ကမ္ဘာကျော် AI ချစ်ပ်သူဌေး ဂျန်ဆန်ဟွမ်နဲ့ အချစ်ရေးခြေရှုပ်သူက တရုတ်သူလျှိုလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, လီလီ ဂျမာလီ
- ရေးသားပေးပို့သည့်နေရာ, မြောက်အမေရိက နည်းပညာသတင်းထောက်
- ရေးသားသူ, ပီတာ ဟော့စကင်းစ်
- ရာထူးတာဝန်, စီးပွားရေးသတင်းထောက်
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၇
ကမ္ဘာ့နည်းပညာလောကမှာ လူသိအများဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်တဲ့ ဂျန်ဆန် ဟွမ်ဟာ သူဦးဆောင်တဲ့ ဉာဏ်ရည်တု (AI) ချစ်ပ်ပြားကုမ္ပဏီကြီး NVIDIA က ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီတွေထဲမှာ ပါဝင်လာတာနဲ့အမျှ ထင်ရှားကျော်ကြားလာသူ ဖြစ်ပါတယ်။
AI နည်းပညာ အရှိန်အဟုန်နဲ့ တိုးတက်လာမှုရဲ့ မျက်နှာစာဖြစ်လာတဲ့ ဟွမ်ဟာ တရုတ်နိုင်ငံထက် အမေရိကန်က ဒီနည်းပညာမှာ ဦးဆောင်နေဖို့ ကြိုးပမ်းခဲ့လို့ သမ္မတ ဒေါ်နယ်ထရမ့်နဲ့လည်း နီးကပ်တဲ့ဆက်ဆံရေးရှိခဲ့ပါတယ်။
တစ်ချိန်က "နည်းပညာလောကရဲ့ တေလာဆွစ်ဖ်" လို့တောင် တင်စားခံခဲ့ရပြီး ထိုင်ဝမ်မှာ "ဖေဖေဟွမ်" လို့ ခေါ်ဝေါ်ခံခဲ့ရတဲ့ အသက် ၆၃ နှစ်အရွယ် ဟွမ်ဟာ အခုတော့ တရုတ်သူလျှိုလို့ သံသယရှိခံထားရသူ အမျိုးသမီးတစ်ဦးနဲ့ ဖောက်ပြန်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက် အရှုပ်တော်ပုံနဲ့ ရင်ဆိုင်နေရပါတယ်။
ဂျန်ဆန် ဟွမ် ဘယ်သူလဲ
၁၉၆၃ ခုနှစ်မှာ ထိုင်ဝမ်နိုင်ငံမှာ မွေးဖွားခဲ့တဲ့ ဟွမ်ဟာ အသက် ၉ နှစ်အရွယ်မှာ မိသားစုနဲ့အတူ အမေရိကန်နိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းဒေသကို ပြောင်းရွှေ့ခဲ့ပါတယ်။
အော်ရီဂွန်ပြည်နယ်တက္ကသိုလ်မှာ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ ရရှိခဲ့ပြီးနောက် စတန်းဖို့တက္ကသိုလ်မှာလည်း အဲဒီဘာသာရပ်နဲ့ပဲ မဟာဘွဲ့ ဆက်လက်ရရှိခဲ့ပါတယ်။
အဲဒီနောက် အမေရိကန်ချစ်ပ်ပြားကုမ္ပဏီ AMD မှာ အလုပ်လုပ်ခဲ့ပြီး NVIDIA ကို ပူးတွဲတည်ထောင်ခဲ့ပါတယ်။ ဘလွန်းဘာ့သတင်းဌာနရဲ့ဘီလျံနာစာရင်းအရ ဟွမ်ရဲ့ကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ ၁၅၅ ဘီလျံခန့် ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
