောက်လွှတ်တော် ဒီမိုကရက်ခေါင်းဆောင် ဟာကိမ်း ဂျက်ဖရေးစ် က ဝမ်းသာအားရနဲ့ ကြေညာခဲ့ပါတယ်။
အကျင့်ပျက်ခြစားမှုတွေကို စုံစမ်းစစ်ဆေးမယ်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စားသောက်ကုန်နဲ့ ဓာတ်ဆီစရိတ်တွေ လျှော့ချမယ်၊ အီရန်စစ်ပွဲကို ထိန်းချုပ်မယ်ဆိုပြီး မဲဆွယ်စည်းရုံးရေးကာလအတွင်း လပေါင်းများစွာ ကတိပေးခဲ့ပြီးနောက် အခုတော့ အဲဒီအစီအစဉ်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ ပိုပြီးခက်ခဲတဲ့လုပ်ငန်းစဉ်ကို စတင်ရတော့မှာ ဖြစ်ပါတယ်။
ဝါရှင်တန်မှာ အာဏာချိန်ခွင်လျှာ ပြောင်းလဲသွားတယ်ဆိုတာနဲ့ ဒီမိုကရက်တွေဟာ သူတို့ လိုချင်တဲ့ ဥပဒေပြုရေးအစီအစဉ်စာရင်းထဲက အချက်တွေကို ချက်ချင်းစတင်အကောင်အထည်ဖော်နိုင်မယ်လို့တော့ ဆိုလိုတာ မဟုတ်ပါဘူး။
ဒီမိုကရက်တွေက ကွန်ဂရက်ကို ထိန်းချုပ်ထားပေမဲ့ ရီပတ်ဘလီကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ ဥပဒေကြမ်းတွေကို ပယ်ချနိုင်တဲ့အာဏာ ရှိနေဆဲဖြစ်ပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။
အမေရိကန်ရဲ့ မြန်မာ့အရေးမဟာဗျူဟာသစ်မှာ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို တန်ပြန်မယ်လို့ဆိုထားပေမဲ့ လက်တွေ့မှာ တရုတ်ကိုကျော်လွန်နိုင်ပါ့မလားဆိုတာ သံသယဖြစ်စရာပါ။
အမေရိကန်အကျိုးစီးပွားကို ဦးတည်ပြီး ၂၀၃၀ အထိ ချမှတ်ထားတဲ့မဟာဗျူဟာကို သြဂုတ် ၃၁ ရက်စွဲနဲ့ထုတ်ပြန်ခဲ့ပေမဲ့ အများပြည်သူကြားထဲပျံ့နှံ့လာတာကတော့ နိုဝင်ဘာလဆန်းမှဖြစ်ပါတယ်။
မြန်မာအတွက် အမေရိကန်ရဲ့ အဓိကရည်မှန်းချက် ၄ ခု ရှိပြီး နိုင်ငံဖြတ်ကျော် ခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့၊ အမေရိကန် ပို့ကုန်တွေအတွက် မြန်မာမှာ အခွင့်အလမ်းတိုးချဲ့ဖို့၊ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဥ်မှာဝင်ပါဖို့နဲ့ အင်ဒို-ပစိဖိတ်ဒေသတွင်း ဩဇာလွှမ်းမိုးမှု တိုးမြှင့်ဖို့ပါ။
မြန်မာနဲ့ ပတ်သက်ရင် အဲဒီကဏ္ဍ ၄ ခုလုံးမှာ တရုတ်နိုင်ငံက လွှမ်းမိုးထားတာပါ။
အပြည့်အစုံကို ဒီလင့်ခ် မှာ ၀င်ဖတ်နိုင်ပါတယ်။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အရှေ့ခြမ်းက လျှော်ဖြူကုန်းကျေးရွာက ဆေးရုံကို စစ်တပ်က မနေ့ညပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဆရာဝန်ကြီးတစ်ဦး နဲ့ ဆေးကျောင်းသားတစ်ဦး သေဆုံးခဲ့တယ်လို့ NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဘီဘီစီကို ပြောပါတယ်။
ဒီဆေးရုံဟာ NUG က ကွပ်ကဲနေတဲ့ ဆေးရုံဖြစ်တယ်လို့ လည်း ဦးနေဘုန်းလတ်က အတည်ပြုပါတယ်။
