အမေရိကန်ရဲ့ မြန်မာ့မူ ဘယ်လောက်အလုပ်ဖြစ်မလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်ရဲ့ မြန်မာ့အရေးမဟာဗျူဟာသစ်မှာ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို တန်ပြန်မယ်လို့ဆိုထားပေမဲ့ လက်တွေ့မှာ တရုတ်ကိုကျော်လွန်နိုင်ပါ့မလားဆိုတာ သံသယဖြစ်စရာပါ။
အမေရိကန်အကျိုးစီးပွားကို ဦးတည်ပြီး ၂၀၃၀ အထိ ချမှတ်ထားတဲ့မဟာဗျူဟာကို သြဂုတ် ၃၁ ရက်စွဲနဲ့ထုတ်ပြန်ခဲ့ပေမဲ့ အများပြည်သူကြားထဲပျံ့နှံ့လာတာကတော့ နိုဝင်ဘာလဆန်းမှဖြစ်ပါတယ်။
မြန်မာအတွက် အမေရိကန်ရဲ့ အဓိကရည်မှန်းချက် ၄ ခု ရှိပြီး နိုင်ငံဖြတ်ကျော် ခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့၊ အမေရိကန် ပို့ကုန်တွေအတွက် မြန်မာမှာ အခွင့်အလမ်းတိုးချဲ့ဖို့၊ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဥ်မှာဝင်ပါဖို့နဲ့ အင်ဒို-ပစိဖိတ်ဒေသတွင်း ဩဇာလွှမ်းမိုးမှု တိုးမြှင့်ဖို့ပါ။
မြန်မာနဲ့ ပတ်သက်ရင် အဲဒီကဏ္ဍ ၄ ခုလုံးမှာ တရုတ်နိုင်ငံက လွှမ်းမိုးထားတာပါ။
အမေရိကန်တွေ မြေရှား ဘယ်လိုယူမလဲ

ဓာတ်ပုံ ရင်းမြစ်, Global Witness
အမေရိကန်က အဓိကရည်မှန်းချက် ၄ ခုလို့ ပြောပေမဲ့ မြန်မာမှာပေါပေါများများရှိနေတဲ့ မြေရှားရရှိရေးက အဓိကလို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။
ငြိမ်းချမ်းရေးကတဆင့် မြေရှားသယံဇာတတွေရယူဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးလိမ့်မယ်လို့ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးရဲ့ ဦးစားပေးလုပ်ငန်းစဉ်တွေမှာ ထည့်ရေးထားပါတယ်။ ဒါက
လက်တွေ့မှာတော့ ထင်သလောက်လွယ်ကူမှာမဟုတ်ပါဘူး။
လက်ရှိနည်းပညာကမ္ဘာနဲ့ လက်နက်ထုတ်လုပ်ရေးမှာ မြေရှားသတ္တုက မရှိမဖြစ် အရေးပါလာပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မြေရှားသိမ်းပိုက်ဖို့အတွက် စစ်ခင်းကြတာကို မြန်မာနိုင်ငံမှာ ကြုံခဲ့ဖူးပါပြီ။
မြန်မာပြည်မြောက်ဖျားက ကချင်အထူးဒေသ(၁) ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ သိမ်းပိုက်မှုဟာ ဒေါ်လာဘီလျံချီတန်တဲ့ နယ်မြေသိမ်းပိုက်မှုတစ်ခုလို့တောင် တင်စားခဲ့ကြပါတယ်။
မြန်မာစစ်တပ်ရဲ့မဟာမိတ် ဦးဇခုန်တိန့်ယိန်း နှစ်ပေါင်း ၃၀ ကျော် ထိန်းချုပ်ထားခဲ့တဲ့ ကချင်အထူးဒေသ(၁) ကို ၂၀၂၄ ခုနှစ်မှာ KIA က သိမ်းပိုက်ခဲ့တာပါ။
