ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ရီပတ်ဘလီကန်လက်ထဲက ကွန်ဂရက်လွှတ်တော်ကို ဒီမိုကရက်တွေပြန်ယူ

ဒီမိုကရက်တွေက ကွန်ဂရက်လွှတ်တော်ကို ရီပတ်ဘလီကန်တွေလက်ထဲကနေ ပြန်ယူတဲ့သတင်းအပါအ၀င် အမေရိကန်မှာကျင်းပနေတဲ့ သမ္မတသက်တမ်း၀က်ရွေးကောက်ပွဲ ထူးခြားချက်တွေကို အထူးစာမျက်နှာအနေနဲ့ တင်ဆက်ပေးနေတာဖြစ်ပါတယ်။

အနှစ်ချုပ်

  • အမေရိကန် သမ္မတသက်တမ်း၀က် ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေက အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ရပ်စလုံးကို အနိုင်ရပြီး သမ္မတထရမ့်ရဲ့ကျန်ရှိတဲ့ သမ္မတသက်တမ်းတလျှောက် ကွန်ဂရက်ကို ထိန်းချုပ်ခွင့်ရပါပြီ
  • ဒီမိုကရက်တွေ "ကောင်းကောင်းလုပ်နိုင်ခဲ့တယ်" လို့ ထရမ့်က ပြောပြီး အီရန်စစ်ပွဲနဲ့ လောင်စာဆီဈေးနှုန်း မြင့်တက်လာတာတွေက သူ့ပါတီ ရှုံးနိမ့်ရတဲ့အကြောင်းရင်း တစ်ရပ်ဖြစ်တယ်လို့ ၀န်ခံပါတယ်
  • မဲဆန္ဒရှင်တွေဟာ လူနေမှုစရိတ် မြင့်တက်နေတာကြောင့် ဒေါသထွက်နေကြလို့ ဒီရလဒ် ထွက်တာ မဆန်းဘူးလို့ ဘီဘီစီရဲ့မြောက်အမေရိက အယ်ဒီတာက ရေးပါတယ်
  • အထက်လွှတ်တော် ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေဟာ တက္ကဆပ်၊ အိုဟိုင်းယိုးနဲ့ လွန်ခဲ့တဲ့နှစ် ၁၀၀ နီးပါးက နောက်ဆုံးအကြိမ် ဒီမိုကရက်တစ်ဦးကို ရွေးကောက်တင်မြှောက်ခဲ့တဲ့ ကန်းဆက် အပါအဝင် ရီပတ်ဘလီကန် အမာခံနယ်မြေတွေမှာ ဆက်တိုက်အနိုင်ရပါတယ်
  • မီချီဂန်ပြည်နယ်မှာ ဒီမိုကရက်အမတ် Abdul El-Sayed က အနိုင်ရပြီလို့ ကြေညာခဲ့ပါတယ်။ သူဟာ အမေရိကန် အထက်လွှတ်တော်မှာ တာဝန်ထမ်းဆောင်မယ့် ပထမဆုံး မွတ်စလင် ဖြစ်လာမှာပါ
  • ဒီမိုကရက်တွေ ထိန်းချုပ်ထားတဲ့ကွန်ဂရက်လွှတ်နဲ့ ထရမ့် ဘယ်လို ဆက်ဆံမလဲ။ လူမှုကွန်ရက်မှာ သူတင်ခဲ့တဲ့ဦးထုပ်ဓာတ်ပုံတစ်ပုံက ပြသနေပါတယ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. နို၀င်ဘာ ၃ ရက်ည စောင့်ကြည့်ရမယ့် အရိပ်အယောင်တွေ

    ဒန်နီယယ် ဘုရှ်

    ၀ါရှင်တန် သတင်းထောက်

    အမေရိကန်အစိုးရရုံးစိုက်တဲ့ ၀ါရှင်တန်မှာတော့ ဒေသစံတော်ချိန် နို၀င်ဘာလ ၃ ရက် ည ၈ နာရီကျော်ပါပြီ။