“မနေ့ညက ကောလင်းမြို့နယ်၊ ဆေးရုံကို အကြမ်းဖက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် ကောလင်းမြို့နယ်၊ ကျန်းမာရေးတာဝန်ခံ ဆရာဝန်ကြီး တစ်ဦး နဲ့ ဆေးကျောင်းသားတစ်ဦး သေဆုံးခဲ့ပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
Kawlin Revolution ကတော့ ဒီတိုက်ခိုက်မှုကြောင့် ဒေါက်တာ ဇာနည်ထွန်း (ခေါ်) ပွကြီးအပါအဝင် ကျန်းမာရေးဝန်ထမ်း ၅ ဦး အခင်းဖြစ်ပွားတဲ့နေရာမှာတင် သေဆုံးခဲ့တယ်လို့ က ဒီကနေ့ နေ့လည်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဆေးရုံမှာ ဆေးကုသနေသူတွေလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
လျှော်ဖြူကုန်းကျေးရွာဟာ ကောလင်း-မြစ်ကြီးနားလမ်းမအနီးမှာရှိပြီး NUG လက်အောက်ခံ PDF က ထိန်းချုပ်ထားတဲ့နေရာဖြစ်ပါတယ်။
နိုဝင်ဘာ ၃ ရက်နေ့ကလည်း ကောလင်းမြို့နယ်၊ ဒိုးပင်တောင်ရိုး ရှုခင်းသာနေရာမှာ စစ်ရှောင်နေတဲ့ အရပ်သား ၃ ဦးဟာ ကျောင်းကုန်းရွာက နေ ကောလင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းနဲ့ တိုးလို့ တစ်ဦးက လွတ်မြောက်ပြီး နှစ်ဦးက သတ်ဖြတ်ခံခဲ့ရတယ်လို့ Kawlin Revolution က ထုတ်ပြန်ထားပါတယ်။
လက်ရှိ စစ်တပ်ဟာ ဒိုးပင်ရွာ နဲ့ ကျွန်းတောကျေးရွာ မှာ တပ်စွဲထားတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ကုလသမဂ္ဂရုံးရှေ့မှာ ဆန္ဒပြနေချိန် ထိုင်းအမျိုးသားရေးလှုပ်ရှားသူတွေရဲ့တိုက်ခိုက်မှုခံခဲ့ရတဲ့ မြန်မာတက်ကြွလှုပ်ရှားသူ ဝီရာ ဆန်ထောင် (ခေါ် ) ကိုဆူရတ်ကို ပြည်နှင်ဒဏ်ပေး၊ မပေး ပြောဖို့ စောသေးတယ်လို့ ထိုင်းဝန်ကြီးချုပ် အနုတင်က ဒီကနေ့မှာ တုံ့ပြန်လိုက်ပါတယ်။
ဒီကနေ့ ထိုင်းကာကွယ်ရေးဝန်ကြီးဌာန လက်အောက်က ကောလိပ်တစ်ခုကို ရောက်နေချိန်မှာ အခုလိုတုံ့ပြန်ပြောဆိုခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့က ဘန်ကောက်မြို့က ကုလသမဂ္ဂရုံးရှေ့မှာ မြန်မာ CI ရုံးတွေ ဖျက်သိမ်းပေးရေး ဆန္ဒပြနေတဲ့ ကိုဆူရတ်ကို ထိုင်းအမျိုးသားရေးလှုပ်ရှားသူတွေက လာရောက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီဖြစ်စဉ်အပြီးမှာ ၁၀ နှစ်ခံ မှတ်ပုံတင်ကတ်နဲ့ နေထိုင်နေတဲ့ ကိုဆူရတ်ကို ပြည်နှင်ဒဏ်ပေးဖို့ ထိုင်းအမျိုးသားရေးလှုပ်ရှားသူတွေက တောင်းဆိုနေကြတာပါ။
ထိုင်းဝန်ကြီးချုပ် အနုတင်ကတော့ “လောလောဆယ် ဒါနဲ့ပတ်သက်လို့ ဘာသတင်းအချက်အလက်မှ မရရှိထားသေးပါဘူး။ ပြောဖို့ စောပါသေးတယ်” လို့ ပြောဆိုခဲ့ပါတယ်။