ဒီသိမ်းပိုက်မှုကြောင့် တရုတ်နိုင်ငံသားလုပ်ငန်းရှင်တွေနဲ့လည်ပတ်နေတဲ့ ရာနဲ့ချီတဲ့ မြေရှားသတ္တုလုပ်ကွက်တွေကိုပါ KIA က ရခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက တရုတ်နယ်စပ်မှာရှိတဲ့ တခြားမြေရှားလုပ်ကွက်အများစုကိုလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကပဲ ထိန်းချုပ်ထားပြီး တရုတ်လုပ်ငန်းရှင်တွေနဲ့လည်ပတ်သလို တရုတ်ကိုပဲ ပြန်ပို့ကြတာပါ။
မြန်မာနယ်စပ်တွေမှာ အသားကျနေတဲ့ ဒီလုပ်ငန်းစဥ်ကနေ အမေရိကန်က မြေရှားကို ဘယ်လိုရယူမလဲဆိုတာ မေးခွန်းထုတ်ချင်စရာပါ။
အမေရိကန်က မြန်မာမှာရှိတဲ့ မြေရှားကို လိုချင်တယ်လို့ ပြောနေပေမဲ့ တိကျတဲ့မဟာဗျူဟာမတွေ့ရသေးဘူးလို့ မြန်မာ့နိုင်ငံရေးအကဲခတ်တစ်ဦးဖြစ်တဲ့ ဒေါက်တာမင်းဇော်ဦးက မှတ်ချက်ပြုပါတယ်။
"မြန်မာမှာမြေရှားထွက်တယ်။ အမေရိကန်ကလည်းမြေရှားလိုနေတယ်။ ဒီတော့ မူဝါဒထဲပါလာတဲ့သဘောပဲ" လို့ သူကပြောပါတယ်။
ငြိမ်းချမ်းရေးနဲ့ ချိတ်ဆက်စဥ်းစားချက်

ဓာတ်ပုံ ရင်းမြစ်, NSPNC
အမေရိကန်ကတော့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဥ်နဲ့ ချိတ်ဆက်ပြီး မြေရှားရဖို့ ရည်ရွယ်ထားတယ်လို့ မြန်မာ့အရေးမဟာဗျူဟာသစ်မှာ ထည့်ရေးထားပါတယ်။
၂၀၃၀ မှာ မြန်မာ့ငြိမ်းချမ်းရေးသဘောတူညီချက် လမ်းစပေါ်ဖို့ အမေရိကန်က အချိန်သတ်မှတ်ထားပါတယ်။
ဘဏ္ဍာရေးဆိုင်ရာဖက်ဒရယ်စနစ် (သယံဇာတဆိုင်ရာအခွန်အခခွဲဝေမှု)နဲ့ နယ်မြေပိုင်းခြားသတ်မှတ်မှု သဘောတူညီချက်တွေထွက်လာဖို့အတွက် ငြိမ်းချမ်းရေးဖိုရမ် သုံးခုထက်မနည်း လုပ်သွားဖို့ အမေရိကန်က ရည်မှန်းထားပါတယ်။
ကိုယ့်ကြမ္မာကိုယ်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ့်နယ်မြေထဲက သယံဇာတတွေကို ကိုယ်ပဲ စီမံခန့်ခွဲခွင့်ရရေးဆိုတဲ့ မက်လုံးက အမေရိကန်ဦးဆောင်မယ့်ဖိုရမ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်(EAO) တွေကို ဆွဲဆောင်နိုင်ပါလိမ့်မယ်။
ငြိမ်းချမ်းရေးနဲ့ချိတ်ဆက်ထားတာက မြေရှားရရှိရေးတင်မကဘဲ မြန်မာမှာအခြေပြုနေတဲ့ အွန်လိုင်း လိမ်လည်မှု(ကျားဖြန့်)တွေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေကို ဖြိုခွင်းရေးပါ ပါဝင်ပါတယ်။
ဒါပေမဲ့ လက်ရှိမြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကို တရုတ်က ကြားဝင်နေတာပါ။ သူ့နယ်စပ်က အင်အားကြီးလက်နက်ကိုင်တပ်တွေကိုလည်း တရုတ်က သြဇာညောင်းပါတယ်။
နယ်မြေပိုင်းခြားသတ်မှတ်မှုနဲ့ပတ်သက်ရင် "တိုင်းရင်းသားလူနည်းစုတွေအတွက် အဆင့်မြင့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပုံစံတွေရှာဖွေဖို့"တောင် တရုတ်က ပြောထားပြီးပါပြီ။
ဒီအခြေအနေပေါ်မူတည်ပြီး ကိုးကန့်တပ် MNDAA၊ တအာန်းတပ် TNLA၊ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA၊ မိုင်းလားတပ် NDAA တို့ ရဲ့ အုပ်ချုပ်ရေးပုံစံတွေ ပြောင်းသွားနိုင်ပါတယ်။