ဟွမ်အကြောင်း အတ္ထုပ္ပတ္တိစာအုပ် တွေးခေါ်စက်(Thinking Machine) ကို ရေးသားခဲ့သူ စတီဖင်ဝစ်တ်က ဟွမ်ဟာ အက်ပဲလ်ကို ပူးတွဲတည်ထောင်ခဲ့သူ စတိဗ်ဂျော့ဘ်လို နည်းပညာအမြော်အမြင်ရှိသူတစ်ဦးဖြစ်တယ်လို့ ဘီဘီစီကိုပြောပြပါတယ်။
''လက်ရှိ ကျွန်တော်တို့သိထားတဲ့ AI နည်းပညာအတွက် လိုအပ်တဲ့ ဟာ့ဒ်ဝဲတွေကို ဖန်တီးရာမှာလည်း ဟွမ်က အဓိကတာဝန်ယူခဲ့သူဖြစ်တယ်'' လို့ သူက ပြောပါတယ်။
ဟွမ်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့လည်း အလွန်ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူပါ။ မကြာသေးခင်က အိမ်ဖြူတော်မှာ ကျင်းပခဲ့တဲ့ AI ထိပ်သီးအစည်းအဝေးကို နည်းပညာကုမ္ပဏီ အမှုဆောင်အရာရှိ ၄၂ ဦး တက်ရောက်ခဲ့ရာမှာ ထရမ့်ရဲ့ဘေးတစ်ဖက်တစ်ချက်မှာ အီလွန်မတ်စ်နဲ့ ဟွမ်တို့ ရှိနေခဲ့ပါတယ်။
တရုတ်သူလျှိုနဲ့ ခြေရှုပ်ခဲ့တယ်လို့ဆိုတဲ့စွပ်စွဲချက်အတွက် စုံစမ်းစစ်ဆေးမှု သတင်းတွေ ထွက်ပေါ်လာပြီးနောက် NVIDIA အကြီးအကဲနဲ့ စကားမပြောဖြစ်သေးဘူးလို့ ထရမ့်က ပြောပါတယ်။
"သူဟာ လူကောင်း တစ်ယောက်လို့ပဲ ကျွန်တော် သိထားတယ်။ ဒါပေမဲ့ ဘာတွေဖြစ်နေတယ်ဆိုတာတော့ ဘယ်သူမှ မသိနိုင်ဘူး" လို့ ထရမ့်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဒါ့အပြင် ဟွမ်ဟာ "ကျွန်တော်တို့နိုင်ငံအတွက် အံ့မခန်းကောင်းမွန်တဲ့ အလုပ်တွေ လုပ်ပေးခဲ့သူ" လို့လည်း ချီးကျူးစကားပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bloomberg via Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဟွမ်ဟာ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား တင်းမာမှုတွေ ဖြစ်ပေါ်နေတဲ့ အခြေအနေမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေရသူ ဖြစ်ပါတယ်။ သမ္မတထရမ့်ကလည်း နှစ်နိုင်ငံဟာ နည်းပညာလွှမ်းမိုးနိုင်ရေးအတွက် အပြိုင်အဆိုင် ကြိုးပမ်းနေကြတယ်လို့ အကြိမ်ကြိမ် ပြောထားပါတယ်။
"AI နည်းပညာမှာ အနိုင်ရတဲ့သူက အရာအားလုံးကို အနိုင်ရလိမ့်မယ်" လို့ ထရမ့်က ပြောခဲ့ဖူးပါတယ်။ တရုတ်က AI နည်းပညာမှာ အသာစီးရသွားရင် အဲဒီနည်းပညာကို အသုံးပြုပြီး စစ်ရေးစွမ်းရည်နဲ့ ပြည်သူတွေကို စောင့်ကြည့်ထိန်းချုပ်နိုင်စွမ်း ပိုမိုအားကောင်းလာမှာကို အမေရိကန်က စိုးရိမ်နေပါတယ်။
