နယ်စပ်မြို့ မူဆယ်က ဆီဆိုင်မီးလောင်မှုကို ရေမြှုပ်ကား ၁၇ စီးနဲ့ တရုတ်ကူညီငြှိမ်းပေး

မြန်မာဘက်က နယ်စပ်မြို့ မူဆယ်မှာ ဆီဆိုင်မီးလောင်မှုကို တရုတ်ဘက်က ရေမြှုပ်ကား ၁၇ စီးနဲ့ လာရောက် ကူညီငြှိမ်းသတ်တဲ့သတင်းအပါအ၀င် အောက်တိုဘာ ၂၀ ရက် နောက်ဆုံးရ မြန်မာနဲ့ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • မြန်မာ့ရေနံနဲ့ သဘာ၀ဓာတ်ငွေ့လုပ်ငန်း(MOGE) ကို အနောက်က ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ထားချိန်မှာ အိမ်နီးချင်းထိုင်းက မြန်မာ့သဘာ၀ဓာတ်ငွေ့နဲ့ ရေအားလျှပ်စစ်စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံမှုတိုးဖို့ ခြေလှမ်းနေ
  • ပြင်သစ်မှာတော့ နိုင်ငံတ၀န်း ဆူပူဆန္ဒပြမှုတွေအတွင်း မီးရှို့မှုနဲ့ လုယက်မှုတွေဖြစ်ခဲ့တာကြောင့် ပါရီမြို့တော်က နေရာအချို့နဲ့ မြို့ကြီးတွေမှာ အာဏာပိုင်တွေက ည ၉၊ မနက် ၆ ညမထွက်ရအမိန့်ထုတ်ပြန်
  • မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ အဆုံးသတ်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ သံတမန်ရေးအရ ဆက်သွယ်ဆွေးနွေးနေတယ်လို့အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ပြော
  • KIA အုပ်ချုပ်ရေးလည်ပတ်နေတဲ့ ချီဖွေမြို့မှာ ရွှေတူးဖော်မှုတွေနဲ့ ပတ်သက်လို့ ဒေသခံပြည်သူတွေက သဘောမတူရင် သက်ဆိုင်ရာဌာနတွေဆီ တရားဝင်တိုင်ကြားနိုင်တယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ ပြော
  • ချင်းမိုင်မြို့မှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၂၇ ဦးကို ချင်းမိုင်ဘူတာမှာ အစုလိုက် ဖမ်းဆီးရမိတယ်လို့ မယ့်ပင်းရဲစခန်းက သတင်းထုတ်ပြန်
  • နယ်ကျော် ဆေးခြောက်သိုလှောင်ရောင်းချတဲ့ ဘန်ကောက်က ဇိမ်ခံအိမ်ကြီးတစ်ခုကို ထိုင်းရဲဝင်ဖမ်းချိန်မှာ မြန်မာအလုပ်သမား ၄ ဦးပါ ဖမ်းဆီးခံလိုက်ရ
  • လားရှိုးမြို့မှာ မနေ့က ညနေပိုင်း ဆိုင်သိမ်းပြီးပြန်လာတဲ့ သီရိဟိန်းရွှေဆိုင်ပိုင်ရှင်အမျိုးသားကို သေနတ်ပြပြီး သိန်းရာချီလုယက်သွားတဲ့တရားခံတွေကို မဖမ်းမိသေး

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အောက်တိုဘာ ၂၀ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. KNU မပါတဲ့ KNPC က ငြိမ်းချမ်းရေးအတွက် တကယ်လုပ်နိုင်မလား

    KNPC မှာ နာယကအဖြစ်ပါ၀င်နေတဲ့ KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးဟာ NCA ၁၁ နှစ်ပြည့်မှာ နေပြည်တော်ကို သွားပြီး ဦးမင်းအောင်လှိုင်နဲ့ သွားတွေ့ခဲ့
    ဓာတ်ပုံ ပုံစာ, KNPC မှာ နာယကအဖြစ်ပါ၀င်နေတဲ့ KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးဟာ NCA ၁၁ နှစ်ပြည့်မှာ နေပြည်တော်ကို သွားပြီး ဦးမင်းအောင်လှိုင်နဲ့ သွားတွေ့ခဲ့

    နေပြည်တော်ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားရာကနေ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ဖို့အထိ ပြန်ပြောလာပြန်ပါတယ်။

    တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) ၁၁ နှစ်ပြည့် အခမ်းအနားမှာ KNU အပြင် ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ကျောင်းသားတပ် (ABSDF) တို့ကိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ဖို့ နေပြည်တော် သမ္မတ ဦးမင်းအောင်လှိုင်က ဖိတ်ခေါ်ပြောဆိုခဲ့တာပါ။

    တစ်ဖက်မှာလည်း နေပြည်တော်ဟာ ကရင်ပြည်နယ်အတွင်း လက်နက်နဲ့ လူအင်အားတောင့်တင်းတဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ကရင်အမျိုးသား ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ(KNPC) နဲ့ ဘားအံမြို့မှာ ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။

  3. အင်္ဂါဂြိုဟ်ရဲ့ဂြိုဟ်ရံလကို ဖဲ့ယူမယ့် အာကာသလေ့လာရေး ဂျပန်စတင်

    အာကာသယာဉ်လေ့လာမယ့်ပုံစံ အကျဉ်းချုပ်ဖော်ပြချက်

    အင်္ဂါဂြိုဟ်ရဲ့ လတစ်စင်းဖြစ်တဲ့ ဖိုဘော့စ်ဆီ သွားမယ့် အာကာသယာဉ်တစ်စင်းကို ဂျပန်နိုင်ငံကနေ လွှတ်တင်လိုက်ပါတယ်။ အဲဒီမှာ လမျက်နှာပြင်က အမှုန့်တချို့ကို ယူပြီး ကမ္ဘာမြေဆီ ပြန်သယ်လာဖို့ ကြိုးပမ်းမှာ ဖြစ်ပါတယ်။

    အောင်မြင်ခဲ့ရင် အင်္ဂါဂြိုဟ် ဒါမှမဟုတ် သူ့ရဲ့လတွေကနေ နမူနာယူပြီး ကမ္ဘာမြေပေါ်က ဓာတ်ခွဲခန်းတွေမှာ လေ့လာဆန်းစစ်ဖို့ ပထမဆုံးအကြိမ် ပြန်သယ်လာနိုင်တာ ဖြစ်လာမှာပါ။

    အာကာသယာဉ်ဟာ ၂၀၂၇ ခုနှစ် ဩဂုတ်လမှာ ဖိုးဘို့စ်ဆီ ရောက်ရှိဖို့ စီစဉ်ထားပါတယ်။

    ဂျပန်အာကာသအေဂျင်စီက ဦးဆောင်တဲ့ MMX မစ်ရှင်ဟာ အင်္ဂါဂြိုဟ်ရဲ့လတွေ ဘယ်လို ဖြစ်ပေါ်လာသလဲဆိုတဲ့ပဟေဠိကို ဖြေရှင်းပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

    သဘာ၀သမိုင်းပြတိုက် (Natural History Museum) က ပါမောက္ခ ဆာရာ ရပ်ဆဲလ်ဟာ MMX မစ်ရှင်ရဲ့ နမူနာလေ့လာဆန်းစစ်ရေး ဒုတိယတာဝန်ခံ ဖြစ်ပါတယ်။ သူက "ဖိုဘော့စ်ဆီ သွားပြီး အစိတ်အပိုင်းတစ်ခုကို ကမ္ဘာမြေဆီ ပြန်သယ်လာနိုင်တဲ့အောင်မြင်တဲ့မစ်ရှင် အခုထိ မရှိသေးပါဘူး။