    ထရမ့်ခေတ်ရဲ့ထင်ရှားတဲ့ လက္ခဏာတွေထဲက တစ်ခုက ဒေါ်နယ်ထရမ့် ကိုယ်တိုင် မဲစာရင်းမှာ မပါဝင်တဲ့အခါ မဲပေးသူအရေအတွက် မလျော့ကျအောင် ထိန်းထားဖို့ ရီပတ်ဘလီကန် ပါတီ ရုန်းကန်နေရတာ ဖြစ်ပါတယ်။

    အခု ရွေးကောက်ပွဲညက တကယ်စတင်နေပြီဖြစ်တာကြောင့် ၂၀၂၄ ခုနှစ်မှာ ထရမ့် ထောက်ခံမှု ပိုရခဲ့တဲ့ အဓိကမဲဆန္ဒရှင်အုပ်စုတချို့ဖြစ်တဲ့ လက်တင်အမေရိကနွယ်ဖွားတွေနဲ့ အမျိုးသမီးတွေဆီက ရီပတ်ဘလီကန်အမတ်လောင်းတွေ ဘယ်လောက်ထောက်ခံမှုရမလဲဆိုတာ ကျွန်တော် စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။

    ရီပတ်ဘလီကန်တွေက ထရမ့်ရဲ့ မဲဆန္ဒရှင် မဟာမိတ်အုပ်စုကို စည်းလုံးမှုမပျက် ဆက်မထိန်းထားနိုင်ရင် အင်္ဂါနေ့ သက်တမ်း၀က်ရွေးကောက်ပွဲမှာ အမတ်နေရာ အများအပြား ဆုံးရှုံးနိုင်ခြေရှိပါတယ်။ ဒါဟာ ၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲမတိုင်ခင် သတိပေးလက္ခဏာတစ်ခုလည်း ဖြစ်လာမှာပါ။

    ဒီမိုကရက်တစ်ပါတီဘက်မှာတော့ ပြောင်းပြန်ဖြစ်ပါတယ်။ ပါတီအနေနဲ့ လက်တင်အမေရိကနွယ်ဖွား မဲဆန္ဒရှင်တွေဆီက အစဉ်အလာအရ ရရှိခဲ့တဲ့ ထောက်ခံမဲအချိုးအစားကို ပြန်ရယူနိုင်ပြီး အမျိုးသမီးတွေနဲ့ တက္ကသိုလ်ပညာတတ် မဲဆန္ဒရှင်တွေဆီက ထောက်ခံမဲတွေ သိသိသာသာ တိုးရလာမယ်ဆိုရင် နောက်လာမယ့် သမ္မတရွေးကောက်ပွဲမှာ သူတို့ရဲ့ အလားအလာအတွက် ကောင်းမွန်တဲ့လက္ခဏာဖြစ်မှာပါ။

    နိုင်ငံရေး မဟာမိတ်အုပ်စုတွေဟာ အချိန်ကြာလာတာနဲ့အမျှ ပြောင်းလဲတတ်ပါတယ်။ မဲပေးသူအရေအတွက် ပုံမှန်အားဖြင့် လျော့နည်းတတ်တဲ့ သမ္မတသက်တမ်း၀က် ရွေးကောက်ပွဲတစ်ခုရဲ့ ရလဒ်တွေနဲ့ မဲရုံအထွက် စစ်တမ်းတွေကို အခြေခံပြီး ကောက်ချက်ချနိုင်တာကလည်း အကန့်အသတ်ရှိပါတယ်။

    ဒါပေမဲ့ ဒီည ဆက်လက်ကုန်ဆုံးလာတာနဲ့အမျှ လာမယ့်နှစ်နှစ်အတွင်း ပါတီနှစ်ရပ်စလုံး ဘယ်ကို ဦးတည်နေတယ်ဆိုတာ ခန့်မှန်းနိုင်မယ့်အရိပ်အယောင်တွေကို ကျွန်တော် စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။

