ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု , KNU၊ KNPP နဲ့ နေပြည်တော်ကြား ဆွေးနွေးပွဲဖြစ်လာရေး ထိုင်း ကူညီမယ်

KNU၊ KNPP နဲ့ နေပြည်တော်တို့ ဆွေးနွေးရေးဖြစ်လာအောင် ထိုင်းက ကြားဝင်ကူညီမယ်၊ မြန်မာလုပ်သားတွေရဲ့ လစာ ၂၅ % မြန်မာကိုပြန်ပို့ရေးကိစ္စ အလုပ်သမားတွေနစ်နာမှုမရှိအောင်ဖြေရှင်းဖို့ ထိုင်း ဆွေးနွေး စတဲ့ မြန်မာနဲ့ ကမ္ဘာထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • KNU၊ KNPP နဲ့ နေပြည်တော်တို့ကြားမှာတွေ့ဆုံဆွေးနွေးရေးဖြစ်လာအောင် ထိုင်းက ကြားဝင်ကူညီမယ်လို့ပြော။
  • မြန်မာလုပ်သားတွေရဲ့ လစာ ၂၅ % မြန်မာကိုမဖြစ်မနေပြန်ပို့ရမယ့်ကိစ္စ အလုပ်သမားတွေနစ်နာမှုမရှိအောင်ဖြေရှင်းဖို့ ထိုင်းဘက်က နေပြည်တော်ကို ဆွေးနွေး။
  • အမရပူရမြို့နယ်တရားရုံးမှာ တရားရင်ဆိုင်နေဆဲဖြစ်တဲ့ ရွှေလက်ဒေါ်ခင်စန်းရီကို ပညာရေးဆိုင်ရာ ဘွဲ့ ပေးခွင့်မရတဲ့ Dayspring International University ဆိုတဲ့ အဖွဲ့အစည်းတခုက ဒေါက်တာဘွဲ့ပေး

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ကမ္ဘာတစ်ဝန်း ပြတ်တောက်မှုတွေကြောင့် Microsoft ကို တိုင်ချက် ၁၄၀,၀၀၀ နီးပါးရောက်ရှိ

    Teams၊ Outlook နဲ့ AI ဆော့ဖ်ဝဲလ် Copilot အပါအဝင် ဝန်ဆောင်မှုတွေမှာ ချိတ်ဆက်မှု ပြဿနာတွေတက်နေလို့ မနေ့ညက ကမ္ဘာတစ်ဝန်းကတိုင်ကြားချက်ပေါင်း ၁၄၀,၀၀၀ နီးပါးအထိ Microsoft က ရခဲ့ပါတယ်။

    အမေရိကန်၊ ဂျပန်နဲ့ စင်ကာပူ အပါအဝင် ကမ္ဘာတစ်ဝန်းက သုံးစွဲသူတွေဟာ အခုလို ပြတ်တောက်မှုတွေနဲ့ ရင်ဆိုင်နေရကြောင်း တိုင်ကြားထားကြတာပါ။

    ဒါကအမြင့်ဆုံးတိုင်ကြားချက် အရေအတွက်ဖြစ်ပြီး နည်းလမ်းပေါင်းစုံကို သုံးပြီး ကြိုးစားဖြေရှင်းနေတယ်လို့ကုမ္ပဏီဘက်က ထုတ်ပြန်ထားပါတယ်။

    အခုလို ချို့ယွင်းမှုဖြစ်တာက Microsoft 365 ထဲမှာပါတဲ့ပရိုဂရမ်တွေကို သွားပြီး ထိခိုက်နေတာပါ။ Microsoft 365 ဆိုတာ စီးပွားရေးလုပ်ငန်းတွေကြားမှာလူသုံးများတဲ့ အွန်လိုင်းဝန်ဆောင်မှုတစ်ခုဖြစ်ပြီး Outlook, Teams နဲ့ OneDrive လိုမျိုး လုပ်ငန်းခွင်သုံး ချိတ်ဆက်ဆောင်ရွက်မှုတွေကို အသုံးပြုနိုင်အောင်ဝန်ဆောင်မှုပေးထားတာ ဖြစ်ပါတယ်။