    "ဒီမစ်ရှင်ဟာ မယုံနိုင်လောက်အောင် ရည်မှန်းချက်ကြီးပြီး စိတ်ဝင်စားစရာကောင်းတဲ့ မစ်ရှင်တစ်ခုလို့ ကျွန်မ ထင်ပါတယ်" လို့ ပြောပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။

  4. မူဆယ်မြို့ မုံးပေါ်စက်သုံးဆီဆိုင်ရဲ့ ဆီသိုလှောင်ကန်မီးလောင်တာကို တရုတ်လာငြှိမ်း, ဆိုင်ရှင်အမျိုးသမီး မီးလောင်ဒဏ်ရာရ

    အောက်တိုဘာ ၁၉ ရက် မုံးပေါ်ဆီဆိုင် ဆီသိုလှောင်ကန်မီးကို တရုတ်-မြန်မာ မီးသတ်ပေါင်းပြီး မီးငြှိမ်းသတ်နေတဲ့ အခြေအနေ
    ဓာတ်ပုံ ပုံစာ, အောက်တိုဘာ ၁၉ ရက် မုံးပေါ်ဆီဆိုင် ဆီသိုလှောင်ကန်မီးကို တရုတ်-မြန်မာ မီးသတ်ပေါင်းပြီး မီးငြှိမ်းသတ်နေတဲ့ အခြေအနေ

    တရုတ် - မြန်မာ နယ်စပ်မြို့ မူဆယ်မှာ ဒီနေ့မနက် ၁၀ နာရီကျော်ကနေ စတင်လောင်ကျွမ်းနေတဲ့ မုံးပေါ်စက်သုံးဆီဆိုင်ရဲ့ ဆီသို လှောင်ကန်မီးကို ယူနန်ပြည်နယ်၊ ရွှေလီမြို့ မီးသတ်ဌာနကပါ ရေမြှုပ်မီးသတ်ယာဥ် ၁၇ စီးနဲ့ လာရောက် ငြှိမ်းသတ်နေတယ်လို့ မူဆယ်မြို့၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးစိန်လှအောင်က ပြောပါတယ်။

    “လောင်တဲ့ဆိုင်က တရုတ်နိုင်ငံနဲ့က ခြံစည်းရိုးပဲခြားတယ်။ ဆီဆိုင်က လောင်တာဆိုတော့ ဒရုန်း နည်းပညာနဲ့အရင်လေ့လာပြီးမှ လာကူတာ” လို့ ဦးစိန်လှအောင်ပြောပါတယ်။

    ဒါ့အပြင် တိုက်ရိုက်ထုတ်လွှင့်မှုယာဥ် ၃စီး၊ အုပ်ချုပ်မှုယာဥ် ၆စီးနဲ့ တပ်ဖွဲ့ဝင်အင်အား ၇၀ ပါဝင်တယ်လို့ဆိုပါတယ်။

    မနက် ၁၀ နာရီကျော်ကတည်းက လောင်နေတဲ့မီးဟာ ဒီနေ့ညနေ ၄ နာရီဝန်းကျင်မှာ ထိန်းနိုင်ပြီ ဖြစ်ပေမဲ့ မငြှိမ်းသတ်နိုင်သေးဘူးလို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ အတွင်းရေးမှူးက ပြောပါတယ်။

    ဆီသိုလှောင်မီးလောင်မှုကြောင့် ဆီဆိုင်ပိုင်ရှင်အမျိုးသမီး မီးလောင်ဒဏ်ရာရတယ်လို့ သိရပါတယ်။

    ဆီဆိုင်ပိုင်ရှင်ရဲ့အိမ်လည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

    မုံးပေါ်ဆီဆိုင်မီးလောင်မှုကို မြန်မာမီးသတ်ဦးဌာနက ယာဥ် ၄စီး၊ မူဆယ်ရပ်ကွက်တွေက ယာဥ် ၉စီး နဲ့ အခြားက ယာဥ် ၅စီးလည်း လာရောက်ငြှိမ်းသတ်တယ်လို့ မူဆယ်မြို့၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့သိရပါတယ်။

    Update - ဒီညနေပိုင်းမှာ မီးငြှိမ်းသတ်နေချိန် ဆီသိုလှောင်ကန်ပေါက်ပြီး တရုတ်မီးသတ်တပ်ဖွဲ့ဝင် ၃ ဦးနဲ့ မြန်မာမီးသတ်တပ်ဖွဲ့ဝင် ၂ ဦးထိခိုက်တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ကနေသိရပါတယ်။

  5. ကိုင်လီ ဂျန်နာ၊ ဒေါ်လာသန်း ၅၀ တန် Victoria's Secret ဘရာအတွင်းခံနဲ့ ကွဲပြားတဲ့အမြင်တွေ

    Victoria’s Secret ရဲ့ နာမည်ကျော် Fantasy ဘရာအတွင်းခံကို ဝတ်ဆင်ထားတဲ့ ကိုင်လီဂျန်နာဟာ အဖြူရောင်တောင်ပံနဲ့ ခပ်ပါးပါးမြင်ရတဲ့ စကတ်ကို ဝတ်ဆင်ပြီး ဖက်ရှင်ရှိုးစင်မြင့်ပေါ် လျှောက်လှမ်းခဲ့ပါတယ်။ စိန်တွေနဲ့ အလှဆင်ထားတဲ့ ငွေရောင်ဘရာစီယာမှာလည်း အောက်ခြေကနေ ရတနာတွေ တွဲလောင်းကျနေပါတယ်။

    Reality TV အစီအစဉ်တွေကြောင့် လူသိများတဲ့ ကိုင်လီ ဂျန်နာဟာ ဒေါ်လာ သန်း ၅၀ (ပေါင် ၃၇ သန်း) တန် စိန်စီဘရာစီယာကို ဝတ်ဆင်ပြီး Victoria's Secret ဖက်ရှင်ရှိုးမှာ ပထမဆုံး ပါဝင်လျှောက်လှမ်းခဲ့ပါတယ်။ ဒီအပေါ် တုံ့ပြန်မှုတွေ အမျိုးမျိုး ထွက်ပေါ်နေပါတယ်။

    ကမ္ဘာကျော် အလှကုန်လုပ်ငန်းရှင်လည်းဖြစ်တဲ့ ကိုင်လီဂျန်နာဟာ တနင်္ဂနွေနေ့က ကျင်းပတဲ့ နာမည်ကျော် အတွင်းခံအမှတ်တံဆိပ် Victoria's Secret ရဲ့ ဖက်ရှင်ရှိုးမှာ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ သူဝတ်ဆင်ခဲ့တဲ့ Victoria's Secret ရဲ့ နာမည်ကျော် Fantasy Bra ကို ၁၈ ကာရက်ရွှေနဲ့ စိန်အလုံးရေ ၄,၄၁၀ လုံး အသုံးပြုပြီး ဖန်တီးထားတယ်လို့ ဒီဇိုင်နာက ပြောပါတယ်။

    Fantasy Bra ဟာ နှစ်ပေါင်းများစွာ Victoria's Secret ဖက်ရှင်ရှိုးရဲ့ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီဘရာစီယာကို ဝတ်ဆင်ခွင့်ရခြင်းဟာ ရွေးချယ်ခံရတဲ့ မော်ဒယ်အတွက် ဂုဏ်ယူစရာတစ်ခုဖြစ်သလို သူတို့ရဲ့ မော်ဒယ်ဘဝမှာ အမှတ်ရစရာ အရေးပါတဲ့ အခိုက်အတန့်တစ်ခုအဖြစ်လည်း သတ်မှတ်ခံရလေ့ရှိပါတယ်။

