အောက်တိုဘာ ၂၇ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
‘‘အခက်အခဲတွေကြားထဲမှာတောင် မေမေ့အသံက ခွန်အားရှိနေတုန်းပဲ’’ - ကင်မ် အဲရစ်
ဒိန်းမတ်ဥပဒေသစ်နဲ့ မြန်မာစစ်တပ်ကို ပထမဆုံး ရာဇဝတ်မှုတိုင်ကြားချက် တင်သွင်း၊ ဟယ်ရီကိန်း ဘလွန်းဒီအော် ဆုရရှိတဲ့သတင်းအပါအဝင် ကမ္ဘာနဲ့နိုင်ငံတဝန်းထူးခြားသတင်းတွေကိုတင်ဆက်ပေးနေပါတယ်။
အနှစ်ချုပ်
- ဘိုင်ယန်မြူးနစ်နဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတိုက်စစ်မှူး ဟယ်ရီကိန်းဟာ ၂၀၀၁ ခုနှစ် မိုက်ကယ်အိုဝင်နောက်ပိုင်း ဘလွန်းဒီအော်ဆုရရှိတဲ့ ပထမဆုံး အင်္ဂလန်ကစားသမား ဖြစ်လာ။
- ဟယ်ရီကိန်း ဟာ ဘလွန်းဒီအော်ဆုကို ၂၅ နှစ်အတွင်း ပထမဆုံးရရှိတဲ့ အင်္ဂလန်ကစားသမားဖြစ်လာပြီး အမျိုးသမီးဆုကိုတော့ အဲလက်စီယာ ပူတဲလက်စ် က ရရှိ။
- လာမင်းယာမယ်လ် နဲ့ ဗစ်ကီ လိုပက်ဇ် တို့က လူငယ်ထူးချွန်ကစားသမားဆုတွေ ရရှိ။
- ဒိန်းမတ်မှာ ခိုလှုံနေတဲ့ မြန်မာအမျိုးသမီးတစ်ဦးက ဒိန်းမတ်ဥပဒေသစ်နဲ့ မြန်မာစစ်တပ်ကို ပထမဆုံး ရာဇဝတ်မှုတိုင်ကြားချက် တင်သွင်းခဲ့။
- အင်းတော်မြို့နယ်ထဲမှာ အင်အားဆယ်ချီပါတဲ့စစ်တပ်စစ်ကြောင်း တော်လှန်ရေးပူးပေါင်းတပ်တွေထံ လက်နက်ချတယ်လို့ဆို
- ကျင်ဒွေးမှာ စစ်တပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ကျင်ဒွေးအနီးက လောင်းရှည် ကပစ ၂၆ ကို စစ်အင်အားဖြည့်တင်းနေ
- အာဆီယံအထူးသံတမန် ဖိလစ်ပိုင်နိုင်ငံခြားရေး၀န်ကြီး မာ ထရီဆာ လာဇာရို နေပြည်တော်သွားမယ်
- ပေါက်မှာ ဖမ်းဆီးထားတဲ့ စစ်သားနဲ့ရဲ ၁၆ ဦးကို ခေါ်ထုတ်သွားတဲ့ PDF ရဲဘော်တစ်ဦးကို စစ်သုံ့ပန်းတချို့နဲ့အတူ ပြန်ဖမ်းမိ
- မြဝတီတိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်းကို ကျည်ကျမှုနဲ့ ထိုင်း၊ မဲဆောက်မြို့နယ်ထဲက မဲ့ကို့ကင်းဒေသခံတွေ ဆန္ဒပြ
- "မေမေ့ အသံက ခွန်အားရှိနေတုန်းပဲ''လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားအငယ် ကင်မ် အဲရစ်ပြော
- CI စခန်းကို သတင်းသွားယူချိန် ခြိမ်းခြောက်ခံခဲ့ရပြီးနောက် လုံခြုံရေးအတွက် လွှတ်တော်ကို တိုင်မယ်လို့ ထိုင်းသတင်းထောက်ပြော
- နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်ကို မလေးရှားနိုင်ငံကို ဖိတ်ကြားခဲ့တာဟာ အစိုးရအနေနဲ့ အသိအမှတ်ပြုတာ မဟုတ်ဘူးလို့ မလေးရှားပြော
တိုက်ရိုက် ထုတ်လွှင့်ချက်
ခေါ် ယူစစ်ဆေးခံရလို့ ၃ ရက်ကြာပျောက်ခဲ့ကြောင်း လုပ်ငန်းရှင် မယူကီပြန်ရှင်းပြ
ပြီးခဲ့တဲ့ရက်က အီးဗွီကား အားသွင်းနေချိန်ကစလို့ ပျောက်ခဲ့တဲ့ လူငယ် လုပ်ငန်းရှင် နှင်းလဲ့လဲ့ပိုင်(ယူကီပိုင်)က သူ့ကို သုံးရက်ကြာ ခေါ်ဆောင်စစ်ဆေးခဲ့တဲ့ဖြစ်စဉ်နဲ့ ထိန်းသိမ်းခံရစဉ် ကြုံတွေ့ခဲ့ရတာတွေကို လူမှုကွန်ရက်မှာ ဒီကနေ့ညနေပိုင်းမှာ ပြန်လည်ရေးသား ရှင်းပြလာပါတယ်။
သူ့ရဲ့ရေးသားချက်အရ ကားအားသွင်းနေချိန်မှာ အရာရှိနှစ်ဦးနဲ့ အခြားတစ်ဦးက မေးမြန်းစရာရှိတယ်လို့ပြောပြီး ခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်မျက်လုံးကို အဝတ်နဲ့စည်းပြီး ခေါ်ဆောင်သွားခဲ့သလို ဖုန်းနဲ့ မှတ်ပုံတင်ကိုလည်း သိမ်းယူခဲ့တယ်လို့ ဆိုပါတယ်။
အရာရှိနှစ်ဦးလို့ ပြောပေမဲ့ ဘယ်လိုအာဏာပိုင်အဖွဲ့အစည်းဆိုတာတော့ တိတိကျကျထည့်ပြောထားတာ မရှိပါဘူး။
သူ့ကို ခေါ်ယူထားပြီး ဖုန်းခေါ်ဆိုတဲ့ မှတ်တမ်းတွေ၊ Viber စာတွေ၊ ဘဏ်အကောင့်ငွေလွှဲမှတ်တမ်းတွေ စစ်ဆေးခဲ့ပြီး ပြစ်မှုနဲ့ပတ်သက်တဲ့ပြဿနာ မတွေ့ခဲ့ကြောင်း တတိယနေ့မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ရေးသားထားပါတယ်။
ထိန်းသိမ်းခံရစဉ် အခန်းကျဉ်းကျဉ်းနဲ့ ပူအိုက်တဲ့နေရာမှာ နေထိုင်ခဲ့ရပြီး အိပ်စက်ဖို့၊ စားသောက်ဖို့နဲ့ အသက်ရှူဖို့ အခက်အခဲတွေကြုံခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။
ပြန်လွတ်လာပြီးနောက် သူ့အခြေအနေကို လူမှုကွန်ရက်မှာ ရေးသားခဲ့ပေမဲ့ မမှန်ကန်တဲ့ ခန့်မှန်းပြောဆိုမှုတွေနဲ့ ဝေဖန်မှုတွေ ကြုံခဲ့ရတဲ့အတွက် ဖြစ်စဉ်ကို ပြန်လည်ရှင်းပြတာဖြစ်တယ်လို့ ဆိုပါတယ်။
သူ့ရဲ့ပညာရေး၊ ခရီးသွားလုပ်ငန်းနဲ့ သွင်းကုန်ပို့ကုန်လုပ်ငန်းတွေကို စနစ်တကျ လုပ်ကိုင်နေကြောင်းနဲ့ လူငယ်လုပ်ငန်းရှင်တွေအနေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့၊ ငွေကြေးအရောင်းအဝယ်နဲ့ ဘဏ်ငွေလွှဲကိစ္စတွေကို သတိထားဖို့၊ စီးပွားရေးမိတ်ဖက်တွေကို သေချာစိစစ်ဖို့လည်း တိုက်တွန်းထားပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ယူကီပိုင်ရဲ့လူမှုကွန်ရက်ရေးသားချက်အရသာ ဖော်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာအာဏာပိုင်တွေရဲ့တုံ့ပြန်ချက်ကိုတော့ မသိရသေးပါဘူး။
ဦးမင်းအောင်ကိုဖိတ်ကြားခဲ့တာ အစိုးရအဖြစ်အသိအမှတ်ပြုတာ မဟုတ်ဘူးလို့ မလေးရှားပြော
