"မြန်မာ‌ကို အရေးယူ မယူဆိုတာ အဖွဲ့ဝင်နိုင်ငံတွေကပဲ ဆုံးဖြတ်သွားမယ်" - FATF

ဩဂုတ်လ ၆ ရက်နေ့က ထိုင်းနိုင်ငံကို တရားဝင်ခရီးစဉ်အဖြစ်ရောက်လာခဲ့တဲ့ နေပြည်တော်အစိုးရ သမ္မတ ဦးမင်းအောင်လှိုင် (ပုံဟောင်း)
ဓာတ်ပုံ ပုံစာ, ဩဂုတ်လ ၆ ရက်နေ့က ထိုင်းနိုင်ငံကို တရားဝင်ခရီးစဉ်အဖြစ်ရောက်လာခဲ့တဲ့ နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင် (ပုံဟောင်း)
    • ရေးသားသူ, သူရ
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၆

မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုဖြစ်ပြီး ဗဟိုဘဏ်ဥက္ကဋ္ဌတွေ အကြိမ်ကြိမ်ပြောင်းလဲခဲ့ပေမဲ့ မပြောင်းလဲခဲ့တာကတော့ FATF လို့ ခေါ်တဲ့ နိုင်ငံတကာငွေကြေးခဝါချမှုတိုက်ဖျက်ရေး စောင့်ကြည့်အဖွဲ့ရဲ့ အမည်ပျက်စာရင်း(Blacklist) ပါ။

FATF ဟာ ၃၇ ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးကို ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ အောက်တိုဘာ ၂၆ ရက်ကနေ ၃၀ ရက်အထိ ပြုလုပ်နေပါတယ်။

ဒီအစည်းအဝေးမှာ ၄ နှစ်ကြာ အမည်ပျက်စာရင်း (Blacklist) သွင်းခံထားရတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ပြန်သုံးသပ်တာ၊ ဆုံးဖြတ်ချက်ချတာတွေ လုပ်ဖို့ရှိနေပါတယ်။

FATF ကသာ မြန်မာကို အရေးယူမယ်လို့ ဆုံးဖြတ်လိုက်ရင် ဒါဟာ နေပြည်တော်အတွက် အခက်၊ တော်လှန်ရေးအတွက် အချက် ဖြစ်လာနိုင်တယ်လို့ NLD အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့စီးပွားရေးအကြံပေးဟောင်း ရှောင်တာနယ်နဲ့ နိုင်ငံရေးသုတေသီ ဒန်စွစ်တို့က ဝါရှင်တန်ပို့စ်သတင်းစာမှာ သုံးသပ်ရေးသားပါတယ်။

FATF အတွင်းရေးမှူးရုံးရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ "မြန်မာ‌ကိုထပ်ပြီး အရေးယူမလားဆိုတာ အဖွဲ့ဝင်နိုင်ငံတွေကပဲ ဆုံးဖြတ်သွားမယ်" လို့ ဘီဘီစီကို ပြောပါတယ်။

အနောက်နိုင်ငံတွေနဲ့ FATF ရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေ ကွာခြားချက်

ပြီးခဲ့တဲ့ ဇွန်လက ကျင်းပခဲ့တဲ့ FATF မျက်နှာစုံညီအစည်းအဝေး (ပုံဟောင်း)
ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ ဇွန်လက ကျင်းပခဲ့တဲ့ FATF မျက်နှာစုံညီအစည်းအဝေး (ပုံဟောင်း)

အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေဟာ မြန်မာနိုင်ငံက လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်နဲ့ အဖွဲ့အစည်းတွေကို ပစ်မှတ်ထားပြီး စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ပါတယ်။

FATF ကတော့ တစ်နိုင်ငံလုံးရဲ့ငွေကြေးစီးဆင်းမှုအားလုံးကို လုံးဝရပ်ဆိုင်းပစ်လိုက်တာပါ။

မြန်မာရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်၊ အာရှ-ပစိဖိတ်ဒေသအပါအဝင် အဖွဲ့ဝင်နိုင်ငံတွေအားလုံးဟာ FATF ရဲ့ ဆုံးဖြတ်ချက်ကို မဖြစ်မနေလိုက်နာရတာကြောင့် ဒဏ်ခတ်ပိတ်ဆို့ခံရတဲ့ နိုင်ငံဟာ ဘဏ်လုပ်ငန်းကဏ္ဍမှာ အထီးကျန်ဆန်သွားနိုင်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