    The Kardashians အစီအစဉ်ကြောင့် လူသိများတဲ့ အသက် ၂၉ နှစ်အရွယ် ကိုင်လီဂျန်နာကို ဒီဘရာစီယာ ဝတ်ဆင်ဖို့ ရွေးချယ်ခဲ့တာအပေါ် ပရိသတ်တချို့က ဝမ်းမြောက်အားပေးခဲ့ကြပါတယ်။

    ဒါပေမဲ့ အတွေ့အကြုံရင့် တခြားစူပါမော်ဒယ်တစ်ဦးကို ဒီအခွင့်အရေး မပေးခဲ့တဲ့အတွက် Victoria's Secret ကို ဝေဖန်သူတွေလည်း များနေပါတယ်။

    မတူကွဲပြားတဲ့အမြင်တွေအကြောင်း အပြည့်အစုံကို ဒီလင့်ခ် မှာ ၀င်ဖတ်နိုင်ပါတယ်။

  6. လားရှိုးမှာ ရွှေဆိုင်သိမ်းပြန်လာတဲ့ပိုင်ရှင် သေနတ်ပြ လုယက်ခံရမှု တရားခံမမိသေး

    အောက်တိုဘာ ၁၉ ရက် ညနေပိုင်းက ဖြစ်ခဲ့တဲ့ လားရှိုးမြို့က သေနတ်ပြလုယက်မှု
    ဓာတ်ပုံ ပုံစာ, အောက်တိုဘာ ၁၉ ရက် ညနေပိုင်းက ဖြစ်ခဲ့တဲ့ လားရှိုးမြို့က သေနတ်ပြလုယက်မှု

    ရှမ်းပြည်နယ်၊ လားရှိုးမြို့မှာ မနေ့က ညနေပိုင်းမှာ ဆိုင်သိမ်းပြီးပြန်လာတဲ့ သီရိဟိန်းရွှေဆိုင်ပိုင်ရှင်အမျိုးသားကို သေနတ်ပြပြီး သိန်းရာချီလုယက်သွားတဲ့တရားခံတွေကို မဖမ်းမိသေးဘူးလို့ လားရှိုးမြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    လုယက်ခံရတဲ့ငွေပမာဏဟာ သိန်း ၉၀၀ ဝန်းကျင်ဖြစ်တယ်လို့ မြို့ခံ ၂ ဦးက ပြောပြီး ဘီဘီစီက ရွှေဆိုင်ကို ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရပါဘူး။

    “အိမ်ပြန်လမ်းမှာ အခုလို အလုပ်ခံရတာ။ နောက်ကနေ ဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်ပြ အထုပ်ဆွဲသွားတာ။ လူတော့ ထိခိုက်တာ မရှိဘူး” လို့ လားရှိုးမြို့ခံက ပြောပါတယ်။

    လူမှုကွန်ရက်မှာတွေ့ရတဲ့ CCTV ဓာတ်ပုံအရ အမျိုးသား ၂ ဦး စီးလာတဲ့ဆိုင်ကယ်နဲ့ ဘေးချင်း ယှဥ်မောင်းလာတဲ့ ဆိုင်ကယ်နောက်မှာ လိုက်စီးလာတဲ့ အမျိုးသားက သေနတ်နဲ့ချိန် ထားတာ တွေ့ရပါတယ်။

    လုယက်သူ ၂ ဦးလုံးက မျက်နှာကို ဖုံးထားတဲ့အကာ တပ်ထားတာဖြစ်ပါတယ်။

    လားရှိုးမြို့ခံတွေရဲ့ပြောပြချက်အရ လားရှိုးမှာ ၂၀၂၆ ခုနှစ်အတွင်း လုယက်မှုတွေမကြာခဏဖြစ်နေပြီး တရားခံဖမ်းဆီးရမိတာနည်းတယ်လို့ သိရပါတယ်။

  7. ‌ဘန်ကောက်မှာ မြန်မာအလုပ်သမား ၄ ဦး ဆေးခြောက် ၅ တန်နဲ့အတူ အဖမ်းခံရ

    ‌အောက်တိုဘာ ၁၉ ရက်၊ ထိုင်းရဲဝင်ရောက်ဖမ်းဆီးတဲ့ ဘန်ကောက်ဇိမ်ခံအိမ်ကြီးထဲမှာ ဆေးခြောက်အဖူးတွေညှပ်နေတဲ့ မြန်မာအလုပ်သမားတစ်ဦး
    ဓာတ်ပုံ ပုံစာ, ‌အောက်တိုဘာ ၁၉ ရက်၊ ထိုင်းရဲဝင်ရောက်ဖမ်းဆီးတဲ့ ဘန်ကောက်ဇိမ်ခံအိမ်ကြီးထဲမှာ ဆေးခြောက်အဖူးတွေညှပ်နေတဲ့ မြန်မာအလုပ်သမားတစ်ဦး

    ဥပဒေနဲ့မညီဘဲ ဆေးခြောက်သိုလှောင်ရောင်းချတဲ့ ဘန်ကောက်က ဇိမ်ခံအိမ်ကြီးတစ်ခုကို ထိုင်းရဲဝင်ဖမ်းချိန်မှာ မြန်မာအလုပ်သမား ၄ ဦးပါ ဖမ်းဆီးခံလိုက်ရတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

    ဆေးခြောက်အနံ့မခံနိုင်တဲ့ ဒေသခံတွေရဲ့တိုင်ကြားချက်တွေကြောင့် မင်ဘူရီခရိုင်တရားရုံးရဲ့ ရှာဖွေဝရမ်းနဲ့ ဘန်ကောက်၊ ဘန်ခန်ခရိုင်ထဲက ခူဘွန်လမ်းသွယ် ၂၇ မှာရှိတဲ့ အိမ်ကို မနေ့က ဝင်စစ်ခဲ့တာပါ။

    ထိုင်းနိုင်ငံရဲ့ ၁၉၉၉ ခုနှစ် ထိုင်းရိုးရာဆေးပညာကာကွယ်ရေးနဲ့မြှင့်တင်ရေးဥပဒေအရ ဆေးခြောက် ရောင်းချဖို့ ခွင့်ပြုချက်ကို နောင်ဘူဝါလန်ဖူခရိုင်မှာ ယူထားပြီး ဘန်ကောက်မှာ နယ်ကျော်လုပ်ကိုင်နေတာကြောင့် ဖမ်းဆီးအရေးယူခံရတာဖြစ်ပါတယ်။

    ဒီသုံးထပ်အိမ်ကြီးထဲမှာ ဆေးခြောက် ၅ တန်ကို သိုလှောင်ပြီး ဗီယက်နမ် ၁ ဦးနဲ့ မြန်မာ အလုပ်သမားတွေက ထုပ်ပိုးပြင်ဆင်နေကြတာဖြစ်ပါတယ်။

    ကနဦးစစ်ဆေးချက်တွေအရ ဗီယက်နမ်နိုင်ငံသားက ဒီလုပ်ငန်းကို စီမံခန့်ခွဲပုံရတယ်လို့ ရဲတပ်ဖွဲ့က သံသယရှိတယ်လို့ ဆိုပါတယ်။

    မြန်မာနိုင်ငံသားတွေက တစ်ရက်ကို နေ့စားခ ၂၀၀ ဘတ်ကနေ ၃၀၀ ဘတ်နဲ့ လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေဖြစ်တယ်လို့ ထိုင်းရဲ့ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