မြန်မာအလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ ကိုဆူရတ်ကတော့ သူ့ကို တိုက်ခိုက်ခဲ့သူတွေကို ထိုင်းရဲတပ်ဖွဲ့နဲ့ လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားထားတယ်လို့ သိရပါတယ်။
ဒီလို ထိုင်းအမျိုးသားရေးလှုပ်ရှားသူတွေရဲ့တိုက်ခိုက်မှုကို ထိုင်းလွှတ်တော်အမတ်တွေ နဲ့ ထိုင်းပြည်သူတချို့ကလည်း ရှုတ်ချထားကြပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ဘွန်းခရိုင်က ကုန်လှောင်ရုံတစ်ခုမှာ နာမည်ကြီးအလှကုန်ပစ္စည်းအတုအရေအတွက် ၁၅,၀၀၀ ကျော်ကို နိုဝင်ဘာ ၃ ရက်မှာ ဖမ်းမိတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။
အဲဒီဖမ်းဆီးမှုမှာ မြန်မာလုပ်သား ၈ ဦးနဲ့ တရုတ်အလုပ်သမား တစ်ဦးကိုလည်း ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီကုန်လှောင်ရုံထဲမှာ နာမည်ကြီးအမှတ်တံဆိပ်ပါတဲ့ သွားတိုက်ဆေး၊ ရေချိုးဆပ်ပြာ၊ အသားလှခရမ်နဲ့ ရေမွှေး အပါအဝင် ပစ္စည်းပေါင်း ၁ သောင်းခွဲ ကျော်ကို ဖမ်းဆီးခဲ့တာပါ။
အဲဒီပစ္စည်းတွေဟာ သုံးပြီးသား ဗူးခွံတွေကို နာမည်ကြီးအမှတ်တံဆိပ်တွေကပ်ပြီး Tiktok နဲ့ Shopee ကနေတဆင့် သုံးစွဲသူတွေထံ ပေးပို့မယ့်ပစ္စည်းတွေဖြစ်တယ်လို့ ဆိုပါတယ်။
သုံးစွဲသူတွေဆီပေးပို့ဖို့ ထုပ်ပိုးထားတဲ့ ပါဆယ်အထုပ်ပေါင်း ၁,၀၀၀ ကျော်လည်းတွေ့ခဲ့ရပြီး အဲဒီထဲမှာ ၂၁ ထုပ်ကတော့ သုံးစွဲသူတွေဆီ ပေးပို့တဲ့လမ်းမှာရောက်နေပြီလို့ ထိုင်းရဲတပ်ဖွဲ့က ကပြောပါတယ်။
ဒီပစ္စည်းတွေအားလုံးကို ရဲတပ်ဖွဲ့က သက်သေအဖြစ် သိမ်းဆည်းလိုက်ပြီလည်း ဖြစ်ပါတယ်။
အဲဒီထဲမှာ ဆရီရာ့ဆေးရုံအမှတ်တံဆိပ်ပါတဲ့ ခေါင်းလျှော်ရည်အတုတွေလည်း ပါနေလို့ ဒီပစ္စည်းတွေကို ဆေးရုံဘက်ကလည်း စစ်ဆေးသွားဖို့ရှိနေပါတယ်။
သံသယတရားခံတွေကို ဘန်ဘွန်းရဲစခန်းကို ဖမ်းဆီးသွားပြီး ပိုင်ရှင်ဖြစ်သူကိုလည်း ဖမ်းဝရမ်းထုတ်သွားမယ်လို့ ဆိုပါတယ်။
ဒီလို ပစ်မှုမျိုးဟာ ကုန်ပစ္စည်အမှတ်တံဆိပ်ဥပဒေအရ ထောင်ဒဏ် ၄ နှစ် ဒါမှမဟုတ် ငွေဒဏ် ဘတ် ၄ သိန်းချမှတ်နိုင်သလို နှစ်မျိုးလုံးလည်း ချမှတ်နိုင်တယ်လို့ ဆိုပါတယ်။
မြန်မာမှာလည်း လူသုံးများတဲ့ ဖြည့်စွက်တာနဲ့ အလှကုန်အတုတွေကို ဘန်ကောက်မှာ ဖမ်းဆီးမှု ခပ်စိပ်စပ်တွေ့လာရပြီး ပြီးခဲ့တဲ့ရက်တုန်းကလည်း Whey ပရိုတိန်းနဲ့ ဖြည့်စွက်ဆေး၀ါးတွေအပါအ၀င် နံမည်ကြီးတံဆိပ်တွေပါတဲ့ ကုန်အတုတွေကို ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပါတယ်။