  2. မဲစာရင်းမှာ သူပါတယ်လို့မှတ်ယူပြီး မဲပေးဖို့ ထရမ့်ပြော

    သီတင်းပတ်တွေ၊ လတွေကြာအောင် သမ္မတကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေ လုပ်ဆောင်လာတဲ့အချိန်တလျှောက် သမ္မတ ဒေါ်နယ်ထရမ့်က မဲဆန္ဒရှင်တွေကို သူ့ရဲ့ မဲဆွယ်ပွဲအများစုမှာ ထပ်ခါတလဲလဲ တောင်းဆိုလာတဲ့စကားတစ်ခွန်း ရှိပါတယ်။

    “ကျွန်တော်ကိုယ်တိုင် မဲစာရင်းမှာပါသလို သဘောထားပြီး မဲပေးကြပါ။” လို့ ထရမ့်က ပြောပါတယ်။

    ၂၀၂၄ သမ္မတရွေးကောက်ပွဲ ရလဒ်မျိုး ပြန်လည်ဖြစ်ပေါ်လာဖို့ ထရမ့်က မျှော်လင့်နေတာ ဖြစ်ပါတယ်။

    အဲဒီရွေးကောက်ပွဲမှာ ထရမ့်အပေါ် ကိုယ်ရေးကိုယ်တာ သစ္စာရှိမှု ပြသခဲ့တဲ့ မဲဆန္ဒရှင် သန်းပေါင်းများစွာနဲ့ သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဒီမိုကရက်တစ်ပါတီအပေါ် မကျေနပ်မှုတွေ ပေါင်းစပ်ပြီး ထရမ့်နဲ့ ရီပတ်ဘလီကန်ပါတီကို မဲထည့်ခဲ့ကြတာပါ။ ဒါကြောင့်ပဲ ထရမ့်က အိမ်ဖြူတော်နဲ့ ရီပတ်ဘလီကန်အမတ်တွေက ကွန်ဂရက် လွှတ်တော်ကို ထိန်းချုပ်ခွင့် ပြန်လည်ရရှိစေခဲ့ပါတယ်။

    ဒါပေမဲ့ လက်ရှိ သမ္မတ သက်တမ်း၀က်ရွေးကောက်ပွဲမှာ ထရမ့်ကိုယ်တိုင်က မဲစာရင်းမှာ မပါဝင်ပါဘူး။ နောက်ပြီး သူ့ရဲ့ဒုတိယသက်တမ်း ကုန်ဆုံးချိန်မှာလည်း တရားဝင်နိုင်ငံရေးသမားဘ၀ အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။

    ဒါကြောင့် ပြည်နယ်နဲ့ ဒေသအလိုက် ကျင်းပနေတဲ့ ရွေးကောက်ပွဲထောင်ပေါင်းများစွာကို "ထရမ့်အပေါ် ထောက်ခံမှု စမ်းသပ်ပွဲ" တစ်ခုလို ပြောင်းလဲဖို့ သူကြိုးစားနေတဲ့ မဟာဗျူဟာဟာ ပုံမှန်မဟုတ်တဲ့လုပ်ဆောင်ချက်တစ်ခုလို့ ဆိုနိုင်ပါတယ်။

    ထရမ့်ကတော့ သူ့အပေါ် မဲဆန္ဒရှင်တွေရဲ့စိတ်အားထက်သန်မှုနဲ့ ထောက်ခံမှုက ရီပတ်ဘလီကန် ကိုယ်စားလှယ်လောင်းတွေကို အနိုင်ရအောင် ကူညီပေးမယ်လို့ ယုံကြည်နေပုံရပါတယ်။