    ထိုင်းရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးလိုက်တဲ့သူတွေကို စစ်ဆေးမှုတွေ ဆက်လုပ်နေဆဲဖြစ်ပြီး ဆေးခြောက်တွေဟာ ထိုင်းပြည်တွင်းမှာ စိုက်ပျိုးတာ ဟုတ် မဟုတ် စစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

    ၁၉၉၉ ခုနှစ် ထိုင်းရိုးရာဆေးပညာကာကွယ်ရေးနဲ့မြှင့်တင်ရေးဥပဒေအရ ဆေးခြောက်ရောင်းချခွင့် သတ်မှတ်ချက်ကို ချိုးဖောက်ရင် ထောင်ဒဏ် တစ်နှစ်အထိဖြစ်စေ ဒဏ်ငွေ ဘတ် ၂၀,၀၀၀ အထိဖြစ်စေ ချမှတ်နိုင်တာဖြစ်ပါတယ်။

    ထိုင်းရဲထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံသားတွေကို စစ်ဆေးနေဆဲဖြစ်တာကြောင့် အရေးယူမယ့် ဥပဒေပုဒ်မကို ဖော်ပြထားတာမရှိပါဘူး။

  8. အမေရိကန်က ထောက်လှမ်းရေးအချက်အလက် အကန့်အသတ်နဲ့ပေးလို့ ယူကရိန်းတွေ သေနေရတယ်လို့ ဇလန်းစကီးရဲ့အကြံပေးပြော

    အောက်တိုဘာ ၁၉ ရက်တုန်းက ဒနီပရိုမြို့ပြင်ဘက်မှာ ရုရှားလေကြောင်းတိုက်ခိုက်မှုဖြစ်အပြီး ပျက်စီးသွားတဲ့နေအိမ်တစ်လုံး
    ဓာတ်ပုံ ပုံစာ, အောက်တိုဘာ ၁၉ ရက်တုန်းက ဒနီပရိုမြို့ပြင်ဘက်မှာ ရုရှားလေကြောင်းတိုက်ခိုက်မှုဖြစ်အပြီး ပျက်စီးသွားတဲ့နေအိမ်တစ်လုံး

    ယူကရိန်းပိုင်နက်ထဲ ၀င်လာမယ့် ရုရှားဒုံးကျည်အန္တရာယ်တွေနဲ့ပတ်သက်ပြီး အမေရိကန်ဖက်က ယုံကြည်စိတ်ချရတဲ့ကြိုတင်သတိပေးချက်တွေ မရရှိသေးတာကြောင့် ယူကရိန်းနိုင်ငံသားတွေ အသက်ဆုံးရှုံးနေရတယ်လို့ ယူကရိန်းသမ္မတရဲ့အဓိကအကြံပေးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ပဲ့ထိန်းဒုံးကျည်တိုက်ခိုက်မှုတွေ မဖြစ်လာခင်မှာ ပြည်သူတွေကို အချိန်မီသတိပေးနိုင်ဖို့ မလုံလောက်ခဲ့တာကြောင့် လူသေဆုံးမှုတွေ ဖြစ်ပွားခဲ့ရတယ်လို့ သမ္မတအကြံပေး ဆာဟေး ''ဖလက်ရှ်'' ဘက် ခရက် နော့က ဆိုပါတယ်။

    "ဒါက အန္တရာယ်ကြီးတယ်။ တကယ်ကို ဆိုးရွားတဲ့ကိစ္စလို့ ကျွန်တော်ထင်ပါတယ်။ လူတွေ သေခဲ့ရတယ်" လို့ သူက ပြောပါတယ်။

    ဒါ့အပြင် ယူကရိန်းအသုံးပြုနေတဲ့ Starlink အင်တာနက်ကွန်ရက်မှာလည်း ကန့်သတ်ချက်တွေ ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ သူက ဆိုပါတယ်။

    အိမ်ဖြူတော်ကတော့ ယူကရိန်းနဲ့ ထောက်လှမ်းရေးသတင်းအချက်အလက် မျှဝေပေးမှုမှာ ဘာအပြောင်းအလဲမှ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

    အမေရိကန်ဘက်က ထောက်လှမ်းရေးအချက်အလက် မျှဝေပေးမှု ယာယီပြတ်တောက်ခဲ့တယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ယူကရိန်းက ပထမဆုံး ထုတ်ဖော်ပြောခဲ့ပါတယ်။

    အဲဒီအချိန်ဟာ ထရမ့်အစိုးရနဲ့ ရုရှားရေနံတင်သွင်းရေး အငြင်းပွားဖွယ် သဘောတူညီချက်အပေါ် အငြင်းပွားမှုဖြစ်ပွားနေချိန်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေး အနိမ့်ဆုံးအခြေအနေထိ ကျဆင်းသွားခဲ့တဲ့ကာလလည်း ဖြစ်ပါတယ်။

    ကိယက်ဗ်မှာရှိတဲ့လူအများအပြားကတော့ ဒါတွေဟာ တိုက်ဆိုင်မှုသက်သက် မဟုတ်ဘူးလို့ သံသယရှိကြပါတယ်။

    ဇလန်းစကီးက “မနေ့ညက မြို့တော်ကို ပဲ့ထိန်းဒုံးကျည် နှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ပထမတစ်ကြိမ်မှာ ကြိုတင်သတိပေးချက် လုံးဝမရခဲ့ဘဲ ဒုတိယတစ်ကြိမ်မှာတော့ လုံခြုံတဲ့နေရာရှာဖို အချိန်နည်းနည်းလေးပဲ ရခဲ့ပါတယ်” လို့ လူမှုကွန်ရက်ပေါ်မှာ တနင်္လာနေ့ မနက်ပိုင်းမှာရေးသားပါတယ်။

    အဲဒီမတိုင်ခင် နာရီပိုင်းအလိုမှာ ဇလန်းစကီးက NBC သတင်းဌာနနဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာတော့ ထောက်လှမ်းရေးအချက်အလက် မျှဝေပေးမှုဟာ ၃ ရက်တာ ရပ်နားခဲ့ပြီးနောက် ပြန်လည်စတင်နေပြီလို့ ပြောပါတယ်။

    “ဒီအတွက် ကျွန်တော်တို့ အလွန်ကျေးဇူးတင်ပါတယ်” လို့ သူက ပြောပါတယ်။

    “ရုရှားက ဒုံးကျည်တွေအသုံးပြုတိုက်ခိုက်တော့မယ်ဆိုတာ ကျွန်တော်တို့ဘက်ကို ကြိုတင်အသိပေးနိုင်တဲ့ ထူးခြားတဲ့ထောက်လှမ်းရေးအချက်အလက်တွေက အမေရိကန်မှာပဲ ရှိပါတယ်” လို့လည်း သူက ဆိုပါတယ်။

    ဒါပေမဲ့ အမေရိကန်ဘက်က ပေးပို့နေတဲ့ ထောက်လှမ်းရေးအချက်အလက်တွေဟာ အခုချိန်ထိ အပြည့်အစုံ မဟုတ်သလို တစ်ခါတစ်ရံ မတည်ငြိမ်ဘဲ ဖြစ်နေသေးတယ်လို့ အကြံပေးက ဘီဘီစီကို ပြောပါတယ်။

    ဒါ့အပြင် ဒီပြဿနာနဲ့ပတ်သက်ပြီး အမေရိကန်ဘက်က ရှင်းလင်းတဲ့အကြောင်းပြချက်တစ်ခုလည်း မပေးထားဘူးလို့ ဆိုပါတယ်။