အမေရိကန်ရဲ့ AI နည်းပညာ အသာစီးရနေမှုဟာ အဓိကအားဖြင့် NVIDIA လို အမေရိကန်ကုမ္ပဏီတွေရဲ့အခန်းကဏ္ဍကြောင့် ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီတွေဟာ ကမ္ဘာ့အဆင့်မြင့်ဆုံး ချစ်ပ်ပြားတွေကို ၉၀ ရာခိုင်နှုန်းကျော် ထုတ်လုပ်ပေးနေတဲ့ ထိုင်ဝမ် TSMC လို ကုမ္ပဏီတွေနဲ့ ပူးပေါင်းလုပ်ကိုင်နေကြပါတယ်။
၂၀၂၂ ခုနှစ်ကစပြီး အမေရိကန်ဟာ အဆင့်မြင့်နည်းပညာတွေ တရုတ်နိုင်ငံဆီ မရောက်ရှိစေဖို့ ပို့ကုန်ကန့်သတ်ချက် အမျိုးမျိုး ချမှတ်ခဲ့ပါတယ်။ အမေရိကန်ရဲ့ ပြိုင်ဆိုင်နိုင်စွမ်းကို ထိန်းသိမ်းဖို့နဲ့ နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ဖို့ ဖြစ်တယ်လို့ အမေရိကန်ဘက်က ပြောပါတယ်။
ဒါပေမဲ့ အဲဒီကန့်သတ်ချက်တွေကြောင့် NVIDIA လို ကုမ္ပဏီတွေဟာ ကမ္ဘာ့အကျိုးအမြတ်အများဆုံး ဈေးကွက်တွေထဲက တစ်ခုဖြစ်တဲ့ တရုတ်ဈေးကွက်ကို ဝင်ရောက်နိုင်ခွင့် အကြီးအကျယ် ဆုံးရှုံးခဲ့ရပါတယ်။ တစ်ချိန်က တရုတ်ဈေးကွက်မှာ NVIDIA ရဲ့ ဝေစုဟာ ၉၅ ရာခိုင်နှုန်းလောက် ရှိခဲ့ပေမဲ့ အခုတော့ လုံးဝနီးပါး သုညအထိ ကျဆင်းသွားပြီလို့ ဟွမ်က ပြောခဲ့ဖူးပါတယ်။
မကြာသေးခင်နှစ်တွေမှာ ဟွမ်ဟာ တရုတ်ဈေးကွက်ထဲ ပြန်ဝင်နိုင်မယ့် အမေရိကန်အစိုးရရဲ့ ခွင့်ပြုချက်ရဖို့ ဝါရှင်တန်နဲ့ ဘေကျင်းကြား အကြိမ်ကြိမ် သွားလာပြီး နှစ်နိုင်ငံကြား ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလို ကြိုးပမ်းရင်း အမေရိကန်ရဲ့ တရုတ်နိုင်ငံဆိုင်ရာ မူဝါဒအပေါ်မှာလည်း သက်ရောက်မှုရှိအောင် ကြိုးစားခဲ့ပါတယ်။
ဒါပေမဲ့ တနင်္ဂနွေနေ့က ထွက်ပေါ်လာတဲ့ ဖော်ထုတ်ချက်တွေကတော့ NVIDIA အတွက် အကြီးမားဆုံး အခွင့်အရေးဖြစ်တဲ့ အဆင့်အမြင့်ဆုံး ချစ်ပ်ပြားတွေကလွဲလို့ ကျန်တဲ့ ချစ်ပ်ပြားတွေကို တရုတ်နိုင်ငံဆီ ရောင်းချခွင့်ပြုဖို့ ထရမ့်အစိုးရရဲ့ထောက်ခံမှုကို ဟွမ် ဘာကြောင့် မရရှိသေးသလဲဆိုတာ ရှင်းပြနိုင်မယ့် အချက်ဖြစ်နိုင်ပါတယ်။
မကြာသေးခင်ကာလတွေမှာ NVIDIA ဟာ အဲဒီအကျိုးအမြတ်များတဲ့ တရုတ်ဈေးကွက်ကို ဝင်ရောက်ခွင့်မရဘဲ ဖြစ်နေခဲ့ပါတယ်။ ထရမ့်နဲ့ အတော်လေး ရင်းနှီးတယ်လို့ သိထားရပေမဲ့ ဟွမ်ဟာ ချစ်ပ်ပြားရောင်းချခွင့်ရဖို့ အမေရိကန်အစိုးရဆီက လိုချင်တဲ့ ခွင့်ပြုချက်ကို ရယူနိုင်တာ မရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Reuters
အန်ဗီဒီယာ(NVIDIA)ဆိုတာ ဘယ်လိုကုမ္ပဏီလဲ
ဟွမ်ဟာ လျှပ်စစ်အင်ဂျင်နီယာတွေဖြစ်ကြတဲ့ ခရစ်စ် မာလာခေါ့စကီးနဲ့ ကာတစ်စ် ပရင်းတို့နဲ့အတူ ၁၉၉၃ ခုနှစ်မှာ NVIDIA (အန်ဗီဒီယာ) ကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့ပါတယ်။