နေပြည်တော် သမ္မတ ဦးမင်းအောင်လှိုင်ကို မလေးရှားနိုင်ငံကို ဖိတ်ကြားခဲ့တာဟာ အစိုးရအနေနဲ့ အသိအမှတ်ပြုတာ မဟုတ်ဘူးလို့ မလေးရှားလွှတ်တော်မှာ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မိုဟာမက် ဟာဆန်က ပြောတဲ့အကြောင်း မလေးရှားသတင်းဌာနတွေက ရေးပါတယ်။
ဒါပေမဲ့ အောက်တိုဘာ ဒုတိယသီတင်းပတ်တုန်းက ဦးမင်းအောင်လှိုင်ရဲ့ မလေးရှားခရီးစဉ်အတွင်းမှာတော့ မလေးရှားနဲ့ နေပြည်တော်ဆက်ဆံရေးဟာ မလေးရှား-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးအသွင်ဆောင်တယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ထုတ်ပြောခဲ့ပါတယ်။
မလေးရှားလွှတ်တော်ထဲမှာတော့ ဒီဖိတ်ကြားချက်ဟာ မြန်မာရဲ့နယ်နိမိတ်တွေကို ကျော်လွန်ကျယ်ပြန့်လာတဲ့ ဒုက္ခသည်ပြဿနာတွေအတွက် လက်တွေ့ကျတဲ့ဖြေရှင်းနည်းကိုပဲ ရည်ရွယ်ခဲ့တာလို့ နိုင်ငံခြားရေးဝန်ကြီးက ဆက်ပြောပါတယ်။
မလေးရှားနိုင်ငံထဲက အကျပ်အတည်းကို ဖြေရှင်းဖို့ဖြစ်ပြီး နေပြည်တော်ကို အစိုးရအဖြစ် တရားဝင်စေဖို့ လမ်းကြောင်းပေးခဲ့တာ မဟုတ်ဘူးလို့လည်း သူက ထည့်ပြောပါတယ်။
နေပြည်တော်ကို အထီးကျန်စေတဲ့နည်းဟာ နိုင်ငံထဲက အကျပ်အတည်းကို ဖြေရှင်းနိုင်မှာမဟုတ်ဘူးဆိုတဲ့အချက်ကိုလည်း မလေးရှားဝန်ကြီးက ထပ်ပြောပါတယ်။
ဦးမင်းအောင်လှိုင်ရဲ့မလေးရှားခရီးစဉ်အတွင်း ဦးမင်းအောင်လှိုင်နဲ့ မလေးရှားတို့ ပူးတွဲလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အကြောင်းအရာစုံကို ဆွေးနွေးခဲ့ကြတယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောထားပါတယ်။
ဒါပေမဲ့ အဲဒီပွဲမှာ မူလအကြောင်းရင်းခံဖြစ်တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအရေးကိုတော့ မလေးရှား ၀န်ကြီးချုပ်က ထုတ်ပြောခဲ့တာ မရှိပါဘူး။
တစ်ဖက်မှာတော့ မလေးရှားက နိုင်ငံထဲကနေ မြန်မာဘက် နေရပ်ပြန်ပို့လိုက်တဲ့ ဒုက္ခသည်တွေနဲ့ပတ်သက်ပြီး နေပြည်တော်က ပေးထားတဲ့လုံခြုံရေးအာမခံချက်တွေကို လိုက်နာဖို့တောင်းဆိုမယ်လို့ မလေးရှားဝန်ကြီးက ပြောပါတယ်။
မလေးရှားကနေ ပြန်ပို့လိုက်တဲ့ မြန်မာနိုင်ငံသား ၃၀၀ ခန့်ကို ရန်ကုန်မြို့ထဲက စစ်ဘက်ဆိုင်ရာ အဆောက်အအုံတစ်ခုမှာ ထိန်းသိမ်းထားတယ်ဆိုတဲ့ နိုင်ငံတကာသတင်းမီဒီယာတွေရဲ့စွပ်စွဲချက်ကို ကိုးကားပြီး ဝန်ကြီးက အခုလိုပြောတာဖြစ်တယ်လို့ မလေးရှားဘက်ကပြောပါတယ်။
မလေးရှားကတော့ နှစ်နိုင်ငံခေါင်းဆောင် ဆွေးနွေးခဲ့တဲ့အချိန် နေရပ်ပြန်လာသူတွေရဲ့ ဘေးကင်းလုံခြုံမှုအတွက် နေပြည်တော်က အာမခံချက်ပေးခဲ့တယ်လို့ မလေးရှားသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
မဲဆောက်မှာ ဖမ်းမိတဲ့ပန်ဒါနီကို စောင့်ရှောက်ဖို့ ထိုင်းစီစဉ်
ထိုင်း - မြန်မာ နယ်စပ် မဲဆောက်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဖမ်းမိခဲ့တဲ့ ပန်ဒါနီ တစ်ကောင်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ထိုင်းအာဏာပိုင်တွေက ချွန်ဘူရီခရိုင်က ခေါင်ခေါတိရစ္ဆာန်ဥယျာဉ်ဆီ လွှဲပြောင်းပေးလိုက်ပြီဖြစ်ပါတယ်။
အသက် ၅ နှစ်အရွယ်ပန်ဒါနီကို တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ သာဆိုင်လွတ်ကျေးရွာအနီး ဆရီထိုင်းလမ်းပေါ်မှာ ရပ်ထားတဲ့ ပစ်ကပ်ကားတစ်စီးထဲ ခိုးသယ်လာချိန် အောက်တိုဘာလ ၂၄ ရက်မှာ မဲဆောက်ရဲစခန်းက စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ပန်ဒါနီကို ခိုးသယ်လာတယ်လို့ သံသယရှိတဲ့အမျိုးသား ၂ ဦးကိုလည်း ရဲက ဖမ်းဆီးထားပါတယ်။
ဒီပန်ဒါနီကို တောရိုင်းတိရစ္ဆာန် စစ်ဆေးရေးစခန်းကနေ ခေါင်ခေါတိရိစ္ဆာန်ရုံကို လွှဲပေးလိုက်တာဖြစ်ပြီး တောရိုင်းတိရစ္ဆာန်တွေကနေ ကူးစက်နိုင်တဲ့ရောဂါတွေကို ရှိ မရှိကို သီးသန့်ခွဲထားကာ ကျန်းမာရေး စစ်ဆေးဖို့ရှိတယ်လို့လည်း ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပါတယ်။
ပန်ဒါနီလေးကို သဘာဝအမူအကျင့်နဲ့ ကိုက်ညီတဲ့ နေထိုင်ရာပတ်ဝန်းကျင်ကို စီစဉ်ပေးမယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။
အမှုနဲ့ပတ်သက်ပြီးတော့ မဲဆောက်ရဲစခန်းနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက နိုင်ငံဖြတ်ကျော် တောရိုင်းတိရစ္ဆာန် မှောင်ခိုကူးသန်းရောင်းဝယ်ရေးကွန်ရက်နဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေကို ဆက်လက်ဖော်ထုတ်စုံစမ်းပြီး အရေးယူမယ်လို့ ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပါတယ်။
ဒီပန်ဒါနီဟာ မျိုးသုဉ်းပျောက်ကွယ်မယ့် အန္တရာယ်ရှိ တောရိုင်းတိရစ္ဆာန်နဲ့ အပင်မျိုးစိတ်များ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ် (CITES) ရဲ့အပိုင်း ၁ စာရင်းဝင် တိရစ္ဆာန်ဖြစ်ပါတယ်။
CI စခန်းကို သတင်းသွားယူချိန် ခြိမ်းခြောက်ခံခဲ့ရမှု လွှတ်တော်ကို တိုင်မယ်လို့ ထိုင်းသတင်းထောက်ပြော
ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်ထဲက မြန်မာနိုင်ငံသားဖြစ်ကြောင်းသက်သေခံ(CI) စာအုပ်လုပ်ပေးတဲ့ စင်တာတစ်ခုမှာ သတင်းယူနေစဉ်အတွင်း ခြိမ်းခြောက်ခံခဲ့ရတာကြောင့် လုံခြုံရေးအတွက် ထိုင်းလွှတ်တော်ကို တင်ပြသွားမယ်လို့ ထိုင်း သတင်းထောက် ပေါ့ဒ် နာသာဖော့ဘ်က ပြောပါတယ်။
သူဟာ ရွှေပြောင်းလုပ်သားအရေး၊ တိုင်းရင်းသားလူနည်းစုတွေအရေး သတင်းရေးသားဖော်ပြနေတဲ့ အလွတ်တန်း ထိုင်းသတင်းထောက်တစ်ဦးဖြစ်ပါတယ်။
ဘယ်လိုပုံစံနဲ့ ခြိမ်းခြောက်ခံခဲ့ရတဲ့ပုံစံကိုတော့ သတင်းထောက်က လူမှုကွန်ရက်မှာ ပြောထားတဲ့သူ့ပို့စ်မှာ ပြောထားတာ မတွေ့ရပါဘူး။
ထိုင်းပြည်သူ့ပါတီက လွှတ်တော်အမတ်တစ်ဦးကလည်း ထိုင်းသတင်းထောက်ဆီကို ဖုန်းနဲ့ဆက်သွယ်ပြီး ဒီဖြစ်စဉ်ကို ထိုင်းလွှတ်တော်ကော်မတီထံ တိုင်ကြားစာတင်သွင်းဖို့ အကြံပြုခဲ့တယ်လို့ သတင်းထောက် ပေါ့ဒ် နာသာဖော့ဘ်က ရေးပါတယ်။
အောက်တိုဘာ ၂၈ ရက်မှာ ထိုင်းလွှတ်တော်ကိုသွားပြီး အောက်လွှတ်တော် နိုင်ငံရေးဖွံ့ဖြိုးတိုးတက်ရေး၊ လူထုဆက်သွယ်ရေးနဲ့ ပြည်သူ့ပါ၀င်မှုဆိုင်ရာကော်မတီဆီ စာတင်မှာလို့ သူက ပြောပါတယ်။
CI စင်တာထဲ ၀င်ရောက်သတင်းယူပြီး အဲဒီထဲက အကျင့်ပျက်ချစားမှုဖြစ်စဉ်တွေကို လူသိရှင်ကြား ဖော်ထုတ်တင်ပြခဲ့တာကို တချို့လူတွေ မကျေနပ်ဖြစ်နိုင်တယ်လို့ သူထင်တာကြောင့် နောင်မှာ ထပ်ဖြစ်နိုင်တဲ့ခြိမ်းခြောက်နှောင့်ယှက်မှုတွေကို ကြိုတင်ကာကွယ်နိုင်ဖို့ လွှတ်တော်ကို စာတင်တာလို့လည်း သူက ပြောပါတယ်။
အလားတူ မြန်မာဘက်က ထိုင်းဘက်က အကျိုးဆောင်(ပွဲစား)ကွန်ရက်တွေနဲ့ ပူးပေါင်းပြီး ရွှေ့ပြောင်းလုပ်သားတွေကို စိစစ်ဖိနှိပ် အကျိုးအမြတ်ရှာမှုတွေကို ရပ်တန့်အောင်လုပ်ပေးဖို့ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေနဲ့ နိုင်ငံထဲက သက်ဆိုင်ရာအေဂျင်စီတွေကိုလည်း သူကတောင်းဆိုထားပါတယ်။
ရွှေ့ပြောင်းလုပ်သားတွေနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းလုပ်ငန်းစဉ်တွေဟာ ပွင့်လင်းမြင်သာမှုရှိရမယ်လို့လည်း သတင်းထောက်က ထောက်ပြပါတယ်။
ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ဖိနှိပ်စစ်ဆေးခံရပြီး ထိုင်းစီးပွားရေးသမားတချို့ရဲ့ အကျိုးအမြတ်အတွက် ပွဲစားခတွေထပ်ဆောင်းကုန်ကျမှုတွေမရှိအောင် လုပ်ပေးဖို့ သတင်းထောက်ရဲ့စာထဲမှာ တိုက်တွန်းထားပါတယ်။
‘‘ဒီလိုအခက်အခဲတွေကြားထဲမှာတောင် မေမေ့ အသံက ခွန်အားရှိနေတုန်းပဲ’’ - ကင်မ် အဲရစ်
နေပြည်တော်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အသက် ၈၁ နှစ်အရွယ် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၅ နှစ် ကျော်အတွင်း ပထမဆုံးအကြိမ် ဖုန်းနဲ့စကားပြောချိန်မှာ ၀မ်းသာပြီး ခွန်အားရှိတဲ့လေသံကို ကြားရတယ်လို့ သားအငယ်ဖြစ်တဲ့ ကင်မ် အဲရစ် ခေါ် ကိုထိန်လင်းက ဘီဘီစီကို ပြောပါတယ်။
နေပြည်တော်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကင်မ် တို့ကို ဖုန်းကနေ မိနစ် ၂၀ ကြာ စကားပြောခွင့်ပြုခဲ့တယ်လို့ အောက်တိုဘာ ၂၂ ရက်မှာ သတင်းထုတ်ပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မိသားစုနဲ့ အဆက်အသွယ်ဖြတ်တောက်ခံခဲ့ရတာဖြစ်ပြီး သားဖြစ်သူနဲ့ ၅ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် စကားပြောခဲ့ရတာဖြစ်ပါတယ်။
ကင်မ်ကတော့ မိခင်နဲ့ဖုန်းပြောဆိုတာကို အာဏာပိုင်တွေက ကြားဖြတ်နားထောင်နေမှာကို သိတဲ့အတွက် မိသားစုကိစ္စတွေကိုပဲ အများဆုံး ပြောခဲ့တယ်လို့ ဘီဘီစီ မြန်မာပိုင်းနဲ့ သီးသန့် အင်တာဗျူးမှာ ပြောပါတယ်။
‘‘ကျွန်တော့်နဲ့ စကားပြောရတာ မေမေ ဝမ်းသာနေပုံပဲ။ ဘာပဲဖြစ်ဖြစ် လွန်ခဲ့တဲ့ ခြောက်နှစ်နီးပါး ထိန်းသိမ်းခံထားရချိန် တလျှောက်လုံး စစ်တပ်နဲ့ ရဲတွေကလွဲလို့ တခြားဘယ်သူနဲ့မှ စကားပြောခွင့်မရခဲ့ဘူးလို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ ဒီလိုအခက်အခဲတွေကြားထဲမှာတောင် မေမေ့ အသံက ခွန်အားရှိနေတုန်းပဲ။’’ လို့ ကင်မ်က ပြောပါတယ်။
သားအမိနှစ်ယောက် မိသားစုကျန်းမာရေးကိစ္စကို အဓိက စကားပြောခဲ့ကြပြီး မိနစ် ၂၀ ပြည့်ချိန်မှာ အချိန်စေ့ပြီလို့ သတိပေးတာ ခံရလို့ ဖုန်းပြောတာ ရပ်ခဲ့ကြတယ်လို့လည်း ကင်မ်က ပြောပါတယ်။
ကင်မ်ဟာ လန်ဒန်မြို့မှာရှိတဲ့ မြန်မာသံရုံးကောင်စစ်ဌာနကနေ မိခင်ကို ဖုန်းဆက်ခဲ့တာဖြစ်ပါတယ်။
နောက်တစ်ကြိမ် ဖုန်းထပ်ပြောရမလားဆိုတာကို သူ သေချာမသိရှိဘူးလို့ ကင်မ်က ပြောပါတယ်။
မြဝတီတိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်းကို ကျည်ကျမှုနဲ့ ထိုင်းဒေသခံတွေ ဆန္ဒပြ
