ဆည်တွေကြံ့ခိုင်ရေးအတွက် မမြဆည်ကပေးတဲ့သင်ခန်းစာ

မြေသားတာဘောင်နိမ့်လျှောဆင်းသွားတဲ့ မမြဆည်
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၇

မမြဆည်မှာ ဖြစ်ခဲ့တဲ့ တာဘောင်မြေသားလျှောကျမှုကြောင့် လူတစ်သောင်းကျော် ယာယီရွှေ့ပြောင်းခဲ့ရပြီး အခုတော့ အရေးပေါ်အခြေအနေကို ကျော်လွန်သွားပါပြီ။

ဒါပေမဲ့ သက်တမ်းရလာတဲ့ ဆည်တွေရဲ့ ကြံ့ခိုင်မှုကို စစ်ဆေးဖို့ ဘယ်လောက်အရေးကြီးလဲဆိုတဲ့ သင်ခန်းစာကတော့ ကျန်နေခဲ့ပါတယ်။

အရေးပေါ်ရေပိုလွှဲကနေ ၁၅ ပေလောက် ရေထုတ်လွှတ်လိုက်မှ ဧရာဝတီတိုင်း၊ မြန်အောင် မြို့နယ်မှာရှိတဲ့ ဒီရေလှောင်တမံက တမံကျိုးပေါက်မှုအန္တရာယ်မစိုးရိမ်ရတော့တာပါ။

မမြဆည်ဟာ အနီရောင်အလံပြထားရတဲ့ အန္တရာယ်များတဲ့ အခြေအနေလည်း မရှိတော့ဘူးလို့ ဆည်ပြုပြင်ရေးမှာ အကြံပြုပါဝင်နေတဲ့ တမံအင်ဂျင်နီယာပညာရှင် ဦးဗစ်တာက ပြောပါတယ်။

လူတစ်သောင်းကျော် ရွှေ့ပြောင်းရတဲ့ မမြဆည်မှာ ဘာဖြစ်ခဲ့လဲ

ဆည်အောက်ပိုင်းက ကျေးရွာတွေကနေ ဘေးလွတ်ရာတိမ်းရှောင်နေကြရသူတွေ
ဓာတ်ပုံ ပုံစာ, ဆည်အောက်ပိုင်းက ကျေးရွာတွေကနေ ဘေးလွတ်ရာတိမ်းရှောင်နေကြရသူတွေ

အောက်တိုဘာ ၂ ရက်မှာ မမြဆည်ရဲ့ တာဘောင်နိမ့်ကျခဲ့ပေမဲ့ စက်တင်ဘာ လဆန်းကတည်းက တာဘောင်နိမ့်ကျတာတွေနဲ့ အက်ကြောင်းပေါ်တာတွေ တွေ့ခဲ့ရပါတယ်။

တိုင်းအစိုးရက ကာကွယ်ပြုပြင်တာနဲ့ စောင့်ကြည့်တာတွေ လုပ်ခဲ့ပေမဲ့ အောက်တိုဘာ ၇ ရက်မှာ တမံထိပ်မှာ အက်ကြောင်းပေါ်လာပါတယ်။

ဆင်ခြေလျှော နိမ့်ကျခဲ့တာကနေ နှစ်ရက်အကြာ အောက်တိုဘာ ၉ ရက်မှာတော့ အဲဒီနေရာမှာပဲ အလျား ပေ ၂၀၀ ခန့်ရှိတဲ့ တမံဆင်ခြေလျှော လျှောကျခဲ့ပါတယ်။

အက်ကြောင်းတွေ ပေါ်လာချိန်ကတည်းက အင်ဂျင်နီယာတွေ ကာကွယ်ပြုပြင်တာတွေ လုပ်ခဲ့ပေမဲ့ "လုပ်နေရင်းနဲ့ပဲ ဖြစ်သွားတာ" လို့ တမံအင်ဂျင်နီယာပညာရှင် ဦးဗစ်တာက ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပုံမှန်လုပ်ငန်းစဉ်အရ အက်ကြောင်းပေါ်လာတိုင်း အကြီးစားပြုပြင်မှုကို ချက်ချင်းဆောင်ရွက်တာမျိုး မဟုတ်ဘဲ ဖြစ်ပေါ်နေတဲ့ အခြေအနေကို စောင့်ကြည့်ပြီး လိုအပ်ချက်အပေါ်မူတည်ကာ ဆောင်ရွက်ရတာဖြစ်တယ်လို့လည်း သူက ရှင်းပြပါတယ်။