အစောပိုင်းမှာတော့ NVIDIA ဟာ ကွန်ပျူတာဂိမ်းတွေမှာ အသုံးပြုတဲ့ ရုပ်ပုံတွေကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးတဲ့ ချစ်ပ်ပြားတွေကြောင့် လူသိများခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ကုမ္ပဏီဟာ AI နည်းပညာဘက်ကို ဦးတည်ပြောင်းလဲခဲ့ပြီး အခုဆိုရင် အဲဒီနယ်ပယ်မှာ ဦးဆောင်နေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်လာပါတယ်။
ဟွမ်အကြောင်း အတ္ထုပ္ပတ္တိစာအုပ် ရေးသားသူ စတီဖင်ဝစ်တ်က ၂၀၁၂ ခုနှစ်မှာ စက်သင်ယူမှုနဲ့ အာရုံခံကွန်ရက် (Neural Network) သုတေသီတွေဟာ NVIDIA ချစ်ပ်ပြားတွေကို AI လုပ်ငန်းတွေအတွက် စတင်အသုံးပြုလာခဲ့ကြတယ်လို့ ပြောပါတယ်။
အဲဒီအချိန်မှာပဲ ဟွမ်က ဒီနည်းပညာဟာ အကြီးအကျယ် တိုးတက်လာမယ့် လုပ်ငန်းတစ်ခုဖြစ်ပြီး အနာဂတ်ကွန်ပျူတာနည်းပညာလည်း ဖြစ်လာမယ်ဆိုတာ ချက်ချင်း သဘောပေါက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် AI နည်းပညာအတွက် လိုအပ်တဲ့ ဟာ့ဒ်ဝဲဈေးကွက်တစ်ခု တည်ဆောက်ဖို့ အရင်းအမြစ်တွေ အမြောက်အမြား ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ ဝစ်တ်က ပြောပါတယ်။
"အခု AI နဲ့ပတ်သက်ပြီး စဉ်းစားလိုက်ရင် ကြီးမားတဲ့ ဒေတာစင်တာတွေကို မြင်ယောင်ကြမှာပါ။ ဒါပေမဲ့ အဲဒီအချိန်က ဒီလိုအရာတွေ မရှိသေးဘူး။ သူတည်ဆောက်နေတဲ့ ပစ္စည်းတွေကို ဝယ်ယူမယ့်သူတောင် မရှိသေးဘူး။ တကယ်တော့ သူ့ရဲ့ ပထမဆုံးဖောက်သည်က OpenAI ဖြစ်ခဲ့တယ်။ အဲဒီအချိန်က OpenAI မှာ ဝန်ထမ်း ၃၀ လောက်ပဲ ရှိသေးတယ်။ ဟွမ်က သူတို့ကို ချစ်ပ်ပြားတွေ ပေးခဲ့ရုံတင်မက လှူဒါန်းခဲ့တာပါ" လို့ ဝစ်တ်က ပြောပါတယ်။
အခုအခါ NVIDIA ကုမ္ပဏီရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ထရီလျံလောက် ရှိနေပြီး သမိုင်းတစ်လျှောက် တန်ဖိုးအကြီးဆုံး ကုမ္ပဏီတွေထဲက တစ်ခု ဖြစ်လာပါတယ်။
"ခေတ်သစ် AI အာရုံခံကွန်ရက်တွေထဲမှာ NVIDIA စနစ်ကို ပထမဆုံး အမှန်တကယ် အသုံးပြုခဲ့တဲ့ ဥပမာတစ်ခုက အဲလက်စ် ခရစ်ရှက်ဗ်စကီးရဲ့ AlexNet ဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ အိပ်ခန်းထဲမှာ NVIDIA ချစ်ပ်ပြားနှစ်ခုသုံးပြီး အဲဒီစနစ်ကို လေ့ကျင့်ခဲ့တာပါ။ အခုတော့ အဲဒီလိုလုပ်ငန်းတွေကို ချစ်ပ်ပြား ၂၀၀,၀၀၀ ကနေ ၃၀၀,၀၀၀ အထိ အသုံးပြုပြီး ကွန်ပျူတာတွေ အပြည့်ထည့်ထားတဲ့ ဒေတာစင်တာကြီးတွေမှာ လုပ်ဆောင်နေကြပါပြီ" လို့ ဝစ်တ်က ရှင်းပြပါတယ်။