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်ထဲက မင်းလက်ပံနဲ့ ဖလူးဒေသမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကနေ ထိုင်းဘက်ခြမ်းကို ကျည်ကျရောက်မှုကြောင့် နယ်စပ်က ထိုင်းဒေသခံတွေ ဒီနေ့မနက်ပိုင်းက ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ထိုင်းဘက်ခြမ်း၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ထဲက မဲ့ကို့ကင်းရွာခံတချို့စုဝေးပြီး ဒီနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။
ဆန္ဒပြတဲ့နေရာကို ထိုင်းစစ်တပ်အရာရှိတချို့လည်း တက်ရောက်ခဲ့တယ်လို့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။
ထိုင်းစစ်တပ်က လက်နက်ကျည်ထပ်ကျရင် ပစ်တဲ့နေရာနဲ့အဖွဲ့အစည်းကို တုံ့ပြန်မယ်လို့ ကြေညာပြီးတဲ့နောက် ထိုင်းဒေသခံတွေကလည်း အခုလို ဆန္ဒထုတ်ဖော်လာကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့လပိုင်းတွေတုန်းကလည်း ထိုင်းဘက်ခြမ်းကို မြန်မာဘက်ခြမ်း တိုက်ပွဲကနေ လက်နက်ကြီးကျည် ကျရောက်မှုတွေရှိခဲ့လို့ ထိုင်းဘက်က နေအိမ်တချို့နဲ့ ဒေသခံထိခိုက်ဒဏ်ရာရတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။
ထိုင်းဘက်ခြမ်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှု မကြာခဏဖြစ်နေတဲ့ဖြစ်စဉ်တွေကို ဖြေရှင်းဖို့ဆိုပြီး ထိုင်းစစ်တပ်က အဆင့်ဆင့်လုပ်မယ့် အစီအမံ ၄ ရပ် ကိုလည်းချမှတ်ထားပြီးဖြစ်ပါတယ်။
မြန်မာဘက်က ကျည် ထပ်ကျလာရင် ထိုင်းစစ်တပ်အနေနဲ့ စစ်ဖက်ဆိုင်ရာလုပ်ထုံးလုပ်နည်း(Rules of Engagment) အတိုင်းတုံ့ပြန်သွားမယ်လို့ ထိုင်းစစ်တပ်က ကြေညာထားတာပါ။
သတိပေးချက်အနေနဲ့ မီးခိုးဗုံးတွေနဲ့ အရင်ပစ်ခတ်သွားမယ်လို့ ထိုင်းစစ်တပ်ကဆိုပါတယ်။
ထိုင်းနိုင်ငံသားတွေရဲ့အသက်၊ အိုးအိမ်စည်းစိမ်တွေကို ထိခိုက်စေလိုတဲ့ရည်ရွယ်ချက်နဲ့ပစ်ခတ်လာရင်တော့ သင့်တော်တဲ့တန်ပြန်အစီအမံတွေနဲ့ တိုက်ပွဲရပ်ဖို့ ဖိအားပေးသွားမယ်လို့လည်း ထိုင်းစစ်တပ်က ပြောထားပါတယ်။
ဒီအစီအမံထဲမှာ လုံခြုံရေးအင်အားတိုးချဲ့တာတွေ၊ စစ်ဆေးရေးဂိတ်တွေ ပိုချတာ၊ မိုအိ(သောင်ရင်း) မြစ်တလျှောက် မြေပြင်နဲ့ ရေပြင်မှာ ကင်းလှည့်တာတွေ လုပ်မယ့်အပြင် အခြေအနေတွေကို ဒရုန်းတွေ၊ လေယာဉ်တွေနဲ့ အနီးကပ်စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။
တစ်ဖက် သံတမန်ရေးအရဆိုရင်လည်း ဒီလိုဖြစ်စဉ်တွေထပ်ဖြစ်တာနဲ့ မြန်မာ စစ်တပ်ဘက်ကို နှစ်နိုင်နယ်စပ်ကော်မတီကတဆင့် ချက်ချင်းဆက်သွယ်မယ်လို့ ဆိုပါတယ်။
ထိုင်းစစ်တပ် နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကနေတဆင့် ဆန့်ကျင်ကန့်ကွက်ကြောင်း နဲ့ ထိခိုက်မှုတွေအတွက် မြန်မာအစိုးရဘက်က တာဝန်ယူဖို့ တောင်းဆိုသွားမယ်လို့ ထိုင်းစစ်တပ်က ပြောထားပါတယ်။
အစ္စရေးရွေးကောက်ပွဲ၊ စစ်မှုထမ်းစုဆောင်းရေးနဲ့ ခါးသက်သက်အမှန်တရား
ဒေါသထွက်နေတဲ့ဆန္ဒပြသူတွေက အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေကို "နာဇီတွေ" လို့ ရှုတ်ချနေကြပါတယ်။ ဒါပေမဲ့ ဒီမြင်ကွင်းဟာ လန်ဒန် ဒါမှမဟုတ် ပါရီလမ်းမတွေပေါ်က ပါလက်စတိုင်းလိုလားတဲ့ဆန္ဒပြပွဲက မြင်ကွင်းတော့ မဟုတ်ပါဘူး။
လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေကြားက အခု ရုန်းရင်းဆန်ခတ်မြင်ကွင်းဟာ အစ္စရေးမှာတင် ဖြစ်နေတာပါ။ ဘာသာရေးအထူးကျင့်သုံးလိုက်နာကြသူ ultra-Orthodox ဂျူးအမျိုးသား ရာနဲ့ချီဟာ စစ်တပ်ရဲတွေနဲ့ ထိပ်တိုက်တွေ့ကြတာဖြစ်ပါတယ်။
ဖြစ်တဲ့နေရာက ဂျေရုဆလင်နဲ့ တဲလ်အဗီကြားက မိုဒီအင်းမြို့မှာရှိတဲ့ အဆောက်အအုံတစ်ခု ဖြစ်ပြီး အဲဒီမှာ ultra-Orthodox ဂျူးလူငယ်တစ်ဦး(Haredi) နေထိုင်ပါတယ်။
စစ်မှုထမ်းဆောင်ဖို့ သတင်းပို့ရန် ပျက်ကွက်ခဲ့လို့ဆိုပြီး ရဲတပ်ဖွဲ့က သူ့ကို လာရောက် ဖမ်းဆီးတာ ဖြစ်ပါတယ်။
အောက်တိုဘာလအစောပိုင်းက ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့လတွေအတွင်း ဖြစ်ခဲ့တဲ့အလားတူဖြစ်စဉ်တွေထဲက တစ်ခုဖြစ်ပြီး အစ္စရေးလူ့အဖွဲ့အစည်းအတွင်း အနက်ရှိုင်းဆုံး အက်ကွဲကြောင်းတွေထဲက တစ်ခုကိုလည်း ပြသနေပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ၀င်ဖတ်နိုင်ပါတယ်။
ပေါက်မှာ ဖမ်းဆီးခံ စစ်သားနဲ့ရဲ ၁၆ ဦးကို ခေါ်ထုတ်သွားတဲ့ PDF တစ်ဦး ပြန်အဖမ်းခံရ
မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းတွေထဲက ၁၅ ဦးထက်မနည်းကို ခေါ်ထုတ်သွားတဲ့ ပေါက်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) တစ်ဦးကို တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်သုံ့ပန်းတချို့နဲ့အတူ ပြန်ဖမ်းမိထားတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
“ပေါက်နဲ့ ဆောမြို့တို့ကြား တစ်နေရာမှာ ပြန်ဖမ်းမိတာ” လို့ သူကပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လက်အောက်ခံတပ်တွေနဲ့ ဒေသအခြေစိုက်တပ်တို့ ပူးပေါင်းချိတ်ဆက်ပြီး ဖမ်းဆီးရေး လုပ်ဆောင်နေတာလို့ သူက ဆက်ပြောပါတယ်။
