ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု , ပြင်သစ် Paris Peace Forum ကို SCEF ကိုယ်စားလှယ်အဖွဲ့တက်မယ်

ပြင်သစ် Paris Peace Forum ကို SCEF ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မယ့်သတင်းအပါအဝင် နိုဝင်ဘာ ၉ ရက် ကမ္ဘာနဲ့ မြန်မာထူးခြားသတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • SCEF ကိုယ်စားလှယ်အဖွဲ့ဟာ ပြင်သစ်နိုင်ငံ၊ပါရီမြို့မှာ နိုဝင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက် ကျင်းပမယ့် Paris Peace Forum ကို တက်ရောက်မယ်။
  • နှစ်အတော်ကြာ ကမ္ဘာတစ်ဝန်း ရေပန်းစားခဲ့တဲ့ Labubu အရုပ်တွေကို စုဆောင်ဝးသူတွေကြားမှာ အခုနောက်ပိုင်း လူကြိုက်လျော့လာနေပါတယ်။
  • မလေးရှားမှာ အောက်တိုဘာနှောင်းပိုင်းနဲ့ အခု နိုဝင်ဘာလ ၂ လအတွင်း ပြုလုပ်ခဲ့တဲ့ အော်ပရာဇီစစ်ဆင်ရေးတွေမှာ မြန်မာနိုင်ငံသား ၂၀ ဦးဖမ်းဆီးခံရ။
  • ထိုင်းမှာ စီအိုင်စာအုပ်လုပ်သူ သိန်းနဲ့ချီရှိမယ်လို့ မျှော်လင့်ထားပေမဲ့ စာအုပ်လာလုပ်သူ တစ်သောင်းခွဲပဲရှိသေးတယ်လို့ အလုပ်သမား၀န်ကြီးပြော
  • တရုတ်နိုင်ငံမှာ ကျင်းပတဲ့ CAEC 2026 Esports ပြိုင်ပွဲမှာ မြန်မာ MLBB အသင်း အင်ဒိုနီးရှားအသင်းကို အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ရန်ကုန်၊ အရေပြားယားယံမှုပြဿနာကြောင့် အမှိုက်ပုံရွှေ့ဖို့ ‌မေးမြန်းချက် ‌ပယ်ချခံရ

    ရန်ကုန်မြို့ ၊ ဒဂုံမြို့သစ်အရှေ့ပိုင်း က ထားဝယ်ချောင်အမှိုက်ပုံ‌‌ကြောင့် အရေပြားယားယံပြဿနာ နဲ့ ကျန်းမာရေးထိခိုက်မှုတွေရှိနေလို့ ရွှေ့ပြောင်းပေးဖို့အရေး ဒီကနေ့ လွှတ်တော်မှာ ‌ဆွေး‌နွေးခဲ့ပါတယ်။

    ဒဂုံမြို့သစ်(အရှေ့ပိုင်း) ပြည်သူ့လွှတ်တော်အမတ် ဒေါ်အေးအေးမြင့်က ‌မေးမြန်းခဲ့တာဖြစ်ပြီး ‌ပြန်လည်ဖြေကြားခဲ့တဲ့ နေပြည်တော်ကောင်စီက ရွှေ့ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

    ညအချိန်ရောက်ရင် အရေပြားယားယံပြီး အဖု၊ အပိတ်တွေ ထွက်လာနေသူတွေ ရှိလာတယ်လို့ ရန်ကုန်မှာ နေထိုင်ကြသူအချို့က လူမှုကွန်ရက်ပေါ်မှာ ရေးသားပြောဆိုနေကြအပြီးမှာ လွှတ်တော်အမတ်က အခုလိုမေးခွန်း ထုတ်လာတာဖြစ်ပါတယ်။

    အမှိုက်စွန့်ပစ်မယ့်မြေနေရာ ရှားပါးတာနဲ့ အမှိုက်ပုံကနေ လျှပ်စစ်ထုတ်မှာဖြစ်လို့ အမှိုက်ပုံကို ဖျက်သိမ်းဖို့ မရှိသေးဘူးလို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးခင်မောင်လတ်က လွှတ်တော်မှာ ပြန်လည်တုံ့ပြန်ပါတယ်။

    ဒါပေမဲ့ အရံအမှိုက်ပုံအနေနဲ့တော့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်က သရက်ပင်ချောင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံကို ဘတ်ဂျက်ရရှိမှုအပေါ်မူတည်ပြီး အကောင်အထည်ဖော်နေတယ်လို့ သူက ပြောပါတယ်။

    ၇ ဧကခွဲကျော်ကျယ်တဲ့ ထားဝယ်ချောင်အမှိုက်ပုံဟာ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ၅၁ ရက်ကွက်နဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်း အမှတ် ၁ ရပ်ကွက်ကြားက ကျန်စစ်သားတံတားအနီးမှာရှိပါတယ်။

    နေပြည်တော်ကောင်စီဘက်ကတော့ လက်ရှိမှာ နောက်ဆုံးအမှိုက်ပုံတွေ ကနေထွက်တဲ့ မီသိန်းဓာတ်ငွေ့ကနေ လျှပ်စစ်ထုတ်နိုင်ဖို့ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနနဲ့ တောင်ကိုရီးယားကုမ္ပဏီတွေကြား ဆွေးနွေးနေတယ်လို့ ပြောပါတယ်။

    လက်ရှိမှာ ဒီကုမ္ပဏီတွေနဲ့ “BOD စနစ် နဲ့ PPA စာချုပ်များချုပ်ဆိုနိုင်ရေး ဆောင်ရွက်နေဆဲဖြစ်ပါတယ်” လို့ နေပြည်တော်ကောင်စီ၀င်က ပြောပါတယ်။