အီရန်စစ်ပွဲကြောင့် သူ့ရဲ့ ရီပတ်ဘလီကန်ပါတီက သမ္မတ သက်တမ်း၀က် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တာဟာ “အများအားဖြင့် မှန်တယ်” လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
အစောပိုင်းမှာ ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်က စစ်ပွဲဟာ “ကျွန်တော်တို့ ရှုံးနိမ့်ရတဲ့ အကြောင်းရင်း” ဖြစ်တယ်လို့ ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဆိုင်ရာ ဘီဘီစီ သတင်းထောက် တွန်ဘိတ်မန်းကတော့ ဗန့်စ်ဟာ ထရမ့်ရဲ့နေရာကို ဆက်ခံနိုင်ရေးပြိုင်ပွဲအတွက် သူ့ရဲ့စည်းရုံးလှုပ်ရှားမှုကို စတင်နေပြီလို့ ရေးပါတယ်။
နို၀င်ဘာ ၃ ရက် အမေရိကန် သမ္မတ သက်တမ်း၀က် ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေ အနိုင်ရခဲ့ပြီး ရီပတ်ဘလီတွေဆီကနေ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်ကို ပြတ်ပြတ်သားသား ပြန်လည်ရယူခဲ့ပါတယ်။
ရွေးကောက်ပွဲရလဒ် ထွက်ပေါ်လာပြီးနောက် ရေနံဈေးနှုန်းဟာ တစ်စည်ကို ဒေါ်လာ ၁၀၀ အောက် ကျဆင်းခဲ့ပြီး နှစ်လအတွင်း အနိမ့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပါတယ်။
အနိုင်ရသူ မကြေညာနိုင်သေးတဲ့အထက်လွှတ်တော်အမတ်နေရာ နှစ်နေရာ ရှိပါသေးတယ်။ မစ္စစ္စပီပြည်နယ်မှာ ပါတီနှစ်ရပ်ဟာ အလွန်အမင်းအကြိတ်အနယ်ဖြစ်နေတဲ့ပြိုင်ပွဲထဲ ရှိနေပြီး အလာစကာပြည်နယ်မှာတော့ မဲရေတွက်မှု ခပ်နှေးနှေးဆက်ရှိနေပါတယ်။
မြန်မာ့သနပ်ခါးကို ယူနက်စကိုရဲ့လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ် Evaluation အဖွဲ့ (Evaluation Body) က ကနဦးသတ်မှတ်လိုက်ပြီလို့ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (MCHT) ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က ဘီဘီစီကို ဒီကနေ့မှာ ပြောပါတယ်။
''Evaluation အဖွဲ့က ရသင့်တယ်လို့ သတ်မှတ်လိုက်တာပါ။ Conference မှာ အတည်ပြုကြေညာရုံပါပဲ။ သေချာ ရသွားတာပါ။'' လို့ ဒေါ်စန္ဒာခင်က ပြောပါတယ်။
မြန်မာ့သနပ်ခါးကို ယဉ်ကျေးမှုဓလေ့(Practice of Thanakha Culture in Myanmar) အဖြစ် ယူနက်စကိုရဲ့လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (Representative List of the Intangible Cultural Heritage of Humanity) မှာ ထည့်သွင်းနိုင်ဖို့ အဆိုပြုထားတာ ၂၀၂၅ ခုနှစ်ကတည်းက ဖြစ်ပါတယ်။
လက်ရှိမှာ အဲဒီအဆိုပြုမူကြမ်းတင်သွင်းမှုကို ယူနက်စကိုရဲ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ဖို့ နိုင်ငံတွေက တင်သွင်းလာတဲ့ အဆိုပြုလွှာတွေကို စိစစ်သုံးသပ်ပေးတဲ့ ကျွမ်းကျင်သူအဖွဲ့ Evaluation အဖွဲ့ (Evaluation Body)က ကနဦး သတ်မှတ်ချက်ထွက်လာတယ်လို့ နားလည်ရပါတယ်။
