ကာကွယ်ရေးအသုံးစရိတ် ကျပ် ဘီလျံ တစ်သောင်းကျော်နဲ့အမြင့်ဆုံးရောက်

မြန်မာစစ်တပ်ရဲ့ကာကွယ်ရေး ဘတ်ဂျက် ကျပ် ဘီလျံ တစ်သောင်းကျော်ရှိလာတဲ့သတင်းအပါအဝင် မြန်မာနဲ့ ကမ္ဘာထူးခြားသတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • မြန်မာလုပ်သားအရေး တက်ကြွလှုပ်ရှားသူ ကိုဆူရတ်ကို မှတ်ပုံတင်အတုပြုလုပ်တဲ့စွပ်စွဲချက်နဲ့ ထိုင်းတရားရုံး ဖမ်းဝရမ်းထုတ်ခံရ၊ပြစ်မှုထင်ရှားရင်ထောင်ဒဏ်သုံးနှစ်ကျော် ချမှတ်ခံရနိုင်
  • ဂေဟစနစ်နဲ့ငါးမျိုးစိတ်တွေအတွက်အန္တရာယ်ရှိတဲ့ အာဖရိကငါးခူ ငါးတွေကို ကျပ်သိန်း ၂၃၀ ကျော်ဖိုး တရားမဝင်သယ်ဆောင်လာတဲ့အဖွဲ့ကို မော်လမြိုင်- ရန်ကုန်ရထားပေါ် မှာဖမ်းမိ
  • Nvidia သူဌေး ဂျန်ဆန် ဟွမ် နဲ့ တရုတ်စပိုင်လို့ မသင်္ကာသူအမျိုးသမီး ခြေရှုပ်တဲ့ကိစ္စကို FBI က စုံစမ်းနေပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ပြော
  • မြန်မာနွယ်ဖွား ချင်းဖိုက်တာ UFC Flyweight ချန်ပီယံ ဂျော့ရှု၀ါ ဗန်ကို အောင်မြင်မှုကို တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးက တရား၀င် အသိအမှတ်ပြုလွှာ ချီးမြှင့်
  • မွန်ပြည်နယ်နဲ့ ပဲခူးထဲမှာရှိတဲ့ NUG ရဲ့ စစ်ဌာချုပ်စခန်းနဲ့ KNLA စခန်းတွေအပါအ၀င် စခန်း ၁၁ ခုကို သိမ်းလိုက်တယ်လို့ စစ်တပ် သတင်းထုတ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. နို၀င်ဘာ ၁၀ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. ဦးဝင်းမြင့်ကို မွေးနေ့ဆုတောင်းပေးခဲ့တဲ့ဂျာမနီသံရုံး ယာယီတာဝန်ခံ သတိပေးခံရ

    နေပြည်တော်က ထုတ်ပြန်တဲ့ဓာတ်ပုံ

    ရန်ကုန်မြို့က ဂျာမနီသံရုံး ယာယီတာဝန်ခံ မစ္စတာ မာသီးရက်စ် လေရှာ့စ်ကို နိုဝင်ဘာ ၁၀ ရက်မှာ ခေါ်ယူတွေ့ဆုံပြီး သံရုံးရဲ့လူမှုကွန်ရက်စာမျက်နှာမှာ နိုဝင်ဘာ ၈ ရက်က တင်ခဲ့တဲ့ ဗီဒီယိုနဲ့ပတ်သက်ပြီး သတိပေးပြောကြားခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီညနေပိုင်းမှာ သတင်းထုတ်ပါတယ်။

    သံရုံးယာယီတာဝန်ခံအနေနဲ့ ဦးဝင်းမြင့်ကို နိုင်ငံတော်သမ္မတအဖြစ် သဘောထားပြီး လက်ရှိအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်လိုတာမရှိဘဲ မြန်မာမှာလည်း ဆက်ပြီး တာဝန်ထမ်းဆောင်လိုတာမရှိရင် တားမြစ်မှာမဟုတ်ကြောင်းလည်း ပြောကြားခဲ့တယ်ဆိုပြီး ထုတ်ပြန်ချက်မှာ ထည့်‌ရေးထားပါတယ်။။

    ရန်ကုန်မြို့မှာ ပြုလုပ်တဲ့တွေ့ဆုံမှုအတွင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကိုကိုကျော်က သံရုံးယာယီတာဝန်ခံရဲ့ပြောဆိုမှုဟာ နိုင်ငံတော်အကြီးအကဲကို စော်ကားရာရောက်သလို ရွေးကောက်ပွဲမှာ မဲပေးခဲ့တဲ့ပြည်သူ ၁၃.၁၃ သန်းကျော်ကိုလည်း မထီမဲ့မြင်ပြုရာရောက်တယ်လို့ ပြောကြားခဲ့တယ်ဆိုပြီး ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

    ဒါ့အပြင် သံရုံးယာယီတာဝန်ခံရဲ့ပြောဆိုမှုနဲ့ ဗီဒီယိုရိုက်ကူး တင်ဆက်ပုံတွေဟာ မြန်မာရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာဖြစ်ပြီး နိုင်ငံတွင်း မငြိမ်မသက်မှုဖြစ်စေဖို့ အားပေးရာရောက်တယ်လို့လည်း စွပ်စွဲထားပါတယ်။

    ဂျာမနီသံရုံး ယာယီတာဝန်ခံ မစ္စတာ မာသီးရက်စ်လေရှာ့စ်ကတော့ မြန်မာသမ္မတအဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ ဦး၀င်းမြင့်နဲ့ တွေ့ဆုံဖို့ ကြိုးပမ်းပေမဲ့ ၆ လကြာတဲ့အထိ တွေ့ဆုံခွင့်မရသေးဘူးလို့ နိုဝင်ဘာ ၈ ရက်က ထုတ်ပြောလာပါတယ်။

    ဦး၀င်းမြင့်ရဲ့အသက် ၇၅ နှစ်ပြည့်မွေးနေ့ သတင်းစကားဆိုတဲ့ရုပ်သံမှာ ဂျာမနီသံရုံးအကြီးအကဲက ဦး၀င်းမြင့်နေထိုင်ခဲ့တဲ့ရန်ကုန်တိုင်း၊ တာမွေမြို့နယ်က တိုက်ခန်းရှေ့ကိုသွားရင်း အခုလိုပြောခဲ့တာဖြစ်ပါတယ်။

    ဒီနှစ် ၂၀၂၆၊ ဧပြီလမှာ ဦးဝင်းမြင့်ကို အကျဉ်းထောင်ကနေ ပြန်လွှတ်ပေးခဲ့တဲ့ ကြေညာချက်ကို ဂျာမနီနိုင်ငံက ကြိုဆိုခဲ့တယ်လို့ သူက ဆိုပါတယ်။