    ဒီစီမံကိန်းဟာ အမှိုက်ပုံမှာရှိတဲ့ အမှိုက်ဟောင်းတွေကနေ ထွက်လာတဲ့ မီသိန်းဓာတ်ငွေ့တွေကို စုစည်းသန့်စင်ပြီး Generator နဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီစီမံကိန်း ကနေ လျှပ်စစ်ဓာတ်အား ၁ ဒသမ ၂ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ဖို့ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

    ဒီစီမံကိန်းအပြင် ရန်ကုန်မြို့၊ ထိန်ပင်နဲ့ ထားဝယ်ချောင်အမှိုက်ပုံတွေက နေ့စဉ်ထွက်နေတဲ့ အမှိုက်တန်ချိန် ၂,၅၀၀ ကျော်ကနေ လျှပ်စစ်ဓာတ်အားနဲ့ သဘာဝဓာတ်ငွေ့ (CNG) ထုတ်လုပ်နိုင်ဖို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဘက်က တင်ဒါခေါ်ယူမှုတွေရှိနေပါတယ်။

    ဒီစီမံကိန်းဆောင်ရွက်ဖို့ လျှောက်ထားတဲ့ကုမ္ပဏီအများအပြားလည်းရှိနေတယ်လို့ နေပြည်တော်ကောင်စီ၀င် ပြောပါတယ်။

  2. နည်းပညာကုမ္ပဏီကြီး Nvidia က ကုမ္ပဏီ CEO နဲ့ တရုတ်စပိုင်လို့ မသင်္ကာသူအမျိုးသမီးတို့ ဇာတ်လမ်းကို စုံစမ်းမှုစတင်

    အမေရိကန်နည်းပညာကုမ္ပဏီကြီး အန်ဗီဒီယာ(Nvidia) ရဲ့အမှုဆောင်အရာရှိချုပ် ဂျန်ဆန် ဟွမ်(Jensen Huang) ဟာ တရုတ်ထောက်လှမ်းရေးလို့ သံသယရှိသူ အမျိုးသမီးတစ်ဦးနဲ့ ဇာတ်လမ်းရှိခဲ့တယ်ဆိုတဲ့သတင်းတွေ ထွက်လာတာကြောင့် ကုမ္ပဏီက သူ့အပေါ် စုံစမ်းစစ်ဆေးမှု စတင်တော့မှာဖြစ်ပါတယ်။

    အန်ဗီဒီယာဟာ ဒေါ်လာ ထလီလီယံ ချီတန်ဖိုးရှိတဲ့အများပိုင်စာရင်း၀င် အမေရိကန်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး နည်းပညာမြင့် ကွန်ပြူတာ ချစ်ပ်ပြားတွေကို ကမ္ဘာတလွှားကို ရောင်းချနေတဲ့ကုမ္ပဏီကြီးဖြစ်ပါတယ်။

    အမေရိကန်ထောက်လှမ်းရေးတာဝန်ရှိသူတွေဟာ ဂျန်ဆန်ဟွမ်နဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိခဲ့တဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီး အဲလစ် ဟွမ်ဟာ ဘေဂျင်းအစိုးရအတွက် သူလျှိုလုပ်ဆောင်ခဲ့သူဖြစ်တယ်လို့ ယုံကြည်ကြောင်း နယူးယောက် တိုင်းမ်စ် သတင်းစာက အစောပိုင်းမှာ သတင်းဖော်ပြခဲ့ပါတယ်။

    ဟွမ်ကတော့ သူ့ဇနီးအပေါ် “သစ္စာမဲ့ခဲ့မိတယ်” လို့ ဝန်ခံခဲ့ပြီး ဇနီးနဲ့ သားသမီးတွေကို နာကျင်စေခဲ့တဲ့အတွက် တောင်းပန်တယ်လို့ပြောခဲ့ပါတယ်။

    တရုတ်လူမှုကွန်ရက်တွေမှာတော့ ဂျန်ဆန် ဟွမ်နဲ့ အဲလစ် ဟွမ်တို့ရဲ့ဆက်ဆံရေးကို အိမ်ထောင်ရှင်တစ်ဦး အပြင်မှာအပျော်ရှာတဲ့ဖြစ်ရပ်တစ်ခုပုံစံ ရေးသား ပြောဆိုနေကြပါတယ်။

    တရုတ်ဘက်ကလည်း နယူးယောက် တိုင်းမ်စ်ရဲ့သတင်းထွက်ပေါ်လာပြီးတဲ့နောက်ပိုင်း ဒီစွပ်စွဲချက်ကို ငြင်းသလို တရုတ်ကို သိက္ခာချတဲ့စွပ်စွဲချက်လို့ တုံ့ပြန်ထားပါတယ်။

    အန်ဗီဒီယာ ကုမ္ပဏီဘက်ကတော့ အန်ဗီဒီယာရဲ့လျှို့၀ှက်ချက် ဒါမှမဟုတ် အမျိုးသားလုံခြုံရေးတွေ အတိမ်းအစောင်းမရှိခဲ့ဘူးလို့ ကုမ္ပဏီဘုတ်အဖွဲ့က ယူဆထားကြောင်း ပြောပါတယ်။

    တရုတ်ထောက်လှမ်းရေးလို့ စွပ်စွဲခံရတဲ့အဲလစ်ဟွမ်ဟာ စင်ကာပူအခြေစိုက် ဒေတာ စင်တာ ကုမ္ပဏီ Megaspeed မှာ ထိပ်ပိုင်းတာ၀န်ယူခဲ့သူ ဖြစ်ပါတယ်။