Evaluation အဖွဲ့မှာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ကျွမ်းကျင်သူတွေ၊ အဖွဲ့အစည်းတွေရဲ့ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။
ဒါကြောင့် လက်ရှိမှာ Evaluation အဖွဲ့က စာရင်းသွင်းဖို့ ဆုံးဖြတ်ချက်မူကြမ်း တင်သွင်းလိုက်တာဖြစ်ပြီး နောက်ဆုံးအတည်ပြုချက်ကိုတော့ ယူနက်စကိုရဲ့အစိုးရအချင်းချင်းဆိုင်ရာကော်မတီ (Intergovernmental Committee) က ချမှတ်မှသာ အတည်ပြုထွက်လာမှာဖြစ်ပါတယ်။
မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကိုရဲ့ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှာ ထည့်သွင်းရေး နောက်ဆုံးဆုံးဖြတ်ချက်ကို လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် ယူနက်စကိုအစိုးရအချင်းချင်းဆိုင်ရာ ကော်မတီညီလာခံမှာ ချမှတ်မှာဖြစ်ပါတယ်။
ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အစိုးရအချင်းချင်းကော်မတီရဲ့ ၂၁ ကြိမ်မြောက်ညီလာခံ(21.COM)ကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၅ ရက်အထိ တရုတ်နိုင်ငံ၊ ရှမင်မြို့မှာ ကျင်းပမှာဖြစ်ပါတယ်။
ယူနက်စကိုရဲ့ယာယီအစီအစဉ်အရ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ရေး အဆိုပြုချက်တွေကို ဒီဇင်ဘာ ၁ ရက်ကနေ ၃ ရက်အထိ ဆွေးနွေး စိစစ်မှာဖြစ်ပြီး သနပ်ခါးအဆိုပြုလွှာလည်း အဲဒီအစီအစဉ်အတွင်း ပါဝင်ပါတယ်။
ဖမ်းဝရမ်းထုတ်ခံထားရတဲ့ မြန်မာမူးယစ်ဂိုဏ်းတစ်ခုရဲ့စီမံခန့်ခွဲသူလို့ဆိုသူ အမျိုးသား တစ်ဦးကို ထိုင်းရဲက ဘန်ကောက်မြို့မှာ ဖမ်းဆီးပြီး ၁ လအတွင်း မြန်မာဘက်ကို ပြန်လွှဲပေးလိုက်တယ်လို့ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး ဗဟိုကော်မတီ (CCDAC Myanmar)က နိုဝင်ဘာ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
အဲဒီအမျိုးသားကို နှစ်နိုင်ငံ မူးယစ်နှိမ်နင်းရေးအာဏာပိုင်တွေနဲ့ နှစ်ဖက်သံတမန်တွေက နို၀င်ဘာ ၃ ရက်မှာ ဘန်ကောက်မြို့၊ သု၀ဏ္ဏဘူမိလေဆိပ်ကနေတဆင့် မြန်မာဘက် ပြန်လွှဲခဲ့တာလို့လည်း CCDAC Myanmar က ပြောပါတယ်။
မူးယစ်မှောင်ခိုဂိုဏ်းရဲ့စီမံခန့်ခွဲသူလို့ မြန်မာဘက်က ပြောတဲ့ ကိုအောင်ဇော်မင်းခန့်ကို ဘန်ကောက်မြို့ ရာမ ၉ လမ်းမအနီးက အဆင့်မြင့်ကွန်ဒို အခန်းတစ်ခန်းမှာ ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၃ ရက်နေ့က ဖမ်းဆီးခဲ့တာပါ။