    ဒါပေမဲ့ ဦးဝင်းမြင့်အနေနဲ့ ဧည့်သည်တွေကို လွတ်လွတ်လပ်လပ် လက်ခံတွေ့ဆုံခွင့်နဲ့ အခြားသူတွေနဲ့ အကန့်အသတ်မရှိ ဆက်သွယ်ပြောဆိုခွင့် အမှန်တကယ် ရရှိနေခြင်း ရှိ၊ မရှိအပေါ် စိုးရိမ်ပူပန်မှုတွေ ဆက်လက်ရှိနေတယ်လို့ သူက ပြောပါတယ်။

    ဂျာမနီသံရုံးအကြီးအကဲကတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာနိုင်ငံမှာ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူ အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ဂျာမနီနိုင်ငံရဲ့ တောင်းဆိုချက်ကို သူ့ရုပ်သံထဲ ထည့်ပြောပါတယ်။

    မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ပဋိပက္ခတွေ အဆုံးသတ်နိုင်ရေးအတွက် အားလုံးပါဝင်ပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ကြဖို့ ဂျာမနီနိုင်ငံက ဆက်လက်တိုက်တွန်းတယ်လို့လည်း သူက ရုပ်သံထဲမှာ ဆိုပါတယ်။

    နေပြည်တော်ကတော့ ၁၉၆၁ ခုနှစ် သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်တွေအရ သံတမန်တွေဟာ လက်ခံတဲ့နိုင်ငံရဲ့ဥပဒေတွေကို လေးစားလိုက်နာရပြီး ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်ခြင်းမပြုဖို့ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

    အဲဒီဗီဒီယိုနဲ့ပတ်သက်ပြီး ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ခွင့်ပြုချက်နဲ့ ထုတ်ပြန်ခဲ့တာ ဟုတ်၊ မဟုတ် တရားဝင်ရှင်းလင်းပေးဖို့ မြန်မာဘက်က တောင်းဆိုခဲ့သလို အလားတူလုပ်ရပ်မျိုး ထပ်မလုပ်ဖို့လည်း ပြောခဲ့တယ်လို့ဆိုပါတယ်။

    ထပ်မံလုပ်ဆောင်ရင် နိုင်ငံတကာဥပဒေနဲ့ သံတမန်ရေးရာအစဉ်အလာတွေအရ အရေးယူဆောင်ရွက်မယ်လို့ ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပါတယ်။

  3. ချောင်းရေကျော်လို့ ကလောမြို့ ရပ်ကွက် ၃ မှာ ရေကြီး

    ကလောမြို့ ရပ်ကွက် ၃ က ရေကြီးမှု

    ရှမ်းပြည်နယ်တောင်ပိုင်းက ကလောမြို့မှာ ချောင်းရေကျော်လာတာကြောင့် မြို့ပေါ် ရပ်ကွက် ၃ မှာ ဒီနေ့ မနက်ပိုင်းကစလို့ ရေကြီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    မိုးများတာကြောင့် ဒီနေ့မနက် ၅ နာရီဝန်းကျင်ခန့်ကစလို့ ရေတက်လာတာဖြစ်ပြီး စိုးရိမ်ရတဲ့ အခြေအနေမဟုတ်သေးဘူးလို့ ကလောမြို့ခံတစ်ဦးက ပြောပါတယ်။

    “‌‌ရေက ခြေမျက်စိလောက် ရှိပါတယ်။ နေ့လယ်ပိုင်းတော့ ရေနည်းနည်းကျပေမဲ့ ရေကျန်တုန်းပဲ။ ရပ်ကွက် ၃ ဘက်ကို ရွှေ့ပြောင်းဖို့ လိုက်အော်တာ မရှိသေးဘူး၊ ဒါပေမဲ့ ကယ်ဆယ်ရေးလှေတွေတော့ အသင့်ပြင်ထားတယ်” လို့ သူက ဆက်ပြောပါတယ်။

    ဒီနေ့ ညနေ ၃ နာရီခွဲအချိန်အထိ ကလောမြို့မှာ မိုးဆက်တက်ရွာနေဆဲလို့ သိရပါတယ်။

    ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေလို့ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းအပါအဝင် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ နေ့လယ် ၂ နာရီမှာ ထုတ်ပြန်ပါတယ်။

    တနင်္သာရီ၊ ကရင်နဲ့ မွန်တို့မှာ နေရာကျဲကျဲ၊ ရန်ကုန်၊ ကချင်နဲ့ ရခိုင်တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းနဲ့ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမယ်လို့လည်း ခန့်မှန်းပါတယ်။

    ကရင်ပြည်နယ်ကလွဲလို့ နိုင်ငံတဝန်းမှာ မိုးတိမ်တောင်တွေဖြစ်နေလို့ ရွေ့လျားရာနေရာ တလျှောက်မှာ မိုးရွာမယ့်အပြင် လေပြင်း တိုက်ခတ်၊ မိုးထစ်ချုန်း၊ မိုးကြိုးပစ်၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာလို မိုးလေဝသဖြစ်စဉ်တွေ ဖြစ်နိုင်လို့ ကြိုတင်သတိပြုဖို့လည်း မိုးဇလက ပြောပါတယ်။

  4. ကာကွယ်ရေး ဘတ်ဂျက် ကျပ် ဘီလျံ တစ်သောင်းကျော်ရှိလာ

    ကာကွယ်ရေး၀န်ကြီးအသစ်အဖြစ် ကျမ်းကျိန်ဖို့ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်တုန်းက လွှတ်တော်ကို ရောက်လာတဲ့ ဗိုလ်ချုပ်ကြီးရာပြည့်
    ဓာတ်ပုံ ပုံစာ, ကာကွယ်ရေး၀န်ကြီးအသစ်အဖြစ် ကျမ်းကျိန်ဖို့ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်တုန်းက လွှတ်တော်ကို ရောက်လာတဲ့ ဗိုလ်ချုပ်ကြီးရာပြည့်

    မြန်မာစစ်တပ်အတွက် ဒီနှစ် ကာကွယ်ရေးအသုံးစရိတ်က ကျပ်ဘီလျံ တစ်သောင်းကျော်အထိရှိလာတယ်လို့ ပြည်ထောင်စုရဲ့နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းဆွေးနွေးချက်တွေအရ သိရပါတယ်။

    ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို ဘီလျံ ရှစ်ထောင်နီးပါးခွင့်ပြုထားပြီးဖြစ်ပါတယ်။

    ဒါပေမဲ့ ဘီလျံ ၂,၅၀၀ ကျော် ဖြည့်စွက်တောင်းခံလာတာဖြစ်လို့ ကာကွယ်ရေးအသုံးစရိတ်က ကျပ် ဘီလျံ တစ်သောင်းကျော်အထိ ရှိလာပါတယ်။

    ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ထုတ်ပြန်ခဲ့တဲ့ကာကွယ်ရေးအသုံးစရိတ်မှာ ကျပ်ဘီလျံ ၅,၆၀၀ ကျော်အထိ သုံးစွဲခဲ့ပြီး အမြင့်ဆုံးအသုံးစရိတ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

    ဒါကြောင့် ၂၀၂၄ ခုနှစ်နောက်ပိုင်း ကာကွယ်ရေးအသုံးစရိတ်ဟာ ၂ ဆ နီးပါးမြင့်တက်လာတာလို့ နားလည်ရပါတယ်။

    နေပြည်တော်ဟာ ၂၀၂၁ စစ်အာဏာသိမ်းကာလနောက်ပိုင်း နှစ်တွေမှာ ကာကွယ်ရေးအသုံးစရိတ်စာရင်းကို အသေးစိတ်မဖော်ပြတော့ဘဲ လွှတ်တော်ပေါ်လာပြီးနောက်ပိုင်းမှ ကာကွယ်ရေးအသုံးစရိတ်ကို ပြန်ဆွေးနွေးလာကြတာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်း ဦးသိန်းစိန်အစိုးရ၊ NLD အစိုးရနဲ့ အာဏာသိမ်းစစ်ကောင်စီ ၃ ဆက်ပြောင်းခဲ့ပေမဲ့ ကာကွယ်ရေးအသုံးစရိတ်က တစ်နှစ်ထက်တစ်နှစ် ပိုတိုးလာပါတယ်။

    ဦးသိန်းစိန်အစိုးရ နောက်ဆုံးနှစ်ဖြစ်တဲ့ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်က ကာကွယ်ရေးအသုံးစရိတ်ဟာ ကျပ်ဘီလီယံ ၂,၀၀၀ ကျော်သာရှိခဲ့ပြီး NLD အစိုးရလက်ထက် ၂၀၁၈-၂၀၁၉ ဘတ်ဂျက်မှာ ကျပ်ဘီလီယံ ၃,၀၀၀ ကျော် ခွင့်ပြုခဲ့ဖူးပါတယ်။

  5. ပြည်ပရောက်မြန်မာတွေ ၂၅ ရာခိုင်နှုန်း မိသားစုကိုလွှဲထားကြောင်း ၃ လစာ မပြနိုင်ရင် ပက်စပို့သက်တမ်းတိုးခွင့်မရ

    ပက်စပို့စာအုပ် (ပုံဟောင်း)
    ဓာတ်ပုံ ပုံစာ, ပက်စပို့စာအုပ် (ပုံဟောင်း)

    အလုပ်လုပ်ကိုင်တဲ့ PJ အမျိုးအစား နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့ ပြည်ပရောက် မြန်မာတွေအနေနဲ့ သက်တမ်းတိုးရာမှာ ဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်း မိသားစုကိုလွှဲထားကြောင်း ၃ လစာမပြနိုင်ရင် ပက်စပို့မထုတ်ပေးတော့ကြောင်း သံရုံးအသီးသီးက ထုတ်ပြန်လာပါတယ်။

    ဘန်ကောက်အပြင် မနီလာ၊ ဟောင်ကောင်၊ မကာအိုအခြေစိုက် မြန်မာသံရုံးတွေက နိုဝင်ဘာ ၁၀ ရက် ရက်စွဲနဲ့ ထုတ်လာတာပါ။

    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အခြေစိုက် မြန်မာသံရုံးမှာတော့ မနေ့ နိုဝင်ဘာ ၁၀ ရက်ကစလို့ ဒီစနစ်ကိုစတင်ကျင့်သုံးတာဖြစ်ပြီး ဝင်ငွေ ၂၅ ရာခိုင်နှုန်းရဲ့ ၃ လစာအပြင် မှတ်ပုံတင်အစစ်ကိုပါ မဖြစ်မနေပြဖို့လိုကြောင်း သံရုံးနဲ့နီးစပ်သူတချို့ဆီက သိရပါတယ်။

    “၃ လစာကိုယ်တိုင်မလွှဲနိုင်ဘူးဆိုရင် ၂၅ ရာခိုင်နှုန်းလွှဲထားကြောင်းပြဖို့စာရွက်ခကို ထိုင်း ဘတ် ၁,၀၀၀၊ တချို့ကတော့ ၁,၃၀၀ လောက်တောင်းပြီးတော့ လွှဲပေးတယ်။ အချက်အလက်တင်ရမှာက နာမည်၊ ဘဏ်နာမည်၊ သက်တမ်းတိုးမယ့်သူရဲ့ ပက်စပို့နံပါတ်ထည့်ပေးရုံဆိုတော့ အဲလိုလုပ်ပေးပါတယ်” လို့ ဘန်ကောက်သံရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

    ထိုင်းမှာ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) စာအုပ်ထုတ်ပေးချိန်မှာ ၂၅ ရာခိုင်နှုန်း မဖြစ်မနေပြဖို့ နေပြည်တော်ဘက်က တောင်းခံရာကနေ ပက်စပို့အသစ်ထုတ်ပေးဖို့ပါ အခုလို အချက်အလက်ပြဖို့တောင်းခံလာတာပါ။

    CI စာအုပ်လုပ်ချိန်မှာလည်း ၂၅ ရာခိုင်နှုန်းလွှဲထားကြောင်းအထောက်အထားပြဖို့ ဘတ် ၁,၀၀၀ ကနေ ၁,၅၀၀ ကြားငွေကြေးပေးရတာတွေရှိကြောင်း ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သား အရေးဆောင်ရွက်သူတွေဆီက သိရပြီး CI မလိုဘဲ ထိုင်းမှာအလုပ်လုပ်ခွင့်ရဖို့ တောင်းဆိုနေကြတာပါ။

    ၂၅ ရာခိုင်နှုန်းလွှဲရာမှာ အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ K Bank၊ 2C2P နဲ့ True Money တို့ကနေသာ လွှဲပြောင်းရမှာလည်းဖြစ်ပါတယ်။

    ဒါဟာ နေပြည်တော်အစိုးရအတွက် ပြည်ပရောက်မြန်မာတွေဆီကနေ နိုင်ငံခြားငွေစီးဆင်းလာဖို့ အတွက် ဖိအားပေးလုပ်ဆောင်နေတာဆိုပြီးလည်း အလုပ်သမားအခွင့်အရေးရှုထောင့်ကနေ ဝေဖန်မှုတွေရှိနေပါတယ်။

  6. စစ်တပ်နဲ့ပူးပေါင်းသွားတဲ့ လီဆူးအဖွဲ့ဝင်တွေက မိုးကုတ်မြို့ကာကွယ်ရေးလုပ်မယ်

    မိုးကုတ်မှာ ပူးပေါင်းကြောင်းပြုလုပ်တဲ့ ပွဲအခမ်းအနား
    ဓာတ်ပုံ ပုံစာ, မိုးကုတ်မှာ ပူးပေါင်းကြောင်းပြုလုပ်တဲ့ ပွဲအခမ်းအနား

    မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင် အယောက် ၂၀၀ ပူးပေါင်းလာတဲ့ပွဲအခမ်းအနား ဒီနေ့မနက်ပိုင်းမှာ မြန်မာစစ်တပ်ကလုပ်ခဲ့ပြီး အခုပူးပေါင်းတဲ့အဖွဲ့ဝင်တွေက မြို့ကာကွယ်ရေးဆက်လုပ်မယ်လို့ ထုတ်ပြောသွားပါတယ်။

    စစ်တပ်နဲ့ပူးပေါင်းတာဟာ ဦးဂူဆီးဦးဆောင်တဲ့ လီဆူးတပ်ဖွဲ့ဝင်တွေဖြစ်ကြောင်း TNLA က အောက်တိုဘာလထဲကထုတ်ပြန်ထားပြီး အဲဒီအဖွဲ့ဝင်တွေက ပြည်သူကိုဖိနှိပ်ရင် အရေးယူမယ့် အကြောင်းပါ ဖော်ပြထားပါတယ်။

    “လီဆူးက ၅၀ ပဲပူးပေါင်းတာပါ။ ကျန်တဲ့ ၁၅၀ လောက်က သူတို့အတင်းအဓမ္မပြန် စုဆောင်းထားတဲ့သူတွေပါ။ မိုးကုတ်မြို့ပေါ်နဲ့ ရွာတွေဘက်မှာ ပြန်ဆွဲထားတာပါ” လို့ TNLA သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းအတွင်း မိုးကုတ်မြို့ကို တအာင်းတပ် (TNLA) တပ်ဦးဆောင်တဲ့ တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်ခဲ့ပါတယ်။ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် TNLA နဲ့ စစ်တပ် အပစ်ရပ်ချိန်မှာ မိုးကုတ်မြို့ကို စစ်တပ်ဆီ ပြန်လွှဲပြောင်းပေးခဲ့ပါတယ်။

    ဒီနေ့လုပ်တဲ့ပွဲကို TNLA တပ်ဖွဲ့ဝင် အမျိုးသား ၁၇၈ ဦးနဲ့ အမျိုးသမီး ၂၂ ဦးဟာ သေနတ် ၇၈ လက်နဲ့ ကျည်မျိုးစုံ ၁,၅၀၀ နီးပါးတို့နဲ့အတူ ပူးပေါင်းလာတဲ့ လက်နက်ချပွဲအဖြစ် စစ်တပ်ရဲ့ မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကဦးစီးကျင်းပတာပါ။

    စစ်တပ်ရဲ့အချက်အလက်အရ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို လာရောက်ပူးပေါင်းသူ ၂,၅၀၀ ကျော်ပြီလို့လည်း သိရပါတယ်။

    ဒါပေမဲ့ တော်လှန်ရေးအဖွဲ့တွေဘက်ကတော့ ပူးပေါင်းသူတချို့ရှိပေမဲ့ အရေအတွက်မများကြောင်း အစောပိုင်းကတည်းက တုံ့ပြန်ထားပါတယ်။

  7. Nvidia သူဌေးနဲ့ တရုတ်စပိုင်လို့ မသင်္ကာသူအမျိုးသမီး ခြေရှုပ်တဲ့ကိစ္စကို FBI က စုံစမ်းနေပြီလို့ သမ္မတ ထရမ့်ပြော

    ထရမ့် (၀ဲဘက်)နဲ့ Nvidia သူဌေး ဂျန်ဆန် ဟွမ်(ယာဘက်) တို့ ပေါင်းစပ် ဓာတ်ပုံ

    အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က အန်ဗီဒီယာ(Nvidia)ကုမ္ပဏီ အမှုဆောင်ချုပ် ဂျန်ဆန် ဟွမ်နဲ့ တရုတ်သူလျှိုလို့ စွပ်စွဲခံထားရသူ အမျိုးသမီးတို့ကြားက ဆက်ဆံရေးကို အမေရိကန်ထောက်လှမ်းရေး (FBI)က စုံစမ်းစစ်ဆေးနေပြီလို့ ပြောလာပါတယ်။

    အန်ဗီဒီယာ သူဌေး ဂျန်ဆန် ဟွမ်ဟာ တရုတ်ထောက်လှမ်းရေးလှုပ်ရှားမှုရဲ့ပစ်မှတ်ထားမှု ခံခဲ့ရတယ်လို့ ယုံကြည်ကြောင်း သတင်းတွေ ထွက်ပေါ်လာပြီးနောက် ဟွမ်နဲ့ စကားပြောခဲ့တယ်လို့ သမ္မတ ထရမ့်က ဆိုပါတယ်။

    "သူက သူလျှိုဖြစ်တယ်ဆိုတာကို သိခဲ့လားလို့ သူ့ကို ကျွန်တော် မေးခဲ့တယ်။ သူ လုံး၀ မသိခဲ့ပါဘူးလို့ ပြောတယ်။ ကျွန်တော်လည်း သူ့ကို ယုံကြည်ပါတယ်'' လို့ ထရမ့်က သတင်းထောက်တွေကို ပြောပါတယ်။

    တရုတ်အစိုးရကတော့ ဂျန်ဆန် ဟွမ်ကို ပစ်မှတ်ထားခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေကို ပယ်ချခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီစွပ်စွဲချက်တွေဟာ "အခြေခံမရှိတဲ့ ထင်ကြေးပေးချက်တွေဖြစ်ပြီး တရုတ်နိုင်ငံကို သိက္ခာချဖို့ ရည်ရွယ်တာ"လို့ ပြောဆိုခဲ့ပါတယ်။

    တရုတ်သူလျှိုဟု စွပ်စွဲခံထားရတဲ့ အဲလစ် ဟွမ်နဲ့ ပတ်သက်တဲ့ကိစ္စကို သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု တစ်ခု ပြုလုပ်ခိုင်းထားတဲ့ အန်ဗီဒီယာ ကုမ္ပဏီကတော့ ကုမ္ပဏီရဲ့ လျှို့ဝှက်အချက်အလက်တွေ ဒါမှမဟုတ် အမျိုးသားလုံခြုံရေး ထိခိုက်နိုင်တဲ့အချက်အလက်တွေ ထိခိုက်မှုမရှိဘူးလို့ ယူဆထားတဲ့အကြောင်း ပြောပါတယ်။