    ၂၀၂၃ ခုနှစ်ကတည်းက မန်နေဂျင်းဒါရိုက်တာ အပြောင်းအလဲဖြစ်ခဲ့တဲ့ Megaspeed ကုမ္ပဏီဘက်ကတော့ အဲလစ် ဟွမ်နဲ့ တရုတ်အစိုးရတို့ ဆက်နွှယ်တယ်လို့ဆိုတဲ့ နယူးယောက်တိုင်းမ်စ် သတင်းစာရဲ့ရေးသားဖော်ပြချက်ကို ကုမ္ပဏီ ခေါင်းဆောင်ပိုင်းက အလေးထား သုံးသပ်နေကြောင်း ပြောပါတယ်။ နောက်ပြီး စွပ်စွဲချက်တွေအတွက် ကုမ္ပဏီတွင်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ ပြင်ပဥပဒေအကြံပေးတွေကို ခန့်အပ်သွားမယ်လို့ သတင်းစာကို ပြီးခဲ့တဲ့လတုန်းက ပြောထားပါတယ်။

    ဉာဏ်ရည်တု(အေအိုင်)နည်းပညာသစ်တွေအတွက် လိုအပ်တဲ့ ဟာ့ဒ်ဝဲထုတ်လုပ်ရေးမှာ အဓိကကျတဲ့ကုမ္ပဏီအဖြစ် ရှုမြင်ခံရတဲ့ အန်ဗီဒီယာကတော့ ဂျန်ဆန် ဟွမ်ဟာ ကုမ္ပဏီကို ဆက်လက်ဦးဆောင်သွားဖို့ ကတိကဝတ်ပြုထားဆဲဖြစ်တယ်လို့ပြောပါတယ်။

    ဒီသတင်းကြောင့် နည်းပညာလောကတစ်ခုလုံး အံ့အားသင့်သွားခဲ့ရပြီး အကျိုးဆက် ကြီးမားနိုင်တယ်လို့ ဘီဘီစီရဲ့နည်းပညာနဲ့ အေအိုင်ဆိုင်ရာအယ်ဒီတာ ဇိုးယီ ကလိုင်းမန်း က ရေးသားထားပါတယ်။

  3. ကယ်လီဖိုးနီးယားက အငှားကိုယ်၀န်ဆောင်ကလေးအပြည့်နဲ့ အိမ်ကြီးရခိုင် ‘‘ထိတ်လန့်ဖွယ်စံအိမ်ကြီး’’ ဘယ်လိုဖြစ်လာလဲ

    ကယ်လီဖိုးနီးယားပြည်နယ် ဆင်ခြေဖုံးက လူချမ်းသာတွေနေတဲ့ အာကေးဒီးယားမြို့ မှာ နေထိုင်တဲ့ နှစ်လသားအရွယ် ၀ေါ်တာ လေးဟာ ၂၀၂၅ ခုနှစ် မေလတုန်းက ခေါင်းဒဏ်ရာနဲ့ ဆေးရုံတင်လိုက်ရပါတယ်။

    ရဲတပ်ဖွဲ့ မှတ်တမ်းအရ ၀ေါ်တာဟာ အိပ်ရာပေါ်က မတော်တဆ ပြုတ်ကျခဲ့တာလို့ သူ့အမေ ဆိုသူအမျိုးသမီးက ပြောပါတယ်။

    ဒါပေမဲ့ ကလေးကို စစ်ဆေးခဲ့တဲ့ ဆရာဝန်ကတော့ တစ်ခုခု လွဲနေတယ်လို့ ခံစားမိခဲ့ပါတယ်။

    ဝေါ်တာရဲ့ဒဏ်ရာအခြေအနေက ယာဉ်တိုက်မှုတစ်ခုက ရရှိတဲ့ ဒဏ်ရာမျိုး ဒါမှမဟုတ် ပြင်းပြင်းထန်ထန် လှုပ်ခါခံရလို့ ရလာတဲ့ဒဏ်ရာမျိုးနဲ့ ပိုတူနေတယ်လို့ ဆရာဝန်က ဆိုပါတယ်။

    ကလေးညှဉ်းပန်းနှိပ်စက်မှုနဲ့ သံသယရှိလာတဲ့အတွက် ရဲတပ်ဖွဲ့က ဝေါ်တာ နေထိုင်တဲ့ ခမ်းနားထည်ဝါတဲ့ စံအိမ်ကြီးကို ရှာဖွေစစ်ဆေးခဲ့ပြီး သူ့မိဘလို့ ဆိုတဲ့ ဂေါင်ကျွင်းရွမ်(အသက် ၆၆ နှစ်) နဲ့ ဆီဗီယာ ကျန်း (အသက် ၃၉ နှစ်) တို့ကို ယာယီ ထိန်းသိမ်းခဲ့ပါတယ်။

    အစိုးရ ရှေ့နေတွေကတော့ သူတို့ တွေ့ရှိခဲ့ချက်အရ ဒီအိမ်ကြီးကို ''ထိတ်လန့်ဖွယ်စံအိမ်" လို့သာ ဖော်ပြပါတယ်။

    အဲဒီအိမ်ဟာ နေရာအနှံ့ စောင့်ကြည့်ကင်မရာတွေ တပ်ဆင်ထားတဲ့ အိမ်၀င်းကျယ်ကျယ် အဆောက်အအုံဖြစ်ပြီး အငှား ကိုယ်ဝန်ဆောင် မိခင်တွေက မွေးဖွားပေးခဲ့တဲ့ အသက် ၆ လကနေ ၃ နှစ်ကြားရှိတဲ့ကလေး ၁၄ ဦး နေထိုင်ခဲ့ပါတယ်။

