တိုက်ရိုက်တင်ဆက်မှုဆိုင်ရာသတင်းထောက်
အမေရိကန်ပြည်ထောင်စုမှာတော့ ဝါရှင်တန်ဒီစီ စံတော်ချိန် နို၀င်ဘာ ၄ ရက်၊ မနက် ၆ နာရီ မိနစ် ၄၀ ရှိပါပြီ။
သန်းနဲ့ချီတဲ့အမေရိကန်ပြည်သူတွေဟာ ပြောင်းလဲသွားတဲ့ နိုင်ငံရေးအခြေအနေတစ်ရပ်နဲ့အတူ နို၀င်ဘာလ ၄ ရက် မနက်ခင်းကို နိုးထလာနေကြပြီဖြစ်ပါတယ်။
ဒီနေ့မတိုင်ခင်အထိ တစ်နိုင်ငံလုံးအတွက် သက်ဆိုင်တဲ့ ဥပဒေတွေကို ရေးဆွဲအတည်ပြုတဲ့ ကွန်ဂရက်ကို ရီပတ်ဘလီကန်ပါတီက ထိန်းချုပ်ထားခဲ့တာပါ။ ဒါပေမဲ့ ထရမ့်ရဲ့ ဒုတိယသမ္မတသက်တမ်း နှစ်နှစ်ပြည့်ချိန်မှာ ဒီမိုကရက်တွေက ကြီးကြီးမားမား အနိုင်ရခဲ့ပါတယ်။
အခု ဒီမိုကရက်တွေဟာ ကွန်ဂရက်ရဲ့လွှတ်တော်နှစ်ရပ်ဖြစ်တဲ့ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်ကို ထိန်းချုပ်ထားပါတယ်။ ရီပတ်ဘလီကန်ပါတီရဲ့သမိုင်းဝင်အမာခံနယ်မြေတွေဖြစ်တဲ့ တက္ကဆက်နဲ့ ကန်းဆက်ပြည်နယ်တွေက အမတ်နေရာတွေကိုလည်း ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအကြိမ် လက်လွှဲရယူနိုင်ခဲ့ပါတယ်။
ရလဒ်တွေ ဆက်တိုက် မြန်မြန်ဆန်ဆန် ထွက်ပေါ်လာခဲ့ပေမဲ့ မဲဆန္ဒနယ် တချို့ရဲ့ ရလဒ်တွေကတော့ မထွက်သေးပါဘူး။ အလာစကာနဲ့ မစ္စစ္စပီ ပြည်နယ်တွေမှာ ရလဒ်တွေ စောင့်ဆိုင်းနေရဆဲဖြစ်ပြီး အဲဒီပြည်နယ်တွေရဲ့အထက်လွှတ်တော်အမတ်နေရာတွေကို ဘယ်သူ အနိုင်ရမလဲဆိုတာ ခန့်မှန်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ဒီမိုကရက်တွေ အနိုင်ရခဲ့တဲ့ ဒီညရဲ့အရေးပါတဲ့ အခိုက်အတန့်တွေကို ကြည့်ရှုနိုင်ပါတယ်။
အီရန်စစ်ပွဲနဲ့ လောင်စာဆီဈေးနှုန်း မြင့်တက်လာတာတွေက သူ့ပါတီ ရှုံးနိမ့်ရတဲ့ အကြောင်းရင်းတစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့တယ်လို့ အသိအမှတ်ပြုခဲ့တဲ့ ထရမ့်အတွက် ဒါက အလွန်ဆိုးရွားတဲ့သတင်းဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်၊ နို၀င်ဘာ ၃ ရက် သမ္မတ သက်တမ်း၀က် ရွေးကောက်ပွဲဟာ ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလီကန် ပါတီနှစ်ရပ် စလုံးအတွက် သမိုင်းမှတ်တမ်းသစ် ရေးထိုးခဲ့တဲ့ညဖြစ်ပါတယ်။
ရီပတ်ဘလီကန်ပါတီအတွက်တော့ ၁၉၃၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် တက္ကဆက် ပြည်နယ်က အထက်လွှတ်တော်အမတ်နေရာကို ဆုံးရှုံးခဲ့ရတဲ့သမိုင်းဝင်ရှုံးနိမ့်မှု ဖြစ်ပါတယ်။
ဒီမိုကရက်တွေအတွက်တော့ မီချီဂန်ပြည်နယ်မှာ Abdul El-Sayed က အထက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံရတဲ့ပထမဆုံး မွတ်စလင်ဖြစ်လာခဲ့တာကြောင့် သမိုင်းဝင်အနိုင်ရမှုလည်း ဖြစ်လာပါတယ်။