    နိုင်ငံတကာအဖွဲ့အစည်းတွေအတွက်ဆိုရင်တော့ ဒီပလက်ဖောင်းဟာ ကမ္ဘာတစ်ဝန်းက လုပ်ဖော်ကိုင်ဖက်တွေနဲ့ အချင်းချင်း ချိတ်ဆက်ဖို့နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့အတွက် အရေးကြီးပါတယ်။

    အခုဖြစ်နေတဲ့ပြဿနာတွေထဲမှာ သုံးစွဲသူတွေအနေနဲ့ တချို့ဖိုင်တွေကို ဖွင့်ကြည့်လို့မရတာ၊ Calendar အက်ပ်တွေထဲက အချက်အလက်တချို့ကို ကြည့်လို့မရတာမျိုးတွေ ကြုံရနိုင်တယ်လို့ Microsoft က ဆိုပါတယ်။

    ဒီလို ဝန်ဆောင်မှုတွေ ပြတ်တောက်သွားတာက ဆိုက်ဘာတိုက်ခိုက်ခံမှုကြောင့် မဟုတ်နိုင်ဘူးလို့ ဘီဘီစီကနားလည်ထားပါတယ်။

    သူ့ရဲ့ AI ပလက်ဖောင်းဖြစ်တဲ့ Copilot လည်း ကောင်းကောင်းအလုပ်မလုပ်နိုင်တာမျိုးဖြစ်နိုင်ပေမဲ့ စာပို့တာတွေနဲ့ အွန်လိုင်းအစည်းအဝေးတွေကတော့အများအားဖြင့် ပုံမှန်အလုပ်လုပ်နေတယ်လို့ ကုမ္ပဏီက ပြောပါတယ်။

    ဆာဗာအတော်များများ ရုတ်တရက် အလုပ်မလုပ်တော့တာ ကြောင့် ကျန်နေသေးတဲ့ စနစ်တွေကို ဝန်ပိသွားပြီး အခုလို ပြတ်တောက်ရတာလို့ Microsoft က ပြောထားပါတယ်။

  2. လိုင်စင်မရှိဘဲဆေးကုလို့တရားရင်ဆိုင်နေရတဲ့ ရွှေလက်‌ဒေါ်ခင်စန်းရီကို ဒေါက်တာဘွဲ့ပေး

    အမရပူရမြို့နယ်တရားရုံးမှာ တရားရင်ဆိုင်နေဆဲဖြစ်တဲ့ ရွှေလက်ဒေါ်ခင်စန်းရီကို ပညာရေးဆိုင်ရာ ဘွဲ့ ပေးခွင့်မရတဲ့ Dayspring International University ဆိုတဲ့ အဖွဲ့အစည်းတခုက ဒေါက် တာဘွဲ့ပေးလိုက်ပါတယ်။

    ဒီအဖွဲ့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက သရုပ်ဆောင်ထူးခန့်ကျော်ကို ဒေါက်တာဘွဲ့ပေးလို့ ဝေဖန်ခံနေရတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

    ဒီလိုဝေဖန်မှုတွေရှိလာတဲ့နောက်ပိုင်းမှာ Dayspring International University -Myanmar ဆိုတဲ့ ဖေ့ဘုတ်စာမျက်နှာကနေ သူတို့အဖွဲ့အစည်းဟာ ပညာရေးဆိုင်ရာဘွဲ့တွေ ပေးအပ်ခွင့်မရှိဘဲ လူမှုရေး၊ သာသနာရေးနဲ့ ပုဂ္ဂလိကကဏ္ဍထူးချွန်သူတွေကို ဂုဏ်ပြုအသိအမှတ်ပြုဆုပေးတဲ့အဖွဲ့ဖြစ်တယ် လို့ထုတ်လာပါတယ်။