    အဲဒီကလေးတွေဟာ နေ့စဉ် ရိုက်နှက်ခံနေရတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ၀င်ဖတ်နိုင်ပါတယ်။

  4. မြန်မာက ပြည်ပကို နေ့စဉ်ပြန်ဆပ်နေရတဲ့တိုးရင်းပေါင်း ချေးငွေ ဒေါ်လာ ၁.၉ သန်းခန့်ရှိ

    မြန်မာနိုင်ငံရဲ့ ပြည်ပကြွေးမြီပမာဏဟာ အမေရိကန် ဒေါ်လာ ၁၀.၈ ဘီလျံကျော်ရှိပြီး ဒီအတွက် နေ့စဉ် ပြန်ဆပ်နေရတဲ့အတိုးနဲ့အရင်းပေါင်း ခန့်မှန်း ပမာဏဟာ ဒေါ်လာ ၁.၉ သန်းခန့်ရှိနေတယ်လို့ ကမ္ဘာ့ဘဏ်(World Bank) ရဲ့နောက်ဆုံးအချက်အလက်တွေအရ သိရပါတယ်။

    မြန်မာဟာ ပြည်ပချေးငွေရတာ လျော့ကျနေပေမဲ့ မြန်မာရဲ့ပြည်ပကြွေးမြီကို အများဆုံး ချေးငှားထားသူတွေက ဂျပန်နဲ့ တရုတ်နိုင်ငံတို့က အများဆုံးဖြစ်နေတယ်လို့ ကမ္ဘာ့ဘဏ်က နောက်ဆုံးထုတ်ပြန်လိုက် ကမ္ဘာ့နိုင်ငံတွေအလိုက် ကြွေးမြီအစီရင်ခံစာမှာ ဖော်ပြပါတယ်။

    မြန်မာရဲ့ပြည်ပကြွေးမြီစုစုပေါင်းဟာ ၂၀၂၅ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၁၀.၈၄၂ ဘီလျံရှိနေပြီး အဲဒီထဲမှာ တရုတ်နိုင်ငံက အစိုးရနဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေဆီကနေ ချေးယူထားတဲ့ ကြွေးမြီ စုစုပေါင်း ဒေါ်လာ ၁.၅ ဘီလျံကျော် ပါဝင်နေပါတယ်။

    နိုင်ငံအလိုက်ကြည့်ရင် မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံက အစိုးရအဖွဲ့အစည်းတွေဆီက ဒေါ်လာ ၃၉၇.၇ သန်း ချေးယူထားပြီး ပုဂ္ဂလိကအဖွဲ့အစည်းတွေဆီကနေ ရရှိထားတဲ့ချေးငွေက ဒေါ်လာ ၁.၁၈၂ ဘီလျံရှိပါတယ်။

    အဲဒီနှစ်မျိုးပေါင်းရင် တရုတ်နိုင်ငံဆီက ချေးယူထားတဲ့ ကြွေးမြီဟာ ဒေါ်လာ ၁.၅၇၉ ဘီလျံကျော်ရှိပါတယ်။ ဒါပေမဲ့ အစိုးရချင်း ချေးယူထားတဲ့ကြွေးမြီကိုပဲ သီးသန့်ကြည့်မယ်ဆိုရင် ဂျပန်နိုင်ငံက ဒေါ်လာ ၃.၈၅၈ ဘီလျံနဲ့ အများဆုံးဖြစ်ပါတယ်။

    မြန်မာနိုင်ငံရဲ့ရေရှည်ပြည်ပချေးငွေအသစ်ရရှိမှုဟာ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း သိသိသာသာကျဆင်းခဲ့ပေမဲ့ ကြေးမြီပြန်ဆပ်ရတဲ့ပမာဏက ဆက်ရှိနေတယ်လို့ ကမ္ဘာ့ဘဏ် အချက်အလက်အရ သိရပါတယ်။

    ကမ္ဘာ့ဘဏ်ကိန်းဂဏန်းတွေအရ ပြီးခဲ့တဲ့နှစ်မှာ ရေရှည်ပြည်ပကြွေးမြီတွေအတွက် အရင်းနဲ့ အတိုးပြန်ဆပ်ရတဲ့ပမာဏဟာ ဒေါ်လာသန်း ၆၅၀ ကျော်တာကြောင့် ဒီပမာဏဟာ နေ့စဉ်ပျမ်းမျှနှုန်းနဲ့တွက်ကြည့်ရင် တစ်နေ့ကို ဒေါ်လာ ၁.၉ သန်းခန့် ရှိနေပါတယ်။

    ဒါပေမဲ့ နိုင်ငံတကာချေးငွေတွေဟာ နေ့စဉ်ပြန်ဆပ်ရတာမျိုးမဟုတ်ဘဲ သတ်မှတ်ကာလတစ်ခုမှာ တစ်လုံးတည်း ပြန်ပေးဆပ်ရတာမျိုးဖြစ်ပါတယ်။

