စစ်၊ နိုင်ငံရေးနဲ့ ထောင် - အကျဉ်းစံဖူးတဲ့ မြန်မာအကြီးအကဲများ

နရသိန်နန်း စံမြန်းခဲ့ရတဲ့ ခေါင်းဆောင်တွေနဲ့ ဝန်ကြီး ဝန်ကလေး ဗိုလ်ချုပ်တွေ ဒါဇင်ချီ ရှိခဲ့
ဓာတ်ပုံ ပုံစာ, နရသိန်နန်း စံမြန်းခဲ့ရတဲ့ ခေါင်းဆောင်တွေနဲ့ ဝန်ကြီး ဝန်ကလေး ဗိုလ်ချုပ်တွေ ဒါဇင်ချီ ရှိခဲ့
    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၁၃

ဝန်ကြီးတလှည့် ထောင်တလှည့် ဆိုပြီး စာချိုးရှိတဲ့အတိုင်း မြန်မာပြည်နိုင်ငံရေး ခေတ်တလျှောက်မှာ အာဏာရခဲ့ အကျဉ်းကျခဲ့တဲ့ နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေး စစ်ဗိုလ်တွေ ရှိခဲ့ပါတယ်။ နိုင်ငံရေးခေါင်းဆောင်တွေထဲက အစိုးရကို ပုန်ကန်တဲ့ သူပုန်ခေါင်းဆောင်တွေ ဖြစ်သွားပြီး အစိုးရအဝန်းအဝိုင်းထဲ ပြန်ရောက်လာခဲ့တဲ့ ပုဂ္ဂိုလ်တွေလည်း ရှိခဲ့ပါတယ်။

မြန်မာပြည်မှာ ပထမဆုံး နန်းရင်းဝန်နဲ့ အဓိပတိရာထူးတွေ ရခဲ့တဲ့ ဒေါက်တာ ဘမော်၊ မြန်မာပြည်ရဲ့ ပထမဆုံး သမ္မတနဲ့ ဝန်ကြီးချုပ်တွေ ဖြစ်ကြတဲ့ စဝ်ရွှေသိုက်နဲ့ ဦးနု၊ ၁၉၆၂ က စပြီး မြန်မာပြည်မှာ စစ်တပ်ခေတ်ကို ထောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ ခုလတ်တလော အကျဉ်းကျနေတဲ့ ပထမဆုံး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် နိုင်ငံရေး နှစ်တရာကျော်အတွင်း မြန်မာပြည်မှာ နရသိန်နန်း စံမြန်းခဲ့ရတဲ့ ခေါင်းဆောင်တွေနဲ့ ဝန်ကြီး ဝန်ကလေး ဗိုလ်ချုပ်တွေ ဒါဇင်နဲ့ချီ ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒီထဲမှာ အကျယ်ချုပ်နဲ့ အကျဉ်းစံ စုစုပေါင်း နှစ် ၂၀ ကျော် ကျခံခဲ့ရပြီး ကျခံနေရဆဲ ဖြစ်တဲ့ ငြိမ်းချမ်းရေး နိုဘယ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က အထင်ရှားဆုံး ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ ထိန်းသိမ်းခံနေရဆဲ အင်းစိန်ထောင်
ဓာတ်ပုံ ပုံစာ, နိုင်ငံရေးအကျဉ်းသားတွေ ထိန်းသိမ်းခံနေရဆဲ အင်းစိန်ထောင်

ကိုလိုနီခေတ် ခေါင်းဆောင်များ

ပြင်သစ် သတင်းစာက ဖော်ပြတဲ့  အလုပ်ကြမ်းကျ မြန်မာအကျဉ်းသားများ
ဓာတ်ပုံ ပုံစာ, ပြင်သစ် သတင်းစာက ဖော်ပြတဲ့ အလုပ်ကြမ်းကျ မြန်မာအကျဉ်းသားများ

၂၀ ရာစုဦး မြန်မာပြည်မှာ နိုင်ငံရေးခေတ် ပေါ်ထွန်းလာပြီးနောက်ပိုင်း အကျဉ်းကျခဲ့တဲ့ နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ရှိခဲ့ပါတယ်။ ဒီထဲမှာ အထင်ရှားဆုံးက ဝံသာနုခေတ်ဦးက ဆရာတော် ဦးဥတ္တမနဲ့ ထောင်တွင်း အစာငတ်ခံဆန္ဒပြရင်း ပျံလွန်ခဲ့တဲ့ ဦးဝိစာရတို့ ဖြစ်ပါတယ်။ ဒိုင်အာခီခေတ်နဲ့ ၉၁ ဌာနခေတ်တွေမှာ ဝန်ကြီးချုပ် (ဝန်ကြီး)နဲ့ နန်းရင်းဝန် ရာထူးတွေ ရခဲ့တဲ့ နိုင်ငံရေး လူကြီးပိုင်းထဲက ဖမ်းဆီးခံရသူကတော့ အစပိုင်းမှာ မရှိသလောက် ဖြစ်ခဲ့ပေမယ့် ဒုတိယကမ္ဘာစစ် ဖြစ်ခါနီး ကာလမှာ ရှိလာခဲ့ပါတယ်။

အစောပိုင်း ထိန်းသိမ်းခံသူတွေထဲက ရာထူးကြီး ရခဲ့သူကတော့ မြန်မာပြည်ရဲ့ သရဖူမဆောင်းသောဘုရင် ဆိုပြီး တင်စားခဲ့ကြတဲ့ ဂျီစီဘီအေ ဦးချစ်လှိုင် ဖြစ်ပါတယ်။ အဋ္ဌမအက်ဒွပ်ဘုရင်ဖြစ်လာမယ့် အင်္ဂလိပ် ဝေလမင်းသား ၁၉၂၂ မြန်မာပြည်ကို တိုင်းခမ်းလှည့်ရာမှာ ရန်ကုန် မရောက်မီမှာပဲ အင်္ဂလိပ်အစိုးရက ဂျီစီဘီအေ သမ္မတ ဦးချစ်လှိုင်နဲ့ မြန်မာခေါင်းဆောင်တချို့ကို ဖမ်းပြီး အဝေးမြို့တွေ ပို့ရာမှာ ဦးချစ်လှိုင်ကို တောင်ကြီးပို့ပါတယ်။ ဝံသာနုခေတ်မှာ သပိတ်မှောက် ဂျီစီဘီအေ ခေါင်းဆောင်ကြီးအဖြစ် ဒိုင်အာခီ ရွေးကောက်ပွဲတွေကို သပိတ်မှောက်ခဲ့တဲ့ ဦးချစ်လှိုင်ဟာ နောက်ပိုင်းမှာ ရွေးကောက်ပွဲဝင်ပြီး မင်းတိုင်ပင်အမတ် ဖြစ်လာခဲ့လို့ ၁၉၃၂ နဲ့ ၁၉၃၅ မှာ ဥပဒေပြုကောင်စီဥက္ကဋ္ဌ တင်မြှောက်ခံခဲ့ရပါတယ်။ ၁၉၃၇ မှာ ၉၁ ဌာန အုပ်ချုပ်ရေး စပြီးနောက် ဦးချစ်လှိုင် အောက်လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာခဲ့ကြောင်း မြန်မာ့စွယ်စုံကျမ်းက ဖော်ပြပါတယ်။

ခေတ်အဆက်ဆက် ထောင်ကျခဲ့တဲ့ ဒေါက်တာဘမော်နဲ့ ပါရမီဖြည့်ဖက် ဇနီး
ဓာတ်ပုံ ပုံစာ, ခေတ်အဆက်ဆက် ထောင်ကျခဲ့တဲ့ ဒေါက်တာဘမော်နဲ့ ပါရမီဖြည့်ဖက် ဇနီး