သူက ဆက်ပြီး "ဒေတာစင်တာတွေ တည်ဆောက်တာ၊ AI အတွက် အခြေခံအဆောက်အအုံတွေ တိုးချဲ့တာကို စဉ်းစားကြည့်ပါ။ အဲဒီလုပ်ငန်းတွေအားလုံးမှာ ဟွမ်က ဖြတ်သန်းခကောက်တဲ့ ဂိတ်တစ်ခုလို ဖြစ်နေပါတယ်။ အရာအားလုံးဟာ သူ့ဆီကတဆင့် ဖြတ်သန်းနေရတာပါ။ ဒါကြောင့်လည်း သူ့ကုမ္ပဏီဟာ အနည်းဆုံး ယာယီအားဖြင့် ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီ ဖြစ်လာခဲ့တာပါ" လို့ ပြောပါတယ်။
တစ်ဖက်မှာတော့ အမေရိကန်ထောက်လှမ်းရေးက တရုတ်သူလျှိုလို့ ယူဆထားတဲ့ အမျိုးသမီးတစ်ဦးနဲ့ ဟွမ် အချစ်ရေးပတ်သက်မှုရှိခဲ့တယ်ဆိုတဲ့ New York Times သတင်းဖော်ပြချက်တွေ ထွက်ပေါ်လာပြီးနောက် NVIDIA ဒါရိုက်တာအဖွဲ့က ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ ကြေညာထားပါတယ်။
ဒါပေမဲ့ လောလောဆယ်မှာတော့ NVIDIA ဒါရိုက်တာအဖွဲ့အနေနဲ့ ဟွမ်ကို ရာထူးကနေ ဖယ်ရှားဖို့ ဆန္ဒသိပ်မရှိပုံရပါတယ်။ တနင်္ဂနွေနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ "ဂျန်ဆန်နဲ့ သူ့ရဲ့ ဦးဆောင်မှုအဖွဲ့အပေါ် ယုံကြည်မှုရှိတယ်" လို့ ဖော်ပြထားပါတယ်။
NVIDIA အကြီးအကဲကို ရာထူးကနေ ဖယ်ရှားဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲလို့ ဘီဘီစီ သတင်းရင်းမြစ်တွေက ပြောပါတယ်။ အကြောင်းကတော့ ဒီကိစ္စမှာ ငွေကြေးအမြောက်အမြား ပါဝင်ပတ်သက်နေလို့ ဖြစ်ပါတယ်။ ဒါ့အပြင် အသက် ၆၃ နှစ်အရွယ် ဟွမ်နေရာမှာ အစားထိုးနိုင်မယ့်သူကိုလည်း ရှင်းရှင်းလင်းလင်း မတွေ့ရသေးပါဘူး။
ဟွမ်ရဲ့ ဇနီးက ဘယ်သူလဲ
ဟွမ်ဟာ သူ့ဇနီး လော်ရီ (Lori) ကို အမေရိကန်နိုင်ငံ Oregon State University မှာ ပညာသင်ကြားနေစဉ် တွေ့ဆုံခဲ့တာပါ။ လော်ရီဟာလည်း လျှပ်စစ်အင်ဂျင်နီယာဘာသာရပ်ကို သင်ယူနေသူဖြစ်ပြီး ဟွမ်နဲ့ ဓာတ်ခွဲခန်းမှာ အတူတွဲလုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ ၁၉၈၅ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး NVIDIA ကုမ္ပဏီကို ဟွမ် မတည်ထောင်မီ ရှစ်နှစ်ခန့်က ဖြစ်ပါတယ်။ သားသမီးနှစ်ဦးဖြစ်တဲ့ မက်ဒီဆန်နဲ့ စပင်ဆာတို့လည်း ရှိပါတယ်။