နိုင်ငံခြားငွေရလမ်းအားလုံးလည်း ပြတ်တောက်သွားနိုင်ပါတယ်။

FATF က မြန်မာကို အမည်ပျက်စာရင်း (Blacklist) ထဲထည့်ထားပေမဲ့ အရေးယူမှုတွေတော့ မချမှတ်ရသေးပါဘူး။

အဆိုးရွားဆုံးအခြေအနေတွေမှာတော့ နိုင်ငံတကာရဲ့ဘဏ္ဍာရေးစနစ်ကို ကာကွယ်ဖို့ မလွှဲသာ မရှောင်သာတဲ့တန်ပြန်အရေးယူမှုတွေ ချမှတ်ရတာတွေရှိတယ်လို့ FATF အတွင်းဝန်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူက ဘီဘီစီကို ပြောပါတယ်။

"ငွေကြေးလွှဲပြောင်းမှုတွေနဲ့ စီးပွားရေးဆက်ဆံမှုတွေကို တင်းတင်းကျပ်ကျပ် စောင့်ကြည့်တာ၊ အရေးယူခံရတဲ့နိုင်ငံနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ဘဏ္ဍာရေးလုပ်ငန်းတွေကို ကန့်သတ်တာ၊ ဘဏ်ခွဲအသစ်တွေနဲ့ လုပ်ငန်းခွဲတွေ ထောင်တာကို ကန့်သတ်တာ၊ ကြားခံဘဏ်စနစ်ကို ကန့်သတ်တာ ဒါမှမဟုတ် အပြီးတိုင် ရပ်ဆိုင်းတာ၊ အသေးစိတ်အစီရင်ခံစာနဲ့ ကြီးကြပ်စစ်ဆေးတာတွေကို ပိုတင်းကျပ်လိုက်တာတွေ ပါဝင်ပါတယ်" လို့ အရေးယူမှုတွေအကြောင်း သူက ရှင်းပြပါတယ်။

စီးပွားရေးအကြံပေး ရှောင်တာနယ်နဲ့ ဒန်စွစ်တို့က နေပြည်တော်အစိုးရဟာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို မဖြစ်မနေ ပြန်လွှဲခိုင်းတာအပါအဝင် နည်းလမ်းမျိုးစုံနဲ့ နိုင်ငံခြားငွေရဖို့ ကြိုးစားနေတယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာမှာ ရေးသားပါတယ်။

FATF ကသာ မြန်မာကို အရေးယူမှုတွေ ချမှတ်လိုက်ရင် မြန်မာစစ်တပ်ရဲ့ပြည်သူတွေကို သတ်ဖြတ်ဖို့ အသုံးပြုမယ့်လက်နက်ခဲယမ်းတွေ ဝယ်ယူမှုတွေကိုပါ ရပ်တန့်ပေးနိုင်တယ်လို့ သူတို့ နှစ်ဦးက ထောက်ပြပါတယ်။

မြန်မာနိုင်ငံကိုအရေးမယူသေးပေမဲ့ ငွေကြေးခဝါချမှုအန္တရာယ်မြင့်မားတဲ့နိုင်ငံအဖြစ် သတ်မှတ်ထားတာကြောင့် FATF အဖွဲ့ဝင်နိုင်ငံတွေက မြန်မာနဲ့ ပတ်သက်တဲ့ငွေကြေးစီးဆင်းမှုတွေအားလုံးကို သတိကြီးကြီးထားနေရပါတယ်။

ဒါဟာ နေပြည်တော်အတွက် အခက် တော်လှန်ရေးအင်အားစုအတွက် အချက်ဖြစ်လာနိုင်တယ်လို့လည်းပြောပါတယ်။