ဒိုင်အာခီခေတ် ဝန်ကြီးချုပ်တွေ ထောင်မကျခဲ့ပေမယ့် ၉၁ ဌာနခေတ်အစ ၁၉၃၇ မှာ ပထမဆုံး နန်းရင်းဝန် ဖြစ်ခဲ့တဲ့ ဒေါက်တာဘမော်ကတော့ ရာထူးက ပြုတ်ပြီးနောက်ပိုင်း ထောင်နန်းစံခဲ့ရပါတယ်။ ၁၉၃၉ မှာ တို့ဗမာအစည်းအရုံးနဲ့ ပူးပေါင်းပြီး ဗမာ့ထွက်ရပ်ဂိုဏ်း တည်ထောင်တဲ့ ဒေါက်တာဘမော်ကို ၁၉၄၀ သြဂုတ်လမှာ ဗြိတိသျှအစိုးရက ဖမ်းဆီးပြီးနောက် ထောင်တနှစ်ချလို့ မန္တလေးထောင် ပို့ခံရပါတယ်။ အဲဒီနောက် မိုးကုတ်ထောင်ကို ပြောင်းထားပြီး ဂျပန်တပ်တွေ မြန်မာပြည် ဝင်လာပြီးမှ ၁၉၄၂ ဧပြီမှာ ဒေါက်တာဘမော် လွတ်မြောက်ပြီး ဂျပန် ကင်ပေတိုင်က သူ့ကို ဂျပန် စစ်ဌာနချုပ်ရှိတဲ့ မေမြို့ ခေါ် ပြင်ဦးလွင်ကို ခေါ်သွားခဲ့ပါတယ်။

ဂျပန်ခေတ် ပထမဆုံး ပေးတဲ့ လွတ်လပ်ရေးနဲ့ မြန်မာပြည်အဓိပတိ ဖြစ်လာတဲ့ ဒေါက်တာဘမော်ဟာ ဂျပန်စစ်ရှုံးလို့ မဟာမိတ် ပြန်၀င်ချိန် ၁၉၄၅ မှာ ထိုင်းကတဆင့် ဂျပန်ကို ထွက်သွားပြီး မဟာမိတ်တပ်တွေ ဖမ်းတာ ခံရလို့ ဆူဂါမိုထောင်မှာ ၁၉၄၆ ထိ နေခဲ့ရပါတယ်။ ဒီ ထောင်အတွေ့အကြုံတွေကိုဒေါက်တာဘမော်ရဲ့ ရုန်းထွက်ခဲ့သော မြန်မာပြည် စာအုပ်မှာ ရေးသားခဲ့ပေမယ့် ကမ္ဘာစစ်ပြီးနောက် သူထိန်းသိမ်းခံရတဲ့ အတွေ့အကြုံတွေကိုတော့ ရေးမသွားနိုင်ခဲ့ပါဘူး။

ဗမာ့ထွက်ရပ်ဂိုဏ်းနဲ့ ဘီအိုင်အေခေတ်မှာ သခင်တွေနဲ့ ပူးပေါင်းခဲ့တဲ့ ဒေါက်တာဘမော်ဟာ စစ်ပြီးခေတ်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဖဆပလနဲ့ လမ်းခွဲခဲ့ပါတယ်။ အဲဒီနောက် ဂဠုန်ဦးစော၊ သခင်ဗစိန်တို့နဲ့အတူ စောစိန်မော် ဂိုဏ်းထောင်ပြီး ဖဆပလကို ဆန့်ကျင်ပါတယ်။ ဒီအတွက် ၁၉၄၇ ဇူလိုင်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အစိုးရဝန်ကြီးတွေကို ဦးစော လုပ်ကြံချိန်မှာ စောစိန်မော်ဂိုဏ်း ခေါင်းဆောင်တဦးအနေနဲ့ ဒေါက်တာဘမော်နဲ့ သမက် ဗိုလ်ရန်နိုင်ကို ဖမ်းဆီးခဲ့ပါတယ်။ ဒေါက်တာမော်ကို ၁၉၄၇ သြဂုတ်လကနေ ဒီဇင်ဘာလထိ ပုဒ်မ (၅) နဲ့ ထိန်းသိမ်းခဲ့ကြောင်း သန်းဝင်းလှိုင်ရဲ့ မြန်မာ့သမိုင်းတကွေ့မှ အဓိပတိကြီး ဒေါက်တာဘမော် ဆောင်းပါးမှာ ပါရှိပါတယ်။

၁၉၆၂ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီးနောက် ၁၉၆၆ မေမှာ ဒေါက်တာဘမော် ထပ်မံ အကျဉ်းချခံရပါတယ်။ ဒီတခါမှာတော့ သမီးကြီး ဒေါ်တင်စာမော်နိုင်နဲ့ သမက် ဝတ်လုံ ဦးရဲထွန်းတို့ပါ ထိန်းသိမ်းခံရပါတယ်။ သားကြီး ဝတ်လုံ ဦးဇာလီမော်၊ သမက် ဗိုလ်ရန်နိုင်နဲ့ မြေး နှစ်ယောက်တို့ကတော့ ဦးနုရဲ့ ပါလီမန် ဒီမိုကရေစီပါတီနဲ့အတူ ထိုင်းနယ်စပ် အခြေပြုပြီး စစ်အစိုးရကို ပုန်ကန်ခဲ့သလို သမီး ဒေါ်သီတာမော် စတူးဒဗွန့်ကလည်း ဒေါက်တာဘမော်နဲ့ ဗိုလ်ရန်နိုင်အတွက် အမေရိကန် အစိုးရဆီက ဒေါ်လာတသန်း တောင်းကြောင်း ပါမောက္ခ ကန်တန် ကလိုင်မာရဲ့ နူးညံ့တဲ့ ဆက်ဆံရေး၊ ၁၉၄၅ ကတည်းက အမေရိကန်နဲ့ မြန်မာ စာအုပ်မှာ ပါရှိပါတယ်။ ၁၉၆၈ ထောင်က ပြန်လွတ်ချိန်မှာတော့ ဒေါက်တာဘမော် အသက် ၇၅ နှစ် ရှိပြီ ဖြစ်ပါတယ်။