ဒါ့အပြင် တရုတ်က သူ့နယ်စပ်မှာ အမေရိကန်ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကို လက်ခံဖို့ခက်ပါလိမ့်မယ်။
၂၀၂၄ ခုနှစ်ကတည်းက မြန်မာ့အရေးမှာ စည်းသုံးစည်း မကျော်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က သတိပေးခဲ့ပြီးသားပါ။
အဲဒီစည်း ၃ စည်းက မြန်မာပြည်တွင်းစစ်မရှည်ကြာဖို့၊ အာဆီယံလမ်းကြောင်းကနေ မကင်းကွာဖို့နဲ့ ပြင်ပအင်အားစုတွေ ထင်သလိုဝင်ရောက်စွက်ဖက်ခွင့်မပြုဖို့ တို့ဖြစ်ပါတယ်။
"အမေရိကန်ဝင်လို့ ငြိမ်းချမ်းရေးရသွားတယ်ဆိုတဲ့ပုံရိပ်မျိုး ထရမ့်အစိုးရက လိုချင်တာပေါ့။ ဒါပေမဲ့ အကောင်အထည်ဖော်တဲ့လူတွေကတော့ တရုတ်နဲ့ထိပ်တိုက်တွေ့မယ့်ပုံစံမျိုးတွေလုပ်မှာ မဟုတ်ဘူး" လို့ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူလည်းဖြစ်တဲ့ ဒေါက်တာမင်းဇော်ဦးက ပြောပါတယ်။
အမေရိကန်ပစ္စည်းတွေ ၃ ဆ ဝင်လာမယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အခုမူဝါဒအတိုင်းဆို မြန်မာနိုင်ငံရဲ့ အဓိက ကုန်သွယ်ဖက်နဲ့ ကုန်ပစ္စည်းထောက်ပံ့သူ နေရာကိုပါယူဖို့ အမေရိကန်က ချိန်ရွယ်နေပါတယ်။
နောက် လေးနှစ်အတွင်း အမေရိကန် ကုန်ပစ္စည်းတွေနဲ့ စိုက်ပျိုးရေးထုတ်ကုန် တင်သွင်းမှုကို သုံးဆတိုးမြှင့်ဖို့ အမေရိကန်က ရည်မှန်းထားပါတယ်။
ဒါ့အပြင် မြန်မာမှာ ဒေါ်လာ ၅ သန်းအထက်ရှိတဲ့ ရင်းနှီးမြှုပ်နှံမှု အနည်းဆုံး သုံးခုရဖို့ ချမှတ်ထားပါတယ်။
ပြီးခဲ့တဲ့ ၅ နှစ်ကျော်အတွင်း မြန်မာနိုင်ငံမှာ အမေရိကန်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာတစ်သန်းကျော်ပဲ ရှိခဲ့တာနဲ့ယှဥ်ရင် ဒီကိန်းဂဏန်းတွေက များတယ်လို့ထင်စရာပါ။
ဒါပေမဲ့ အစဥ်အလာအရလည်း မြန်မာရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစာရင်းမှာ အမေရိကန်က အောက်ဆုံးနားမှာပဲရှိခဲ့ပြီးတရုတ်က ထိပ်ဆုံးတန်းမှာ အမြဲရှိနေတာပါ။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ စက်တင်ဘာအထိ မြန်မာမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ ၁၅ ဘီလျံကျော်အထိရှိနေပါတယ်။
ဒါပေမဲ့ မြန်မာမှာ နိုင်ငံခြားငွေရှားပါးမှုအမြဲကြုံနေရပြီး အကျိုးဆက်အနေနဲ့ သွင်းကုန်မူဝါဒအကျပ်အတည်းတွေဖြစ်နေတာကို အမေရိကန်က သိနေပါတယ်။
ဒါတွေကိုလည်း မြန်မာ အာဏာပိုင်တွေနဲ့ ထိတွေ့ဖြေရှင်းသွားမှာဖြစ်တယ်လို့
မူဝါဒချမှတ်ထားပါတယ်။
အမေရိကန်ကုမ္ပဏီတွေအဆင်ပြေစေဖို့ အမေရိကန် ကုန်သည်ကြီးများအသင်းက ပါလာမှာ ဖြစ်ပါတယ်။