မမြဆည်တည်ရှိနေတဲ့ မြေနေရာရဲ့ သဘာဝအခြေအနေကိုလည်း ဒေသခံတချို့က ထောက်ပြကြပါတယ်။

မမြဆည်ဟာ မမြချောင်းကို ပိတ်ပြီးတည်ဆောက်ထားတာဖြစ်သလို တာဘောင်မြေသားလျှောကျမှု ဖြစ်နေတဲ့ဘက်ဟာ မြေနိမ့်ပိုင်းမှာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆည်ကို ကိုယ်တိုင်သွားကြည့်ခဲ့တဲ့ မြန်အောင်ဒေသခံတစ်ဦးကလည်း သူမြင်ရတဲ့ အခြေအနေအရ တာဘောင်အပေါ်ပိုင်းက ခိုင်မာပုံရပေမဲ့ အောက်ခြေမြေသားမှာ ရေစိမ့်ဝင်ပြီး ပျော့သွားတဲ့ပုံစံကို တွေ့ရတယ်လို့ ပြောပါတယ်။

"တခြားတာဘောင်နေရာတွေက ကုန်းမြင့်နေရာမှာ ရှိနေပြီး အခုလျှောကျတဲ့နေရာနားမှာတော့ လျှောစောက်လိုဖြစ်နေတာ" လို့ မြန်အောင်ဒေသခံက ပြောပါတယ်။

ဒါပေမဲ့ တမံအင်ဂျင်နီယာ ဦးဗစ်တာကတော့ ချောင်းကိုပိတ်ပြီး ဆည်တည်ဆောက်ရတဲ့ သဘောအရ မူလချောင်းနေရာဟာ အနိမ့်ပိုင်းမှာရှိတာ သဘာဝဖြစ်ပြီး တာဘောင်ကိုတော့ အဲဒီမြေအနေအထားပေါ်မှာ မြေဖို့ကာ ထိပ်မျက်နှာပြင်ညီအောင် တည်ဆောက်ထားတာလို့ ရှင်းပြပါတယ်။

ပြန်ပြင်နေရတဲ့ မမြဆည်မြေသားဘောင်
ဓာတ်ပုံ ပုံစာ, ပြန်ပြင်နေရတဲ့ မမြဆည်မြေသားဘောင်

မမြချောင်းဟာလည်း ရခိုင်ရိုးမနဲ့ ဆက်စပ်တဲ့ ရေဝေရေလဲဒေသက စီးဆင်းလာတာဖြစ်ပြီး မိုးများချိန်မှာ ရေကြီးတတ်တဲ့ချောင်းလို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမဲ့ တမံထဲ စိမ့်ဝင်လာတဲ့ရေကို ပြန်ထုတ်နိုင်ဖို့ ရေစစ်လမ်းကြောင်းတွေ ထည့်သွင်းတည်ဆောက်ထားတာကြောင့် ရေများတာတစ်ခုတည်းနဲ့ အခုဖြစ်စဉ်ကို တိုက်ရိုက်ချိတ်လို့ မရဘူးလို့ ဦးဗစ်တာက ဆိုပါတယ်။

သူ့ရဲ့ သုံးသပ်ချက်အရ အခုလို တာဘောင်လျှောကျမှု ဖြစ်တာဟာ ဖို့ထားတဲ့မြေသား ရေဝသွားပြီး ခံနိုင်ရည်အား ကျဆင်းသွားတာနဲ့ ဆက်စပ်နိုင်တယ်လို့ သူက သုံးသပ်ပါတယ်။

"ဖို့ထားတဲ့ မြေကြီးက ရေဝသွားရင် မြေကြီးရဲ့ ခံနိုင်ရည်အား ကျသွားတာပေါ့။ အပေါ်မှာရှိတဲ့ တမံရဲ့အလေးချိန်ကို မခံနိုင်တဲ့အတွက် လျှောကျသွားတယ်လို့ ကျွန်တော်တို့က သုံးသပ်တယ်"