ပြည်ပမှာ အကျဉ်းစံခဲ့ရတဲ့ နန်းရင်းဝန်ဟောင်း ဦးစော
ဓာတ်ပုံ ပုံစာ, ပြည်ပမှာ အကျဉ်းစံခဲ့ရတဲ့ နန်းရင်းဝန်ဟောင်း ဦးစော
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒေါက်တာဘမော်နောက်မှာ နန်းရင်းဝန် ဖြစ်တဲ့ ဂဠုန်ဦးစောလည်း ထောင်နန်းစံဖူးရုံမက ဗိုလ်ချုပ်အောင်ဆန်းအစိုးရကို လုပ်ကြံမှုအတွက် အပေါင်းပါတွေနဲ့အတူ ကြိုးပေးခံခဲ့ရပါတယ်။ ဂဠုန်ဦးစောဟာ ဒုတိယကမ္ဘာစစ်မီး မြန်မာပြည်ကို မကူးစက်မီမှာ လွတ်လပ်ရေးအတွက် ဗြိတိန်နဲ့ အမေရိကန်ကို သွားပြီး အရေးဆိုခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အင်္ဂလန်က အပြန် ပေါ်တူဂီနိုင်ငံ လစ္စဘွန်းအရောက်မှာ ဂျပန်ကောင်စစ်ဝန်ရုံးကိုသွားပြီး ဂျပန်သံအမတ်နဲ့ တွေ့ပါတယ်။ အဲဒီမှာ မြန်မာပြည်ကို ဂျပန်ဝင်သိမ်းရာမှာ ကူညီဖို့ ကိစ္စ စကားကမ်းလှမ်းတာကို ဗြိတိသျှဘက်က သိလို့ ပါလက်စတိုင်း (အစ္စရေး) အရောက်မှာ ထိန်းသိမ်းခံရပါတယ်။ ဦးစောကို မြန်မာပြည် ပြန်ခွင့်မပေးဘဲ ထိန်းသိမ်းကြောင်း ၁၉၄၂ ဇန်နဝါရီမှာ ကြေညာပြီး အာဖရိကတိုက်က ယူဂန်ဒါမှာ စစ်အတွင်းကာလ တလျှောက်လုံး အကျဉ်းချခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အပြီးမှာ မြန်မာပြည်ကို ပြန်ရောက်လာတဲ့ ဦးစောဟာ စစ်အတွင်းမှာ ဗမာ့တပ်မတော်အဆင့်ဆင့်ကို ထူထောင်ပြီး အင်အားကြီးလာတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်ဟောင်းတွေ ကြီးစိုးတဲ့ ဖဆပလအဖွဲ့နဲ့ တပ်မတော်ကို မယှဉ်ပြိုင်နိုင်ဘဲ ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေးအားပြိုင်မှုတွေကြားထဲမှာ အပြိုင်လွန်ကုန်ပြီး ၁၉၄၆ မှာ ဦးစောကို လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားရာမှာ အသက်မသေ လွတ်မြောက်ခဲ့ပေမယ့် ဗိုလ်ချုပ်အောင်ဆန်း နောက်က ကြိုးကိုင်တယ်လို့ ယူဆပြီး ဦးစောက ရန်ငြိုးထားပါတယ်။

ဒီလိုနဲ့ပဲ ၁၉၄၆ ဘုရင်ခံခန့် အစိုးရမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ယာယီပူးပေါင်းခဲ့ပေမယ့် အောင်ဆန်း-အက်တလီစာချုပ်ကို ကန့်ကွက်ပြီး ထွက်လာတဲ့ ဦးစောက ဗြိတိသျှ စစ်တပ်က ရတဲ့ လက်နက်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဝန်ကြီးတွေကို လုပ်ကြံသတ်ဖြတ်မှုကြီး ၁၉၄၇ မှာ ဖြစ်ပွားခဲ့ပါတယ်။ လုပ်ကြံမှု ဖြစ်တဲ့ ညနေမှာပဲ ဦးစောနဲ့ အပေါင်းအပါတွေ ဖမ်းဆီးခံခဲ့ရပါတယ်။ သူတို့ကို ခုံရုံးဖွဲ့ စစ်ဆေးကာ ကြိုးပေးခဲ့လို့ ၁၉၄၈ မေမှာ ကွပ်မျက်ခံခဲ့ရပါတယ်။ ဒါကြောင့် ဦးစောဟာ မြန်မာနိုင်ငံရေးခေါင်းဆောင်တွေထဲ ပြည်ပမှာ အထိန်းသိမ်းခံရတဲ့ ပထမဆုံး ခေါင်းဆောင်ဖြစ်လာပြီး ပထမဆုံး လူသတ်မှုနဲ့ ကြိုးပေးသတ်ဖြတ်ခံရတဲ့ ခေါင်းဆောင်လည်း ဖြစ်ခဲ့ပါတယ်။

လန်ဒန်ရောက် ဗိုလ်ချုပ်အောင်ဆန်း
ဓာတ်ပုံ ပုံစာ, လန်ဒန်ရောက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်မြ၊ ဦးဘဘေ၊ ဦးစော စတဲ့ ဝန်ကြီးတစု

ဒုတိယကမ္ဘာစစ်မတိုင်ခင် နိုင်ငံရေး လှုပ်ရှားနေတဲ့ခေတ်မှာ ကာကွယ်ရေး ဥပဒေနဲ့ ဖမ်းဆီးခံရတဲ့ ဝန်ကြီးချုပ်ဟောင်းတွေထဲ မြန်မာပြည် အုပ်ချုပ်ရေး တိုးမြှင့်ပေးဖို့ ၁၉၁၉ က ဗြိတိန်မှာ သွားရောက်အရေးဆိုခဲ့တဲ့ ဖေပုရှိန် ဦးဘဘေ ခေါ် ဘကြီးဘဘေလည်း ပါပါတယ်။ နိုင်ငံရေးလမ်းကြောင်းပေါ် သူ တင်ပေးခဲ့တဲ့ နိုင်ငံရေး ခေါင်းဆောင် ဦးစောလက်ထက် ၁၉၄၁ မှာ သရက်ထောင်မှာ အကျဉ်းချခံရပြီး ၁၉၄၂ မှ လွတ်မြောက်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက်မှာလည်း ဘီအိုစီရေနံကုမ္ပဏီရဲ့ ကိုယ်စားလှယ် လုပ်နေတဲ့ ဦးဘဘေက စစ်သေနာပတိချုပ် ဗိုလ်ချုပ်နေဝင်းကို အာဏာသိမ်းဖို့ တိုက်တွန်းရာမှာ ဗိုလ်ချုပ်နေဝင်းက လက်မခံဘဲ ဦးဘဘေ၊ ဦးလွန်းနဲ့ ဦးသာယာဝတီမောင်မောင်ဆိုတဲ့ ဝါရင့်နိုင်ငံရေးသမားကြီး သုံးဦး နိုင်ငံတော်သစ္စာဖောက်မှုနဲ့ အင်းစိန်ထောင်မှာ ၁၉၅၄ ကနေ ၁၉၅၈ ထိ ထိန်းသိမ်းခံခဲ့ရပါတယ်။ ဦးသာယာဝတီမောင်မောင်ကတော့ အာမခံနဲ့ အမှုရင်ဆိုင်နေချိန်မှာ ကွယ်လွန်သွားပါတယ်။

ဘကြီးဘဘေလိုပဲ ဒုတိယကမ္ဘာစစ်ဖြစ်ခါနီးမှာ မန္တလေး ဦးဘဦးလို့ ထင်ရှားတဲ့ အညာသားပါတီခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း ဦးဘဦးလည်း စစ်တွေထောင်မှာ အထိန်းသိမ်းခံရပြီး ကမ္ဘာစစ်ဖြစ်ချိန်မှ ပြန်လွတ်ခဲ့ပါတယ်။ ပြန်လွတ်ပြီး မကြာမီ မတ္တရာဘက်မှာ စစ်ပြေးရင်း ဦးဘဦး ကွယ်လွန်ခဲ့ပါတယ်။ ဦးဘဦးဟာ မြန်မာပြည်ကို ဝေလမင်းသားလာချိန်ကလည်း သံတွဲကို နယ်နှင်ဒဏ်အပေးခံခဲ့ရတဲ့ မန္တလေး ဗဟိုစည် သတင်းစာတိုက်ပိုင်ရှင် ဖြစ်ပါတယ်။