    “ဒါက တော်တော် ထူးဆန်းနေပါတယ်” လို့ သူက ပြောပါတယ်။

    “တစ်ခါတစ်ရံ တိုက်ခိုက်မှု မဖြစ်ခင်ကတည်းက ဒီအချက်အလက်တွေ ကျွန်တော်တို့ လက်ခံရရှိပါတယ်။ မရတဲ့အခါလည်းရှိတယ်။”

    “ဥပမာ မနေ့ညကဆိုရင် ကျွန်တော်တို့ အချက်အလက် ရခဲ့ပါတယ်။ ဒါပေမဲ့ တိုက်ခိုက်မှု မဖြစ်ခင် တစ်မိနစ်လောက်ပဲ အလိုမှာ ရခဲ့တာပါ” လို့ သူက ဆက်ပြောပါတယ်။

    ဒါပေမယ့် အမေရိကန်နဲ့ တခြားပူးပေါင်းဆောင်ရွက်မှုတွေကတော့ ဆက်လက်ရှိနေဆဲဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

    “ထောက်လှမ်းရေး သတင်းအချက်အလက်တွေက ဆက်ပြီး စီးဆင်းနေပါတယ်။ ပြဿနာရှိနေတာကတော့ လေကြောင်းတိုက်ခိုက်မှု သတိပေးစနစ်ပိုင်းနဲ့ပဲ သက်ဆိုင်ပါတယ်” လို့ ဆိုပါတယ်။

    ဒါ့အပြင် ဘက် ခရက် နော့က အမေရိကန်ဘက်ဟာ စတားလင့်ခ် အင်တာနက်ကွန်ရက်နဲ့ သူ့ရဲ့စစ်ဘက်ဆိုင်ရာဝန်ဆောင်မှုဖြစ်တဲ့ စတားရှီးလ်အပေါ် ချမှတ်ထားဆဲ ကန့်သတ်ချက်တွေအတွက် ဘယ်သူမှာ တာဝန်ရှိတယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မပြောထားဘူးလို့ ဆိုပါတယ်။

    SpaceX ရဲ့ Starlink/Starshield အလုပ်လုပ်ပုံ

    ကိယက်ဗ် အစိုးရဟာ အဲဒီစနစ်တွေကို ဒရုန်းတွေ၊ ရဟတ်ယာဉ်တွေ၊ စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေး ကွန်ရက်တွေအတွက် အင်တာနက်ချိတ်ဆက်မှု ပံ့ပိုးပေးရာမှာ အသုံးပြုနေတာ ဖြစ်ပါတယ်။

    အိမ်ဖြူတော် တာဝန်ရှိသူတစ်ဦးကတော့ အမေရိကန်နဲ့ ယူကရိန်းအကြား ထောက်လှမ်းရေး သတင်းအချက်အလက် မျှဝေပေးတဲ့လုပ်ငန်းစဉ်တွေမှာ ဘာအပြောင်းအလဲမှ မရှိဘူးလို့ ပြောပါတယ်။

    ထောက်လှမ်းရေးဆိုင်ရာကိစ္စရပ်တွေဟာ အကဲဆတ်တဲ့တာကြောင့် အဲဒီအရာရှိက အမည်မဖော်ဘဲ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

    ထရမ့်ရဲ့အဓိကဦးတည်ချက်က စစ်ပွဲကို အဆုံးသတ်နိုင်ဖို့ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

    ဒါ့အပြင် အမေရိကန်ဟာ ယူကရိန်းကို အခြားဘယ်နိုင်ငံထက်မဆို အကူအညီ ပိုမိုပေးအပ်ထားတဲ့နိုင်ငံဖြစ်တယ်ဆိုတဲ့အချက်ကိုလည်း သူက ပြောသွားပါတယ်။

  9. ချင်းမိုင်ဘူတာမှာ မြန်မာ ၂၇ ဦး အဖမ်းခံရ

    အောက်တိုဘာ ၁၉ ရက်က ချင်းမိုင်ဘူတာမှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တဲ့ မြန်မာနိုင်ငံသား ၂၇ ဦး
    ဓာတ်ပုံ ပုံစာ, အောက်တိုဘာ ၁၉ ရက်က ချင်းမိုင်ဘူတာမှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တဲ့ မြန်မာနိုင်ငံသား ၂၇ ဦး

    ထိုင်းနိုင်ငံမြောက်ပိုင်းက ချင်းမိုင်မြို့မှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၂၇ ဦးကို ချင်းမိုင်ဘူတာမှာ အစုလိုက် ဖမ်းဆီးရမိတယ်လို့ မယ့်ပင်းရဲစခန်းက သတင်းထုတ်ပြန်ပါတယ်။

    ဒီလူတွေဟာ ချင်းမိုင်ကနေ ဘန်ကောက်မြို့လာဖို့ ရထားစောင့်နေတဲ့အချိန် အောက်တိုဘာ ၁၉ ရက်မှာ ဖမ်းဆီးခံလိုက်ရတာပါ။

    မနေ့က မယ့်ပင်းရဲစခန်းက အရာရှိတွေက ချင်းမိုင်ဘူတာအနီးပတ်ဝန်းကျင်မှာ ရာဇဝတ်မှု နဲ့ တရားမဝင်လှုပ်ရှားမှုတွေကို အဓိကနယ်မြေသတ်မှတ်ပြီး စီမံချက်နဲ့ စစ်ဆေးခဲ့တာဖြစ်ပါတယ်။

    ဒီစီမံချက်အတွင်း မြန်မာ ၂၇ ဦးအပြင် တရုတ်နိုင်ငံသားနဲ့ ထိုင်းနိုင်ငံသားတွေအပါအဝင် ၃၅ ဦးကို ဖမ်းဆီးခဲ့တာပါ။

    ချင်းမိုင်ဘူတာမှာ ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသား ၂၇ ဦးကို တရားမဝင်နေထိုင်မှု ဒါမှမဟုတ် နေထိုင်ခွင့်သက်တမ်း ကျော်လွန်နေထိုင်မှုတွေနဲ့ အရေးယူသွားမယ်လို့ ရဲတပ်ဖွဲ့ထုတ်ပြန်ပါတယ်။

    ထိုင်းမှာ မြန်မာနိုင်ငံသားတွေအပါအဝင်နိုင်ငံခြားသားတွေအနေနဲ့ တရားမဝင်လုပ်ဆောင် ချက်တွေကြောင့် ပြစ်ဒဏ်ကျခံပြီးရင် ပြည်နှင်ဒဏ် မြန်မြန်ပေးနိုင်တဲ့ဥပဒေကို ဒီနှစ်ထဲမှာ ပြဋ္ဌာန်းထားပါတယ်။

    ဒီမတိုင်ကလည်း လဝက ဥပဒေချိုးဖောက်ဝင်ရောက်တဲ့မြန်မာနိုင်ငံသားတွေကို နယ်စပ်ဂိတ်တွေကတဆင့် မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်နေတာပါ။

    ကျပ်သိန်း ၂၀ ကနေ ၄၀ ဝန်းကျင်အထိ ပွဲစားခ ပေးပြီး ထိုင်းနိုင်ငံကို တရားမဝင်လမ်းကနေ သွားရောက်တဲ့မြန်မာနိုင်ငံသားတွေ ထိုင်းဘက်ခြမ်းမှာ နေ့စဥ်ဖမ်းဆီးခံနေရပါတယ်။