    ဒါပေမဲ့ ဒီအဖွဲ့က ဂုဏ်ပြုဆုပေးတဲ့ ဒေါ်ခင်စန်းရီဟာ တိုင်းရင်းဆေးကုသခွင့်လိုင်စင်မရှိဘဲ ကုသတာနဲ့ မှတ်ပုံမတင်ထားတဲ့ဆေးဝါး ၄၀ ဝန်းကျင်ထုတ်လုပ်တာကြောင့် တရားရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

    သူ့ကို တိုင်ရင်းဆေးပညာ ဒေါက်တာဘွဲ့ပေးတာလို့ Dayspring International University က ထုတ်တဲ့ ဒေါက်တာဘွဲ့လက်ခံသူစာရင်းမှာ ဖော်ပြထားတာတွေ့ရပါတယ်။

    ရွှေလက်ဒေါ်ခင်စန်းရီဟာ ၂၀၂၂ခုနှစ်မှာ ဆေးထုတ်လုပ်တာအပြင် အဘိဓမ္မာတောင်သာသင်တန်းကို အွန်လိုင်းကနေ ၃ လတက်ခဲ့ပြီး ကဝိဘိသက္ကဘွဲ့ရတယ်လို့ သူကိုယ်တိုင် လူမှုကွန်ရက်မှာ ပြောထားတာပါ။

    ဒါပေမဲ့ ဒီသင်တန်းက တရားမဝင်ဆေးပညာသင်တန်းဖြစ်တယ်လို့ တိုင်းရင်းဆေးသမားတော် အသိုင်းအဝိုင်းနဲ့ တိုင်းရင်းဆေးကောင်စီက ဘီဘီစီကို အတည်ပြုပါတယ်။

    အဘိဓမ္မာတောင်သာသင်တန်းဖွင့်လှစ်သူကိုလည်း ဒေါ်ခင်စန်းရီနဲ့အတူ ဒေါက်တာဘွဲ့ပေးတာ တွေ့ ရပါတယ်။ ပြည်သူ့ကျန်းမာရေးဒေါက်တာဘွဲ့လို့ ရေးထားတာပါ။

    Dayspring International University ဟာ အမေရိကန်၊ ပြင်သစ်နဲ့ အိန္ဒိယက အဖွဲ့အစည်းတချို့နဲ့ချိတ်ဆက်ထားတယ်လို့ သူ့ဝက်ဘ်ဆိုက်မှာဖော်ပြထားပါတယ်။

    ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေ၊ ခရစ္စယာန်ဘာသာရေး ခေါင်းဆောင်တွေအပြင် အခုလို ဆေးကုသခွင့်လက်မှတ်မရှိဘဲ ဆေးကုသမှုလုပ်ဆောင်နေသူတွေ ကိုပါဒေါက်တာဘွဲ့တွေပေးနေတာပါ။

    အိန္ဒိယနဲ့ အာဖရိကဘက်မှာလည်း ဒီလိုဘွဲ့တွေကို လူအများအပြားကိုပေးနေတာဖြစ်ပါတယ်။

    ဒါပေမဲ့ တက္ကသိုလ်ရဲ့ဝက်ဘ်ဆိုက်ဟာလူမှုကွန်ရက်နဲ့ ချိတ်ဆက်ထားတဲ့လင့်တွေ၊ အသိအမှတ်ပြု အဖွဲ့အစည်းလင့်တွေက အလုပ်မလုပ်သလို အေအိုင်အသုံးပြုထားတဲ့ပုံတွေကိုအသုံးပြုထားတာ တွေ့ရပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ ဘီဘီစီက ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတွေကို မေးမြန်းဖို့ ဆက်သွယ်ထားဆဲဖြစ်ပါတယ်။

    Dayspring International University ရဲ့ ဝက်ဘ်ဆိုက်က ဖုန်းနံပါတ်ရဲ့ Whatsapp ကိုလည်း ဆက်သွယ်မေးမြန်းထားပါတယ်။