    ဒေါ်လာ ရှားပါးမှု ဖိအားကြုံနေရတဲ့အစိုးရတစ်ရပ်ဟာ နိုင်ငံတကာကြွေးမြီကို ဒေါ်လာနဲ့ပြန်လည်ပေးဆပ်ရတဲ့အခါ ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ ဘတ်ဂျတ်လျှော့သုံးရတာတွေ ရှိလာပြီး ပြည်တွင်းငွေကြေးတန်ဖိုးကိုလည်း ဖိအားဖြစ်စေတာကြောင့် လောင်စာ၊ ဆေး၀ါးနဲ့ စားသောက်ကုန်လို သွင်းကုန်တွေအတွက် စျေးတက်သွားစေတယ်လို့ ကမ္ဘာဘဏ္ဍာရေးလေ့လာချက်တွေမှာ သုံးသပ်ထားပါတယ်။

  5. တရုတ်-အာဆီယံ Esports ပြိုင်ပွဲမှာ မြန်မာအသင်း ရွှေတံဆိပ်ဆုရ

    နို၀င်ဘာ ၈ ရက်၊ မနေ့က ကျင်းပတဲ့ တရုတ်-အာဆီယံ Esports ပြိုင်ပွဲ(CAEC 2026)ရဲ့ ဗိုလ်လုပွဲမှာ မြန်မာ Mobile Legends (MLBB) အသင်းက အင်ဒိုနီးရှားအသင်းကို ၂ ပွဲ အပြတ်အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။

    CAEC 2026 ပြိုင်ပွဲကို တရုတ်နိုင်ငံ၊ နန်နင်းမြို့မှာ နိုဝင်ဘာ ၆ ရက်ကနေ ၉ ရက်အထိ ၄ ရက်ကြာ ကျင်းပခဲ့တာပါ။

    အဲဒီပြိုင်ပွဲမှာ Mobile Legends (MLBB) နဲ့ Valorant ဂိမ်းကစားနည်းနှစ်မျိုး ထည့်သွင်းကျင်းပခဲ့တာပါ။

    မြန်မာ MLBB အသင်းကတော့ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပတဲ့ ဗိုလ်လုပွဲမှာ အင်ဒိုနီးရှားအသင်းကို ၂ ပွဲ အပြတ်သတ်အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့တာပါ။

    ပထမဆုဟာ ရွှေတံဆိပ်ဆုနဲ့ တရုတ်ယွမ်ငွေ ၈ သောင်း ရရှိခဲ့ပါတယ်။ မြန်မာငွေ သိန်း ၅၀၀ ကျော်လောက် ရရှိခဲ့တာပါ။

    မြန်မာအသင်းဟာ အုပ်စုအဆင့်မှာ ကမ္ဘောဒီးယားအသင်း၊ မလေးရှားအသင်း၊ ဘရူးနိုင်းအသင်းတို့ နဲ့ ယှဉ်ပြိုင်ကစားခဲ့ရပြီး ၂ နိုင် ၁ ပွဲရှုံးရလဒ်နဲ့ ဗိုလ်လုပွဲတက်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။

    မြန်မာကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အသင်းဟာ မကြာသေးခင်ကမှ MSL Myanmar Season 4 ချန်ပီယံဖြစ်လာတဲ့ Falcon Esports ဖြစ်ပါတယ်။

    မြန်မာနဲ့ ဗိုလ်လုပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့အင်ဒိုနီးရှား ကိုယ်စားပြုအသင်းကတော့ Rex Regum Qeon (RRQ) အသင်းဖြစ်ပါတယ်။

    မြန်မာကိုယ်စားပြုအသင်းဟာ ပြီးခဲ့တဲ့အောက်တိုဘာလက ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ အာရှအားကစားပြိုင်ပွဲ(Asian Games) မှာလည်း ရွှေတံဆိပ်ဆုရရှိခဲ့ပါတယ်။

    ဒါကြောင့် မြန်မာကိုယ်စားပြု MLBB အသင်းတွေဟာ နိုင်ငံတကာပြိုင်ပွဲတွေမှာ နှစ်လအတွင်း ရွှေတံဆိပ်ဆုနှစ်ကြိမ် ရရှိထားပြီလည်း ဖြစ်ပါတယ်။

    ဂျပန်နိုင်ငံနဲ့ တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ပြိုင်ပွဲတွေဟာ B-Tier အဆင့်ရှိတဲ့ ပြိုင်ပွဲတွေဖြစ်ပြီး လာမယ့်ဇန်နဝါရီလ၊ တူရကီနိုင်ငံမှာ ကျင်းပမယ့် M 8 ပြိုင်ပွဲကတော့ S-Tier လို့သုံးနှုန်းတဲ့ အဆင့်အမြင့်ဆုံးပြိုင်ပွဲဖြစ်ပါတယ်။

    အခုရွှေတံဆိပ်ဆုရခဲ့တဲ့ မြန်မာကိုယ်စားပြုအသင်း Falcon Esports ဟာ ဒီပြိုင်ပွဲကို ဝင်ခွင့်ရဖို့ လာမယ့်ဒီဇင်ဘာလမှာ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် MCT SEA ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ရဦးမှာဖြစ်ပါတယ်။

    အရင်က M Series လို့ခေါ်တဲ့ကမ္ဘာ့အဆင့်ပြိုင်ပွဲတွေကို မြန်မာအသင်းတွေက တိုက်ရိုက်ဝင်ပြိုင်ခွင့်ရခဲ့ပေမဲ့ အခုတခေါက်မှာတော့ ပထမဆုံးအကြိမ် တဆင့်ခံ‌ ဒေသတွင်းပြိုင်ပွဲတွေမှာ ထပ်ပြိုင်ရဖို့ရှိပါတယ်။

  6. ‘‘ထိုင်းမှာ CI စာအုပ်လာလုပ်သူဦးရေ မှန်းချက်နဲ့ နှမ်းထွက်မကိုက်’’ - အလုပ်သမားဝန်ကြီး