ဒါပေမဲ့ မြေသား ဘာကြောင့်ရေဝသွားတယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေထဲမှာ တမံအောက်ခြေက ရေစစ်စနစ်တစ်နေရာမှာ ပြဿနာဖြစ်တာ၊ စိမ့်ဝင်လာတဲ့ရေ ပုံမှန်အတိုင်း မထွက်နိုင်တာ ဒါမှမဟုတ် စိမ့်ဝင်လာတဲ့ရေပမာဏ များလာတာတို့ ပါဝင်နိုင်တယ်လို့ ဦးဗစ်တာက ရှင်းပြပါတယ်။

မမြဆည်တာဘောင်လျှောကျခဲ့တဲ့ အဖြေကို ပညာရှင်တွေက ဆက်သုံးသပ်နေကြတုန်းဖြစ်ပေမဲ့ လက်ရှိမှာတော့ အရေးကြီးဆုံးက တာဘောင်ကို ထပ်လျှောကျမှုမဖြစ်အောင် ထိန်းထားဖို့နဲ့ ဆည်ကို ဘေးကင်းတဲ့အခြေအနေ ပြန်ရောက်အောင် လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။

မမြဆည်ကို ဘယ်လိုပြန်တည်ငြိမ်အောင် လုပ်နေသလဲ

ဘူမိရူပဗေဒတိုင်းတာစစ်ဆေးတာတွေ ဆောင်ရွက်နေတာကို အောက်တိုဘာ ၂၂ ရက်က တိုင်းအစိုးရက ထုတ်ပြန်
ဓာတ်ပုံ ပုံစာ, ဘူမိရူပဗေဒတိုင်းတာစစ်ဆေးတာတွေ ဆောင်ရွက်နေတာကို အောက်တိုဘာ ၂၂ ရက်က တိုင်းအစိုးရက ထုတ်ပြန်

မမြဆည်ရဲ့ အရေးပေါ်အခြေအနေအရ ပြင်ဆင်တာတွေကတော့ ၉၅ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ။

ဒီလုပ်ဆောင်ချက်တွေထဲမှာ တာဘောင်အောက်ခြေကို ပြန်ထောက်တာ၊ ဆည်ရေကို လျှော့ချတာနဲ့ နောက်ထပ် မြေသားလျှောကျမှု မဖြစ်အောင် အရေးပေါ်ထိန်းသိမ်းတာတွေ ဖြစ်တယ်လို့ မမြဆည်ပြုပြင်ရေးမှာ အကြံပြုပါဝင်နေတဲ့ တမံအင်ဂျင်နီယာပညာရှင် ဦးဗစ်တာက ပြောပါတယ်။

လက်ရှိမှာ ဆည်ရေမျက်နှာပြင်ကို ၁၅ ပေခန့် လျှော့ချနိုင်ခဲ့ပြီး ရေစစ်ကျောက်ရိုးနဲ့ အားဖြည့်ထိန်းသိမ်းတာတွေ ဆောင်ရွက်ထားတယ်လို့လည်း ဧရာဝတီတိုင်းအစိုးရရဲ့ အောက်တိုဘာ ၂၃ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် လျှောကျမှုဖြစ်ခဲ့တဲ့ ဧရိယာကို ဘူမိရူပဗေဒနည်းလမ်းတွေနဲ့ စမ်းသပ်တိုင်းတာပြီး မြေသားခိုင်မာမှုနဲ့ သိပ်သည်းမှုတွေကို စစ်ဆေးတာတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

"တမံကိုလည်း ပုံစံကျအောင် ကျွန်တော်တို့ ပြန်လုပ်မယ်။ အခုပျက်သွားတဲ့နေရာကိုလည်း တည်ငြိမ်တဲ့ အနေအထားဖြစ်အောင် ပြန်တည်ဆောက်မှာပေါ့" လို့ ဦးဗစ်တာက ပြောပါတယ်။

ဒါ့အပြင် တမံအတွင်း စိမ့်ဝင်လာတဲ့ရေတွေ ပုံမှန်ပြန်ထွက်နိုင်အောင် ရေစစ်လမ်းကြောင်းတွေကိုလည်း ပြန်လည်တည်ဆောက်ဖို့ ရှိနေပါတယ်။