အမေရိကန်ကုမ္ပဏီတွေအဆင်ပြေစေဖို့ အာဏာပိုင်တွေနဲ့ထိတွေ့မှုကနေ နေပြည်တော်အတွက် အရေးယူပိတ်ဆို့မှုတချို့ရုပ်သိမ်းနိုင်တဲ့ အားသာချက်ရသွားနိုင်တယ် လို့ အကဲခတ်တချို့က သုံးသပ်ပါတယ်။
ဒါပေမဲ့ အမေရိကန်က ရင်းနှီးမြှုပ်နှံမယ့် ဒေါ်လာ ၁၅ သန်းကျော်ဆိုတဲ့ပမာဏက နည်းပါးလွန်းနေတယ် လို့ ဒေါက်တာမင်းဇော်ဦးကပြောပါတယ်။
"အမေရိကန်က သူ့ပေါ်လစီတစ်ခုကို ဘယ်လောက်အလေးထားလဲတိုင်းချင်ရင် သူပိုက်ဆံဘယ်လောက်သုံးလဲ ကြည့်လိုက်ရုံပဲ" လို့ သူကပြောပါတယ်။
အင်ဒို-ပစိဖိတ်ဒေသတွင်းမှာ ဩဇာလွှမ်းမိုးဖို့

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာ့ငြိမ်းချမ်းရေးမှာတင်မက အင်ဒို-ပစိဖိတ်ဒေသတွင်းမှာ ဩဇာလွှမ်းမိုးဖို့ အမေရိကန်က တရုတ်နဲ့ပြိုင်ဆိုင်မှာပါ။
အဲဒီအတွက် အမေရိကန်ပူးပေါင်းမှာက အေးရှားကွဒ် Asia Quad၊ အာရှ ထရွိုင်ကာ (Asia Troika)နဲ့ အာဆီယံတို့ ဖြစ်ပါတယ်။
အေးရှားကွဒ် မှာ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နဲ့ အမေရိကန်တို့ ပါပြီး အာရှ ထရွိုင်ကာမှာတော့ ဂျပန်၊ တောင်ကိုရီးယား နဲ့ အမေရိကန်တို့ ပေါင်းထားတာပါ။
သမ္မတ ထရမ့်ရဲ့ 'အမေရိကန် ပထမ' (America First) မူဝါဒ၊ အမျိုးသား လုံခြုံရေး မဟာဗျူဟာနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အေဂျင်စီ မဟာဗျူဟာ စီမံကိန်းတွေအပေါ် အခြေခံထားတယ်လို့ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ထုတ်ပြန်ထားပါတယ်။
လာမယ့် ၄ နှစ်အတွက်ချမှတ်ထားတဲ့ အမေရိကန်ရဲ့မြန်မာ့အရေးမဟာဗျူဟာကို အမေရိကန်သံရုံးတစ်ခုထဲကပဲ အကောင်အထည်ဖော်သွားမှာမဟုတ်ပါဘူး။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမိမြေလုံခြုံရေးဝန်ကြီးဌာနအောက်က အေဂျင်စီတွေနဲ့ ချိတ်ဆက် ဆောင်ရွက်သွားမှာပါ။
ဒေသတွင်း သြဇာလွှမ်းမိုးဖို့ရည်ရွယ်ချက်မှာ အမေရိကန်ကိုအကောင်းမြင်ဖို့ မြန်မာက လူ ၃ သန်း ကို အကူအညီတွေ ကနဦးထောက်ပံ့သွားမယ့် အစီအစဥ်လည်း ပါဝင်ပါတယ်။
မြန်မာကို အကူအညီပေးဖိုလိုအပ်တယ်လို့ အမေရိကန်ကမြင်သလို မြန်မာမှာအခြေပြုတဲ့နိုင်ငံဖြတ်ကျော်ခြိမ်းခြောက်မှုတွေကိုလည်း တိုက်ဖျက်သွားဖို့ မျှော်မှန်းထားပါတယ်။
မြန်မာမှာအခြေပြုတဲ့နိုင်ငံဖြတ်ကျော်ခြိမ်းခြောက်မှုတွေထဲ အမေရိကန်မှာရှိတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဗီဇာသက်တမ်းကျော်လွန် နေထိုင်မှုနှုန်းကိုပါ ထည့်တွက်ထားပြီး သုညအထိ လျှော့ချဖို့ပါဝင်ပါတယ်။