၉၁ ဌာနခေတ် အစိုးရသုံးဆက်မှာ ဝန်ကြီးချုပ် ဖြစ်ခဲ့ပြီး ဗမာ့ထွက်ရပ်ဂိုဏ်းမှာလည်း ဒေါက်တာဘမော်၊ သခင်အောင်ဆန်းတို့နဲ့အတူ ပါခဲ့တဲ့ ကရင်ခေါင်းဆောင် စောဖေသာဟာ ဒုတိယကမ္ဘာစစ်အစ ၁၉၄၂ မြောင်းမြကို ဘီအိုင်အေဝင်ချိန်မှာ အင်္ဂလိပ်ဇနီးသည်၊ သားသမီးတွေနဲ့အတူ သတ်ဖြတ်ခံခဲ့ရတယ်ဆိုသလို ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်လို့လည်း ရေးကြပါတယ်။ အဲဒီခေတ်က ဝန်ကြီးချုပ်ဟောင်း အမရပူရ ဦးဘသီလည်း ၁၉၄၈ ပြည်တွင်းစစ်အစမှာပဲ အမရပူရမြို့ကို ကွန်မြူနစ်နဲ့ ရဲဘော်ဖြူတွေ ထိန်းချုပ်ထားချိန်မှာ သတ်ဖြတ်ခံရကြောင်း ညီပုလေးရဲ့ မြေးသူကြီး စာအုပ်မှာ ပါရှိပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်လွတ်လပ်ရေး မပေးမီ အစိုးရမှာ ဝန်ကြီးဖြစ်ခဲ့ကြတဲ့ တို့ဗမာအစည်းအရုံးခေါင်းဆောင် သခင်ဗစိန်နဲ့ သခင်ထွန်းအုပ်တို့ကိုလည်း လွန်လပ်ရေး ကြေညာပြီးနောက် မန်ချူးကိုးနဲ့ ဂျပန်သိမ်းထားတဲ့ တရုတ်(နန်ကင်း)ကို သံအမတ်အဖြစ် စေလွှတ်ရာမှာ ခရီးဆုံးထိ မရောက်ဘဲ ရှိုနန် (စင်္ကာပူ)နဲ့ ဂျားဗားမှာ ဂျပန်က ထိန်းသိမ်းထားတဲ့အတွက် စစ်ပြီးတဲ့အထိ နေခဲ့ရပါတယ်။ ဗစိန်ထွန်းအုပ်သခင်ဂိုဏ်းရဲ့ ခေါင်းဆောင်နှစ်ဦးဟာ ကိုယ်တော်မှိုင်းဂိုဏ်းက ခေါင်းဆောင်တွေလိုပဲ ဗြိတိသျှလက်အောက်မှာ ထောင်ကျခဲ့ တိမ်းရှောင်ခဲ့ကြရသလို သခင်ဗစိန် ဆိုရင် ၁၉၄၀ က နိုင်ငံကူး လက်မှတ်အတုနဲ့ ဂျပန်သွားဖို့ ကုန်းလမ်းက ကြိုးပမ်းရာမှာ ထိုင်းနယ်စပ်နားမှာ အဖမ်းခံခဲ့ရပါတယ်။ သခင်ထွန်းအုပ်ကတော့ ရဲဘော်သုံးကျိပ်ဝင်တွေထဲမှာ စစ်ပညာ မသင်ဘဲ အုပ်ချုပ်ရေးအတွက် လေ့လာခဲ့တဲ့ တဦးတည်းသောသူ ဖြစ်ပါတယ်။

လွတ်လပ်ပြီး ဖဆပလခေတ် ဦးနုအစိုးရအောက်မှာလည်း သူတို့ မကောင်းစားဘဲ ထိန်းသိမ်းခံခဲ့ကြရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု ဖြစ်ပြီးနောက် စောစိန်မော်ဂိုဏ်းက သခင်ဗစိန်ကို ထိန်းသိမ်းခဲ့သလို လွတ်လပ်ရေး ရပြီးနောက် သူပုန်ထနေတဲ့ ကရင်ခေါင်းဆောင် စောဘဦးကြီးနဲ့ လျှို့၀ှက်တွေ့ဆုံတဲ့အတွက် သခင်ဗစိန်ကို ပုဒ်မ ၅ နဲ့ ဖမ်းခဲ့ပါတယ်။ ၁၉၆၀ မှာလည်း တခါ ပုဒ်မ၅ နဲ့ပဲ ရှစ်လကြာ ထိန်းသိမ်းခံရပါတယ်။

၉၁ ဌာနခေတ် အောက်လွှတ်တော် ဒုဥက္ကဋ္ဌနဲ့ ဂျပန်ခေတ် ဝန်ကြီး ဖြစ်ခဲ့တဲ့ ပအိုဝ်းခေါင်းဆောင် ဦးလှဖေကတော့ ၁၉၄၈ နောက်ပိုင်း နှစ်ခါ တောခိုပြီး ပအိုဝ်းလှုပ်ရှားမှု ခေါင်းဆောင်အဖြစ် ကွယ်လွန်ခဲ့သလို ၁၉၆၃ မှာလည်း ထိန်းသိမ်းခံခဲ့ရပါတယ်။ တခါ ဂျပန်ခေတ် အစိုးရ ဝန်ကြီး သခင်သန်းထွန်းနဲ့ စစ်ပြီးခေတ် ဗိုလ်ချုပ်အောင်ဆန်းအစိုးရမှာ ဝန်ကြီးဖြစ်ခဲ့တဲ့ စောဘဦးကြီးတို့ နှစ်ဦးလုံး လွတ်လပ်ပြီးခေတ်မှာ ပုန်ကန်ထကြွခဲ့ကြပြီး တောတွင်းမှာ ကျဆုံးခဲ့ကြပါတယ်။ ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေးအတွက် အရံတပ်မင်းကြီးလုပ်နေတဲ့ ဝန်ကြီးဟောင်း ဦးတင်ထွဋ်လည်း ၁၉၄၈ မှာ ကားဗုံးခွဲခံရပြီး သေဆုံးခဲ့ပါတယ်။

ဖဆပလခေတ် ခေါင်းဆောင်များ

နာမည်ကျော် ထောင်ဝတ္ထုရေးခဲ့တဲ့ ထောင်မင်းသားကြီး ဦးနု
ဓာတ်ပုံ ပုံစာ, နာမည်ကျော် ထောင်ဝတ္ထုရေးခဲ့တဲ့ ထောင်မင်းသားကြီး ဦးနု

ဗြိတိသျှခေတ်မှာ ထောင်ကျအကျဉ်းသားတွေအပေါ် အာဏာပိုင်တွေရဲ့ ရက်စက်နှိပ်ကွပ်မှုတွေအကြောင်း ရေးတဲ့ ရက်စက်ပါပေ့ကွယ် ဝတ္ထုနဲ့ ထင်ရှားခဲ့တဲ့ သခင်နု ခေါ် ဦးနုဟာ လွတ်လပ်ပြီးခေတ် မြန်မာပြည်မှာ နန်းရင်းဝန် ခေါ် ဝန်ကြီးချုပ် ရာထူးကြီးကို ပထမဆုံး ရခဲ့ပြီးနောက် ၁၂ နှစ်ကျော် ထမ်းဆောင်ခဲ့ပေမယ့် ၁၉၆၂ အာဏာသိမ်းချိန်မှာတော့ အကျဉ်းစံဘဝကို တပတ်ပြန်လည် ရောက်ရှိခဲ့ပါတယ်။ ထောင်အတွင်းမှာ လေးနှစ်ကျော် ထိန်းသိမ်းခံရပြီးနောက် ၁၉၆၆ မှာ ပြန်လွတ်လာပြီး ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ပြည်တွင်း ညီညွတ်‌ရေး ၃၃ ဦး အကြံ‌ပေးအဖွဲ့မှာ ပါခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးနေဝင်းက သူ့ကို အာဏာ ပြန်လွှဲပေးဖို့နဲ့ ၁၉၆၂ မတ်လက ဖျက်သိမ်းလိုက်တဲ့ ပါလီမန်ကို ပြန်ခေါ်ပေးပြီးမှ ဗိုလ်ချုပ်ကြီးကို တရားဝင် သမ္မတရာထူးပေးမယ်ဆိုတဲ့ သူ့အကြံပြုချက်ကို လက်မခံတဲ့အတွက် ၁၉၆၉ မှာ ဦးနု အိန္ဒိယကို ဆေးကုဖို့ ထွက်သွားပြီး ထိုင်းနယ်စပ်ကို အခြေခံကာ ပါလီမန် ဒီမိုကရေစီပါတီအမည်နဲ့ လက်နက်ကိုင် လှုပ်ရှားမှုကို စတင်ခဲ့ပါတယ်။ မြန်မာပြည်ရဲ့ စစ်ဗိုလ်ချုပ်ဟောင်း၊ ဝန်ကြီးဟောင်းတွေနဲ့ ရဲဘော်သုံးကျိပ်ဝင်တွေ ပါဝင်တဲ့ ဒီလှုပ်ရှားမှု မအောင်မမြင် ဖြစ်ပြီးနောက် ဦးနု အိန္ဒိယမှာ နေထိုင်ခဲ့ပါတယ်။