    ဒါ့အပြင် လက်ရှိ အာဏာရပါတီဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ အကြီးအကျယ် အရှုံးကြုံရတတ်တဲ့ အမေရိကန်နိုင်ငံရေး သမိုင်းအစဉ်အလာကိုလည်း ကျော်လွှားနိုင်မယ်လို့ ထရမ့်က မျှော်လင့်နေပါတယ်။

  3. စစ်တမ်းအရ မဲဆန္ဒရှင်အများစုက ထရမ့်ရဲ့ မူဝါဒတွေကြောင့် “စီးပွားရေးအခြေအနေ ပိုဆိုးလာတယ်” လို့ ပြော

    ခရစ် ဂျာဗန်စ်

    အချက်အလက်ဆိုင်ရာ သတင်းထောက်

    သက်တမ်း၀က်ရွေးကောက်ပွဲ အမေရိကန်မဲဆန္ဒရှင်စစ်တမ်းက ပထမအသုတ် အချက်အလက်တွေအရဆိုရင် သမ္မတ ထရမ့်ရဲ့မူဝါဒတွေကြောင့် နိုင်ငံ့စီးပွားရေးအခြေအနေ ပိုဆိုးလာတယ်လို့ မဲဆန္ဒရှင် သုံးပုံနှစ်ပုံနီးပါးဖြစ်တဲ့ ၆၅ ရာခိုင်နှုန်းက ပြောပါတယ်။

    ထရမ့်ရဲ့ မူဝါဒတွေကြောင့် အခြေအနေ တိုးတက်ကောင်းမွန်လာတယ်လို့ ၂၈ ရာခိုင်နှုန်းက ပြောပြီး သမ္မတကြောင့် ဘာသက်ရောက်မှုမှ မရှိဘူးလို့ ပြောသူက ၈ ရာခိုင်နှုန်းပဲ ရှိပါတယ်။

    သမ္မတ ထရမ့်ကို ထောက်ခံကြောင်း ဒါမှမဟုတ် ဆန့်ကျင်ကြောင်း ဖော်ပြလိုတာက အခု သက်တမ်း၀က်ရွေးကောက်ပွဲမှာ သူတို့ မဲပေးရတဲ့အကြောင်းရင်းတစ်ခု ဟုတ်၊ မဟုတ်ကိုလည်း လူတွေကို မေးမြန်းခဲ့ပါတယ်။

    သမ္မတကို ဆန့်ကျင်ကြောင်း ဖော်ပြလိုတာက သူတို့ မဲပေးရတဲ့ အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ ၄၃ ရာခိုင်နှုန်းက ပြောပါတယ်။ ဒါပေမဲ့ အလားတူ ၄၁ ရာခိုင်နှုန်းကတော့ ထရမ့် ဟာ သူတို့ မဲပေးရာမှာ ထည့်သွင်းစဉ်းစားရတဲ့ အချက်တစ်ခု မဟုတ်ဘူးလို့ ပြောပါတယ်။

    မေးမြန်းခံရသူတွေထဲက ၁၆ ရာခိုင်နှုန်းကပဲ Trump ကို ထောက်ခံကြောင်း ဖော်ပြလိုတာက သူတို့ မဲပေးရတဲ့အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ ပြောပါတယ်။

  4. အမေရိကန် သမ္မတ သက်တမ်း၀က်ရွေးကောက်ပွဲမှာ ပထမဆုံး မဲရုံတွေ ပိတ်ပြီ

    မြန်မာစံတော်ချိန် နို၀င်ဘာလ ၄ ရက်၊ ၆ နာရီ မိနစ် ၅၀ ခန့်ရှိပါပြီ။

    အမေရိကန်ပြည်ထောင်စုမှာတော့ နို၀င်ဘာ ၃ ရက် အရှေ့ကမ်းရိုးတန်း ဒေသစံတော်ချိန် ည ၇ နာရီကျော်ရှိပါပြီ။