    ထိုင်းမှာ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) စာအုပ် လာလုပ်မယ့်သူ သိန်းနဲ့ချီရှိမယ်လို့ ခန့်မှန်းထားပေမဲ့ တကယ်လာလုပ်တဲ့သူ တစ်သောင်းခွဲသာ ရှိသေးတယ်လို့ အလုပ်သမားဝန်ကြီး ဦးမောင်မြင့်က ပြောပါတယ်။

    ထိုင်းနိုင်ငံမှာ ထုတ်ပေးနေတဲ့ CI စာအုပ်နဲ့ပတ်သက်ပြီး မနေ့က သူ့ရဲ့ Tiktok အကောင့်ကနေ အခုလိုပြောဆိုခဲ့တာပါ။

    “အောက်တိုဘာ ၁၄ ရက်က စဖွင့်တာကို ကျွန်တော်တို့ကတော့ တစ်ရက်၊ တစ်ရက်ကို လေး၊ ငါးထောင်လောက် လုပ်ပေးလို့ရှိရင် ဒီအချိန်အလောက်ဆိုရင်ဖြင့် သိန်းဂဏန်းလောက်ပြီးပြီလို့ ယူဆပေမဲ့ အခုအချိန်မှာ အဘက်ဘက်က အနှောင့်အယှက်တွေကြောင့် စုစုပေါင်း လူတစ်သောင်းခွဲလောက်ပဲ လုပ်ပေးပြီးပါသေးတယ်” လို့ ဦးမောင်မြင့်က ပြောပါတယ်။

    ထိုင်းနိုင်ငံမှာ ဖွင့်ထားတဲ့ CI စာအုပ်ထုတ်ပေးရေးစခန်းတွေမှာ ကြန့်ကြာမှုရှိနေတာမဟုတ်ဘဲ လာလုပ်သူတွေမှာသာ အဘက်ဘက်က အခက်အခဲအကြပ်အတည်းတွေဖြစ်နေတာလို့ သူက ပြောပါတယ်။

    ထိုင်းနိုင်ငံမှာ အောက်တိုဘာ ၁၄ ရက်ကစလို့ CI စာအုပ် စထုတ်ပေးနေကြောင်း ကြေညာပြီးတဲ့နောက် မြန်မာအလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတွေက ထိုင်းမှာ CI စာအုပ်မရှိဘဲ နေထိုင်ခွင့်ပေးဖို့၊ နေပြည်တော်ကို အခွန်မဆောင်ဘဲ ထိုင်းအစိုးရကိုသာ အခွန်ဆောင်ခွင့်ပြုဖို့တောင်းဆိုနေပါတယ်။

    အဲဒီလိုတောင်းဆိုမှုတွေထဲက တစ်ခုအနေနဲ့ အွန်လိုင်းကနေ လက်မှတ်ထိုးလှုပ်ရှားမှုဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း လူ ၁ သန်းကျော်အထိ လက်မှတ်ထိုးထားပြီးဖြစ်ပါတယ်။

    ဦးမောင်မြင့်ကတော့ နေပြည်တော်အစိုးရဟာ အခွန်နဲ့ ရပ်တည်နေရကြောင်းနဲ့ အခုကောက်ခံနေတဲ့ လုပ်ခလစာ အခွန် ၂ ရာခိုင်နှုန်းဆိုတဲ့ ပမာဏဟာ ပြည်ပနိုင်ငံတွေနဲ့ ယှဉ်ရင် အလွန်နည်းတဲ့ပမာဏဖြစ်တယ်လို့ ကာကွယ်ပြောဆိုပါတယ်။

    ထိုင်းအလုပ်သမားဝန်ကြီးကတော့ CI စာအုပ်ထုတ်ပေးတာကို လက်ခံပေမဲ့ စာအုပ်ထုတ်ပေးတဲ့အခါ အလုပ်သမားလစာရဲ့ ၂၅ ရာခိုင်နှုန်းလွှဲထားတဲ့ပြေစာတောင်းခံတာကိုတော့ နေပြည်တော်ကို ကန့်ကွက်စာပို့သွားမယ်လို့ နိုဝင်ဘာ ၆ ရက်နေ့က ပြောထားပါတယ်။

    ဒီမတိုင်ခင်ကလည်း မြန်မာ CI စာအုပ်ဟာ နေပြည်တော်အစိုးရအတွက် ပြည်သူတွေကို ပိုပြီးဖိနှိပ်စေနိုင်တဲ့လက်နက်တွေ ဝယ်ဖို့ အခွန်ငွေတွေ ရသွားစေနိုင်တယ်လို့ ထိုင်းလွှတ်တော်အမတ်အချို့က ၀ေဖန်ခဲ့ပါတယ်။

    နောက်ပြီး နိုဝင်ဘာ ၁ ရက်နေ့က ဘန်ကောက်မြို့၊ ကုလသမဂ္ဂ (UN) ရုံးရှေ့မှာ CI စခန်းတွေ ဖျက်သိမ်းပေးဖို့ ဆန္ဒပြတောင်းဆိုတဲ့ မြန်မာတက်ကြွလှုပ်ရှားသူ ကိုဆူရတ်ကို ထိုင်းအမျိုးသားရေးသမားတွေလာရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် CI စာအုပ်ဟာ ထိုင်းပြည်သူတွေအကြားမှာ လူပြောများစရာဖြစ်လာခဲ့ပါတယ်။