၁၉၈၀ မှာ ဦးနေဝင်းအစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့အတူ ပြန်လည်ခေါ်ယူမှုကြောင့် မြန်မာပြည် ပြန်ရောက်လာပြီးနောက် ပိဋကတ် ဘာသာပြန်ကိစ္စအတွက်ပဲ အားထုတ်ခဲ့တဲ့ ဦးနုဟာ ၁၉၈၈ အရေးအခင်းကာလမှာ စင်ပြိုင်အစိုးရ ထူထောင်ပြီး နိုင်ငံရေးထဲ ပြန်ဝင်ခဲ့တဲ့အတွက် အသစ်တက်လာတဲ့ နဝတအစိုးရခေတ် ၁၉၈၉ မှာ အကျယ်ချုပ်ကျခဲ့ပါတယ်။ ၁၉၉၂ မှာ အကျယ်ချုပ်က ပြန်လွှတ်ပေးပြီးနောက် ၁၉၉၅ မှာ ကွယ်လွန်ခဲ့တဲ့ ဦးနုဘဝမှာ နိုင်ငံရေး ခယောင်းလမ်းနဲ့ အစဉ်ပြွမ်းတီးနေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ဦးနုလိုပဲ ဗိုလ်လက်ျာ ၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းနဲ့ သခင်တင် စတဲ့ ဖဆပလနဲ့ ပထစခေတ် ခေါင်းဆောင် ဝန်ကြီးချုပ်နဲ့ ဒုဝန်ကြီးချုပ်တွေဟာလည်း လွတ်လပ်ရေးမရမီ ကာလမှာ ထောင်နှုတ်ခမ်းလျှောက်ပြီး နိုင်ငံရေးလုပ်ခဲ့ကြသလို စစ်အတွင်းမှာလည်း ဗိုလ်လက်ျာက ရဲဘော်သုံးကျိပ် ခေါင်းဆောင်တယောက်အဖြစ် ဗမာ့တပ်မတော်တည်ထောင်ရာမှာ ပါဝင်ခဲ့သလို ကျန်တဲ့သူတွေကလည်း ဂျပန်အောက်မှာ ဖက်ဆစ်ဆန့်ကျင်ရေးကို တခြား သခင်ခေါင်းဆောင်တွေနဲ့အတူ သက်စွန့်ဆံဖျား လုပ်ခဲ့ကြပါတယ်။

ဗိုလ်လက်ျာဟာလည်း သခင်ဗစိန်လိုပဲ လက်နက်အကူအညီရဖို့ ထိုင်းကို နှစ်ခါထွက် ကြိုးစားရာမှာ ထိုင်းမှာ အဖမ်းခံခဲ့ရပါတယ်။ ၁၉၄၉ မှာ ဒုတိယနန်းရင်းဝန်ရာထူးက နားပြီးနောက် နိုင်ငံရေးမှာ မပါဝင်တော့ပေမယ့် သူ့ကို လုပ်ကြံဖို့ နှစ်ကြိမ်ကြိုးစားတာနဲ့ ကြုံခဲ့ရပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းခေတ်မှာ သူ ငါးနှစ် ထိန်းသိမ်းခံရပြီးနောက် သားဖြစ်သူနဲ့အတူ တောခိုပြီး ဦးနုရဲ့ လှုပ်ရှားမှုမှာ ပါဝင်ရာမှာ သားအဖနှစ်ယောက်လုံး ကရင်လက်နက်ကိုင်တွေရဲ့ လက်ချက်နဲ့ ၁၉၇ဝ ကျော်မှာ သေဆုံးခဲ့ပါတယ်။

ကျားကြီးဗဆွေ အဖြစ် ထင်ရှားခဲ့တဲ့ ဦးဗဆွေနဲ့ ဇနီး
ဓာတ်ပုံ ပုံစာ, ကျားကြီးဗဆွေ အဖြစ် ထင်ရှားခဲ့တဲ့ ဦးဗဆွေနဲ့ ဇနီး

၁၃၀၀ ပြည့်အရေးတော်ပုံမှာ သခင်ဗဟိန်းနဲ့ တွဲပြီး ထင်ရှားလာတဲ့ ကိုဗဆွေကတော့ ရေနံမြေ အလုပ်သမား သပိတ်တပ်ကို အားပေးကူညီ တရားဟောလို့ မကွေးထောင်မှာ ချုပ်နှောင် ခံရပြီး ထောင်ခြောက်လကျခဲ့ပါတယ်။ ဂျပန်ခေတ်အစ ဗြိတိသျှဆုတ်ခွာချိန်မှာလည်း တွေ့ရာသတ်စေ အမိန့်ထုတ်ခံခဲ့ရတဲ့ ဦးဗဆွေဟာ ကေဘိုတိုင် ခေါ် မြို့ပြ ကာကွယ်ရေးတပ် ဗိုလ်ချုပ်အဖြစ် ရန်ကုန်မှာ နေရင်း ဖက်ဆစ်တော်လှန်ရေးအစမှာ ဂျပန်ဖမ်းသွားလို့ သူ့ကို လွတ်မြောက်အောင် မနည်း ကယ်ထုတ်ခဲ့ရပါတယ်။ ဒီ ဖဆပလ ခေါင်းဆောင်ကြီးတွေလည်း ၁၉၆၂ အာဏာသိမ်းပြီးနောက် ဖမ်းဆီးပြီး နှစ်ရှည်အကျဉ်းချခံခဲ့ပါတယ်။ ဦးဗဆွေနဲ့ ဦးကျော်ငြိမ်းတို့ရဲ့ သားသမီးတွေလည်း ၁၉၇၄ ဦးသန့်အရေးအခင်းမှာ ဖမ်းဆီးခံရပြီး ထောင်ကျခဲ့ပါတယ်။ ၁၉၈၈ မှာတော့နိုင်ငံရေးလှုပ်ရှားမှုထဲ ပါဝင်ပြီး ဖဆပလကို ပြန်လည် ဖွဲ့စည်းခဲ့ကြပါတယ်။

လွတ်လပ်ရေး ကြေညာချိန်က သမ္မတ စဝ်ရွှေသိုက်
ဓာတ်ပုံ ပုံစာ, လွတ်လပ်ရေး ကြေညာချိန်က သမ္မတ စဝ်ရွှေသိုက်