ဟွမ်ရဲ့ အမှတ်အသားတစ်ခုလို ဖြစ်နေတဲ့ အနက်ရောင် သားရေဂျက်ကက်ကို အမြဲဝတ်ဆင်တဲ့ ပုံစံဟာ ဇနီးလော်ရီနဲ့ သမီးမက်ဒီဆန်တို့ရဲ့ အကြံပေးမှုကြောင့် ဖြစ်လာတာလို့ သူက ပြောပြခဲ့ဖူးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၀၇ ခုနှစ်မှာ ဟွမ်တို့ဇနီးမောင်နှံဟာ ဂျင်ဆန်ဟွမ်နဲ့ လော်ရီဟွမ် ဖောင်ဒေးရှင်း ကို တည်ထောင်ခဲ့ကြပါတယ်။
အဲဒီပရဟိတဖောင်ဒေးရှင်းရဲ့ ပိုင်ဆိုင်မှုတန်ဖိုးဟာ မကြာသေးခင်နှစ်တွေမှာ NVIDIA ရှယ်ယာတန်ဖိုး အဆမတန် မြင့်တက်လာတာကြောင့် အရှိန်အဟုန်နဲ့ တိုးလာခဲ့ပြီး အမေရိကန်ဒေါ်လာ ၉ ဘီလျံကျော် တန်ဖိုးရှိမယ်လို့ ခန့်မှန်းထားပါတယ်။
ဖောင်ဒေးရှင်းရဲ့ လှူဒါန်းမှုတွေထဲမှာ Oregon State University နဲ့ Stanford University တို့ရဲ့ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ သင်ကြားရေးအစီအစဉ်တွေအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ လှူဒါန်းခဲ့တာလည်း ပါဝင်ပါတယ်။
ဟွမ်အကြောင်း အတ္ထုပ္ပတ္တိစာအုပ် ရေးသားသူ စတီဖင်ဝစ်တ်က "ကျွန်တော် သူနဲ့ စကားပြောဆိုခဲ့ချိန်ကရော တခြားသူတွေနဲ့ ပြောဆိုခဲ့တဲ့အခါတွေမှာပါ ဟွမ်ဟာ မိသားစုကို အလေးထားတဲ့သူတစ်ယောက်ဖြစ်ကြောင်း အမြဲတစေ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အဲဒီအချက်ဟာ သူ့အတွက် အလွန်အရေးကြီးပါတယ်" လို့ ပြောပါတယ်။
"သူဟာ ဇနီးကို ချီးကျူးပြောဆိုလေ့ရှိပြီး ဇနီးအကြောင်းကိုလည်း အလွန်ကောင်းမွန်တဲ့ စကားလုံးတွေနဲ့ ပြောလေ့ရှိပါတယ်။ သူ့ရဲ့ သားသမီးနှစ်ဦးဖြစ်တဲ့ စပင်ဆာနဲ့ မက်ဒီဆန်တို့လည်း NVIDIA မှာ အလုပ်လုပ်နေကြပါတယ်။
"ဒီလိုကိစ္စမျိုးရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဟာ ဘယ်မိသားစုအတွက်မဆို ထိခိုက်နစ်နာစရာပါပဲ။ ဒါပေမဲ့ မိသားစုကို အလေးထားသူတစ်ယောက်ဆိုတဲ့ ပုံရိပ်ကို တည်ဆောက်ဖို့ အားထုတ်ခဲ့သလို သားသမီးတွေကိုလည်း သူနဲ့ အလွန်နီးနီးကပ်ကပ် ထားရှိသူတစ်ယောက်အတွက်တော့ ဒီကိစ္စဟာ အလွန်ဆိုးရွားပါတယ်" လို့ သူက ဆက်ပြောပါတယ်။
ဟွမ်ကိုယ်တိုင်ကလည်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အဲဒီထဲမှာ "ကျွန်တော် ဇနီးအပေါ် သစ္စာဖောက်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ လုပ်ရပ်ကြောင့် ဇနီးနဲ့ သားသမီးတွေ ထိခိုက်နာကျင်ခဲ့ရပါတယ်။ ကျွန်တော်လုပ်ခဲ့တာအတွက် ဆင်ခြေပေးစရာ မရှိပါဘူး။ အလွန်နောင်တရပြီး တောင်းပန်ပါတယ်" လို့ ဖော်ပြထားပါတယ်။