မမြဆည်ကို အခိုင်အမာ အပြီးသတ်ပြုပြင်ရေးလုပ်ငန်းတွေကိုတော့ လာမယ့် ၂၀၂၇ ခုနှစ် မိုးရာသီမတိုင်ခင် ပြီးစီးဖို့ ခန့်မှန်းထားတယ်လို့ ဦးဗစ်တာက ပြောပါတယ်။

အောက်တိုဘာ ၂၂ ရက်က တိုင်းအစိုးရက ထုတ်ပြန်ထားတဲ့ ဆည်တာဘောင် ပြုပြင်မှုအခြေအနေ
ဓာတ်ပုံ ပုံစာ, အောက်တိုဘာ ၂၂ ရက်က တိုင်းအစိုးရက ထုတ်ပြန်ထားတဲ့ ဆည်တာဘောင် ပြုပြင်မှုအခြေအနေ

တစ်ဖက်မှာလည်း ဆည်ရေကို အရေးပေါ်လျှော့ချထားတာကြောင့် လာမယ့်စိုက်ပျိုးရာသီအတွက် ရေဘယ်လောက်ပေးနိုင်မလဲဆိုတာ စောင့်ကြည့်ရဦးမယ့် အခြေအနေရှိနေပါတယ်။

"ဆောင်းသီးနှံအတွက် ရေပေးရင်း ဆည်ထဲကရေတွေကိုလည်း ဆက်လျှော့သွားဖို့ ရှိပါတယ်" လို့ ဦးဗစ်တာက ပြောပါတယ်။

မမြဆည်ရေကို အဓိက မှီခိုနေရတဲ့ နွေစပါးအတွက်တော့ လာမယ့် ဒီဇင်ဘာ ၁၅ ရက်ဝန်းကျင်မှာ ရေစပေးဖို့ စီစဉ်ထားတယ်လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ အရေးပေါ်ရေလျှော့ချပြီးနောက် ဆည်ထဲမှာ ကျန်ရှိမယ့် ရေပမာဏနဲ့ ချိန်ဆပြီး ဘယ်လောက်အထိ ရေပေးနိုင်မလဲဆိုတာကို ဆုံးဖြတ်ရဦးမှာ ဖြစ်ပါတယ်။

အရေးပေါ်ရေပိုလွှဲကနေ ၁၅ ပေလောက် ရေထုတ်လွှတ်လိုက်လို့ အောက်တိုဘာ ၂၂ ရက်နေ့ ညနေပိုင်းမှာ ရေ ၃၀၀ ဒသမ ၅ ပေပဲ ကျန်ပါတော့တယ်။

တမံကျိုးပေါက်နိုင်မယ့် အန္တရာယ် မရှိတော့ဘူးလို့ အာဏာပိုင်တွေက အောက်တိုဘာ ၂၂ ရက်မှာ ထုတ်ပြန်ခဲ့ပြီး ယာယီရေဘေးရှောင်စခန်းတွေကိုရောက်နေတဲ့ ဒေသခံတွေကို နေအိမ်တွေဆီ ပြန်လည်နေထိုင်ခွင့်ပြုခဲ့ပါတယ်။

စာသင်ကျောင်းတွေလည်း ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ထားပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ လူတစ်သောင်းကျော်ကို နေရပ်စွန့်ခွာစေခဲ့တဲ့ မမြဆည်ဖြစ်စဉ်ကတော့ ဆည်တစ်ခု မတည်ငြိမ်တဲ့အခါ အောက်မှာရှိတဲ့ လူတွေရဲ့ အိမ်၊ လယ်ယာနဲ့ အသက်မွေးဝမ်းကျောင်းတွေပါ တစ်ပြိုင်တည်း ထိခိုက်နိုင်တာကို ပြသခဲ့ပါတယ်။

မမြဆည်က ပြနေတဲ့ ဆည်ကြံ့ခိုင်ရေး သတိပေးချက်

ဆည်ထဲက ရေဝန်အားကို လျှော့ချကြရ
ဓာတ်ပုံ ပုံစာ, ဆည်ထဲက ရေဝန်အားကို လျှော့ချကြရ

မမြဆည်မှာ တာဘောင်မြေသားလျှောကျမှုဖြစ်ပြီးနောက် မြေသားရွေ့လျားမှု၊ တမံအတွင်း ရေအခြေအနေနဲ့ တာဘောင်စောင်းလာမှုတွေကို တိုင်းတာနိုင်မယ့် စောင့်ကြည့်ရေးကိရိယာတွေ တပ်ဆင်ဖို့ စီစဉ်ထားတယ်လို့ မမြဆည်ပြုပြင်ရေးမှာ အကြံပြုပါဝင်နေတဲ့ တမံအင်ဂျင်နီယာပညာရှင် ဦးဗစ်တာက ပြောပါတယ်။