ဖဆပလခေတ်မှာ သမ္မတအာဏာ မရှိဘူး ဆိုပေမယ့် ၁၉၆၂ အာဏာသိမ်းချိန်မှာတော့ အဲဒီခေတ်က ခန့်တဲ့ သမ္မတသုံးယောက်မှာ နှစ်ယောက် ထိန်းသိမ်းခံရပါတယ်။ လွတ်လပ်ရေးကြေညာချိန်က သမ္မတ စဝ်ရွှေသိုက်နဲ့ အာဏာသိမ်းချိန်မှာ ရာထူးသက်တမ်း မကုန်သေးတဲ့ မန်းဝင်းမောင် ခေါ် ဦးဝင်းမောင်တို့ ဖြစ်ပါတယ်။ ၁၉၆၂ အာဏာသိမ်းချိန် ဖမ်းဆီးခံရတဲ့ သမ္မတ ဦးဝင်းမောင် ၁၉၆၇ မှာ ပြန်လွတ်ခဲ့ပေမယ့် သမ္မတဟောင်း စဝ်ရွှေသိုက်ကတော့ ထောင်ထဲမှာပဲ ကွယ်လွန်ခဲ့ပါတယ်။ လူမျိုးစုလွှတ်တော်နာယကဟောင်းအဖြစ် ရာထူးလက်ရှိ ယူမထားတဲ့ စဝ်ရွှေသိုက်ရဲ့ ကုက္ကိုင်းလမ်းထောင့်က ရန်ကုန်ဟော်ကို စစ်တပ်လာဝိုင်းချိန်မှာ ပစ်ခတ်ခံရလို့ သားတော် စဝ်မီမီသိုက် အနိစ္စရောက်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဆိုးရဲ့ နောက်ဆက်တွဲအနေနဲ့ ကျန်ရစ်သူ သမ္မတကတော်ဟောင်း ညောင်ရွှေမဟာဒေဝီတို့ သားမယ်တော် တစု ထိုင်းနယ်စပ်ကို ထွက်သွားပြီး ရှမ်းလက်နက်ကိုင်တွေနဲ့ ပူးပေါင်းခဲ့ပါတယ်။

ဒီအာဏာသိမ်းပွဲကြောင့် ပြည်ထောင်စု တရားဝန်ကြီးချုပ် ဦးမြင့်သိန်းနဲ့ တရားရေးဝန်ကြီး ဒေါက်တာဧမောင်၊ ဗိုလ်မှူးအောင်၊ စဝ်ခွန်ချို စတဲ့ ပထစအစိုးရ ဝန်ကြီးဟောင်းတွေ ဖမ်းဆီးခံရသလို ဗိုလ်ခင်မောင်ကလေး၊ ဦးရာရှစ်၊ သခင်သာခင်စတဲ့ တည်မြဲဖဆပလခေါင်းဆောင် ဝန်ကြီးဟောင်းတွေကို ၁၉၆၂ နောက်ပိုင်းမှာ နှစ်ရှည်ဖမ်းဆီးခဲ့ပါတယ်။ ဖဆပလခေတ် ဝန်ကြီးနဲ့ သံအမတ်ကြီးဟောင်း ဦးဝင်းကတော့ ၁၉၆၉ ဦးနု တောခိုချိန်မှာ လိုက်သွားရင်း လမ်းခရီးမှာ ကွယ်လွန်ခဲ့ပါတယ်။

ထူးခြားချက်အနေနဲ့ ၁၉၆၂ အာဏာသိမ်းချိန်မှာ ဖမ်းဆီးခံရပြီးနောက် နေ့ချင်းပြန်လွှတ်ပေးလိုက်သူတွေထဲမှာ လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်နဲ့ ၀န်ကြီးတချို့ ပါ၀င်ပြီး ဒီထဲက ကရင်၀န်ကြီး ဒေါက်တာစောလှထွန်းကို ကရင်ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဆက်ခန့်ခဲ့သလို နိုင်ငံတော်ကောင်စီ၀င်အထိပါ ခန့်ခဲ့ပါတယ်။

၁၉၅၉ အိမ်စောင့်အစိုးရမှာ ချင်းရေးရာ၀န်ကြီး ဖြစ်ခဲ့တဲ့ ဦးရာလ်မှုန်းနဲ့ တခြားချင်းအမတ်ဟောင်းတွေ ၊ စစ်ဗိုလ်တွေ ဦးဆောင်တဲ့ ချင်းပုန်ကန်မှုလည်း ၁၉၆၄ မှာ ဖြစ်ပွားပြီး ချင်းလွတ်လပ်ရေးတပ်မတော်နဲ့ ညီညွတ်သော ချင်းအစိုးရကို ထူထောင်ခဲ့ကြပါတယ်။

ဗိုလ်ချုပ်ကြီးနေဝင်းခေတ် ခေါင်းဆောင်များ

 နေအိမ် အကျယ်ချုပ်ဘဝမှာ ကွယ်လွန်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး နေဝင်း
ဓာတ်ပုံ ပုံစာ, နေအိမ် အကျယ်ချုပ်ဘဝမှာ ကွယ်လွန်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး နေဝင်း

အာဏာပြင်းပြီး လက်အောက်ငယ်သား စစ်ဗိုလ်တွေအပေါ် ယုံကြည်မှု နည်းတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းခေတ်မှာတော့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်ကြီးနဲ့ လေတပ်ဦးစီးချုပ် ဗိုလ်မှူးချုပ် တီကလစ်၊ ဗိုလ်မှူးချုပ်တင်ဖေတို့ကစပြီး ဗိုလ်မှူးကြီး ကြည်မောင်၊ ဗိုလ်မှူးကြီးစောမြင့်၊ ဗိုလ်မှူးကြီး ချစ်မြိုင်၊ ဗိုလ်မှူးကြီး ခင်ညို၊ ဗိုလ်မှူးကြီး တန်ယုဆိုင်၊ ဗိုလ်မှူးကြီး မောင်ရွှေနဲ့ ဗိုလ်မှူးကြီး စိန်မြစတဲ့ တော်လှန်ရေးကောင်စီဝင်နဲ့ ဝန်ကြီးတချို့ ရာထူးက ထွက်တာ၊ ဖယ်ရှားအနားပေးခံရတာနဲ့ အကျဉ်းချခံရတာတွေ ဖြစ်ခဲ့ပါတယ်။

ဒီဖြုတ်ထုတ်ဖမ်းစက်ဝန်းက ၁၉၇၄ သမ္မတဦးနေဝင်းရဲ့ လမ်းစဉ်ပါတီအစိုးရခေတ်မှာလည်း ရှိခဲ့တဲ့အပြင် ၁၉၈၈ နောက်ပိုင်း နဝတ-နအဖခေတ်နဲ့ ၂၀၁၀ အလွန် ဦးသိန်းစိန်ခေတ်၊ ၂၀၂၁ အလွန် စစ်ကောင်စီခေတ်တွေထိ ဆက်ရှိနေပါတယ်။ ဒီလို ဖယ်ရှားဖမ်းဆီးခံရသူတွေထဲ ၁၉၆၂ မှာ ခန့်တဲ့ ကရင်ဦးစီးအဖွဲ့၀င် စောချစ်သန်းနဲ့ ဦးအေစိုးမြင့်၊ ရှမ်းဦးစီးအဖွဲ့၀င် ဦးအုန်းဖေနဲ့ ဦးတင်ကိုကိုတို့လည်း ပါပါတယ်။