လက်ရှိမှာ PDF ရဲဘော်တစ်ဦးအပါအဝင် စစ်သုံပန်း ၁၀ ဦးကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖမ်းမိထားပြီး အောက်တိုဘာ ၂၁ ရက်မှာ ထွက်ပြေးခဲ့တဲ့ဖြစ်စဉ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ဆေးနေတယ်လို့ ဒီအခြေအနေကိုသိတဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“နောက်ထပ် သုံ့ပန်း ၇ ဦး လွတ်မြောက်နေသေးတယ်” လို့ သူက ဆိုပါတယ်။
စစ်သုံ့ပန်းတွေကို ခေါ်ထုတ်သွားတဲ့ PDF ရဲဘော်ဟာ မကွေးတိုင်းအခြေစိုက် ဆေးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တယ်လို့ သတင်းရင်းမြစ်က ဖြည့်ပြောပါတယ်။
ဒီဖြစ်စဉ်မှာ စစ်သုံ့ပန်းတွေကို စောင့်ကြပ်နေတဲ့တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦးကိုလည်း ဓားစာခံအနေနဲ့ ဖမ်းဆီးပြီး လက်နက်တချို့လည်း ယူဆောင်သွားတယ်လို့ တော်လှန်ရေးတပ်တချို့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံလိုက်ရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦးကိုတော့ လမ်းခုလတ်မှာ လက်တွေ ကြိုးတုပ်လျက်သားနဲ့ ပြန်တွေ့ရှိထားတယ်လို့ သူက ရှင်းပြပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ပေါက်အခြေစိုက်တပ်ဖွဲ့တချို့ကို ဘီဘီစီက စာပို့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖြေဆိုဖို့ ငြင်းဆိုပါတယ်။
ပေါက်တောင်ပိုင်းမှာ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းက ပခုက္ကူမြို့နယ် မြစ်ခြေတိုက်ပွဲတွေအတွင်း ဖမ်းမိထားတဲ့ စစ်တပ်ရဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့လည်း သိရပါတယ်။
စစ်သုံ့ပန်းတွေကို ခေါ်ထုတ်သွားတဲ့ PDF တစ်ဦးကို စစ်သုံ့ပန်းတချို့နဲ့အတူ ပြန်ဖမ်းမိထားတဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဒီနေ့ နေ့လယ်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။
မြန်မာစစ်တပ်ကလည်း ပေါက်တောင်ပိုင်းမှာ ဖမ်းဆီးခံထားရတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ပတ်သက်လို့ ဒီနေ့အထိ ထုတ်ပြောတာမရှိသေးပါဘူး။
အာဆီယံအထူးသံ နေပြည်တော်သွားဖို့ရှိ
မြန်မာ့အရေးဆိုင်ရာ အာဆီယံအထူးသံတမန် တာ၀န်ယူထားတဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေး၀န်ကြီး မာ ထရီဆာ လာဇာရိုဟာ မနက်ဖြန်မှာ နေပြည်တော်ကို သွားဖို့ရှိတယ်ဆိုပြီး ထိုင်းသတင်းဌာန PBS က သံတမန်သတင်းရင်းမြစ်တွေကို ကိုးကား သတင်းဖော်ပြပါတယ်။
အထူးသံဟာ မြန်မာဆီ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပိုရောက်ရေး ဆွေးနွေးဖို့ မနက်ဖြန်မှာ နေပြည်တော်သွားမှာဖြစ်ပြီး ၂၉ ရက်အထိ မြန်မာမှာ ရှိမယ်လို့ သတင်းက ဆိုပါတယ်။
အထူးသံဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်မှာ ဖြစ်ပြီး နေပြည်တော်အစိုးရအကြီးတန်း တာ၀န်ရှိသူတွေနဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ သတင်းက ဖော်ပြပါတယ်။
အဲဒီခရီးစဉ်မှာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ အခြေစိုက်တဲ့ အာဆီယံရုံးက သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ညှိနှိုင်းရေးစင်တာ(AHA Centre) က အကြီးတန်းတာဝန်ရှိသူတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေလည်း ပါဝင်မယ်လို့ဆိုပါတယ်။
လာဇာရိုနဲ့ AHA Centre အဖွဲ့ဟာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ အဖွဲ့အစည်းအသီးသီးက ဒေသန္တရ ကယ်ဆယ်ရေးတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်တွေကို ဆွေးနွေးဖို့လည်းရှိတယ်လို့ ဆိုပါတယ်။
နှစ်ရက်ကြာ အခုခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ကို အာဆီယံဘက်က တောင်းထားလားဆိုတာကိုတော့ စီစဉ်ထားတာမရှိဘူးလို့ သတင်းရင်းမြစ်တွေက ပြောတဲ့အကြောင်း PBS သတင်းက ရေးပါတယ်။
အထူးသံဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေး၀န်ကြီးတွေရဲ့မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲအပြီးကတည်းက နေပြည်တော်ကို သွားဖို့ရှိတယ်လို့ ပြောထားတာဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အထူးသံနဲ့တွေ့ဆုံခွင့်ပေးဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာ၀န်ယူထားတဲ့ဖိလစ်ပိုင်နိုင်ငံက အကြိမ်ကြိမ်တောင်းဆိုထားပါတယ်။
နေပြည်တော်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူကို ၅ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ဖုန်းပြောခွင့်ပေးတာ၊ နောက် ချားလ်စ် ဘုရင်က လက်ဆောင်ပေးတယ်လို့ဆိုတဲ့စာအုပ်တွေကို ဒေါ်အောင်ဆန်းစုကြည်ဆီ သွားပို့တာတွေ ပြုလုပ်ထားပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက်ကတော့ နေပြည်တော်ဘက်က အခုလုပ်ဆောင်ချက်တွေဟာ တိုးတက်မှုလက္ခဏာတွေအဖြစ် မြင်ရတယ်လို့ ပြောထားပါတယ်။