အရင်က မမြဆည်မှာ ဒီလိုကိရိယာတွေ မရှိခဲ့ပါဘူး။

ပေါင်းလောင်းနဲ့ ကင်းတားလို ရေအားလျှပ်စစ်ထုတ်လုပ်ရေးပါ ပါဝင်တဲ့ တမံကြီးတွေမှာ စောင့်ကြည့်တိုင်းတာရေးကိရိယာတွေ အများအပြား တပ်ဆင်ထားပေမဲ့ စိုက်ပျိုးရေပေးရေး အဓိကထားတဲ့ မမြဆည် အပါအဝင် ဆည်တိုင်းမှာတော့ အဲဒီကိရိယာတွေ တပ်ဆင်ထားတာမဟုတ်ဘူးလို့ ဦးဗစ်တာက ရှင်းပြပါတယ်။

ဘယ်ဆည်မှာ စောင့်ကြည့်ရေးကိရိယာတပ်ဖို့ လို၊ မလိုဆိုတာကိုလည်း ဆည်ရဲ့အခြေအနေနဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး ဆုံးဖြတ်တာလို့ သူက ဆိုပါတယ်။

မမြဆည်မှာတော့ အခုလို တာဘောင်နိမ့်ကျတဲ့ ထူးခြားဖြစ်စဉ် ဖြစ်ခဲ့ပြီးနောက် ပြုပြင်ထားတဲ့ တာဘောင်ရဲ့အခြေအနေ ဆက်လက်ပြောင်းလဲမှုရှိ၊ မရှိ သိနိုင်ဖို့ ဒီကိရိယာတွေ တပ်ဖို့ စီစဉ်တာလို့ ဦးဗစ်တာက ရှင်းပြပါတယ်။

ဒါပေမဲ့ စောင့်ကြည့်တိုင်းတာရေးကိရိယာမရှိတဲ့ ဆည်တွေမှာလည်း အခြေအနေကို နေ့စဉ်စစ်ဆေးပြီး အချက်အလက်တွေကို မှတ်တမ်းတင်ရပါတယ်။

ပုံမှန်နဲ့မတူတဲ့ အက်ကြောင်း၊ နိမ့်ကျမှု ဒါမှမဟုတ် တခြားထူးခြားပြောင်းလဲမှုတွေ တွေ့လာရင် မှတ်တမ်းတင်ပြီး ဆက်လက်စောင့်ကြည့်သလို လိုအပ်တဲ့အဆင့်အလိုက် ဆောင်ရွက်ရပါတယ်။

ရေတက်လာတဲ့အချိန်မှာတော့ တမံအခြေအနေကို ၂၄ နာရီ စောင့်ကြည့်ရတာမျိုးလည်း ရှိတယ်လို့ သူက ပြောပါတယ်။

ဒီလိုပုံမှန်စောင့်ကြည့်မှုနဲ့အတူ အန္တရာယ်ရှိလာရင် ဒေသခံတွေ ကြိုတင်ရှောင်ရှားနိုင်ဖို့ သတိပေးတဲ့ အရေးပေါ်အစီအစဉ်လည်း ရှိတယ်လို့ ဦးဗစ်တာက ပြောပါတယ်။

မမြဆည် မြေသားဘောင် ထပ်လျှောမကျအောင် ပြုပြင်နေကြ
ဓာတ်ပုံ ပုံစာ, မမြဆည် မြေသားဘောင် ထပ်လျှောမကျအောင် ပြုပြင်နေကြ

ဆည်တွေမှာ အန္တရာယ်အဆင့်အလိုက် အရောင်သတ်မှတ်ထားပြီး အန္တရာယ်ရှိချိန်မှာ အနီရောင်၊ အန္တရာယ်လျော့လာရင် အဝါရောင်အဆင့် စသဖြင့် ပြောင်းလဲသတ်မှတ်တယ်လို့ သိရပါတယ်။