ထိုင်းရဲတပ်ဖွဲ့စုံစမ်းချက်အရ သူဟာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်မှာ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ကနေ ဘန်ကောက်မြို့ကို လေကြောင်းခရီးနဲ့ ရောက်လာပြီး ထိုင်းမှာ တရား၀င် နေထိုင်ခွင့် ရရှိထားသူလို့လည်း သိရပါတယ်။
ကိုအောင်ဇော်မင်းခန့်ကို ဖမ်းဆီးမှုအတွင်း ထိုင်းဘတ်ငွေ ၁၀ သန်းနီးပါးရှိတဲ့ ပိုင်ဆိုင်မှုတွေကိုလည်း သိမ်းဆည်းမိခဲ့တယ်လို့ ထိုင်းအစိုးရပြန်ကြားရေးသတင်းက ဆိုပါတယ်။
မြန်မာ မူးယစ်ဆေး၀ါးနှိမ်နင်းရေးအဖွဲ့ နဲ့ ထိုင်းနိုင်ငံ၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) ကို သတင်းဖလှယ်ပြီး ကိုအောင်ဇော်မင်းခန့်ကို ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။
သူဟာ ဇန်နဝါရီ ၁ ရက် နေ့ မန္တလေးတိုင်း၊ သာစည်မြို့နယ်မှာ ဖမ်းဆီးရမိခဲ့တဲ့ ငွေကျပ် ၉ ဘီလျံကျော်တန်ဖိုး ရှိတဲ့မူးယစ်ဆေးဝါးတွေရဲ့စီမံခန့်ခွဲသူဖြစ်တယ်လို့ မြန်မာဘက်က ပြောပါတယ်။
သူ့ကို မိတ္ထီလာခရိုင်တရားရုံးက ၂၀၂၆ ခုနှစ်၊ ဖေဖော်၀ါရီလဆန်းမှာ ဖမ်း၀ရမ်းထုတ်ခဲ့တာလို့ ထိုင်းအာဏာပိုင်တွေက အစောပိုင်းမှာပြောပါတယ်။
သာစည်မြို့နယ်က မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိမှုမှာ ကိုအောင်ဇော်မင်းခန့်အပါအဝင် နောက်ထပ် တရားခံပြေး ၅ ဦးလည်း ကျန်ရှိနေသေးတယ်လို့ CCDAC Myanmar က ထုတ်ပြန်ထားပါတယ်။
CCDAC Myanmar ရဲ့စာရင်းတွေအရ ၂၀၂၆ ခုနှစ်အတွင်းမှာ ထိုင်းနိုင်ငံက အလိုရှိနေတဲ့ မူးယစ်တရားခံပြေး ၁၂ ဦးကိုလည်း မြန်မာဘက်က လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံကို လိုက်နာပြီး ပြည်ထောင်စုကနေ ခွဲမထွက်ဘူးလို့ “ဝ” ပြော UWSP ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်းက '' ဝ'' တပ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာပြီး ပြည်ထောင်စုကနေ ခွဲထွက်မှာမဟုတ်ဘဲ ဆွေးနွေးညှိနှိုင်းရေးမူဘောင်အတွင်းကနေ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
ရှမ်း(မြောက်) ပန်ဆန်းမြို့မှာ “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) နဲ့ နေပြည်တော်ရဲ့ NSPNC ( အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ) တို့ နိုဝင်ဘာ ၄ ရက်မှာ တွေ့ဆုံချိန်အဲဒီလိုပြောတာလို့ နိုင်ငံပိုင်သတင်းစာက ဖော်ပြပါတယ်။