နယ်စပ်မှာ ကီလိုမီတာထောင်ချီ နယ်မိတ်ချင်း ထိစပ်နေတဲ့ ထိုင်းဟာ မြန်မာ့အကျပ်အတည်း ဖြေရှင်းဖို့ဆိုပြီး မြန်မာ့အစုအဖွဲ့တွေနဲ့ တွေ့ဆုံထားပေမဲ့ ဒါဟာ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အောက်ကနေ လုပ်ဆောင်နေတာလို့ ပြောထားပါတယ်။
ကျင်ဒွေးမှာ အေအေပါ၀င်တဲ့ပူးပေါင်းတပ်တွေနဲ့ စစ်တပ် တိုက်ပွဲပြင်းထန်, စစ်တပ်က အင်အားဖြည့်နေ
ချင်းပြည်နယ်မှာ ချင်းတော်လှန်ရေးတပ်နဲ့ အာရက္ခတပ်တော်(အေအေ)တို့ ပူးပေါင်းထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့နယ်ထဲက ကျင်ဒွေးမြို့မှာ စစ်တပ်က စစ်ကြောင်းထိုးနေပြီး အေအေတပ်နဲ့ ပူးပေါင်းတပ်တွေကလည်း ခုခံတိုက်ခိုက်နေတာကြောင့် နှစ်ဘက်တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။
နှစ်ဖက်တိုက်ခိုက်မှုအတွင်း စစ်တပ်ရဲ့ စစ်ကြောင်းဘက်မှာလည်း အထိအခိုက်များတယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
စစ်တပ်ဘက်က ကျင်ဒွေးနယ်ထဲမှာ စစ်အင်အားဖြည့်ဖို့ ကျင်ဒွေးနယ်နဲ့ထိစပ်နေတဲ့ လောင်းရှည်မြို့နယ်အခြေစိုက်ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၅) ထဲကို စစ်တပ်က အင်အားတွေ ဖြည့်တင်းနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“အင်အားဖြည့်တာ တစ်လအတွင်း ၂ ကြိမ် မကတော့ဘူး”လို့ သူက ဖြည့်ပြောပါတယ်။
လောင်းရှည်ရွာဟာ ကျင်ဒွေးမြို့နဲ့ မိုင် ၃၀ ကျော်သာ ကွာဝေးတာ ဖြစ်ပါတယ်။
စစ်တပ်ရဲ့ မင်းဘူးအခြေစိုက်တပ်ကနေ မနေ့ အောက်တိုဘာ ၂၆ ရက်က စစ်ယာဉ်တန်းနဲ့ အင်အားဖြည့်တင်းဖို့ထွက်လာတာဖြစ်တယ်လို့ စစ်တပ်အင်အားဖြည့်တင်းမှူကို စောင့်ကြည့်နေတဲ့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
အဲဒီယာဉ်တန်းဟာ မကွေးတိုင်းထဲက “စလင်းနဲ့ ပွင့်ဖြူနယ်တွေကို ဖြတ်သွားပြီ။ လောင်းရှည် ကပစကို ဦးတည်နေတာ” လို့ သူက ထပ်ပြောပါတယ်။
စစ်တပ်ကလည်း တိုက်ပွဲဖြစ်နေတဲ့ ကျင်ဒွေးမြို့အပါအဝင် ကန်ပက်လက်မြို့နယ်ထဲက တော်လှန်ရေးတပ်တွေ တပ်စွဲထားတယ်လို့ ယူဆတဲ့နေရာတချို့ကို လေကြောင်းကနေ တိုက်ခိုက်မှုတွေလုပ်နေတယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ဆိုပါတယ်။
အေအေကတော့ ကန်ပက်လက်မြို့နယ်ထဲက တချို့နေရာတွေမှာ စစ်တပ်နဲ့ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတာရှိတယ်လို့ ပြီးခဲ့တဲ့လတွေကတည်းက ပြောထားပါတယ်။
မြန်မာစစ်တပ်ကတော့ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲက စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ သတင်း မထုတ်ပြန်သေးပါဘူး။
အင်္ဂလန်ရဲ့ ဘလွန်းဒီအော်ဆု စောင့်ဆိုင်းမှုကို ဟယ်ရီကိန်း ဘယ်လို အဆုံးသတ်ခဲ့လဲ
"လူအများကြီးက ဒီလိုဖြစ်လာမယ်လို့ မထင်ခဲ့ကြပါဘူး။ ကျွန်တော်ကိုယ်တိုင်တောင် ဒီလောက်အထိ ရောက်လာမယ်လို့ ထင်ခဲ့တာ မဟုတ်လောက်ပါဘူး" လို့ ကိန်းက ဒါဇန် အွန်လိုင်းအားကစားထုတ်လွှင့်မှု ကို ပြောပါတယ်။
"ကျွန်တော့်ကစားသမားဘဝအစပိုင်းမှာ အတက်အကျတွေ အများကြီးကို ဖြတ်သန်းခဲ့ရပါတယ်။ အခုခေတ် ကစားသမားတချို့လို စူပါစတားဖြစ်လာမယ်လို့ လူတွေက မျှော်လင့်ထားတဲ့သူမျိုး ကျွန်တော် မဟုတ်ခဲ့ပါဘူး။
ဟယ်ရီကိန်း ပြောတဲ့ ဘလွန်းဒီအော်ဆု စောင့်ဆိုင်းမှုကို ဒီလင်ခ့် မှာဖတ်နိုင်ပါပြီ။
အင်းတော်မြို့နယ်တိုက်ပွဲမှာ လက်နက်ချတဲ့စစ်သားဆယ်ချီရှိတယ်လို့ဆို, စစ်တပ်က မြို့နယ်ထဲ လေကြောင်းတိုက်ခိုက်မှု တိုးလုပ်
စစ်ကိုင်းအထက်ပိုင်း၊ အင်းတော်မြို့နယ်ထဲမှာ အင်အားဆယ်ချီပါတဲ့စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေကြား မနေ့က တိုက်ပွဲပြင်းထန်ခဲ့ပြီးတဲ့နောက်မှာ စစ်တပ်ဘက်က စစ်ကြောင်းလိုက် လက်နက်ချခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်နှစ်ဦးက ပြောပါတယ်။
လက်နက်ချတဲ့သူတွေထဲ ဗျူဟာမှူးအဆင့်ရှိသူအပါအ၀င် အင်အား ဆယ်နဲ့ချီ ပါ၀င်တယ်လို့ သတင်းရင်းမြစ်တွေကပြောပါတယ်။
မြေပြင်တော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးကတော့ လက်နက်ချသူ အင်အား ၁၀၀ ၀န်းကျင်ရှိတယ်လို့ ပြောပေမဲ့ ဒီအရေအတွက်ကို ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
အင်းတော်နဲ့ ထီးချိုင့်ကြားက မဲဇာရွာကြီးရဲ့ အောက်ဘက် ကျောင်းကုန်းရွာအနီးမှာ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ပြီးတဲ့နောက်မှာ ဒီအခြေအနေတွေဖြစ်လာတာလို့ သတင်းရင်းမြစ်က ပြောပါတယ်။
ဒီစစ်ကြောင်းဟာ “အင်းတော်ကနေ ဝန်းသိုကို ထိုးမယ့် စစ်ကြောင်းတွေထဲက တစ်ကြောင်း” လို့လည်း သူသိထားရတဲ့အချက်ကို သတင်းရင်းမြစ်က ဖြည့်ပြောပါတယ်။
စစ်တပ်က အင်းတော်-ဝန်းသို ခရိုင်ချင်းဆက်လမ်းနဲ့ ရထားလမ်းကြောင်းတွေကို အပြည့်အဝပြန်စိုးမိုးနိုင်ရေးအတွက် အင်းတော်နယ်ထဲကနေ ဝန်းသိုဘက် ဦးတည်နေတဲ့စစ်ကြောင်းတွေ လွှတ်နေတာလို့ မြေပြင်အခြေအနေသိသူ နောက်တစ်ဦးကလည်း ပြောပါတယ်။