ဆည်ရဲ့အခြေအနေကို စောင့်ကြည့်တိုင်းတာတာနဲ့ အန္တရာယ်အဆင့် သတ်မှတ်တာကတော့ မတူပါဘူး။

စောင့်ကြည့်တိုင်းတာတာက တမံမှာ ပြောင်းလဲမှုတစ်ခုခု ရှိလာတာကို စောစောသိနိုင်ဖို့ဖြစ်ပါတယ်။

အန္တရာယ်အဆင့်လို့ သတ်မှတ်တာကတော့ အန္တရာယ်ရှိလာတဲ့အခါ ဒေသခံတွေ ကြိုတင်ရှောင်ရှားနိုင်ဖို့ သတိပေးတာဖြစ်ပါတယ်။

မမြဆည်ဖြစ်စဉ်နောက်ပိုင်း တခြားဆည်တွေရဲ့ စောင့်ကြည့်မှုကိုပါ အလေးထားလာတာ တွေ့ရပါတယ်။

ကြံခင်းမြို့နယ် ကွန်ချောင်းရေလှောင်တမံကို နေရာလွတ်မကျန် စစ်ဆေးဖို့၊ ပင်မတမံ၊ ရေပိုလွှဲနဲ့ ရေအားအဆောက်အအုံတွေကို စောင့်ကြည့်မှုတွေ အမြဲမပြတ်လုပ်ဖို့ တာဝန်ရှိသူတွေကို ညွှန်ကြားခဲ့တယ်လို့ တိုင်းအာဏာပိုင်တွေက အောက်တိုဘာ တတိယပတ်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကွန်ချောင်းတမံတည်ဆောက်ချိန်က ထည့်သွင်းထားတဲ့ ရေစစ်ကျောက်ရိုးကနေ စိမ့်ထွက်လာတဲ့ ရေပမာဏကို တိုင်းတာတဲ့ V ပုံစံ ရေတိုင်းကိရိယာ (V-notch) ကို အမြဲစစ်ဆေးတိုင်းတာရမှာပါ။

အဲဒီကနေ ရလာတဲ့အချက်အလက်တွေကို စိစစ်ဖို့၊ မိုးကြီးရေလျှံတဲ့အခြေအနေမျိုး ဖြစ်လာရင်လည်း ဆည်တွင်းရေဝင်ရောက်မှုကို ၂၄ နာရီ စောင့်ကြည့်ဖို့ တိုင်းအစိုးရက ညွှန်ကြားထားပါတယ်။

မမြဆည်မှာ အခုဖြစ်စဉ်နောက်ပိုင်း တခြားဆည်တွေကိုပါ သေချာစောင့်ကြည့် စစ်ဆေးဖို့ စီစဉ်လာတာဟာ အန္တရာယ်ဖြစ်လာမှ ပြုပြင်တာထက် ပြဿနာမဖြစ်ခင် ဆည်ရဲ့ပြောင်းလဲမှုတွေကို အချိန်မီသိနိုင်ဖို့ ဘယ်လောက်အရေးကြီးသလဲဆိုတာ ပြနေပါတယ်။

ဒီအခြေအနေက မမြဆည်တစ်ခုတည်းကိုသာ ပြန်ကြည့်စရာဖြစ်စေတာ မဟုတ်ဘဲ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက တည်ဆောက်ခဲ့ပြီး ဒီနေ့အထိ အသုံးပြုနေတဲ့ တခြားဆည်တွေရဲ့ ဆောက်လုပ်မှု၊ ကြံ့ခိုင်မှုနဲ့ ပြုပြင်ထိန်းသိမ်းမှုတွေကိုပါ ပြန်ကြည့်စရာ ဖြစ်လာပါတယ်။

နအဖခေတ်က ဆည်တည်ဆောက်ရေးနဲ့ မမြဆည်

မမြဆည်တာဘောင် ပြန်ပြင်နေကြ
ဓာတ်ပုံ ပုံစာ, မမြဆည်တာဘောင် ပြန်ပြင်နေကြ

မမြဆည်ကို တည်ဆောက်ခဲ့တဲ့ကာလဟာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အစိုးရလက်ထက် မြန်မာနိုင်ငံမှာ စိုက်ပျိုးရေရရှိရေးအတွက် ဆည်နဲ့ ရေလှောင်တမံတွေကို အရှိန်အဟုန်နဲ့ တိုးချဲ့ခဲ့တဲ့ကာလနဲ့ တိုက်ဆိုင်ပါတယ်။