    ပြည်နယ်အချို့မှာ မဲရုံတွေ စပြီး ပိတ်နေပါပြီ။

    ကင်တပ်ကီ နဲ့ အင်ဒီယားနား ပြည်နယ်တွေမှာ ပထမဆုံး မဲရုံတွေ ပိတ်ခဲ့ပါတယ်။

    နိုင်ငံအရှေ့ကမ်းရိုးတန်းက ဖလော်ရီဒါ၊ ဂျော်ဂျီယာ၊ တောင်ကယ်ရိုလိုင်းနား၊ ဗားမောင့်၊ ဗာဂျီးနီးယားနဲ့ နယူး ဟမ်ရှိုင်းယား ပြည်နယ်တွေမှာလည်း မဲရုံတွေ အခုပဲ ပိတ်လိုက်ပါပြီ။

    လာမယ့် နာရီတွေအတွင်း တခြားပြည်နယ်တွေမှာလည်း မဲရုံတွေ ဆက်လက်ပိတ်သွားမှာဖြစ်ပြီး ရလဒ်တွေ စတင်ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။

  5. သမ္မတသက်တမ်း၀က်ရွေးကောက်ပွဲ (midterms) ဆိုတာဘာလဲ

    နိုဝင်ဘာလ ၃ ရက်မှာ အမေရိကန်ပြည်သူတွေဟာ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်နှစ်ရပ်နဲ့ဖွဲ့စည်းထားတဲ့ ကွန်ဂရက်လွှတ်တော်အတွက် အမတ်နေရာတွေကို မဲပေးရွေးချယ်ကြတာဖြစ်ပါတယ်။

    ဒီရွေးကောက်ပွဲတွေကို နှစ်နှစ် တစ်ကြိမ် ကျင်းပပြီး သမ္မတ သက်တမ်း ၄ နှစ်ရဲ့အလယ်မှာ ကျင်းပကြလို့ သမ္မတသက်တမ်း၀က် ရွေးကောက်ပွဲတွေလို့ ခေါ်ကြပါတယ်။

    ကွန်ဂရက်လွှတ်တော်ရဲ့အဓိကတာဝန်တစ်ခုကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အကျုံးဝင်တဲ့ ဖက်ဒရယ်ဥပဒေတွေကို ရေးဆွဲ အတည်ပြုဖို့ဖြစ်ပါတယ်။

    သမ္မတသက်တမ်း၀က်ရွေးကောက်ပွဲ ရလဒ်က ထရမ့်ရဲ့ရီပတ်ဘလီကန်တွေ ဒါမှမဟုတ် အတိုက်အခံ ဒီမိုကရက်တွေထဲက ဘယ်ပါတီက ကွန်ဂရက်ကို ထိန်းချုပ်တယ်ဆိုတာနဲ့ သမ္မတအတွက် သူ့အစီအစဉ်တွေကို ဘယ်လောက်လွယ်လွယ် အကောင်ထည်ဖော်နိုင်မလဲဆိုတာကို ဆုံးဖြတ်ပေးနိုင်မှာဖြစ်ပါတယ်။

    ဒီရွေးကောက်ပွဲရလဒ်တွေဟာ အမေရိကန်ပြည်သူတွေအနေနဲ့ သမ္မတရဲ့လုပ်ရည်ကိုင်ရည်ကို ဘယ်လောက်အထိ သဘောကျတယ်ဆိုတာကို တိုင်းတာမှု တစ်ခုအဖြစ်လည်း မြင်ကြပါတယ်။

  6. မင်္ဂလာ မနက်ခင်းပါ။

    နို၀င်ဘာလ ၄ ရက် နောက်ဆုံးရသတင်းတွေကို တိုက်ရိုက်တင်ဆက်မှု စတင်ပါပြီ။

    အမေရိကန် သမ္မတ သက်တမ်း၀က် ရွေးကောက်ပွဲရဲ့ နောက်ဆုံးရသတင်းတွေအပြင် မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကိုလည်း အခုစာမျက်နှာမှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။