ဒီအချက်ကို မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံက ပြီးခဲ့တဲ့နှစ်တွေအတွင်း ထိုင်းရောက်မြန်မာနိုင်ငံသားတွေရဲ့ငွေကြေးဆိုင်ရာကိစ္စရပ်တွေကို မူ၀ါဒတွေနဲ့ စိစစ်တင်းကျပ်လာတဲ့အရွေ့မှာမြင်နိုင်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာကုလလူ့အခွင့်အရေးကိုယ်စားလှယ် တွမ်အန်ဒရူးက မြန်မာစစ်တပ်ဟာ ထိုင်းဘဏ်နဲ့ငွေကြေးစနစ်ကို ကြားခံအဖြစ် အသုံးချပြီး လက်နက်တွေ၀ယ်နေတာကိုတွေ့ခဲ့ရတယ်လို့ သူ့အစီရင်ခံစာမှာရေးခဲ့ပါတယ်။

အဲဒီနောက်မှာ ထိုင်းဟာ မြန်မာနိုင်ငံသားတွေ ထိုင်းမှာ ငွေစာရင်းဖွင့်တာမျိုးအပါအ၀င် ဘဏ္ဍာရေးကိစ္စရပ်တွေကို တင်းကျပ်တဲ့အစီအမံတွေ ချမှတ်လိုက်ပါတယ်။

မြန်မာ့အိမ်နီးချင်း ထိုင်းဟာ FATF ရဲ့မိတ်ဖက်အဖွဲ့ဝင်ဖြစ်တဲ့ အာရှ-ပစိဖိတ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (APG) ကို တည်ထောင်ခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။

လက်ရှိ ထိုင်းရောက် မြန်မာနိုင်ငံသားတွေရဲ့ဘဏ်အကောင့်တွေ အပိတ်ခံရတာ၊ စာရွက်စာတမ်းတွေ ပိုပြီး လိုအပ်နေတာဟာ FATF က မြန်မာကို အမည်ပျက်စာရင်း သတ်မှတ်ထားတာနဲ့လည်း ဆက်နွှယ်နိုင်တယ်လို့ မြန်မာဘဏ်လုပ်ငန်းအကြံပေးတစ်ဦးက သုံးသပ်ပါတယ်။

FATF က ချမှတ်ထားတဲ့ ဘဏ္ဍာရေးဆိုင်ရာစိစစ်မှုတင်းကြပ်တဲ့မူကြောင့် ဖြစ်နိုင်တယ်လို့လည်း သူက သုံးသပ်ပါတယ်။

အခုတော့ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကျင်းပနေတဲ့ FATF ရဲ့ မျက်နှာစုံညီအစည်းအဝေးမှာ မြန်မာနိုင်ငံအပေါ် အရေးယူမှုတွေ ချမှတ်ဖို့ သင့်၊ မသင့် ဆုံးဖြတ်သွားဖို့ရှိနေပါတယ်။

FATF က မြန်မာကို ဘယ်လို သုံးသပ်မလဲ

ဖေဖော်ဝါရီလက မက္ကဆီကိုနိုင်ငံမှာ ကျင်းပခဲ့တဲ့ FATF  မျက်နှာစုံညီအစည်းအဝေး (ပုံဟောင်း)
ဓာတ်ပုံ ပုံစာ, ဖေဖော်ဝါရီလက မက္ကဆီကိုနိုင်ငံမှာ ကျင်းပခဲ့တဲ့ FATF မျက်နှာစုံညီအစည်းအဝေး (ပုံဟောင်း)

အခုကျင်းပနေတဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံကို နောက်ထပ် အရေးယူမှုတွေ လုပ်ဖို့ သင့်၊ မသင့် အဖွဲ့ဝင်နိုင်ငံပေါင်း ၄၀ က မျက်နှာစုံညီဆုံးဖြတ်ကြမှာလို့ FATF အတွင်းရေးမှူးရုံးပြောရေးဆိုခွင့်ရှိသူက ဘီဘီစီကို ပြောပါတယ်။

မြန်မာမှာ ငွေကြေးခဝါချမှုပြဿနာကို မဖြေရှင်းနိုင်လို့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၁ ရက်မှာ မြောက်ကိုရီးယား၊ အီရန်နိုင်ငံတွေနဲ့တန်းတူ အမည်ပျက်စာရင်း (Blacklist) သွင်းခံခဲ့ရပါတယ်။