၁၉၈၈ ခုနှစ် နောက်ပိုင်း ရေအရင်းအမြစ်ဖွံ့ဖြိုးရေးမှာ ဆည်တည်ဆောက်ရေးကို အလေးထားခဲ့ကြပါတယ်။

စိုက်ပျိုးရေပေးနိုင်တဲ့ဧရိယာဟာ ၁၉၈၈ ခုနှစ်မှာ ဧက ၁.၃၄ သန်းခန့် ရှိတာကနေ ၂၀၁၀ ပြည့်နှစ်မှာ ဧက ၄.၂ သန်းခန့်အထိ သုံးဆကျော် တိုးလာခဲ့တယ်လို့ မြန်မာနိုင်ငံရဲ့ ဆည်မြောင်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။

အဲဒီကာလ စိုက်ပျိုးရေရရှိတဲ့ မြေဧရိယာအများစုကို စပါးစိုက်ပျိုးရေးအတွက် အသုံးပြုခဲ့ပါတယ်။

ဒီလို ဆည်စီမံကိန်းတွေ အရှိန်မြှင့်တည်ဆောက်နေတဲ့ကာလမှာပဲ မမြဆည်လည်း ပေါ်ပေါက်လာတာပါ။

၂၀၀၇ ခုနှစ်မှာ ပြီးစီးခဲ့တဲ့ မမြဆည်ဟာ အမြင့် ပေ ၁၅၀၊ အလျား ပေ ၁၁,၈၀၀ ရှိပြီး ကန်ရေပြည့်ချိန်မှာ ရေဧကပေ ၇၁,၄၀၀ ကျော် သိုလှောင်နိုင်တဲ့ မြေသားတမံဖြစ်ပါတယ်။

ဒေသတွင်း နွေစပါး ဧက ၅,၅၀၀ ခန့်ကိုလည်း ဆည်ရေပေးနိုင်ပါတယ်။

အဲဒီခေတ်ကို မှီလိုက်တဲ့ အင်ပင်ဒေသခံ ကိုလွင့်ခိုင် (အမည်လွှဲ) ကတော့ နိုင်ငံတဝန်း ဆည်တွေဆောက်ပြီး ဆည်ဖွင့်ပွဲတွေ အကြီးအကျယ်လုပ်ခဲ့တဲ့ကာလတွေလို့ မှတ်မိပါတယ်။

ဒါပေမဲ့ မမြဆည်ဆောက်လုပ်တဲ့ကာလနဲ့အတူ ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့တဲ့ ဒေသခံ ၄ ဦးရဲ့ မှတ်ဉာဏ်ထဲမှာ ကျန်ခဲ့တာက ဆည်တည်ဆောက်ရေးအရှိန်အဟုန်တင် မဟုတ်ပါဘူး။

အဲဒီအချိန် ဒေသမှာ ရှားပါးတဲ့ ဘိလပ်မြေနဲ့ စက်သုံးဆီတွေ မမြဆည်စီမံကိန်း ဆောက်လုပ်နေချိန်မှာ ပေါပေါများများ အရောင်းအဝယ်ဖြစ်လာခဲ့တယ်လို့ ကိုလွင့်ခိုင်က ပြောပါတယ်။

"သေချာတာတစ်ခုကတော့ မြန်အောင်နဲ့ အင်္ဂပူမှာ ဘိလပ်မြေက တော်တော်ပေါခဲ့တာတော့ ရှိတယ်။ အဲ့ဒါတော့ သေချာတယ်။ အဲ့ဒီဆည်နားက ရွာတွေမှာ ဘိလပ်မြေအိတ်တွေစုထားပြီး ဒေသမှာရှိတဲ့ ငွေကြေးတတ်နိုင်တဲ့သူတွေက ဝယ်တယ်၊ သိမ်းပြီး ပြန်ရောင်းကြတာ"လို့ ကိုလွင့်ခိုင်က ပြောပါတယ်။