ဂျန်ဆန်ဟွမ်ရဲ့အချစ်ရေး အရှုပ်တော်ပုံ ဘာတွေသိထားရလဲ
ဟွမ်နဲ့ ဖောက်ပြန်ခဲ့သူဆိုတာက အဲလစ်ဟွမ် ဆိုတဲ့ အမျိုးသမီးဖြစ်ပါတယ်။ အမေရိကန်အရာရှိတွေဟာ အဲလစ်ဟွမ်ကို တရုတ်နိုင်ငံရဲ့ ထိပ်တန်းထောက်လှမ်းရေးအေဂျင်စီက သူလျှိုလုပ်ဖို့ စည်းရုံးခန့်အပ်ထားတယ်လို့ ကောက်ချက်ချထားကြောင်း New York Times သတင်းစာက ဖော်ပြပါတယ်။
အဲလစ်ဟွမ်ဟာ စင်ကာပူနိုင်ငံအခြေစိုက် ဒေတာစင်တာကုမ္ပဏီ Megaspeed ရဲ့ အကြီးတန်းအမှုဆောင်အရာရှိတစ်ဦး ဖြစ်ခဲ့ပါတယ်။ အဲဒီကုမ္ပဏီဟာ NVIDIA ချစ်ပ်ပြားတွေကို တရုတ်နိုင်ငံဆီ တစ်ဆင့်ခံ လွှဲပြောင်းပေးရာမှာ ကူညီခဲ့တယ်လို့ သံသယရှိခံခဲ့ရပါတယ်။
ဒါပေမဲ့ ဒီကိစ္စကို စုံစမ်းစစ်ဆေးခဲ့ပြီး စွပ်စွဲချက်ဟာ အခြေအမြစ်မရှိကြောင်း ဖော်ထုတ်နိုင်ခဲ့တယ်လို့ NVIDIA ဘက်က ပြောထားပါတယ်။
ထောက်လှမ်းစောင့်ကြည့်မှုကနေ အဲလစ်ဟွမ်နဲ့ အမေရိကန်နိုင်ငံသားတစ်ဦးတို့အကြား ဆက်သွယ်မှုတွေကို တွေ့ရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီအမေရိကန်နိုင်ငံသားဟာ ဂျန်ဆန်ဟွမ်ဖြစ်ကြောင်း "Unmasking" လို့ခေါ်တဲ့ လုပ်ငန်းစဉ်တစ်ခုကနေ ဖော်ထုတ်သိရှိခဲ့တာ ဖြစ်ပါတယ်။
အဲလစ် ဟွမ် (ခေါ်) ဟွမ်လဲ့ (Huang Le) ဟာ ဘယ်လိုအချက်အလက်တွေကို ဘေကျင်းမြို့ဆီ ပေးပို့ခဲ့တယ်လို့ စွပ်စွဲခံရသလဲ၊ အဲဒီအချက်အလက်တွေက ဘယ်လောက်အရေးပါသလဲ၊ ထောက်လှမ်းရေးအချက်အလက်တွေ စတင်စုဆောင်းခဲ့တယ်လို့ ယူဆရတဲ့ အချိန်က ဘယ်တုန်းကလဲဆိုတာတွေကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အဲလစ်ဟွမ်ဟာ New York Times သတင်းစာရဲ့ မှတ်ချက်တောင်းခံမှုကို တုံ့ပြန်ခြင်း မရှိခဲ့ပါဘူး။
ဒီထောက်လှမ်းရေးဆိုင်ရာ စိုးရိမ်မှုတွေအကြောင်း NVIDIA က ကြိုတင်သိရှိထားခြင်း ရှိ၊ မရှိ ဘီဘီစီ က မေးမြန်းရာမှာ ကုမ္ပဏီက မသိရှိထားကြောင်း ပြောပါတယ်။
NVIDIA ပြောရေးဆိုခွင့်ရှိသူကတော့ "တကယ်တမ်း ခြိမ်းခြောက်မှုတစ်ခုရဲ့ ပစ်မှတ်ဖြစ်ခဲ့တယ်ဆိုရင် အမေရိကန်အစိုးရက ကျွန်တော်တို့ကို အသိပေးခဲ့မှာ ယုံကြည်ပါတယ်" လို့ ဘီဘီစီကို ပြောပါတယ်။
စင်ကာပူမှ Ayeshea Perera နဲ့ ဆစ်ဒနီမြို့မှ Helen Davidson တို့လည်း ပူးပေါင်းရေးသားထားပါတယ်။



