အဲဒီနောက်ပိုင်း မြန်မာနိုင်ငံ ဗဟိုဘဏ်ဟာ FATF ချမှတ်ထားတဲ့ လိုက်နာအကောင်အထည်ဖော်ရမယ့် အစီအစဉ် (Action Plan) နဲ့ 'R' လို့ အတိုကောက်ခေါ်တဲ့အကြံပြုချက် (Recommendation) တွေကို ပြည့်မှီအောင် အကောင်အထည် ဖော်နေရတာပါ။

ဒါကို ဗဟိုဘဏ်ဥက္ကဋ္ဌ အဆက်ဆက် အကောင်အထည်ဖော် နေရတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ FATF ရဲ့အဖွဲ့ဝင်နိုင်ငံ မဟုတ်ပေမဲ့ FATF ရဲ့ဒေသဆိုင်ရာမိတ်ဖက်အဖွဲ့ဖြစ်တဲ့ အာရှ-ပစိဖိတ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (APG) ရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်တာကြောင့် FATF ရဲ့ စံနှုန်းတွေနဲ့ သတ်မှတ်ချက်တွေကို လိုက်နာဆောင်ရွက်ရပါတယ်။

FATF ရဲ့မျက်နှာစုံညီအစည်းအဝေးမတိုင်ခင်မှာ APG က မြန်မာဗဟိုဘဏ်ရဲ့ အကောင်အထည်ဖော်ဆောင်ရွက်မှုတွေကို အကဲဖြတ်ပါတယ်။

ပြီးရင် အဲဒီအကဲဖြတ်ချက်ကို FATF ကို ပေးပို့ပါတယ်။ FATF ဟာ အဲဒီအကဲဖြတ်ချက်ပေါ်မူတည်ပြီး မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချက်တွေ ချမှတ်ပါတယ်။

၂၀၂၆ ခုနှစ် မေလအထိ အချက်အလက်တွေအရ FATF က မြန်မာနိုင်ငံအတွက် အကြံပြုချက်အချက် ၄၀ ချမှတ်ထားပါတယ်။

အဲဒီထဲက အကြံပြုချက် ၂၆ ချက်က လုံးဝလိုက်နာတာ(Largely Compliant)နဲ့ လိုက်နာတာ (Compliant) ဖြစ်တယ်လို့ ဆိုပါတယ်။

ကျန်တဲ့အချက်တွေအများစုက တစိတ်တပိုင်းလိုက်နာပြီး လုံးဝမလိုက်နာတဲ့အချက်ကတော့ ၆ ချက်ရှိပါတယ်။

လိုက်နာဆောင်ရွက်ရမယ့် အစီအစဉ် (Action Plan) မှာလည်း အရင်က ၅ ချက်ရှိရာကနေ ၂ ချက်ပဲ ကျန်ပါတော့တယ်။

- ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့(FIU)ရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု နဲ့ သတင်းအချက်အလက်ဖြန့်ဝေမှုတို့ တိုးမြှင့်ရမယ်

- ငွေကြေးခဝါချမှုတွေကို အန္တရာယ်အဆင့်လိုက် စုံစမ်းဖော်ထုတ်ဖို့ နဲ့ အရေးယူမှုတွေ လုပ်ရမယ်

မြန်မာကို အရေးယူဖို့ သင့်၊ မသင့်ဆိုတာကို FATF ရဲ့ Action Plan ကို ဘယ်လောက် အကောင်အထည်ဖော်နိုင်ခဲ့သလဲ၊ လစ်ဟာချက်တွေကို ဘယ်လောက် ပြည့်မီအောင်လုပ်နိုင်ခဲ့သလဲ အပေါ်မူတည်ပြီး သုံးသပ်သွားမယ်လို့ FATF အတွင်းဝန်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

နောက်ပြီး အဖွဲ့ဝင်နိုင်ငံတွေရဲ့ဘုံသဘောတူညီချက်အပေါ်မှာလည်း မူတည်တယ်လို့ FATF အတွင်းဝန်ရုံးရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