    မြန်မာရဲ့ပြည်ပထွက်ခွင့်တင်းကျပ်မှုတွေကြောင့် ဒီနည်းလမ်းကို အသုံးပြု ဝင်ရောက်သူတွေ ဆက်ရှိဆဲဖြစ်ပါတယ်။

  10. ချီဖွေမှာ ရွှေတူးဖော်မှု သဘောမတူရင် တိုင်ကြားနိုင် - KIO/KIA

    ချီဖွေမြင်ကွင်း
    ဓာတ်ပုံ ပုံစာ, ချီဖွေမြင်ကွင်း

    ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးလည်ပတ်နေတဲ့ ချီဖွေမြို့မှာ ရွှေတူးဖော်မှုတွေနဲ့ ပတ်သက်လို့ ဒေသခံပြည်သူတွေက သဘောမတူရင် သက်ဆိုင်ရာဌာနတွေဆီ တရားဝင်တိုင်ကြားနိုင်တယ်လို့ဆိုပြီး KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

    မေခမြစ်နဲ့ ချီဖွေချောင်းဆုံရာ ဘောလုံးကွင်းနဲ့ ကျောင်းဝန်းအတွင်းမှာ စက်တင်ဘာလဆန်းကစလို့ ရွှေတူးဖော်မယ့်စက်ယန္တရားတွေ ရောက်ရှိလာခဲ့ပြီး အခုလထဲမှာ ရွှေမျောစလုပ်ကိုင်နေပြီလို့ ချီဖွေ ‌ဒေသခံတချို့ဆီကနေ သိပါတယ်။

    ချီဖွေက ရစ်လော်၊ ကျောင်းဝန်းနဲ့ ဉဣပ်ရပ်ကွက်တကြောမှာ ရွှေတူးဖော်မှုအသစ်တွေရှိလာတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

    “KIO/ KIA က လူကြီးတွေ လာပြီးတော့ လမ်းပြင်မယ့်အကြောင်းပြောပြီး ကျွန်တော်တို့ဆီက သဘောတူ လက်မှတ်ယူသွားပါတယ်၊ တကယ်တမ်းတော့ ရွှေတူးတာဖြစ်တယ်။ တရုတ်ကုမ္ပဏီတွေ ရောက်လာတယ်။ ဘယ်ကုမ္ပဏီတွေလဲတော့ သေချာမသိဘူး” လို့ ချီဖွေဒေသခံတစ်ဦးက ပြောပါတယ်။

    အဲဒီနေရာတွေဟာ ရေမြှုပ်ဧရိယာတွေဖြစ်ပြီး ချောင်းတကြောမှာပါရွှေတူးရင် သဘာဝ ပတ်ဝန်းကျင် ပိုမိုပျက်စီးလာမှာကို စိုးရိမ်ကြောင်း သူက ဆက်ပြောပါတယ်။

    အထူးသဖြင့် မေခမြစ်တကြောမှာ ရွှေတူးဖော်မှုတွေများလာကြောင်း ကချင်လူ့အခွင့်အရေးအဖွဲ့ (KHRW) ဆီကနေ သိရပါတယ်။

    KIO/ KIA ရဲ့ မူဝါဒအရ ပြည်သူရဲ့လယ်ယာခြံမြေ အပါအဝင် အသက်မွေးလမ်းကြောင်း လုပ်တဲ့နေရာတွေ၊ သမိုင်းဝင် အထင်ကရနေရာတွေမှာ ရွှေတူးဖော်ခွင့်မပြုသလို ပြည်သူ သဘောမတူရင် ရွှေမှော်ဖွင့်တာ မလုပ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

    “ချီဖွေမှာလည်း ဒီလိုပါပဲ၊ ရွှေတူးဖော်ဖို့လုပ်ပြီဆိုရင်တော့ ပြည်သူတွေသဘောတူညီတဲ့ နေရာမှာသာ လုပ်မှာပါ။ တကယ်လို့များ ပြည်သူလူထု သဘောမတူညီဘူးဆိုရင် ကျွန်တော်တို့ စစ်ဆေးပြီးအရေးယူရမှာဖြစ်ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူကဆက်ပြောပါတယ်။

    ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်ကစလို့ ချီဖွေကို KIO/ KIA က သိမ်းပိုက်ပြီးနောက်ပိုင်း လုပ်ကိုင်ခွင့်ပေးထားတဲ့ ရွှေလုပ်ကွက်စာရင်းအတိအကျကို သူမရှိထားဘဲ သက်ဆိုင်ရာဌာနတွေမှာသာ စာရင်းသိနိုင်မယ်လို့ သူက တုံ့ပြန်ပါတယ်။

    KIO/ KIA မသိမ်းပိုက်ခင်က ကချင်အထူးဒေသ ၁ လို့ သိခဲ့ကြတဲ့ ချီဖွေ၊ ပန်ဝါနဲ့ ဆော့လော် ဒေသတွေဟာ မြန်မာစစ်တပ်ရဲ့ မဟာမိတ်ဖြစ်သလို ပြည်သူ့စစ်နဲ့နယ်ခြားစောင့်တပ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိခဲ့ပြီး ရွှေ၊ မြေရှားတူးဖော်တာတွေကို နှစ်ဆယ်နဲ့ချီ လုပ်ကိုင်ခဲ့ကြပါတယ်။

  11. မြန်မာက ပဋိပက္ခတွေအဆုံးသတ်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးနေတယ်- ဂျူလီဘစ်ရှော့ (ကုလအထူးကိုယ်စားလှယ်)

    ကုလသမဂ္ဂအထွေထွေအတွင်း အရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့နဲ့ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး ဆလာဟုဒင် အာမက်
    ဓာတ်ပုံ ပုံစာ, ကုလသမဂ္ဂအထွေထွေအတွင်း အရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့နဲ့ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး ဆလာဟုဒင် အာမက်

    ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြည်ထဲရေးဝန်ကြီးနဲ့ တွေ့ဆုံဖို့ ရောက်ရှိနေတဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့က မြန်မာမှာ ပဋိပက္ခတွေ အဆုံးသတ်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ သံတမန်ရေးအရ ဆက်သွယ်ဆွေးနွေးနေတယ်လို့ ပြောကြားလိုက်ပါတယ်။

    အောက်တိုဘာ ၁၉ ရက်က ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး ဆလာဟုဒင် အာမက်နဲ့ တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးနဲ့ လုံခြုံရေးအခြေအနေ၊ ရိုဟင်ဂျာအရေးနဲ့ နေရပ်စွန့်ခွာလာသူတွေ ပြန်လည်ပို့ဆောင်ရေးတို့ကို ဆွေးနွေးရင်း ဂျူလီဘစ်ရှော့က ပြောခဲ့တာပါ။

    ဒီနှစ် မေလကလည်း ကုလအထူးကိုယ်စားလှယ်ဟာ နေပြည်တော်ကို လေးကြိမ်မြောက် သွားရောက်ခဲ့ပါတယ်။

    တွေ့ဆုံမှုမှာ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးက ရိုဟင်ဂျာအကျပ်အတည်း ဖြေရှင်းရေးနဲ့ ရေရှည်တည်တံ့တဲ့ နေရပ်ပြန်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်းက ပိုမိုထိရောက်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    မြန်မာနိုင်ငံကနေ ထွက်ပြေးလာသူ သိန်းနဲ့ချီကို လူသားချင်းစာနာထောက်ထားမှုအရ ခိုလှုံခွင့်ပေးထားရတာကြောင့် ဘင်္ဂလားဒေ့ရှ်ဟာ အချိန်ကြာလာတာနဲ့အမျှ ပြင်းထန်တဲ့ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သူက ပြောပါတယ်။