    ထိုင်းရောက်မြန်မာလုပ်သားတွေကြား စာအုပ်အစိမ်းလို့သိကြတဲ့ CI စာအုပ်ဟာ အထောက်အထားလိုအပ်နေတဲ့မြန်မာရွှေ့ပြောင်းလုပ်သားတွေကို မြန်မာအလုပ်သမား၀န်ကြီးဌာနက ထိုင်းနိုင်ငံထဲ စခန်းတွေဖွင့်ပြီး လာလုပ်ပေးတဲ့လုပ်ငန်းစဉ်ဖြစ်လို့ ထိုင်းအစိုးရနဲ့ ဆက်နွှယ်မှု မရှိသလောက်ဖြစ်ပါတယ်။

  7. SCEF ကိုယ်စားလှယ်အဖွဲ့ Paris Peace Forum တက်ရောက်မယ်, ပြင်သစ်သမ္မတနဲ့ သီးခြားတွေ့ဆုံဖို့ရှိတယ်လို့ဆို

    ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့ဟာ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ နိုဝင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်မှာ နှစ်ရက် ကျင်းပမယ့် Paris Peace Forum ကို တက်ရောက်မယ်လို့ ပြင်သစ်အစိုးရနဲ့ နီးစပ်သူတစ်ဦးထံက သိရပါတယ်။

    Forum ကာလအတွင်း ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နဲ့ သီးခြားတွေ့ဆုံရေးပြင်ဆင်ထားပြီး SCEF ရဲ့ လုပ်ငန်းစဉ်တွေကိုဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

    SCEF ကိုယ်စားလှယ်အဖွဲ့ကို SCEF ရဲ့ မူဝါဒရေးရာအကြံပေး နော်မေဦးက ဦးဆောင်မှာဖြစ်ပြီး NUG နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ SCEF အတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ်တဲ့ ဒေါ်ဇင်မာအောင်လည်း ပါဝင်တက်ရောက်မယ်လို့ အဲဒီအခြေအနေကို သိရှိထားတဲ့ ထိုင်းအခြေစိုက် သံတမန်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    ကနဦးအစီအစဉ်တွေအရ ပြင်သစ်သမ္မတအပြင် ပြင်သစ်သမ္မတဟောင်းရဲ့ အကြံပေးနဲ့ အခြားပြင်သစ်ခေါင်းဆောင်တချို့ကိုလည်း တွေ့ဆုံပြီး SCEF ရဲ့ လုပ်ငန်းစဉ်တွေကို တင်ပြဆွေးနွေးဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

    ဘီဘီစီအနေနဲ့ ပြင်သစ်ခေါင်ဆောင်ပိုင်း‌တွေနဲ့ တွေ့ဆုံမယ်ဆိုတာနဲ့ ပတ်သက်လို့ SCEF ပြော‌ရေးဆိုခွင့်ရှိသူတွေနဲ့ သီးခြားအတည်ပြုနိုင်ရေး ကြိုးစား‌‌နေပါတယ်။

    Paris Peace Forum ကို ၂၀၁၈ ခုနှစ်က စတင်ကျင်းပခဲ့တာဖြစ်ပြီး အခုနှစ်မှာ ၉ ကြိမ်မြောက် ကျင်းပတာဖြစ်ပါတယ်။ ဒီနှစ်ရဲ့ ခေါင်းစဉ်ကတော့ “Joining Forces on What Matters Most” ဖြစ်ပြီး ကမ္ဘာ့နိုင်ငံတွေအနေနဲ့ အရေးကြီးတဲ့ စိန်ခေါ်မှုတွေကို အတူတကွ ပူးပေါင်းဖြေရှင်းဖို့ ဆိုပြီး ရည်ရွယ်ထားပါတယ်။

    စစ်ပွဲတွေ၊ ရာသီဥတုပြောင်းလဲမှု၊ နည်းပညာအပြောင်းအလဲနဲ့ ကမ္ဘာ့စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုတွေကို နိုင်ငံတစ်နိုင်ငံတည်းနဲ့ ဖြေရှင်းဖို့ မဖြစ်နိုင်တဲ့အတွက် နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်ရေးကို အလေးထားဖို့ Forum က ဖော်ပြထားပါတယ်။

    ဒီနှစ် Forum မှာတော့ ကလေးသူငယ်တွေရဲ့ အနာဂတ်ကို အလေးထားတဲ့ Child Summit ကိုလည်း ပထမဆုံးအကြိမ် သီးခြားထည့်သွင်းကျင်းပမှာဖြစ်ပါတယ်။ ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ အာဟာရနဲ့ မျက်နှာပြင်နဲ့ နည်းပညာတွေရဲ့ သက်ရောက်မှုတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။

  8. Labubu အရုပ်တွေကို အရူးအမူးဝယ်စုဆောင်းမှု အရှိန်ကျလာလို့ ရောင်းအားကျဆင်း

    နှစ်အတော်ကြာ ကမ္ဘာတစ်ဝန်း ရေပန်းစားခဲ့တဲ့ Labubu အရုပ်တွေကို စုဆောင်းသူတွေကြားမှာ အခုနောက်ပိုင်း လူကြိုက်လျော့လာနေပါတယ်။

    Labubu ထုတ်တဲ့ Pop Mart ရဲ့ ထုတ်ပြန်ချက်အရရောင်းအားဟာ စက်တင်ဘာလကုန်အထိ သုံးလအတွင်း မနှစ်က အလားတူကာလနဲ့ နှိုင်းယှဉ်ရင် ကမ္ဘာတစ်ဝန်း ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တယ်လို့ ကုမ္ပဏီဘက်က ‌ပြောပါတယ်။