    အန်ဗီဒီယာဟာ ကမ္ဘာပေါ်မှာ အက်ပဲလ်ပြီးရင် တန်ဖိုးအမြင့်ဆုံး ဒုတိယမြောက် ကုမ္ပဏီဖြစ်ပြီး ဉာဏ်ရည်တု(AI) နည်းပညာရဲ့အဓိက အခြေခံဖြစ်လာတဲ့ကွန်ပျူတာ ချစ်ပ်တွေကို ဒီဇိုင်းထုတ်လုပ်နေတဲ့ကုမ္ပဏီ ဖြစ်ပါတယ်။

    ဒီသတင်းတွေ ထွက်လာပြီးနောက် တနင်္လာနေ့မှာ အန်ဗီဒီယာရဲ့ရှယ်ယာဈေးနှုန်း ၄ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီး ကုမ္ပဏီတန်ဖိုး အမေရိကန်ဒေါ်လာ ဘီလျံ ၂၅၀ ခန့် လျော့ကျသွားခဲ့ပါတယ်။

    နောက်ပိုင်း အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ထရမ့်က FBI ဟာ ဒီကိစ္စကို စုံစမ်းနေတယ်လို့ပြောခဲ့ပေမဲ့ စုံစမ်းစစ်ဆေးမှုရဲ့အသေးစိတ်အချက်အလက် ဒါမှမဟုတ် ဘယ်အချိန်က စတင်ခဲ့သလဲ ဆိုတာကိုတော့ မရှင်းပြခဲ့ပါဘူး။

    FBI ကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

    New York Times သတင်းဌာနကလည်း အမေရိကန်ထောက်လှမ်းရေးအရာရှိတွေက ဟွမ် ခေါ် အဲလစ် ဟွမ်ဟာ ပေကျင်းအတွက် အလုပ်လုပ်တဲ့သူလျှိုတစ်ဦးဖြစ်တယ်လို့ ယုံကြည်နေကြတယ်လို့ သတင်းဖော်ပြပါတယ်။

    ဒါပေမဲ့ ဂျန်ဆန် ဟွမ်နဲ့ အဲလစ် ဟွမ်တို့ ဆွေမျိုးတော်စပ်မှု မရှိဘူးလို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

  8. ဂျော့ရှု၀ါ ဗန်ရဲ့အောင်မြင်မှုကို တက္ကဆက်အုပ်ချုပ်ရေးမှူး အသိအမှတ်ပြု

    မြန်မာနွယ်ဖွား ချင်းဖိုက်တာ ဂျော့ရှု၀ါ ဗန်ရဲ့အောင်မြင်မှုကို အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူးက အသိအမှတ်ပြု ဂုဏ်ပြုလက်မှတ်ချီးမြှင့်လိုက်ပါတယ်။

    ဂျော့ရှု၀ါ ဗန်ဟာ UFC ပြိုင်ပွဲဲရဲ့ ဖလိုင်း၀ိတ်တန်း ချန်ပီယံ ခါးပတ်ကို ၂ ကြိမ်တိတိ ကာကွယ်နိုင်ခဲ့အပြီးမှာ တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက် အဘော့ထ်က ဂုဏ်ပြုလိုက်တာဖြစ်ပါတယ်။

    ဂျော့ရှု၀ါ ဗန်ကလည်း သူ ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခံရတဲ့အကြောင်း သူ့ရဲ့လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။

    ဗန်ဟာ ၀ိတ်တန်းတူ ချန်ပီယံဟောင်း ပန်တိုဂျာကို စက်တင်ဘာလမှာ ထပ်မံအနိုင်ယူပြီး ချန်ပီယံဆုကို ဆက်ထိန်းထားဆဲဖြစ်ပါတယ်။

    စက်တင်ဘာ ၂၀ ရက်က အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လိစ်မြို့မှာ ကျင်းပခဲ့တဲ့ UFC 331 ပြိုင်ပွဲရဲ့ ဗန်နဲ့ ပန်တိုဂျာတို့ပွဲဟာ အဲဒီညရဲ့အကောင်းဆုံးပြိုင်ပွဲအဖြစ် သတ်မှတ်ခံရပါတယ်။

    အဲဒီမတိုင်ခင် မေလ ၉ ရက်တုန်းကလည်း ဗန်ဟာ UFC 328 ပြိုင်ပွဲမှာ ဂျပန်ဖိုက်တာ တက်ဆူရို တိုင်ရာကို အလဲထိုး အနိုင်ယူပြီး ချန်ပီယံခါးပတ်ကို ကာကွယ်ခဲ့ပြီးဖြစ်ပါတယ်။

    အသက် ၂၅ နှစ်အရွယ် ဗန်ဟာ UFC ရဲ့ အောင်မြင်ထိုးဖောက်မှုရှိတဲ့ဖိုက်တာတစ်ဦးအဖြစ်လည်း အသိအမှတ်ပြုခံထားရပါတယ်။

    ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ အသိအမှတ်ပြု ဂုဏ်ပြုလွှာကို ဗန်က သူ့ရဲ့ ဖေ့ဘွတ်ခ် လူမှုကွန်ရက်မှာ ပြီးခဲ့တဲ့နာရီပိုင်းက တင်ခဲ့
    ဓာတ်ပုံ ပုံစာ, ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ အသိအမှတ်ပြု ဂုဏ်ပြုလွှာကို ဗန်က သူ့ရဲ့ ဖေ့ဘွတ်ခ် လူမှုကွန်ရက်မှာ ပြီးခဲ့တဲ့နာရီပိုင်းက တင်ခဲ့
  9. ချင်းပြည်နိုင်ငံရေး၊ စစ်ရေးစုဖွဲ့မှုနဲ့ နွေဦးကောက်ကြောင်း

    ချင်းပြည်နယ်တောင်ပိုင်းမှာ လှုပ်ရှားပြီး အာရက္ခတပ်တော်နဲ့လည်း မဟာမိတ်ဖွဲ့ထားတဲ့ ချင်းကာကွယ်ရေးတပ်(မင်းတပ်)ရဲ့ တပ်ဖွဲ့၀င်တစ်ဦး
    ဓာတ်ပုံ ပုံစာ, ချင်းပြည်နယ်တောင်ပိုင်းမှာ လှုပ်ရှားပြီး အာရက္ခတပ်တော်နဲ့လည်း မဟာမိတ်ဖွဲ့ထားတဲ့ ချင်းကာကွယ်ရေးတပ်(မင်းတပ်)ရဲ့ တပ်ဖွဲ့၀င်တစ်ဦး

    ၂၀၂၁ စစ်အာဏာသိမ်းမှုက ချင်းပြည်နယ်မှာ ပြည်မအစိုးရရဲ့လောင်းရိပ်ကလွတ်ကင်းတဲ့ နိုင်ငံရေး၊ စစ်ရေးစုဖွဲ့မှု ရေစီးကြောင်းအသစ်တွေ အားကောင်းလာစေပါတယ်။