ဆည်ရေဝန်အားလျှော့ချ
ဓာတ်ပုံ ပုံစာ, ဆည်ရေဝန်အားလျှော့ချ

အဲဒီအချိန်မှာ အသက် ၂၀ ဝန်းကျင်သာရှိသေးပြီး ကားနဲ့ပစ္စည်းတွေ သယ်ယူပို့ဆောင်ရေးလုပ်ခဲ့တဲ့ ကိုလွင့်ခိုင်က ဆည်အနီးဒေသတွေမှာ ရှိနေတဲ့ဘိလပ်မြေနဲ့ စက်သုံးဆီပေပါတွေကို မြန်အောင် ၊ အင်္ဂပူမြို့တွေအထိ ကားနဲ့သယ်ပေးတာမျိုး လုပ်ခဲ့ရဖူးတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ဘယ်သူတွေက ဒီပစ္စည်းတွေကို စီမံကိန်းထဲက ထုတ်ရောင်းခဲ့တာလဲဆိုတာတော့ ဒေသခံဖြစ်တဲ့သူ့အတွက် သိနိုင်တဲ့ အခြေအနေ မရှိခဲ့ဘူးလို့ လက်ရှိမှာအသက် ၄၀ ကျော်နေပြီဖြစ်တဲ့ ကိုလွင့်ခိုင်က ပြောပါတယ်။

တမံအင်ဂျင်နီယာပညာရှင် ဦးဗစ်တာကတော့ အခုလျှောကျမှုဖြစ်နေတဲ့နေရာဟာ မြေသားတာဘောင်ပိုင်းဖြစ်ပြီး ဘိလပ်မြေကိုတော့ ရေပေးရေးအဆောက်အအုံ၊ ရေထုတ်မြောင်းနဲ့ ရေပိုလွှဲလို နေရာတွေမှာ အသုံးပြုတာလို့ ရှင်းပြပါတယ်။

မမြဆည်ဆောက်ချိန်က ဘိလပ်မြေနဲ့ စက်သုံးဆီတွေ ဒေသတွင်းပေါများခဲ့တယ်ဆိုတဲ့အချက်ဟာ အခုဖြစ်နေတဲ့ မြေသားတာဘောင်လျှောကျမှုရဲ့ အကြောင်းရင်းတော့ မဟုတ်ပေမဲ့ နိမ့်ကျတဲ့နေရာကနေ ဆက်စပ်ရှိနေတဲ့ ကွန်ကရစ်ဘောင်တွေရဲ့ ခိုင်ခံမှုတွေကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

ဆည်တည်ဆောက်ချိန်မှာ အရည်အသွေးထိန်းချုပ်မှုလုပ်ခဲ့ပြီး စစ်ဆေးမှုမှတ်တမ်းတွေလည်း ရှိတယ်လို့ အငြိမ်းစား တမံအင်ဂျင်နီယာ ဦးဗစ်တာက ပြောပါတယ်။

ဆည်မှာအသုံးပြုခဲ့တဲ့ ပစ္စည်းတွေနဲ့ ဆောက်လုပ်ရေးအရည်အသွေးအပေါ် ဒေသခံတချို့ရဲ့ သံသယနဲ့ ပညာရှင်ရဲ့ ရှင်းလင်းချက်က မတူကြပေမဲ့ မမြဆည်ဖြစ်စဉ်ကတော့ ဆည်တစ်ခု ဘာကြောင့်ပြဿနာတက်ခဲ့သလဲဆိုတာတင် မဟုတ်ပါဘူး။

အခုလို ဖြစ်ရပ်မျိုး မဖြစ်အောင် တခြားဆည်တွေကို ဘယ်လိုစောင့်ကြည့်ထိန်းသိမ်းနေသလဲဆိုတဲ့ မေးခွန်းကိုပါ ပြန်လည်အာရုံစိုက်စေခဲ့ပါတယ်။

လက်ရှိမှာ မမြဆည်ဟာ အရေးပေါ်အခြေအနေက ကျော်လွန်သွားပြီဖြစ်ပေမဲ့ ဒီဖြစ်စဉ်ရဲ့ အဓိကသင်ခန်းစာကတော့ အဲဒီဆည်ကို မှီခိုနေတဲ့ လူတွေရဲ့ အိမ်၊ လယ်နဲ့ အသက်မွေးဝမ်းကျောင်းတွေအထိ တစ်ပြိုင်တည်း သက်ရောက်နိုင်တယ်ဆိုတာပါ။