    တရုတ်ပြည်မကြီးပြင်ပ ဈေးကွက်တွေမှာ ရောင်းအားကျဆင်းမှု ပိုသိသာခဲ့ပြီး အမေရိကန်ဈေးကွက်မှာတော့ ဝင်ငွေ ၇၀ ရာခိုင်နှုန်းထက်မနည်း ကျဆင်းခဲ့ပါတယ်။

    အရင်က အသက်အရွယ်မရွေး စုဆောင်းသူတွေဟာ ဘယ်အရုပ်ပါမလဲ မသိနိုင်တဲ့ အလုံပိတ်ဘူး (Blind Box) တွေကို တစ်ဘူး ဒေါ်လာ ၁၅ (ပေါင် ၁၁) နဲ့အထက် ပေးဝယ်ခဲ့ကြပါတယ်။ ကိုယ်လိုချင်တဲ့ အရုပ်မရသူတွေဆိုရင်လည်း ပြန်လည်ရောင်းချတဲ့ ဈေးကွက်မှာ ဈေးပိုပေးပြီး ဝယ်ယူခဲ့ကြပါတယ်။

    အခုတော့ Ensito ဟာ Hello Kitty နဲ့ Squishies လို တခြားခေတ်စားနေတဲ့ အရုပ်တွေအကြောင်း အကြောင်းအရာတွေကို ပိုပြီးအာရုံစိုက်လာပါတယ်။

    ဒီအခြေအနေဟာ တစ်ချိန်က Labubu အရုပ်တွေကို ကမ္ဘာတစ်ဝန်း အလွန်အမင်း ရေပန်းစားစေခဲ့ပြီး မိခင်ကုမ္ပဏီ Pop Mart ရဲ့ တန်ဖိုးကို အမေရိကန်အရုပ်ကုမ္ပဏီကြီးတွေဖြစ်တဲ့ Hasbro နဲ့ Mattel နှစ်ခုပေါင်းထက်တောင် ပိုများလာစေခဲ့တဲ့ ဝယ်လိုအား အရှိန်ကျလာတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။

    ဘေဂျင်းအခြေစိုက် Pop Mart ဟာ တစ်ကြိမ်တစ်ခါ လူမှုကွန်ရက်ပေါ်မှာ ဗိုင်းရပ်စ်လို ပျံ့နှံ့ပြီး ရေပန်းစားခဲ့တဲ့ အရှိန်အဟုန်ကို ကျော်လွန်ပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ဆက်လက်ထိန်းထားနိုင်ဖို့ အခက်တွေ့နေရတယ်လို့ စီးပွားရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်

  9. မလေးရှားရဲ့ အော်ပရာဇီမှာ ၂ လအတွင်း မြန်မာ ၂၀ ဦးထက်မနည်းဖမ်းဆီးခံရ

    မလေးရှားနိုင်ငံ၊ ပီနန်းနဲ့ ကက်ဒါပြည်နယ်တို့မှာ အောက်တိုဘာနှောင်းပိုင်းနဲ့ အခု နိုဝင်ဘာလ ၂ လအတွင်း ပြုလုပ်ခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေး (အော်ပရာဇီ) စစ်ဆင်ရေးတွေမှာ နိုင်ငံခြားသား ၇၄၄ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံသား ၂၀ ဦး ပါဝင်တယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM) ရဲ့ နိုဝင်ဘာ ၈ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

    အောက်တိုဘာ ၁၂ ရက်က ကက်ဒါပြည်နယ်၊ ကူလင်းမြို့နားက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးမှာ နိုင်ငံခြားသား ၆၃၀ ဦး ဖမ်းဆီးခံခဲ့ရပြီး မြန်မာနိုင်ငံသား ၇ ဦး ပါဝင်ပါတယ်။

    အောက်တိုဘာ ၂၀ ရက်က ပီနန်းပြည်နယ်၊ ဘူကစ်မဲတာဂျမ်နဲ့ ပရိုင်မြို့တွေရှိ စားသောက်ဆိုင်၊ ဖျော်ဖြေရေးဆိုင်နဲ့ စက်ရုံနှစ်ရုံကို ဝင်ရောက်စစ်ဆေးခဲ့ရာမှာလည်း နိုင်ငံခြားသား ၅၉ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံသား ၅ ဦး ပါဝင်ပါတယ်။

    အလားတူ နိုဝင်ဘာ ၆ ရက်က ပီနန်းပြည်နယ်၊ ဘူကစ်မဲတာဂျမ်မြို့ရှိ ဖျော်ဖြေရေးဆိုင်နှစ်ဆိုင်ကို ဝင်ရောက်စီးနင်းခဲ့ရာမှာလည်း နိုင်ငံခြားသား ၁၁၄ ဦး ဖမ်းဆီးခံခဲ့ရပြီး မြန်မာအမျိုးသား ၈ ဦး ပါဝင်ပါတယ်။

    မလေးရှားအာဏာပိုင်တွေဟာ နိုင်ငံအတွင်း နိုင်ငံခြားသားတွေရဲ့ တရားဝင်နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့်တွေကို စစ်ဆေးပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုတွေ၊ တရားမဝင်အလုပ်ခန့်ထားမှုတွေကို တားဆီးနိုင်ဖို့ နိုင်ငံတစ်ဝန်း စစ်ဆင်ရေးတွေကို ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။

  10. မင်္ဂလာပါ။ နိုဝင်ဘာ ၉ ရက် ဘီဘီစီမြန်မာပိုင်းသတင်း‌တွေကို ဒီစာမျက်နှာမှာ တိုက်ရိုက် တင်ဆက်ပေး‌‌နေပါတယ်။