    ချင်းအရပ်သားတွေပါဝင် စုဖွဲ့တဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ ၂၀ ကျော်အထိ ရှိလာပြီး ဒါဟာ ချင်းသမိုင်းတလျှောက် မကြုံစဖူး နိုးကြားမှုတစ်ခုအဖြစ် သုတေသနတချို့မှာ ဖော်ပြပါတယ်။

    ချင်းတပ်ဖွဲ့တွေက မဟာမိတ်တွေနဲ့အတူ စစ်တပ် မထင်ထားလောက်တဲ့နယ်မြေပိုင်စိုးနိုင်တာကို ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်းကို ပြည်နယ်ရဲ့ ၈ ရာခိုင်နှုန်းမှာပဲ ကောက်ယူနိုင်တာကို ကြည့်ရင် သိနိုင်ပါတယ်။

    အချိန် ၅ နှစ်ကျော်လာချိန် ၂၀၂၆ ခုနှစ်အတွင်းမှာတော့ စစ်တပ်ရဲ့တန်ပြန်ထိုးစစ်နဲ့ နယ်မြေထိန်းချုပ်မှုဆိုင်ရာလွန်ဆွဲပွဲကို ချင်းတပ်တွေ ဆက်ပြီး ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ၀င်ဖတ်နိုင်ပါတယ်။

  10. NUG ရဲ့အထူးတိုင်းစစ်ဌာနချုပ်အပါအဝင် စခန်း ၁၁ ခုကိုသိမ်းတယ်လို့ စစ်တပ်ပြော

    စခန်းသိမ်းခဲ့ကြောင်း စစ်တပ်ထုတ်ပြန်ချက်
    ဓာတ်ပုံ ပုံစာ, စခန်းသိမ်းခဲ့ကြောင်း စစ်တပ်ထုတ်ပြန်ချက်

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့အထူးတိုင်းစစ်ဌာနချုပ်ကို လေကြောင်းဗုံးကြဲပြီး တစ်လကျော်အကြာမှာ မြေပြင်စစ်ကြောင်းသုံးပြီး ဌာနချုပ်ကိုပါ သိမ်းလိုက်တယ်လို့ စစ်တပ်က ဒီနေ့ထုတ်သတင်းစာမှာ ဖော်ပြလာပါတယ်။

    စစ်တပ်ကတော့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရဲ့အရှေ့မြောက်ဘက်၊ ပဲခူးတိုင်း ရွှေကျင်မြို့နယ်ထဲက ပွိုင့် ၄၈၀ တောင်ကုန်းအနီး ထီးကလာချောင်းတဝိုက်မှာ ရှိတဲ့ NUG အထူးတိုင်းစစ်ဌာနချုပ်အပါအဝင် စခန်း ၅ ခုကို သိမ်းလိုက်တယ်လို့ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

    ဒါအပြင် သိမ်ဇရပ်မြို့တဝိုက်က ကော်ကတ်နဲ့ ကော်ကီးထရွာ တဝိုက်မှာရှိတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၁၊ ရင်း ၃ ဌာနချုပ်အပါအဝင် စခန်း ၄ ခုကိုလည်း သိမ်းခဲ့တယ်လို့ စစ်တပ်ထုတ်ပြန်ချက်က ဆိုပါတယ်။

    စစ်တပ်ထုတ်ပြန်သလို ဌာနချုပ် အသိမ်းပိုက်ခံရတာ ရှိ၊ မရှိနဲ့ပတ်သက်ပြီး NUG ၀န်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်အပါအဝင် KNU သတင်းထုတ်ပြန်ရေးဘက်ကိုလည်း ဘီဘီစီက မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

    ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်က အထူးတိုင်းစစ်ဌာနချုပ်ကိုဗုံးကြဲခဲ့လို့ လေတပ် CDM တပ်ကြပ်ကြီး ဦးနေလင်းအောင်နဲ့ PDF တပ်ဖွဲ့ဝင်တွေအပါအဝင် ၅ ဦးသေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

    ထိခိုက်ဒဏ်ရာရသူတွေထဲ NUG အထူးတိုင်းစစ်ဌာနချုပ်ရဲ့တိုင်းကွပ်ကဲရေးမှူး ကိုအောင်စံရှားလည်း ပါဝင်ပါတယ်။

  11. ဘဏ်ထဲ ကိုယ်ပိုင်အပ်နှံငွေကိုအကန့်အသတ်နဲ့သာထုတ်ခွင့်ပေးထားကြောင်း ဗဟိုဘဏ် ဝန်ခံ

    ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသက်ထွန်းအောင် (ဘယ်) နဲ့ ၀မ်းတွင်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးမျိုးမြင့်သိန်း (ညာ)
    ဓာတ်ပုံ ပုံစာ, ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသက်ထွန်းအောင် (ဘယ်) နဲ့ ၀မ်းတွင်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးမျိုးမြင့်သိန်း (ညာ)

    လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ဘဏ်စာရင်းတွေကနေ ငွေသားထုတ်ယူတာကို တစ်ပတ်မှာ အများဆုံး ကျပ်သိန်း ၁၀၀ ထုတ်ခွင့်ပေးထားကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသက်ထွန်းအောင်က မနေ့ကလုပ်တဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောပါတယ်။

    အစိုးရဘဏ်တွေမှာ ပုဂ္ဂလိကဘဏ်တွေလိုမျိုး အပ်နှံထားတဲ့ငွေကို လိုအပ်သလို ထုတ်ယူခွင့်ပြုဖို့ ရှိ၊ မရှိကို မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်ပြည်သူ့လွှတ်တော်အမတ် ဦးမျိုးမြင့်သိန်းက လွှတ်တော်မှာ မေးချိန် ဗဟိုဘဏ်ဘက်က အခုလိုပြန်ဖြေခဲ့တာပါ။

    ၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့နောက် ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေမှာ ငွေသားထုတ်ယူမှုတွေကို ဗဟိုဘဏ် ဘက်က အဆင့်ဆင့်ကန့်သတ်တာတွေ ပြုလုပ်ခဲ့ပြီး နေပြည်တော်မှာ လွှတ်တော်နဲ့ အစိုးရသစ်တက်လာတဲ့အထိ ဒီကန့်သတ်ချက်တွေ ဆက်ရှိနေပါတယ်။

    ဗဟိုဘဏ်ဘက်ကတော့ ဘဏ်မှာအပ်နှံထားတဲ့ငွေကို လိုအပ်သလိုထုတ်နိုင်ဖို့ ဘဏ္ဍာရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်တွေပေါ်မူတည်ပြီး ဘဏ္ဍာ အခွန်ဝန်ကြီးဌာနနဲ့ ပူးပေါင်းလုပ်နေတယ်လို့ ခုခံပြောဆိုသွားပါတယ်။