ကချင်လွတ်လပ်ရေးတပ်(KIA)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့အထူးလှုပ်ရှားတပ်မတပ်ဖွဲ့(MDY PDF) တို့အပြင် အခြားပူးပေါင်းတပ်တွေ ပူးပေါင်းပြီး စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ကြတာလို့ သူက ပြောပါတယ်။
စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရတဲ့ မနေ့ကစလို့ ဒီနေ့ အောက်တိုဘာ ၂၇ ရက်မနက်ပိုင်းအထိ စစ်တပ်က အင်းတော်နယ်ထဲ တိုက်လေယာဉ်တွေနဲ့ ကင်းပတ်စောင့်ကြည့်တာနဲ့ လေကြောင်းကနေ ဗုံးကြဲချတာတွေ တိုးလုပ်နေတယ်လို့လည်း သူက ပြောပါတယ်။
ဒါကြောင့် ရွာတွေထဲ လေကြောင်းဗုံးကျလို့ နေအိမ်တွေ မီးလောင်ပျက်စီးမှုတွေရှိတယ်လို့ သူက ဆိုပါတယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထီးချိုင့်-အင်းတော်လမ်းပိုင်းတလျှောက်နဲ့ မြို့၂ မြို့ကြားထဲက ရွာ ၁၅ ရွာထက်မနည်းက ဒေသခံထောင်နဲ့ချီဟာလည်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သူက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ထိန်းချုပ်ထားတဲ့ အင်းတော်မြို့ကို စစ်တပ်က ၂၀၂၆ ဧပြီလကုန်ပိုင်းမှာ ပြန်ထိန်းချုပ်ခဲ့ပြီး မြို့နယ်ထဲကတချို့နေရာတွေမှာ KIA၊ PDF ပူးပေါင်းတပ်တွေက ခြေကုပ်ယူပြီး စစ်ဆိုင်ထားကြတာဖြစ်ပါတယ်။
စစ်တပ်ကလည်း အင်းတော်အပြင် နယ်ချင်းထိစပ်နေတဲ့ ဝန်းသိုမြို့နယ်ကိုပါ ပြန်ရဖို့ စစ်ကြောင်းတွေထိုးပြီး ထိုးစစ်ဖော်နေတာဖြစ်ပါတယ်။
စစ်တပ်ရဲ့စစ်ကြောင်းလိုက် လက်နက်ချတဲ့အခြေအနေနဲ့ပတ်သက်လို့ KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဘီဘီစီက ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။
မြန်မာစစ်တပ်ကတော့ အင်းတော်နယ်ထဲက စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ ဒီနေ့ မနက်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။
၁၄ နှစ်ကြာ အာဏာယူထားတဲ့ ရုရှားယိမ်းသမ္မတကို ဆားဘီးယားကျောင်းသားတွေ ဘယ်လိုဖယ်ရှားခဲ့လဲ
ဆားဘီးယားကျောင်းသားတွေဟာ ရုရှားယိမ်း သမ္မတ အလက်ဇန္ဒား ဗူချစ်ရဲ့ ၁၄ နှစ်ကြာ နိုင်ငံရေးလွှမ်းမိုးမှုကို ရွေးကောက်ပွဲကနေတဆင့် ဖြိုချနိုင်ခဲ့ပြီဖြစ်ပါတယ်။
အစိုးရရဲ့အဂတိလိုက်စားမှုနဲ့ ပေါ့ဆမှုတွေကို ကျောင်းသားတွေ နေ့စဥ်နီးပါး လမ်းတွေပေါ်တက်ပြီး ဆန္ဒပြရာကနေ ကျောင်းသားတွေရဲ့လှုပ်ရှားမှုဟာ တစ်နိုင်ငံလုံးအဆင့် ဆန့်ကျင်ကြတဲ့အမျိုးသားလှုပ်ရှားမှုတစ်ခုအဖြစ် မွေးဖွားခဲ့ပါတယ်။
ရွေးကောက်ပွဲ ၀င်မပြိုင်ဘဲ ကျောင်းသားတွေ ရွေးကောက်ပွဲ ဘယ်လိုနိုင်ခဲ့ပြီး သမ္မတကို ဖြုတ်ချနိုင်ခဲ့တာလဲ။
အပြည့်အစုံကို ဒီလင့်ခ် ကနေ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ဒိန်းမတ်ဥပဒေသစ်နဲ့ မြန်မာစစ်တပ်ကို ပထမဆုံး ရာဇဝတ်မှုတိုင်ကြားချက် တင်သွင်း
ဒိန်းမတ်နိုင်ငံမှာ ခိုလှုံခဲ့တဲ့ မြန်မာအမျိုးသမီးတစ်ဦးဟာ နိုင်ငံတကာရာဇဝတ်မှုတွေကို တရားစွဲဆိုနိုင်ဖို့ ပြဋ္ဌာန်းထားတဲ့ ဒိန်းမတ်ဥပဒေသစ်နဲ့ မြန်မာစစ်တပ် ကို ပထမဆုံး ရာဇဝတ်မှုတိုင်ကြားချက် တနင်္လာနေ့မှာ တင်သွင်းခဲ့တယ်လို့ အမေရိကန်အခြေစိုက် Courthouse News Service သတင်းဌာနက ဖော်ပြပါတယ်။
တိုင်ကြားသူ အမျိုးသမီးဟာ မြန်မာစစ်တပ်က သူ့ရွာမှာ နေအိမ် ၄၀ ကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ပြောင်းရွှေ့ခိုလှုံခဲ့ရသူဖြစ်ပါတယ်။
ဒိန်းမတ်နိုင်ငံရဲ့ ဒီဥပဒေသစ်ဟာ ပြီးခဲ့တဲ့နှစ်က စတင်အသက်ဝင်ခဲ့တာဖြစ်ပြီး စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ဘယ်နေရာမှာ ကျူးလွန်ခဲ့သည်ဖြစ်စေ တရားစွဲဆိုနိုင်ဖို့ ခွင့်ပြုထားတဲ့ ဥပဒေ ဖြစ်ပါတယ်။
အဲဒီအမျိုးသမီးဟာ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ချင်းပြည်နယ်မှာ စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေ ဆုံးရှုံးခဲ့ရပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေနဲ့အတူ အိန္ဒိယနိုင်ငံကို ထွက်ပြေးခဲ့ရတယ်လို့ ပြောပါတယ်။
သူဟာ လွန်ခဲ့တဲ့ သုံးနှစ်က ဒိန်းမတ်နိုင်ငံကို ရောက်ရှိလာခဲ့တာဖြစ်ပြီး စစ်တပ်ရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုကို ခံရမှာစိုးရိမ်တဲ့အတွက် အမည်မဖော်ဘဲ တိုင်ကြားခဲ့တာဖြစ်ပါတယ်။
အဲဒီအမျိုးသမီးက သူ့ရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေအတွက် လက်ရှိ မြန်မာစစ်အာဏာသိမ်းအုပ်စုဝင်တွေကို တာဝန်ရှိသူတွေအဖြစ် စွပ်စွဲထားပြီး လက်ရှိသမ္မတရာထူးယူထားတဲ့ စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်ကိုလည်း ထည့်သွင်း တိုင်ကြားထားပါတယ်။