လမ်းစဉ်ပါတီခေတ် ဖယ်ရှားမှုတွေထဲမှာ အထင်ရှားဆုံးက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်ဦးကို ၁၉၇၆ က ရာထူးက ထွက်စေပြီး ၁၉၇၇ မှာ ဖမ်းဆီးထောင်ချမှု ဖြစ်ပါတယ်။ ဗိုလ်ကြီးအုန်းကျော်မြင့်ရဲ့ နိုင်ငံတော်လုပ်ကြံမှုမှာ သတင်းပို့ရန် ပျက်ကွက်မှုနဲ့ ဖမ်းဆီးခံရတဲ့ သူရဦးတင်ဦးဟာ ပထမဆုံး ထောင်ကျတဲ့ မြန်မာတပ်ချုပ်ဟောင်း ဖြစ်ပြီး ၁၉၈၈ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထူထောင်ရာမှာ ပါ၀င်ခဲ့ရာက စပြီး ထောင်နဲ့ အကျယ်ချုပ်နှစ်တွေကို ရင်ဆိုင်ခဲ့ရပြန်ပါတယ်။

သူရဦးတင်ဦးနဲ့ နာမည်တူတဲ့ ထောက်လှမ်းရေးချုပ် မျက်မှန်ကြီးတင်ဦးနဲ့ ပြည်ထဲရေး၀န်ကြီး ဦးဘိုနီတို့ကိုလည်း ၁၉၈၃ မှာ ဖမ်းဆီးပြီး ထောက်လှမ်းရေးအဖွဲ့တွင်း လူဖမ်းပွဲ လုပ်ခဲ့ပါတယ်။

ဒီလို ဖမ်းဆီးဖယ်ရှားမှုတွေနဲ့ အာဏာကို တင်းကျပ်စွာ ချုပ်ကိုင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေ၀င်းကိုယ်တိုင်လည်း ၁၉၈၈ နောက်ပိုင်း စစ်အစိုးရသစ်ခေတ် ၂၀၀၂ မှာ မအောင်မြင်တဲ့ အာဏာသိမ်းရန် ကြံစည်မှုကြောင့် သူ့သမက် ဦးအေးဇော်ဝင်းနဲ့ မြေးတွေကို ဖမ်းဆီးထောင်ချတာအပြင် သမီး ဒေါက်တာ ခင်စန္ဒာဝင်းနဲ့ သူ့ကိုပါ အကျယ်ချုပ်ချတာတွေ ကြုံခဲ့ရပြီး ၂၀၀၂ မှာပဲ ကွယ်လွန်ခဲ့ပါတယ်။

နဝတခေတ်နဲ့ နောက်ပိုင်း ခေါင်းဆောင်များ

 မြန်မာပြည်ရဲ့ အရှည်ကြာဆုံး အကျယ်ချုပ်ကျသူ ဒေါ်အောင်ဆန်းစုကြည်
ဓာတ်ပုံ ပုံစာ, မြန်မာပြည်ရဲ့ အရှည်ကြာဆုံး အကျယ်ချုပ်ကျသူ ဒေါ်အောင်ဆန်းစုကြည်

၁၉၈၈ မှာ အသစ်တဖန်စတဲ့ န၀တ စစ်အစိုးရခေတ်မှာတော့ အေဒီလမ်းက အာဏာလွှဲပွဲဖြစ်လို့ လမ်းစဥ်ပါတီအစိုးရ၀င်တွေကို မဖမ်းပေမယ့် ဒေါ်အောင်ဆန်းစုကြည်၊ ဦး၀င်းတင်၊ မင်းကိုနိုင်နဲ့ ကိုကိုကြီးစတဲ့ အတိုက်အခံ ခေါင်းဆောင်တွေကို နှစ်ရှည်ထောင်ဒဏ်တွေနဲ့ နေအိမ်အကျယ်ချုပ်တွေ ချမှတ်ခဲ့ပါတယ်။ ၁၉၈၉ ကနေ အခုနောက်ဆုံးတခေါက် အာဏာသိမ်းချိန်ထိ လေးကြိမ် ဖမ်းဆီးခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျဥ်းစံသက်က မြန်မာပြည်မှာသာမက ကမ္ဘာမှာပါ စံချိန်တင်တဲ့အထိ နှစ် ၂၀ ကျော် ကြာမြင့်ခဲ့ပါတယ်။

စစ်အစိုးရထုံးစံ အာဏာချုပ်ကိုင်မှုအတွက် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ၁၉၉၂ မှာ ကျန်းမာရေး အကြောင်းပြချက်နဲ့ ဖယ်ရှားခဲ့သလို ဒုဗိုလ်ချုပ်ကြီး ထွန်းကြည်၊ ကျော်ဘ၊ မောင်သင့်၊ မြင့်အောင် စတဲ့ အာဏာသိမ်းစမှာ တန်ခိုးထွားခဲ့တဲ့ စစ်တိုင်းမှူးဟောင်းတွေကိုလည်း ၁၉၉၇ မှာ ၀န်ကြီးအဖြစ်က အနားပေးပြီး န၀တကနေ နအဖအဖြစ် စစ်အစိုးရ အမည်ကို ပြောင်းလဲခဲ့ပါတယ်။

၂၀၀၀ ပြည့်နှစ် ရန်ကုန်မှာ ကျင်းပတဲ့ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲတခုမှာတော့ နအဖအစိုးရရဲ့ မူဝါဒတွေကို ပွင့်ပွင့်လင်းလင်းဝေဖန်တဲ့ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဒုဝန်ကြီး ဗိုလ်မှူးချုပ်ဇော်ထွန်း အနားပေးခံရကြောင်း စိုးမြင့်မိုး (ဘူမိ)ရဲ့ ဂုဏ်သရေရှိ လူကြီးမင်းများ၏ ၁၉၉၀ ပြည့်ရွေးကောက်ပွဲကော်မရှင် ဆောင်းပါးမှာ ပါရှိပါတယ်။

၀န်ကြီးချုပ်ထိ ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့်လည်း ၂၀၀၃ မှာ ဖယ်ရှားခံရ
ဓာတ်ပုံ ပုံစာ, ၀န်ကြီးချုပ်ထိ ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့်လည်း ၂၀၀၃ မှာ ဖယ်ရှားခံရ

ထောက်လှမ်းရေးချုပ်အဖြစ်ကနေ န၀တ အတွင်းရေးမှူး (၁) နဲ့ နအဖ အစိုးရမှာ ၀န်ကြီးချုပ်ထိ ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့်လည်း ၂၀၀၃ မှာ ဖယ်ရှားခံရပြီး ၂၀၁၂ ထိ ထိန်းသိမ်းခံခဲ့ရသလို ထောက်လှမ်းရေးအဖွဲ့ထဲမှာလည်း ဖယ်ရှားရှင်းလင်းမှုတွေ လုပ်ခဲ့ပါတယ်။ ဒီလို ရာထူးအပြောင်းအရွှေ့ နိုင်ငံရေးကျားကွက် ကစားပြီး နှစ် ၂၀ နီးပါး အာဏာချုပ်ကိုင်ခဲ့ပြီးမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ရွေးကောက်ပွဲ အသစ်လုပ်ပြီး ကြံ့ခိုင်ရေးသမ္မတ ဦးသိန်းစိန်ကို ၂၀၁၁ မှာ အာဏာလွှဲပေးခဲ့ပါတယ်။