    ဒါပေမဲ့ စက်မှုဇုန်စက်ရုံတွေရဲ့လုပ်ခလစာတွေအတွက် ကန့်သတ်ချက်မရှိထုတ်ပေးပေမဲ့ ကုန်ကြမ်းဝယ်ယူတာအတွက် ငွေသားထုတ်ယူရင်တော့ တစ်ပတ်ကို အများဆုံး ကျပ်သိန်း ၁,၀၀၀ ခွင့်ပြုထားတယ်လို့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသက်ထွန်းအောင်က လွှတ်တော်မှာ ပြောပါတယ်။

    ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗဟိုဘဏ်က တင်းကျပ်တဲ့မူဝါဒကို ကျင့်သုံးခဲ့ပြီး ပြည်တွင်းဘဏ်တွေမှာ အပ်နှံငွေတွေကို အကန့်အသတ်နဲ့သာ ထုတ်ယူခွင့်ရခဲ့သလို နိုင်ငံခြားငွေလဲနှုန်းတွေကိုလည်း သတ်မှတ်ဈေးအတိုင်းသာလဲလှယ်ခွင့်ပြုခဲ့ပါတယ်။

    ဒါပေမဲ့ အစိုးရဌာနတွေက သင်တန်းကျောင်း စရိတ်၊ ဆုချီးမြှင့်ငွေ၊ ဝတ်စုံစရိတ်၊ နိုင်ငံ့ဝန်ထမ်းကောင်းတံဆိပ်ချီးမြှင့်ငွေ၊ ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ငွေ၊ ဝန်ထမ်းဆုချီးမြှင့်ငွေတွေနဲ့ ဘာသာရေးဆိုင်ရာအခမ်းအနားတွေအတွက် ငွေသားထုတ်ယူတာ၊ အစိုးရဌာနတွေရဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေရဲ့ ထောက်ပံ့ပို့ဆောင်ရေး အသုံးစရိတ်အတွက် ငွေသား ထုတ်ယူတာကိုတော့ ကန့်သတ်ချက်မရှိ ခွင့်ပြုထားတယ်လို့ ဗဟိုဘဏ်ဘက်က ပြောပါတယ်။

    နောက်ပြီး ပြည်တွင်းမှာ ငွေသားကိုင်တာ လျှော့ချဖို့ ဒီဂျစ်တယ်ငွေပေးချေမှုတာတွေကိုလည်း လုပ်နေတယ်ဆိုပြီး ဗဟိုဘဏ်ဘက်က လွှတ်တော်မှာ ထည့်ပြောခဲ့ပါတယ်။

    ဒီဂျစ်တယ်ငွေပေးချေမယ်ဆိုရင် လူပုဂ္ဂိုလ်အချင်းချင်းက တစ်ရက်ကို အများဆုံး ကျပ်သိန်း ၅၀၊ ရွှေဆိုင်တွေ အီလက်ထရောနစ်ဆိုင်တွေလိုမျိုးကို လူပုဂ္ဂိုလ်က ငွေပေးချေတာမျိုးဆိုရင် တစ်နေ့ကို အများဆုံး ကျပ်သိန်း ၁၀၀ အထိသာ လွှဲခွင့်ပေးထားတယ်လို့ဆိုပါတယ်။

    ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗဟိုဘဏ်ကတင်းကျပ်တဲ့မူဝါဒကို ကျင့်သုံးခဲ့ပြီး ပြည်တွင်းဘဏ်တွေမှာ အပ်နှံငွေတွေကို အကန့်အသတ်နဲ့သာထုတ်ယူခွင့်ရခဲ့သလို နိုင်ငံခြားငွေလဲနှုန်းတွေကိုလည်း သတ်မှတ်ဈေးအတိုင်းသာလဲလှယ်ခွင့်ပြုခဲ့ပါတယ်။ဒါကြောင့် ဗဟိုဘဏ်ရဲ့ ငွေကြေးမူဝါဒတချို့ကိုအပြောင်းအလဲလုပ်ဖို့ စီးပွားရေးအသိုင်းအဝိုင်းက အစောပိုင်းကတည်းက ထုတ်ပြောခဲ့ကြပါတယ်။

  12. ပဲခူးဘူတာမှာ ရထားနဲ့တရားမဝင်သယ်လာတဲ့ အာဖရိကငါးခူ ကျပ်သိန်း ၂၃၀ ကျော်ဖိုးဖမ်းဆီးခံရ

    ပဲခူးဘူတာမှာဖမ်းမိတဲ့ အာဖရိကငါးခူတွေ
    ဓာတ်ပုံ ပုံစာ, ပဲခူးဘူတာမှာဖမ်းမိတဲ့ အာဖရိကငါးခူတွေ

    ရန်ကုန်ကနေ မော်လမြိုင်ကို ပြေးဆွဲနေတဲ့ ရထားပေါ်မှာ တရားမဝင် သယ်ဆောင်လာတဲ့ အာဖရိကငါးခူ ပိဿာ ၃၉၀၀ ကျော်ကို ပဲခူးဘူတာမှာ နိုဝင်ဘာ ၉ ရက် မနက်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ ပဲခူးအခြေစိုက်သတင်းရင်းမြစ်တချို့ကပြောပါတယ်။

    ငါးတွေကို ၁၀ ဂါလံဆံ့ ပလတ်စတစ်ပုံး ၃၆၁ ပုံးနဲ့ သယ်ဆောင်လာတာဖြစ်ပြီး စုစုပေါင်းအလေးချိန် ၃၉၇၁ ပိဿာခန့်၊ ကာလတန်ဖိုး ကျပ် ၂၃၄ သိန်းကျော်ဖိုးရှိတယ်လို့ သိရပါတယ်။

    အာဖရိကငါးခူဟာ အသားစားငါးမျိုးဖြစ်သလို သဘာဝဂေဟစနစ်ရဲ့ ဟန်ချက်ညီမှုကို ထိခိုက်စေနိုင်တဲ့ ငါးမျိုးစိတ်အဖြစ်သတိပေးခံထားရတဲ့ ငါးမျိုးစိတ်ဖြစ်ပါတယ်။ ငါးငယ်တွေနဲ့ အခြားရေနေသတ္တဝါတွေကို စားသောက်တတ်တာကြောင့် သဘာဝရေပြင်ထဲ ပျံ့နှံ့သွားပါက ဒေသခံငါးမျိုးစိတ်တွေအတွက် အန္တရာယ်ရှိနိုင်တယ်လို့ ဆိုပါတယ်။

    မျိုးပွားနှုန်းမြန်ပြီး ပတ်ဝန်းကျင်အခြေအနေအမျိုးမျိုးမှာ အသက်ရှင်နိုင်တဲ့အတွက် ဒေသခံငါးတွေနဲ့ အစာနဲ့ နေထိုင်ရာနေရာအတွက် ယှဉ်ပြိုင်ရနိုင်သလို ဒေသခံငါးမျိုးစိတ်တွေရဲ့ အရေအတွက်ကိုလည်း လျော့ကျစေနိုင်ပါတယ်။

