ရေနံထွက်တဲ့မြိုင်နဲ့ပေါက်မှာ KTV တွေ ပိတ်ဖို့ PDF စာထုတ်
မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်တို့က ရေနံမှော်နယ်မြေတွေမှာ ဖွင့်ထားတဲ့ KTV ဆိုင်ခန်းတွေကို အပြီးသတ်ပိတ်သိမ်းရမှာဖြစ်ပြီး မပိတ်ရင် အရေးယူမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပခုက္ကူခရိုင်စစ်ဌာနက ထုတ်ပြန်ပါတယ်။
ပေါက်မြောက်ပိုင်းနဲ့ မြိုင်အစပ်က ရေနံမြေလုပ်ကွက်တွေမှာ KTV ဆိုင်ခန်းတွေရှိပြီး မူးယစ်ဆေးဝါးသုံးစွဲတာတွေပါ ရှိနေတယ်လို့ ဝေဖန်သံတွေ ထွက်နေချိန် အခုစည်းကမ်းချက် ထွက်လာတာပါ။
ပခုက္ကူခရိုင်စစ်ဌာနရဲ့မနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်အရလည်း KTV အခန်းတွေထဲမှာ ပြည်သူတွေသာမက တော်လှန်ရေးသမားတွေပါ မူးယစ်ဆေးဝါးသုံးစွဲပျော်ပါးတာအပြင် ရောင်းချ၊ သယ်ဆောင်တာတွေပါ လုပ်နေကြောင်း ထည့်ပြောထားပါတယ်။
ဒါကြောင့် မနေ့ နိုဝင်ဘာ ၁၁ ရက်ကစလို့ KTV ဆိုင်တွေအပြီးပိတ်ဖို့ စာထွက်လာတာပါ။
“KTV တွေက ရေနံမြေဘက်မှာပဲ ရှိတာပါ။ ရာသီဥတုကလည်းမိုးအဆက်မပြတ်ရွာနေတော့ ပိတ်ပြီလား၊ ဘယ်လိုဖြစ်နေလဲဆိုတာ မသိရသေးဘူး” လို့ ပေါက်နယ်မြေခံ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြိုင်နဲ့ ပေါက်က ရေနံမြေတွေကို တော်လှန်ရေးတပ်တွေက စိုးမိုးထိန်းချုပ်ခဲ့ပြီး KTV ဆိုင်တွေပါ တွင်တွင်ကျယ်ကျယ်ရှိလာတဲ့အကြောင်း ပခုက္ကူခရိုင်စစ်ဌာနက ဝန်ခံထုတ်ပြောတဲ့သဘောလို့လည်း နားလည်ရပါတယ်။
ဘဏ္ဍာငွေရရှိတဲ့အဲဒီရေနံလုပ်ကွက်တွေကိုပြန်ရဖို့ မြန်မာစစ်တပ်က မြေပြင် စစ်ကြောင်းတွေဖြန့်ခွဲထိုးခဲ့ပြီး ပခုက္ကူခရိုင်ထဲမှာ နှစ်ဖက်တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။
ပခုက္ကူခရိုင်ဟာ မကွေးတိုင်းမှာ NUG အစိုးရ လက်အောက်ခံမဟုတ်တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ (LPDF) ၈၀ ရာခိုင်နှုန်းရှိတဲ့ဒေသဖြစ်ပြီး တပ်သား၊ လက်နက်နဲ့ ဝင်ငွေကို ကိုယ်တိုင် ထိန်းချုပ်ထားကြတယ်လို့ သုတေသနအဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ အညာလေ့လာရေးစင်တာက ပြောပါတယ်။
မကွေးဖက်ဒရယ်ယူနစ်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနပေါ်လာချိန်မှာ ပခုက္ကူခရိုင်က LPDF အဖွဲ့ ၃၀ ဟာ ယူနစ်အစိုးရလုံခြုံရေးစနစ် အောက်ထဲရောက်သွားခဲ့ပါတယ်။
ဒါပေမဲ့ မကွေးယူနစ်အစိုးရအောက်ကိုရောက်သွားတဲ့ အဲဒီ LPDF အဖွဲ့တွေထဲက တစ်ဖွဲ့ရဲ့ ဒုစစ်ကြောင်းမှူးနဲ့ ထောက်လှမ်းရေးအဖွဲ့ဝင်ဟု ကျပ်ငွေသိန်းရာချီနဲ့ လက်နက်အချို့ ယူဆောင်ပြီး စစ်တပ်နဲ့ပူးပေါင်းသွားတဲ့ဖြစ်စဉ်လည်း အခုလဆန်းပိုင်းမှာ ဖြစ်ခဲ့ပါတယ်။