  3. KNU၊ KNPP နဲ့ နေပြည်တော်တို့ ဆွေးနွေးပွဲဖြစ်လာအောင် ထိုင်းကူညီမယ်

    ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် အခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နေပြည်တော်တို့ကြားမှာ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာအောင် ထိုင်းနိုင်ငံက ကြားဝင်ကူညီပေးဖို့ အသင့်ရှိတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖွမ်ကက်ကောင်းက ပြောပါတယ်။

    အဲဒီဆွေးနွေးပွဲတွေကို ထိုင်းနိုင်ငံမှာ လက်ခံကျင်းပပေးနိုင်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ ပါဝင်နိုင်တယ်လို့ မြန်မာခရီးစဉ်အပြီး နိုဝင်ဘာ ၁၂ ရက်မှာ သူက ပြောပါတယ်။

    နေပြည်တော်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေး NSPNC ရဲ့ခေါင်းဆောင်လည်းဖြစ်၊ ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကလည်း အဲဒီတိုင်းရင်းသားအဖွဲ့တွေနဲ့ ထိုင်းနိုင်ငံမှာ တွေ့ဆုံနိုင်ဖို့ မြန်မာဘက်က ကိုယ်စားလှယ်စေလွှတ်ရေးကို မူအားဖြင့် သဘောတူခဲ့တယ်လို့ ဆီဟာဆတ်က ဆိုပါတယ်။

    ဘီဘီစီက ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်ရဲ့ ‌ပြောကြားချက်အပေါ် KNU ရဲ့ တုံ့ပြန်ချက်ကိုသိရဖို့ KNU ‌ပြောခွင့်ရ ‌ပဒိုစော‌တောနီးကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

    လက်ရှိမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ ဟာ NUG အပါအဝင် နွေဦးတော်လှန်ရေးမှာပါဝင်နေတဲ့ အစုအဖွဲ့တွေနဲ့ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါဝင်တဲ့ "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ" SCEF မှာပါဝင်နေတာဖြစ်ပါတယ်။

    ထိုင်းရဲ့ ဒီကမ်းလှမ်းမှုဟာ NUG၊ CRPH၊ KNU၊ KNPP၊ KIO နဲ့ CNF တို့ပါဝင်တဲ့ SCEF ကို ၂၀၂၆ မတ်လမှာ ဖွဲ့စည်းပြီး အတိုက်အခံအင်အားစုတွေကြား ဘုံနိုင်ငံရေးရပ်တည်ချက်တစ်ခု တည်ဆောက်ဖို့ ကြိုးပမ်းနေချိန်မှာ ပေါ်ပေါက်လာတာပါ။ KNU နဲ့ KNPP တို့က နေပြည်တော်နဲ့ သီးခြားဆွေးနွေးမယ်ဆိုရင် SCEF ရဲ့ ဘုံရပ်တည်ချက်နဲ့ အတိုက်အခံအင်အားစုတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ် သက်ရောက်မှုရှိနိုင်တယ်ဆိုတဲ့အကဲခတ်တွေရဲ့ ‌သုံးသပ်ချက်တချို့လည်း ထွက်လာပါတယ်။

    ဝန်ကြီး ဆီဟာဆတ်ဟာ မြန်မာနိုင်ငံတွင်း တိုက်ပွဲတွေ နယ်စပ်ကို ကူးစက်မလာစေဖို့၊ နှစ်ဖက်တပ်ဖွဲ့တွေကြား အရေးပေါ်ဆက်သွယ်ရေးလမ်းကြောင်းတွေ ထားရှိဖို့နဲ့ နယ်စပ်လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်ဖို့ နှစ်ဖက်တပ်မှူးတွေ ပါဝင်တဲ့ အထူးအစည်းအဝေးတစ်ရပ် ကျင်းပဖို့လည်းပြောခဲ့တယ်လို့ သူက ပြောပါတယ်။

    မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ အာဆီယံနဲ့ ဆက်ဆံရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆီဟာဆတ်က ပြောပါတယ်။ နေပြည်တော်အနေနဲ့ အာဆီယံနဲ့ ပြန်လည်ထိတွေ့ဆက်ဆံလိုတဲ့ ဆန္ဒရှိတာကို တွေ့ရတယ်လို့ သူက ဆိုပါတယ်။

    ထိုင်းနိုင်ငံအနေနဲ့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွေမှာ ပါဝင်စေလိုပြီး အမြဲတမ်းအတွင်းဝန်အဆင့် ကိုယ်စားလှယ်သာ တက်ရောက်တာထက် နိုင်ငံရေးအဆင့် ကိုယ်စားပြုမှုရှိစေချင်တယ်လို့လည်း ပြောပါတယ်။

    မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ လျှော့ချပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်ဖို့နေပြည်တော် သမ္မတ ဦးမင်းအောင်လှိုင်က စိတ်ပိုင်းဖြတ်ထားတယ်လို့ သူနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ကြောင်းလည်း ဆီဟာဆတ်က ပြောပါတယ်။

    နှစ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ၊ အထူးသဖြင့် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ပူးပေါင်းနှိမ်နင်းရေးကိစ္စကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ နားလည်ရပါတယ်။

    ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာခရီးစဉ်ဟာ နိုဝင်ဘာ ၁၅ ရက်ကနေ ၁၇ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပမယ့် ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင် သွားရောက်ခဲ့တာဖြစ်ပါတယ်။

    ခရီးစဉ်အတွင်း နယ်စပ်လုံခြုံရေး၊ နယ်စပ်ကုန်သွယ်ရေး၊ မြစ်ရေညစ်ညမ်းမှုနဲ့ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

  4. ထိုင်းရောက် မြန်မာလုပ်သားတွေရဲ့ လစာ ၂၅ ရာခိုင်နှုန်း ပြန်လွှဲရေးကိစ္စ ထိုင်းက နေပြည်တော်နဲ့ ဆွေးနွေး

    ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ လစာဝင်ငွေ ၂၅ ရာခိုင်နှုန်းကို မြန်မာဘက်ကို ပြန်လွှဲပို့ရမယ့်သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး အလုပ်သမားတွေ နစ်နာမှုမရှိအောင် ဖြေရှင်းပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က ပြောပါတယ်။

    မြန်မာဘက်ကတော့ အဲဒီငွေတွေဟာ အစိုးရဆီ ပေးပို့တာမဟုတ်ဘဲ အလုပ်သမားတွေရဲ့ မိသားစုတွေဆီ ရောက်ရှိမှာဖြစ်တယ်လို့ ပြန်လည်ရှင်းပြခဲ့ကြောင်း ဆီဟာဆက်က ဆိုပါတယ်။

    ဒါပေမဲ့ တရားဝင်သတ်မှတ်ထားတဲ့ ငွေလဲနှုန်းကြောင့် အလုပ်သမားတွေအနေနဲ့ ငွေကြေးဆုံးရှုံးမှုရှိနိုင်တဲ့အတွက် ဒီပြဿနာကို ဖြေရှင်းပေးဖို့နဲ့ငွေပြန်ပို့ရတဲ့ အကြောင်းရင်းကို အလုပ်သမားတွေ နားလည်အောင် ရှင်း‌ပြဖို့ တောင်းဆိုခဲ့တယ်လို့ ပြောပါတယ်။

    မြန်မာအစိုးရ ဘက်က ဒီကိစ္စကို အလုပ်သမားဝန်ကြီးဌာနနဲ့ ဗဟိုဘဏ်တို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ကြောင်းလည်း ဆီဟာဆက်က ပြောပါတယ်။