FATF အားမရတဲ့အချက်တွေ

ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာ ခင်နိုင်ဦးဟာ ပြည်တွင်းက ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ သတင်းတွေက ဖော်ပြပေမဲ့ FATF နဲ့ ပတ်သက်တဲ့လှုပ်ရှားမှု သတင်းတွေတော့ မတွေ့ရပါဘူး။
ဓာတ်ပုံ ပုံစာ, ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာ ခင်နိုင်ဦးဟာ ပြည်တွင်းက ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ သတင်းတွေက ဖော်ပြပေမဲ့ FATF နဲ့ ပတ်သက်တဲ့လှုပ်ရှားမှု သတင်းတွေမှာတော့ မတွေ့ရပါဘူး

FATF အားမရတဲ့အချက်တွေထဲမှာ မြန်မာနိုင်ငံက ကျားဖြန့်လုပ်ငန်းတွေ လည်းပါဝင်ပါတယ်။

FATF ဘက်ကတော့ မြန်မာနိုင်ငံမှာ ကျားဖြန့်နဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ လှုပ်ရှားလို့ဖြစ်လာတဲ့ တရားမဝင်ငွေကြေး စီးဆင်းမှုအန္တရာယ်တွေကို အဓိက ထောက်ပြပါတယ်။

နေပြည်တော်ဘက်ကတော့ မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ဖြိုခွင်းနေတဲ့အကြောင်း နေ့စဉ်သတင်းစာတွေမှာ အစဉ်မပြတ် ကြေညာနေပါတယ်။

ဒါပေမဲ့လည်း FATF အတွင်းဝန်ရုံးရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ " မြန်မာနိုင်ငံအနေနဲ့ ဒီအန္တရာယ်တွေကို ဖြေရှင်းဖို့ လုပ်ဆောင်ချက်တချို့ ပြုလုပ်ထားပေမဲ့ ဒီထက် လုပ်ဖို့ လိုအပ်နေပါသေးတယ်" လို့ ပြောပါတယ်။

နောက်ပြီး FATF ရဲ့အစီအမံတွေ ပြည့်မီဖို့ နေပြည်တော်ဟာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအသစ်ကိုပြဋ္ဌာန်းလိုက်ကြောင်း ၂၀၂၆ ခုနှစ်၊ မတ်လမှာ ကြေညာခဲ့ပါတယ်။

အရင်ဥပဒေထက် အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ ပိုပြီးကျယ်ပြန့်လာသလို၊ ပြည်ထဲရေးဝန်ကြီးဌာနကိုလည်း လုပ်ပိုင်ခွင့် ပိုပေးထားတယ်လို့ ISP Myanmar က သုံးသပ်ပါတယ်။

ဒါဟာ ဗဟိုဘဏ်ဘက်က ဒီယုန်မြင်လို့၊ ဒီချုံထွင်တဲ့သဘော လို့လည်း FATF ဘက်က ရှုမြင်ပါတယ်။

"ဥပဒေ၊ နည်းဥပဒေတွေနဲ့ နောက်ထပ်အစီအမံတွေကို ပြဋ္ဌာန်း ကျင့်သုံးလိုက်ရုံနဲ့ FATF ရဲ့ အကဲဖြတ်မှုကို အောင်မြင်သွားနိုင်တယ်လို့ မယူဆစေလိုဘူး" လို့ FATF အတွင်းဝန်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

နောက်ပြီး FATF ရဲ့ Action Plan ထဲက 'အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု' နဲ့ 'လက်နက်အများအပြားပျံ့ပွားမှုအတွက် ငွေကြေးထောက်ပံ့မှု' ဆိုတဲ့ စကားရပ်ကို ဗဟိုဘဏ်က လိုသလို အဓိပ္ပာယ်ဖွင့်ဆိုနေတယ်လို့လည်း တော်လှန်ရေးအင်အားစုတွေဘက်က ထောက်ပြကြပါတယ်။

နိုင်ငံရေးအရ ရပ်တည်ချက်နှစ်ခု ကွဲနေတဲ့ မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာ 'အကြမ်းဖက်' ဆိုတဲ့ စကားလုံးဟာ အငြင်းပွားစရာဖြစ်နေတယ်လို့ ထောက်ပြမှုတွေရှိပါတယ်။