ဦးသိန်းစိန်ခေတ်မှာ အလှုပ်ခတ်ဆုံး ဖြစ်ခဲ့တဲ့ နိုင်ငံရေးအကွဲအပြဲက ၂၀၁၅ က သန်းခေါင်ယံ အာဏာသိမ်းပွဲသာ ဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကို ကြံ့ခိုင်ရေးပါတီ တွဲဖက် ဥက္ကဋ္ဌကနေ ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်တယ်လို့ ယူဆခံရပြီး သမ္မတဦးသိန်းစိန် အုပ်စုနဲ့ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ပူးပေါင်းဖယ်ရှားတာလို့ ယူဆကြပါတယ်။

ပြုပြင်ပြောင်းလဲရေးဆိုတဲ့ ဦးသိန်းစိန်ခေတ်မှာ သာသနာရေး၀န်ကြီး ဦးဆန်းဆင့်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ယုံကြည်အပ်နှံဖောက်ဖျက်မှုတွေနဲ့ ၂၀၁၄ မှာ ထောင် ၁၃ နှစ်ချပြီး NLD ခေတ်မှာ သုံးနှစ်နဲ့ ပြန်လွတ်တာမျိုး ရှိခဲ့ပေမယ့် ၂၀၂၁ အာဏာသိမ်းပြီးနောက်မှာတော့ သမ္မတဦး၀င်းမြင့်နဲ့ ဝန်ကြီးတချို့ပဲ ပြန်လွတ်လာပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဝန်ကြီး ဦးသောင်းထွန်း၊ ဦးအုန်း၀င်းနဲ့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါက်တာ ဘိုဘိုငယ် စတဲ့ ပြည်ထောင်စု အဆင့်တချို့ အကျဥ်းချခံထားရဆဲ ဖြစ်ပါတယ်။ ၀န်ကြီး ဦး၀င်းခိုင်ကတော့ ၂၀၂၄ မှာ အကျဥ်းစံဘ၀နဲ့ပဲ မန္တလေးဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပါတယ်။ ဒေါ်နန်းခင်ထွေးမြင့်၊ ဒေါက်တာမြင့်နိုင်၊ ဒေါက်တာအောင်မိုးညိုနဲ့ ဦးညီပု စတဲ့ ပြည်နယ်နဲ့ တိုင်း၀န်ကြီးချုပ် အများအပြားလည်း ထိန်းသိမ်းခံရဆဲ ဖြစ်ပါတယ်။ မန္တလေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်လည်း ကင်ဆာရောဂါနဲ့ပဲ အထိန်းသိမ်းခံရစဥ်မှာ ကွယ်လွန်ခဲ့ပါတယ်။

၂၀၂၁ မှာ ဖမ်းဆီးခံရတဲ့ သမ္မတ ဦးဝင်းမြင့်
ဓာတ်ပုံ ပုံစာ, ၂၀၂၁ မှာ ဖမ်းဆီးခံရတဲ့ သမ္မတ ဦးဝင်းမြင့်

၁၉၆၂ မှာလိုပဲ ဒီတကြိမ်မှာလည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကို ခဏပဲ ဖမ်းပြီး နောက်ပိုင်း ကာလုံအစည်းအဝေးတွေမှာ ဦးတီခွန်မြတ် တက်ခဲ့ပါတယ်။ ဒုသမ္မတ ဦးမြင့်ဆွေနဲ့ ဟင်နရီ ဗန်ထီးယူတို့ကိုလည်း မဖမ်းဆီးတဲ့အတွက် ကာလုံအစည်းအဝေးတက်တာတွေ ရှိခဲ့ပါတယ်။

အရင်တခါနဲ့မတူ ထူးခြားတာကတော့ စစ်ကောင်စီကိုဝေဖန်မှုနဲ့ ကြံ့ခိုင်ရေး ၀န်ကြီးဟောင်း ဦးရဲထွဋ်ပါ ၂၀၂၃ မှာ ထောင်ချခံရတာ ဖြစ်ပါတယ်။ စစ်ကောင်စီ၀င် ဒု၀န်ကြီးချုပ်နဲ့ ပြည်ထဲရေး၀န်ကြီး ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်လည်း ၂၀၂၃ မှာ ရာထူးက ဖယ်ရှားခံရပြီး ခြစားမှုနဲ့ ထောင် ၅ နှစ်ချခံခဲ့ရသလို ၀န်ကြီးတွေကို ဖယ်ရှားရှင်းလင်းမှုက ၂၀၂၆ နောက်ပိုင်း အစိုးရသစ်ထိ ရှိပါတယ်။

လွှတ်တော်နန်းနှင့် ရေပွက်ပမာ

လွှတ်တော်နဲ့ ဒီမိုကရေစီကို လည်ပတ်ဖို့ နှစ်တရာကျော် ကြိုးပမ်းခဲ့
ဓာတ်ပုံ ပုံစာ, လွှတ်တော်နဲ့ ဒီမိုကရေစီကို လည်ပတ်ဖို့ နှစ်တရာကျော် ကြိုးပမ်းခဲ့

မြန်မာပြည်နိုင်ငံရေးခရီးကြမ်းကြီးမှာ သမ္မတ လေးယောက်၊ နန်းရင်းဝန် ခေါ် ဝန်ကြီးချုပ် လေးယောက်၊ နိုင်ငံတော်အတိုင်ပင်ခံတယောက် ၊ ဒုဝန်ကြီးချုပ်ဟောင်းများနဲ့ စစ်ဘက် အရပ်ဘက် ဝန်ကြီးဟောင်း အများအပြား အထိန်းသိမ်းခံခဲ့ရတဲ့အပြင် ကြိုးပေးခံရတဲ့အထိ ရှိခဲ့ပါတယ်။ ၁၉၄၇ နိုင်ငံတော်လုပ်ကြံမှုကြီးမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဝန်ကြီး ၆ ယောက် အသက်ဆုံးတဲ့အထိ အဖြစ်ဆိုးခဲ့သလို ဝန်ကြီးဟောင်းထဲက တောခိုသွားတဲ့အဖြစ်တွေလည်း ၁၉၄၈ နောက်ပိုင်းမှာ မကြာခဏ တွေ့ခဲ့ရပါတယ်။

၁၉၆၂ ရှေ့ပိုင်းနဲ့ နောက်ပိုင်းမတူတာကတော့ နိုင်ငံရေးခေတ်မှာ ဝန်ကြီးချုပ်နဲ့ မကျေလည်ရင် ရာထူးက ထွက်ပြီး ဝန်ကြီးချုပ်ကို ဝေဖန်ပြစ်တင်တာ၊ ဘဝရှင်မင်းတရားကြီးလို့ ခေါ်ဆိုတာတွေ လုပ်နိုင်ပေမယ့် စစ်တပ်ခေတ်တွေမှာတော့ တပ်ချုပ်အာဏာရှင်တွေနဲ့ မပြေလည်ရင် သူ့အောက်က နံပါတ် ၂ တောင်မှ ထောင်နန်းစံရကိန်းရှိပါတယ်။ ကံကြမ္မာ လှည့်စားတဲ့အခါတွေမှာလည်း နှစ် ၂၀ ကျော် တပ်ချုပ်လုပ်လာပြီး အဖေကြီးဆိုတဲ့ နာမ်စားနဲ့ တပ်မတော်တခုလုံးက အံမတုရဲခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းတောင်မှ အကျယ်ချုပ်နဲ့ ဘ၀ဇာတ်သိမ်းခဲ့ရသလို နှစ် ၂၀ နီးပါး တပ်ကို ကိုင်သွားတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သမက်ကို နောက်တပ်ချုပ်ခေတ်မှာ ထောင်ချတဲ့အဖြစ်မျိုးလည်း ရှိခဲ့ပါတယ်။