    အလုပ်သမားတွေက ဝင်ငွေ ၂၅ ရာခိုင်နှုန်း ပြန်လွှဲပို့ရမယ့် သတ်မှတ်ချက်ကို လက်မခံပါက ပတ်စ်ပို့သက်တမ်းတိုးရာမှာ အခက်အခဲတွေ ကြုံလာနိုင်ပြီး ထိုင်းနိုင်ငံမှာ တရားမဝင်အလုပ်သမားတွေ ဖြစ်လာနိုင်တဲ့အတွက် စိုးရိမ်ကြောင်း ထိုင်းဘက်က ‌ပြောထားပါတယ်။

    ဒီ လစာရဲ့ ၂၅ ရာခိုင်နှုန်း မြန်မာကို ပြန်လွှဲပို့ရမယ့် သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး ထိုင်း အလုပ်သမားဝန်ကြီးဌာနဘက်က မကြာသေးခင်ကလည်း ကန့်ကွက်ထားပါတယ်။

    နိုဝင်ဘာ ၆ ရက်က ထိုင်းအလုပ်သမားဝန်ကြီး ဂျူလာပွန် အမွန်ဗီဝပ်က အလုပ်သမားတွေရဲ့ ဝင်ငွေ ၂၅ ရာခိုင်နှုန်း ပြန်လွှဲပို့ရမယ့်အပြင် အရင် ၃ လကနေ ၆ လအထိ လစာစာရွက်တွေ တင်ပြရမယ့် သတ်မှတ်ချက်ဟာ နိုင်ငံတကာစံနှုန်းတွေနဲ့ အလုပ်သမားအခွင့်အရေးတွေနဲ့ မကိုက်ညီဘူးလို့ ပြောပါတယ်။

    ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာသံအမတ်နဲ့ နှစ်ကြိမ် ဆွေးနွေးထားသလို မြန်မာဘက်ကို တရားဝင်ကန့်ကွက်စာ ပေးပို့ဖို့လည်း ပြင်ဆင်နေတယ်လို့ သူကအစောပိုင်းကပြောထားပါတယ်။

    နေပြည်တော် အလုပ်သမားဝန်ကြီးဌာနကတော့ ပြည်ပမှာ အလုပ်လုပ်ကိုင်တဲ့ PJ အမျိုးအစား ပတ်စ်ပို့ကိုင်ဆောင်ထားတဲ့ မြန်မာလုပ်သားတွေအနေနဲ့ ပတ်စ်ပို့သက်တမ်းတိုးရာမှာ ဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်းကို ၃ လစာ မိသားစုကိုလွှဲထားကြောင်း မပြနိုင်ရင် ပတ်စ်စပို့မထုတ်ပေးတော့ကြောင်း ထုတ်ပြန်ထားပါတယ်။

    အလုပ်သမားဝန်ကြီးဌာနရဲ့ အဲဒီညွှန်ကြားချက်ကို ဘန်ကောက်အပြင် မနီလာ၊ ဟောင်ကောင်၊ မကာအိုအခြေစိုက် မြန်မာသံရုံးတွေက နိုဝင်ဘာ ၁၀ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အခြေစိုက် မြန်မာသံရုံးမှာတော့ နိုဝင်ဘာ ၁၀ ရက်ကစလို့ ဒီစနစ်ကိုစတင်ကျင့်သုံးတာဖြစ်ပြီး ဝင်ငွေ ၂၅ ရာခိုင်နှုန်းရဲ့ ၃ လစာအပြင် မှတ်ပုံတင်အစစ်ကိုပါ မဖြစ်မနေပြဖို့လိုကြောင်း သံရုံးနဲ့နီးစပ်သူတချို့ဆီက သိရပါတယ်။

    ထိုင်း‌ရောက်မြန်မာလုပ်သားတွေကတော့ နေပြည်တော်ရဲ့ အဲဒီအစီအစဥ်ကို ကန့်ကွက်နေကြပါတယ်။

  5. မင်္ဂလာပါ။ နိုဝင်ဘာ ၁၃ ရက် ဘီဘီစီမြန်မာပိုင်းသတင်း‌တွေကို ဒီစာမျက်နှာမှာ တိုက်ရိုက် တင်ဆက်ပေး‌‌နေပါတယ်။