    ကုလအထူးကိုယ်စားလှယ်နဲ့ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးတို့ဟာ နယ်စပ်ဒေသတွေမှာ မြေမြှုပ်မိုင်းတွေ ပျံ့နှံ့နေတဲ့အခြေအနေ၊ လူကုန်ကူးမှုနဲ့ မူးယစ်ဆေးဝါး မှောင်ခိုကူးသန်းရောင်းဝယ်မှုတွေဖြစ်ပွားနေတဲ့ အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

    ရိုဟင်ဂျာဒုက္ခသည်တွေ လုံခြုံစိတ်ချရပြီး ဂုဏ်သိက္ခာရှိကာ ဆန္ဒအလျောက် နေရပ်ပြန်နိုင်ဖို့ နိုင်ငံရေးဆွေးနွေးမှုနဲ့ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတွေကတဆင့် သင့်လျော်တဲ့ အခြေအနေတွေ ဖန်တီးပေးဖို့ အရေးကြီးတယ်လို့ နှစ်ဖက်စလုံးက ပြောပါတယ်။

    နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့တဲ့ ရိုဟင်ဂျာဦးရေ တစ်သန်းကျော်ရှိတယ်ဆိုတဲ့ ပြောဆိုချက်တွေဟာ မှားယွင်းနေတယ်လို့ ဩဂုတ် ၁၅ ရက်မှာ ငြင်းဆိုထားပါတယ်။

    နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အဆိုအရ ၂၀၁၇ ခုနှစ်မှာ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးချိန်က ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာ ရိုဟင်ဂျာ ၇၄၀,၀၀၀ ဦး နေထိုင်ခဲ့ပြီး နေရပ်စွန့်ခွာသူ ၅၄၀,၀၀၀ ကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။

    ဒါပေမဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) ကတော့ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ဖိနှိပ်ညှဉ်းပန်းမှုတွေကနေ လွတ်မြောက်ဖို့ ရိုဟင်ဂျာဒုက္ခသည် ၁ ဒသမ ၁၈ သန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

  12. နိုင်ငံတ၀န်း ဆူပူမှုတွေကြောင့် ပါရီမြို့နေရာအချို့နဲ့ မြို့ကြီးတွေမှာ ညမထွက်ရအမိန့်ထုတ်

    ပြင်သစ်က ဆန္ဒပြပွဲ

    ပြင်သစ်နိုင်ငံတဝန်းက ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းတုန်းက အဓိကရုဏ်းတွေနဲ့ ဆိုင်တွေ ဖောက်ထွင်းလုယက်တာတွေ ဖြစ်ပွားခဲ့ပြီးနောက် ပါရီမြို့လယ်ပိုင်းနေရာနဲ့ တခြားမြို့တွေမှာ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။

    ပါရီရဲတပ်ဖွဲ့က ဆန္ဒပြသူတွေ စုဝေးခဲ့ကြတဲ့ ရီပတ်ဘလစ်ရင်ပြင်နဲ့ လက်စ်အယ်လ် ဈေးဝယ်စင်တာဝန်းကျင်မှာ ဒေသစံတော်ချိန် ည ၁၁ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တာပါ။

    ပါရီမြို့လယ်က တခြားနေရာအတော်များများမှာလည်း ခွင့်ပြုချက်မရှိဘဲ လူစုလူဝေးလုပ်တာကိုလည်း ပိတ်ပင်ထားပါတယ်။

    တောင်ပိုင်းက မာဆေးလ်၊ ဘော်ဒိုး၊ နီးစ်နဲ့ လီယွန်မြို့တွေအပြင် မြောက်ပိုင်းက လီနဲ့ တခြားမြို့တွေမှာလည်း ညမထွက်ရအမိန့်တွေ တစ်စိတ်တစ်ပိုင်း ထုတ်ပြန်ထားပါတယ်။ မြို့အလိုက် ကန့်သတ်ချက်တွေက မတူကြဘဲ လူငယ်တွေ သွားလာတာနဲ့ လူစုလူဝေးလုပ်တာတွေကို အဓိက ကန့်သတ်ထားပါတယ်။

    ဒီမတိုင်ခင် ပြင်သစ်ပြည်ထဲရေးဝန်ကြီး လော်ဟွန်း နူညက်ဇ်က တချို့မြို့တွေမှာ ရဲတပ်ဖွဲ့အနေနဲ့ အခြေအနေကို ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ “ထိန်းချုပ်မှု လွတ်သွားခဲ့တယ်” လို့ ဝန်ခံခဲ့ပါတယ်။

    မငြိမ်မသက်တာတွေကို ကြိုတင်ပြင်ဆင် ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး အတိုက်အခံနိုင်ငံရေးသမားတွေက ဝန်ကြီးကို ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။ ၀န်ကြီးက နုတ်ထွက်ဖို့ စာတင်ပေမဲ့ သူ့ရဲ့ နုတ်ထွက်စာကို သမ္မတ အီမန်နျူရယ် မက်ခရွန် က လက်မခံဘဲ ပယ်ချခဲ့ပါတယ်။

    ဆန္ဒပြပွဲတွေဟာ ပြီးခဲ့တဲ့လက ကျောင်းသားတွေ ပိုကောင်းတဲ့ ကျောင်းပညာရေးအခြေအနေတွေ ရရှိဖို့ တောင်းဆိုရာကနေ စတင်ခဲ့တာပါ။ အဲဒီနောက် တခြားပြဿနာ အမျိုးမျိုးအထိ ကျယ်ပြန့်လာခဲ့ပါတယ်။

    ဒီတစ်ပတ် စနေ၊ တနင်္ဂနွေ ဆန္ဒပြပွဲတွေမှာတော့ အလုပ်သမားသမဂ္ဂတွေနဲ့ ဆန္ဒပြအဖွဲ့အစည်း အမျိုးမျိုးပါ ပူးပေါင်းလာတာကြောင့် ပါဝင်သူအရေအတွက်လည်း ပိုများလာပါတယ်။

    အာဏာပိုင်တွေရဲ့ပြောကြားချက်အရ လူပေါင်း ၂,၅၀၀ ကျော် ဖမ်းဆီးခံထားရပါတယ်။

    ဆန္ဒပြသူတစ်ဦးဟာ လူစုခွဲဖို့ ရဲတပ်ဖွဲ့အသုံးပြုတဲ့ လက်ပစ်ဗုံး ပေါက်ကွဲမှုကြောင့် လက်တစ်ဖက် ပြတ်တောက်သွားခဲ့တယ်လို့ AFP သတင်းဌာနက ရေးပါတယ်။ ရဲအရာရှိ ၁,၀၀၀ လောက်လည်း ဒဏ်ရာရခဲ့ပါတယ်။

    တနင်္လာနေ့က အရေးပေါ်အစည်းအဝေး ကျင်းပပြီးနောက် ဝန်ကြီးချုပ်က လိုအပ်တဲ့နေရာတွေမှာ ညမထွက်ရအမိန့် ထုတ်ပြန်နိုင်ဖို့ ဒေသန္တရမြို့တော်ဝန်တွေကို လုပ်ပိုင်ခွင့် ပေးထားတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဘယ်မြို့တွေမှာ ဒီအမိန့်တွေ ထုတ်ပြန်မလဲဆိုတာကိုတော့ အတိအကျ မပြောခဲ့ပါဘူး။

  13. မြန်မာ့သဘာ၀ဓာတ်ငွေ့နဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံမှု တိုးဖို့ ထိုင်းဆွေးနွေး