နေပြည်တော်ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နိုဝင်ဘာ ၃ ရက်မှာ ပန်ဆန်းမြို့ကို သွားရောက်ခဲ့တာဖြစ်ပြီး UWSP ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်းနဲ့ အဆင့်မြင့်ခေါင်းဆောင်တွေက ကြိုဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကလည်း “ဝ” ဒေသဟာ ပြည်ထောင်စုကနေ ခွဲမထွက်ဘဲ ၂၀၀၈ ဖွဲ့စည်းပုံကို လိုက်နာမယ်ဆိုတာ သိရတဲ့အတွက် ဝမ်းသာကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဖက်တွေ့ဆုံမှုမှာ အွန်လိုင်းလောင်းကစားနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ ဒေသတွင်းတည်ငြိမ်ရေးဆိုင်ရာ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဝ ဒေသသတင်းမှာလည်းဖော်ပြပါတယ်။
"ဝ" တပ် - UWSA နဲ့ NSPNC ကိုယ်စားလှယ်အဖွဲ့တို့ ဒီတကြိမ်တွေ့ဆုံမှုဟာ ၃ ကြိမ်မြောက်တွေ့ဆုံမှု ဖြစ်ပါတယ်။
ပုံမှန်တွေ့ဆုံဆွေးနွေးနေကြ အခြေအနေတွေသာဖြစ်တယ်လို့ "ဝ" တပ်ပြောခွင့်ရ ဦးညီရန်းက Wa News Land သတင်း ကိုပြောပါတယ်။
UWSP ဘက်က ပြင်ပဆက်ဆံရေးဌာနဝန်ကြီး ဦးကျောက်ကော်အန်၊း ဒုတိယအထွေထွေ အတွင်း ရေးမှူး ဦးပေါက်အိုက်ခမ်း၊ မျိုးဆက်သစ်လူငယ် ခေါင်းဆောင်တွေနဲ့ ဗဟိုကော်မတီခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။
NSPNC ဘက်က ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်စိုး၊ ကော်မတီဝင် တွေဖြစ်ကြတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းထွန်း၊ ဗိုလ်မှူးချုပ် စိုးနိုင်ဦး၊ ဗိုလ်မှူးကြီး မြင့်မြင့်အုန်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် တင်ထွန်းအောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် နဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်။
NSPNC ကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့နိုဝင်ဘာ ၁ ရက်နေ့ကလည်း ရှမ်းရှေ့- NDAA မိုင်းလားတပ် ဥက္ကဋ္ဌ ဦးထိန်လင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့နဲ့ မိုင်းလားမြို့မှာ တွေ့ဆုံထားပါတယ်။
နေပြည်တော်ရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်ကို ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုကော်မတီ- FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့ တအာင်းတပ်- TNLA၊ ကိုးကန့်တပ်- MNDAA၊ မိုင်းလားတပ်- NDAA၊ ရှမ်းတပ်- SSPP နဲ့ "ဝ"တပ်- UWSA တို့ တက်ရောက်ခဲ့ကြပြီး KIA နဲ့ AA တို့ကတော့စစ်တပ်နဲ့တိုက်ပွဲတွေ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
မင်္ဂလာပါ။
နိုဝင်ဘာ ၅ ရက် ဘီဘီစီမြန်မာပိုင်းသတင်းတွေကို ဒီစာမျက်နှာမှာ တိုက်ရိုက် တင်ဆက်ပေးနေပါတယ်။