သူ့ကို ကူညီပေးနေတဲ့ Myanmar Accountability Project အဖွဲ့ရဲ့ ဒါရိုက်တာ ခရစ္စတိုဖာ ဂန်းနက်စ်ကတော့ ဒိန်းမတ်ဥပဒေသစ်ဟာ မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေအတွက် တာဝန်ခံမှုရှိလာစေရေး ကြိုးပမ်းနိုင်မယ့် တရားရေးလမ်းကြောင်းတစ်ခု ဖွင့်ပေးတယ်လို့ ပြောပါတယ်။
ကုလသမဂ္ဂကလည်း မြန်မာစစ်တပ်ဟာ နိုင်ငံတစ်ဝန်း အကြမ်းဖက်မှုတွေကို ဆက်လက်ကျူးလွန်နေတယ်လို့ မကြသေးခင်က သူတို့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ နေပြည်တော်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အစီရင်ခံစာဟာ ဘက်လိုက်ပြီး အချက်အလက်တွေ မှန်ကန်မှုမရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ကန့်ကွက်ပယ်ချထားပါတယ်။
အစီရင်ခံစာကို သက်ဆိုင်ရာနိုင်ငံရဲ့သဘောတူညီချက်မပါဘဲ အတည်ပြုတာဟာ အချုပ်အခြာအာဏာတန်းတူညီမျှမှုနဲ့ ဘက်လိုက်မှု ကင်းရှင်းရေးမူတွေကို ထိခိုက်စေတယ်လို့ ဝေဖန်ထားပါတယ်။
ဒါကြောင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့အစီရင်ခံစာတစ်ခုလုံးနဲ့ အဲဒီထဲက အချက်အလက်တွေအပေါ် သဘောမတူကြောင်း၊ အစီရင်ခံစာကို ကန့်ကွက်ပယ်ချကြောင်း ကြေညာတယ်လို့ဆိုပါတယ်။
၂၀၂၆ ဘလွန်းဒီအော်ဆုပေးပွဲ တစ်နှစ်တာ ဆုရရှိသူများ
- အမျိုးသား ဘလွန်းဒီအော်ဆု – ဟယ်ရီကိန်း
- အမျိုးသမီး ဘလွန်းဒီအော်ဆု – အဲလက်စီယာ ပူတဲလက်စ်
- အမျိုးသား တစ်နှစ်တာအကောင်းဆုံး တိုက်စစ်မှူးဆု – ဟယ်ရီကိန်း
- အမျိုးသမီး တစ်နှစ်တာအကောင်းဆုံး တိုက်စစ်မှူးဆု – ချာလင်းကော်ရယ်လ်
- အမျိုးသား တစ်နှစ်တာအကောင်းဆုံးကလပ်အသင်းဆု – ပဲရစ်စိန့်ဂျာမိန်း (PSG)
- အမျိုးသမီး တစ်နှစ်တာအကောင်းဆုံး ကလပ်အသင်းဆု – ဘာစီလိုနာ
- ဆိုကရေးတီးဆု – ဘူကာယို ဆာကာ
- အမျိုးသား တစ်နှစ်တာအကောင်းဆုံး ဂိုးသမားဆု – အူနိုင်း ဆီမွန်
- အမျိုးသမီး တစ်နှစ်တာအကောင်းဆုံး ဂိုးသမားဆု – ကာတာ ကိုလ်
- အမျိုးသား တစ်နှစ်တာအကောင်းဆုံး နည်းပြဆု – လူးဝစ် ဒီလာဖွန်းတေး
- အမျိုးသမီး တစ်နှစ်တာအကောင်းဆုံး နည်းပြဆု – ပဲရေ ရိုမူး
- အမျိုးသား တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆု – လာမင်း ယာမယ်လ်
- အမျိုးသမီး တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆု – ဗစ်ကီ လိုပက်ဇ်
ဆိုကရေးတီးဆုကိုတော့ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းတွေနဲ့ လူမှုရေးအစီအစဉ်တွေမှာ ပါဝင်ဆောင်ရွက်မှုအတွက် ပေးအပ်တာ ဖြစ်ပါတယ်။
ဘလွန်းဒီအော် (Ballon d’Or) ဆိုတာ ဘာဆုလဲ
ဘလွန်းဒီအော် (Ballon d’Or) ဆုဟာ ပြင်သစ်ဘောလုံးမဂ္ဂဇင်း France Football က ၁၉၅၆ ခုနှစ်ကတည်းက ချီးမြှင့်လာတဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုတစ်ခု ဖြစ်ပါတယ်။
သတ်မှတ်ထားတဲ့ ဘောလုံးရာသီအတွင်း ကစားသမားတွေရဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်၊ အသင်းအတွက် ပါဝင်ပံ့ပိုးမှုနဲ့ အောင်မြင်မှုတွေကို အခြေခံပြီး နိုင်ငံတကာဘောလုံးသတင်းထောက်တွေက မဲပေးရွေးချယ်ကြတာ ဖြစ်ပါတယ်။
အမျိုးသားနဲ့ အမျိုးသမီး ကစားသမားတွေအတွက် သီးခြားဆုတွေ ချီးမြှင့်ပါတယ်။
ဟယ်ရီကိန်း ဘလွန်းဒီအော်ဆုရ, အင်္ဂလန်သားတစ်ဦး ၂၅ နှစ်အတွင်း ပထမဆုံးဆုရရှိ
ဘိုင်ယန်မြူးနစ်နဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတိုက်စစ်မှူး ဟယ်ရီကိန်းဟာ ၂၀၀၁ ခုနှစ် မိုက်ကယ်အိုဝင်နောက်ပိုင်း ဘလွန်းဒီအော်ဆုရရှိတဲ့ ပထမဆုံး အင်္ဂလန်ကစားသမား ဖြစ်လာပါတယ်။
လန်ဒန်မြို့မှာ အောက်တိုဘာ ၂၆ ရက်က ကျင်းပတဲ့ ဘလွန်းဒီအော်ဆုပေးပွဲမှာ အသက် ၃၃ နှစ်အရွယ် ဟယ်ရီကိန်းက အမျိုးသားကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့တာပါ။
ကိန်းဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်အတွက် ၅၁ ပွဲကစားပြီး ၆၁ ဂိုး သွင်းယူခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် သွင်းဂိုးတွေပါ ထည့်တွက်ရင် စုစုပေါင်း ၆၅ ပွဲမှာ ၇၃ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့အောင်မြင်မှုကြောင့် ဘလွန်းဒီအော်ဆုရရှိတဲ့ ပဉ္စမမြောက် အင်္ဂလန်သား ဖြစ်လာခဲ့ပါတယ်။ အရင်က စတန်လေမက်သယူးစ်၊ ဘော်ဘီချာလ်တန်၊ ကီဗင်ကီဂန်နဲ့ မိုက်ကယ်အိုဝင်တို့ ဒီဆုကို ရရှိခဲ့ဖူးပါတယ်။
အမျိုးသမီး ဘလွန်းဒီအော်ဆုကိုတော့ စပိန်ကွင်းလယ်ကစားသမား အဲလက်စီယာ ပူတဲလက်စ်က တတိယအကြိမ် ရရှိခဲ့ပါတယ်။
သူဟာ ဘာစီလိုနာအသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူခဲ့ပြီးနောက် အင်္ဂလန်ကလပ် လန်ဒန်စီးတီးလိုင်ယွန်နက်စ်အသင်းကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။
မင်္ဂလာပါ။
အောက်တိုဘာ ၂၇ ရက် နောက်ဆုံးရသတင်းတွေကို အခုစာမျက်နှာမှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဆက်လက်ဖတ်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်။