    မြန်မာ့သဘာ၀ဓာတ်ငွေ့နဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံမှု တိုးဖို့ ထိုင်းဆွေးနွေးပွဲ
    ဓာတ်ပုံ ပုံစာ, မြန်မာ့သဘာ၀ဓာတ်ငွေ့နဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံမှု တိုးဖို့ ထိုင်းဆွေးနွေးပွဲ

    ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ဈေးကွက်မှာ အကျပ်အတည်းတွေ ဆိုက်နေချိန်မှာ ထိုင်းနိုင်ငံက မြန်မာမှာ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု တိုးမြှင့်ရေး၊ ရေအားလျှပ်စစ်စီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံရေးနဲ့ နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အား ရောင်းဝယ်ရေးအပါအဝင် နှစ်နိုင်ငံစွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ နေပြည်တော်အထိ လာရောက်ဆွေးနွေးသွားပါတယ်။

    ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီး မစ္စတာ အကာနတ် ပရွန်ဖန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော်ကို ရောက်ရှိနေပြီး လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်နဲ့ မနေ့က တွေ့ဆုံခဲ့ကြတာပါ။

    တွေ့ဆုံမှုအတွင်း ထိုင်းနိုင်ငံနဲ့ ပူးတွဲလုပ်ကိုင်နေတဲ့ မြန်မာ့သဘာဝဓာတ်ငွေ့စီမံကိန်းတွေကနေ ထုတ်လုပ်မှုတိုးမြှင့်ရေး၊ မြန်မာမှာ စွမ်းအင်စီမံကိန်းအသစ်တွေ ဖော်ဆောင်ရာမှာ ထိုင်းက ရင်းနှီးမြှုပ်နှံရေးနဲ့ နှစ်နိုင်ငံ ဆက်သွယ်ထားတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေကို အပြည့်အဝ အသုံးချရေးတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။

    ထိုင်းကုမ္ပဏီတွေက သံလွင်နဲ့ တနင်္သာရီမြစ်ဝှမ်းတွေမှာ ရေအားလျှပ်စစ်စီမံကိန်းတွေ ဖော်ဆောင်ရာမှာ ပါဝင်ရင်းနှီးမြှုပ်နှံရေး၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနဲ့ ဖြန့်ဖြူးရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

    ဒါ့အပြင် ထားဝယ်ဒေသကို အခြေပြုပြီး မြန်မာ၊ ထိုင်းနဲ့ ရုရှား သုံးနိုင်ငံအကြား စွမ်းအင်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်နိုင်ခြေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ နှစ်နိုင်ငံ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေဖို့ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးရေးကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

    ဒါပေမဲ့ အခုဆွေးနွေးမှုတွေဟာ စီမံကိန်းတွေကို အတည်ပြုလိုက်တာလား၊ ရင်းနှီးမြှုပ်နှံမှုတွေ ဘယ်အချိန်မှာ စတင်မလဲဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်း မရှိပါဘူး။

    ထိုင်းစွမ်းအင်ဝန်ကြီးဟာ နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံခဲ့ပြီး သဘာဝဓာတ်ငွေ့နဲ့ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးအပြင် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေကို ကြိုတင်ပြင်ဆင်ရေးနဲ့ ကာကွယ်ရေးလုပ်ငန်းတွေမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

    အဲဒီတွေ့ဆုံမှုတွေကို မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးနဲ့ ထိုင်းနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီတွေဖြစ်တဲ့ PTT၊ PTTEP နဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအာဏာပိုင်အဖွဲ့ (EGAT)တွေက ကိုယ်စားလှယ်တွေအပါအဝင် နှစ်နိုင်ငံတာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

    ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေထဲက တစ်နိုင်ငံဖြစ်ပြီး စွမ်းအင်၊ ကုန်ထုတ်လုပ်မှုနဲ့ ခရီးသွားလုပ်ငန်းကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံထားပါတယ်။

    ထိုင်းနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ PTT ရဲ့ လက်အောက်ခံ PTTEP ဟာ မြန်မာနိုင်ငံက ရတနာနဲ့ ဇောတိက ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းတွေမှာ အဓိက ပါဝင်လုပ်ကိုင်နေပြီး အဲဒီစီမံကိန်းတွေက ထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့တွေကို ထိုင်းနိုင်ငံရဲ့ လျှပ်စစ်ထုတ်လုပ်ရေးအတွက် အသုံးပြုနေပါတယ်။

    ဒါကြောင့် မြန်မာနိုင်ငံဟာ ထိုင်းအတွက် စွမ်းအင်ရရှိရေးနဲ့ စီးပွားရေးအကျိုးစီးပွားအတွက် အရေးပါတဲ့ မိတ်ဖက်နိုင်ငံတစ်ခု ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လက နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းခရီးစဉ်အတွင်းမှာလည်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၁၂ ဘီလျံအထိ တိုးမြှင့်ဖို့ ဆွေးနွေးထားကြပါတယ်။ထိုင်းဟာ နိုင်ငံ့သဘာ၀ဓာတ်ငွေ့ ထောက်ပို့မှု ၁၅ ရာခိုင်နှုန်းအထိ မြန်မာကို မီခိုနေရတာဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံပိုင် ဓာတ်ငွေ့လုပ်ငန်း PTTEP ဟာ မြန်မာက M3 ဆိုတဲ့ သဘာ၀ဓာတ်ငွေ့ ထုတ်လုပ်ရေး လုပ်ကွက်မှာ ရင်းနှီးမြှုပ်နှံမှု တိုးလုပ်ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ မြန်မာ့ရေနံနဲ့ သဘာ၀ဓာတ်ငွေ့လုပ်ငန်း (MOGE) နဲ့ နားလည်မှု စာချွန်လွှာရေးထိုးထားပါတယ်။

    တဖက်မှာလည်း အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က MOGE ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် အမေရိကန်နဲ့ ဥရောပကုမ္ပဏီတွေအတွက် မြန်မာ့သဘာ၀ဓာတ်ငွေ့လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဖို့ ကန့်သတ်ခံရချိန် ထိုင်း၊ တရုတ်နဲ့ ရုရှားတို့ဟာ မြန်မာ့ဓာတ်ငွေ့ကို ပိုစိတ်၀င်စားကြောင်း ပြလာကြပါတယ်။

    ရုရှားက ထား၀ယ်ကို အခြေခံပြီး မြန်မာ့ဓာတ်ငွေ့ကို တရုတ်၊ ထိုင်းနဲ့ အရှေ့တောင်အာရှနိုင်ငံတွေအထိ ပို့နိုင်တဲ့ အခွင့်အလမ်းရှိတယ်လို့ ရုရှားသမ္မတ ပူတင်ကိုယ်တိုင်လည်း ပြောထားပါတယ်။

    အခုတော့ ဒီအပြောကြောင့်ပဲ မြန်မာနဲ့ ထိုင်းတို့ဟာ ‘’ထားဝယ်ဒေသကို အခြေပြုပြီး မြန်မာ၊ ထိုင်းနဲ့ ရုရှား သုံးနိုင်ငံအကြား စွမ်းအင်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်နိုင်ခြေ’’ ကို ဆွေးနွေးကြတဲ့အထိ ဖြစ်လာပါတယ်။

  14. မင်္ဂလာပါ။

    အောက်တိုဘာလ ၂၀ ရက် နောက်ဆုံးရ မြန်မာနဲ့ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

    ဆက်လက်ဖတ်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်။