FATF ရဲ့စံသတ်မှတ်ချက်ကတော့ နိုင်ငံတကာက အဓိပ္ပာယ်ဖွင့်ဆိုချက်၊ သတ်မှတ်ချက်တွေကိုပဲ အခြေခံတယ်လို့ ဆိုပါတယ်။

FATF အတွင်းဝန်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ " 'အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု' ၊ 'လက်နက်အများအပြားပျံ့ပွားမှုအတွက် ငွေကြေးထောက်ပံ့မှု' တွေကို တားဆီးနှိမ်နင်းတဲ့အခါ FATF ရဲ့ စံသတ်မှတ်ချက်တွေနဲ့အညီ အကောင်ထည်ဖော်ခဲ့သလားဆိုတာကိုပဲ အာရုံစိုက်ပါတယ်" လို့ တုံ့ပြန်ပါတယ်။

'Blacklist' ပယ်ဖျက်ဖို့ ဘာတွေလိုလဲ

AML/CFT အဖွဲ့ကတော့ FATF လုပ်ဆောင်ခိုင်းတဲ့အချက်တွေကို ပြည့်မီအောင် ကြိုးပမ်းနေတယ်လို့ ပြီးခဲ့တဲ့လတွေအတွင်း စာထုတ်
ဓာတ်ပုံ ပုံစာ, AML/CFT အဖွဲ့ကတော့ FATF လုပ်ဆောင်ခိုင်းတဲ့အချက်တွေကို ပြည့်မီအောင် ကြိုးပမ်းနေတယ်လို့ ပြီးခဲ့တဲ့လတွေအတွင်း စာထုတ်

မြန်မာကို အမည်ပျက်စာရင်းကနေ ပယ်ဖျက်ဖို့ဆိုရင် အဖွဲ့ဝင်နိုင်ငံအားလုံး ရဲ့ ဘုံသဘောတူညီချက် နဲ့ FATF ရဲ့ လုပ်ထုံးလုပ်နည်းတွေ အပေါ် မှာ မူတည်တယ်လို့ FATF အတွင်းဝန်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

နောက်ပြီး မြန်မာဘက်ကလည်း ဒီအချက်တွေကို လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။

- FATF ရဲ့ အစီအမံတွေအားလုံးကို အကောင်အထည်ဖော်နိုင်ရမယ်။

- FATF တောင်းဆိုထားတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ကို ထိထိရောက်ရောက်လုပ်ရမယ်။

- အဲဒီပြောင်းလဲမှုတွေက တကယ်ထိရောက်ရမယ်၊ ရေရှည်တည်တန့်ရမယ်။

ဒါတွေအားလုံး ပြည့်မီသွားရင် အမည်ပျက်စာရင်းကနေ ပယ်ဖျက်ပေးမယ်လို့ FATF က ပြောပါတယ်။

FATF အနေနဲ့ နိုင်ငံတစ်နိုင်ငံကို အမည်ပျက်စာရင်းကနေ မပယ်ဖျက်ခင်မှာ အဲဒီနိုင်ငံကို ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးမှုတွေ ပြုလုပ်တယ်လို့ ဆိုပါတယ်။

"အဲဒီလို စစ်ဆေးတဲ့အခါ ပြုပြင်ပြောင်းလဲမှုတွေကို ထိထိရောက်ရောက် လက်တွေ့ အကောင်အထည်ဖော်နေသလား၊ ရေရှည်အတွက်လား၊ နိုင်ငံ့ခေါင်းဆောင်ပိုင်းက နောက်ထပ် ပြုပြင်ပြောင်းလဲမှုတွေကို အာရုံစိုက်နေလား၊ အဲဒီအတွက် ပံ့ပိုးမှုတွေရှိလားဆိုတာတွေလည်း ကြည့်ပါတယ်" လို့ FATF အတွင်းဝန်ရုံးရဲ့ပြောရေးဆိုခွင့်ရှိသူက ဘီဘီစီကို ပြောပါတယ်။

အခုအစည်းအဝေးမှာ မြန်မာနိုင်ငံအပေါ် ဘယ်လိုဆုံးဖြတ်ချက်တွေ ချသွားမလဲဆိုတာကတော့ အစည်းအဝေးပြီးမှ တရားဝင်ထုတ်ပြောသွားမယ်လို့ FATF က ပြောပါတယ်။