    ရန်ကုန်ကနေ မော်လမြိုင်ကို မောင်းနှင်လာတဲ့ အမှတ် ၈၁ အဆန်ရထားပေါ်မှာ တရားမဝင်ငါးတွေ သယ်လာတယ်ဆိုတဲ့ သတင်းရရှိတဲ့အတွက် ရဲတပ်ဖွဲ့နဲ့ ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းပြီး ပဲခူးဘူတာမှာ စစ်ဆေးခဲ့တာလို့ သိရပါတယ်။

    ဘူတာကို ရောက်လာတဲ့ ရထားရဲ့ နောက်ဆုံးကုန်တင်တွဲအတွင်းမှာ ငါးပုံးတွေကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

    ငါးတွေကို တရားမဝင် သယ်ဆောင်လာတယ်လို့ သံသယရှိသူ အသက် ၁၉ နှစ်ကနေ ၃၁ နှစ်အရွယ် အမျိုးသားသုံးဦးကိုလည်း ဖမ်းဆီးထားပြီး ငါးလုပ်ငန်းဥပဒေအရ အရေးယူနိုင်ဖို့ စစ်ဆေးနေတယ်လို့ သိရပါတယ်။

  13. မြန်မာလုပ်သားအရေး တက်ကြွလှုပ်ရှားသူ ကိုဆူရတ်ကို ထိုင်းတရားရုံး ဖမ်းဝရမ်းထုတ်

    ပြီးခဲ့တဲ့ အပတ်ဆန္ဒပြချိန် တိုက်ခိုက်ခံခဲ့ရမှု
    ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ အပတ်ဆန္ဒပြချိန် တိုက်ခိုက်ခံခဲ့ရမှု

    ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားအရေး တက်ကြွလှုပ်ရှားသူ Bright Future အဖွဲ့ခေါင်းဆောင် ကိုဆူရတ် (ခေါ်) ဝီရာ ဆဲန်ထောင် ကို ကန်ချနဘူရီခရိုင်တရားရုံးက နိုဝင်ဘာ ၉ ရက်မှာ ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ ထိုင်းသတင်းဌာနတချို့က ဖော်ပြပါတယ်။

    ကိုဆူရတ်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့မှာ ထိုင်းနိုင်ငံအတွင်း နေပြည်တော်က ဖွင့်လှစ်ထားတဲ့ CI စင်တာတွေ ဖျက်သိမ်းရေးနဲ့ မြန်မာအာဏာပိုင်တွေရဲ့ အလုပ်သမားဆိုင်ရာ မူဝါဒတွေကို ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။

    အဲဒီဆန္ဒပြပွဲအတွင်း ထိုင်းအမျိုးသားရေးလှုပ်ရှားတဲ့ အဖွဲ့တချို့ရဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုကိုလည်း ခံခဲ့ရသူဖြစ်ပါတယ်။ သူ့ကို ဖမ်းဝရမ်းထုတ်ခဲ့တာဟာ ဆိုင်ယော့ခရိုင် မှတ်ပုံတင်ရုံးက သူ့ရဲ့ မွေးစာရင်းကို ပယ်ဖျက်ပြီးနောက် ထွက်ပေါ်လာတာပါ။ အဲဒီရုံးက ကိုဆူရတ်ဟာ အစိုးရအရာရှိတွေကို သတင်းအချက်အလက် မှားယွင်းပေးခဲ့တယ်ဆိုပြီး ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပါတယ်။

    ကိုဆူရတ်ဟာ ၁၀ နှစ်ခံ ထိုင်းနိုင်ငံသားကတ် ကိုင်ဆောင်ထားသူဖြစ်ပြီး သူ့ရဲ့ မှတ်ပုံတင်အထောက်အထားတွေကို စစ်ဆေးပေးဖို့ ထိုင်းအမျိုးသားရေးလှုပ်ရှားတဲ့ အဖွဲ့တချို့က အာဏာပိုင်တွေကို ဖိအားပေးတောင်းဆိုခဲ့ပြီးနောက် သူ့ရဲ့ နောက်ကြောင်းရာဇဝင်ကို ပြန်လည်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ အပတ်ဆန္ဒပြချိန် တိုက်ခိုက်ခံခဲ့ရမှု
    ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ အပတ်ဆန္ဒပြချိန် တိုက်ခိုက်ခံခဲ့ရမှု

    တရားရုံးရဲ့ ဖမ်းဝရမ်းအရ ကိုဆူရတ်ဟာ ထိုင်းနိုင်ငံသားမဟုတ်သူတစ်ဦးအတွက် အိမ်ထောင်စုစာရင်းနဲ့ အခြားအရပ်ဘက်မှတ်ပုံတင်စာရွက်စာတမ်းတွေမှာ အချက်အလက်အတု ထည့်သွင်းတာ၊ အသုံးပြုတာ ဒါမှမဟုတ် တရားမဝင် မှတ်ပုံတင်ရယူတာတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

    ပြစ်မှုထင်ရှားရင် ထောင်ဒဏ် သုံးနှစ်ကျော် ချမှတ်ခံရနိုင်ပြီး အမှုအတွက် သက်တမ်းကန့်သတ်ချက်က ၁၀ နှစ်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    ဒါအပြင် သူ့ကိုမြန်မာအာဏာပိုင်တွေဘက်ကို ပြန်လွှဲပြောင်းမှာကိုလည်း ထိုင်းရောက်မြန်မာလုပ်သားအရေးတက်ကြွလှုပ်ရှားသူတွေက စိုးရိမ်နေကြပါတယ်။

    ကိုဆူရတ်ဟာ မြန်မာအလုပ်သမားတွေရဲ့ အလုပ်အကိုင်မှတ်ပုံတင်ရေး၊ တရားဝင်အထောက်အထားရရှိရေးနဲ့ အလုပ်သမားအခွင့်အရေးတွေအတွက် လှုပ်ရှားနေသူဖြစ်ပါတယ်။

    မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ နေရပ်ပြန်ရမယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ စီးပွားရေးကို ပြင်းပြင်းထန်ထန် ထိခိုက်နိုင်တယ်လို့လည်း ကိုဆူရတ်က မကြာသေးခင်က Prachachat သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောဆိုထားပါတယ်။

  14. မင်္ဂလာပါ။ နိုဝင်ဘာ ၁၀ ရက် ဘီဘီစီမြန်မာပိုင်းသတင်း‌တွေကို ဒီစာမျက်နှာမှာ တိုက်ရိုက် တင်ဆက်ပေး‌‌နေပါတယ်။