နေပြည်တော်နဲ့ အမေရိကန်ဆက်ဆံရေး ဘယ်လိုဖြစ်လာမလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း အမေရိကန်က နေပြည်တော်နဲ့ တရားဝင် အဆက်အသွယ် မရှိသလောက်နည်းခဲ့ပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုလည်း ဆက်တိုက် ချမှတ်ခဲ့ပါတယ်။
၂၀၂၆ နှစ်ဆန်းမှာ မြန်မာနိုင်ငံက အငြင်းပွားဖွယ်ရွေးကောက်ပွဲတွေ ပြီးစီးခဲ့ပြီးနောက်မှာတော့ အခြေအနေတွေ ပြောင်းလာပါတယ်။
စက်တင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ထောက်လှမ်းရေးနဲ့ သုတေသနဆိုင်ရာ လက်ထောက်အတွင်းဝန် မိုက်ကယ် ဗန့်စ်က နေပြည်တော်မှာ ရောက်နေခဲ့ပါတယ်။
အမေရိကန်နိုင်ငံသား အဒမ် ကတ်စ်တီယို လွတ်မြောက်ရေးအတွက် အဓိကသွားခဲ့တာဖြစ်ပေမဲ့ မြန်မာကမြေရှားသတ္တုနဲ့ ကျားဖြန်နှိမ်နင်းရေးတွေပါ ဆွေးနွေးခဲ့တယ်လို့ နေပြည်တော်အစိုးရနဲ့နီးစပ်တဲ့ အကဲခတ်တစ်ဦးက ပြောပါတယ်။
နိုင်ငံရေးအကဲခတ်တချို့နဲ့ အမေရိကန်ရောက် မြန်မာအသိုင်းအဝိုင်းက "ချော်လဲရောထိုင်" သံတမန်ဆက်ဆံရေးလို့ ရှုမြင်ကြပေမဲ့ ဗန့်စ်ဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးကတည်းက နေပြည်တော်ကို ပထမဆုံးရောက်လာတဲ့ အဆင့်အမြင့်ဆုံး အမေရိကန်အရာရှိဖြစ်ပါတယ်။
ဗန့်စ်က ပြီးခဲ့တဲ့ ဇွန်လကလည်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ မြန်မာအရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, စင်ဟွာ
နိုဝင်ဘာလဆန်းမှာ အများပြည်သူကြားပျံ့နှံ့လာတဲ့ အမေရိကန်ရဲ့ ၂၀၃၀ မြန်မာ့အရေးရည်မှန်းချက်တွေအရ နေပြည်တော်နဲ့ ဆက်လက်ထိတွေ့မှုတွေလုပ်သွားမယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး။
တကယ်တော့ ဒီမဟာဗျူဟာအတိုင်းကျင့်သုံးတော့မယ်ဆိုတာကို ၂၀၂၅ နှစ်ကုန်ပိုင်းကတည်းက သက်ဆိုင်သူတွေကို အမေရိကန်က အသိပေးခဲ့ပြီးသား လို့ ဒေါက်တာမင်းဇော်ဦးကပြောပါတယ်။
အမေရိကန်ရဲ့ မဟာဗျူဟာ လူထုကြားပျံ့နှံ့လာချိန်မှာပဲ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဟိုးက တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနဲ့တွေ့ဆုံနေပါတယ်။
၁၁ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်ဖို့ တရုတ်နိုင်ငံကို နိုဝင်ဘာ ၃ ရက်မှာရောက်နေတာပါ။
တရုတ်က မြန်မာရဲ့ ယုံကြည်အားထားထိုက်တဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်ကြောင်း မစ္စတာဝမ်ယိက ပြောပါတယ်။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလို အရေးကြီးစီမံကိန်းတွေကို တွန်းအားပေး ဖော်ဆောင်ဖို့သူက တိုက်တွန်းပါတယ်။
ဒါ့အပြင် စွမ်းအင်နဲ့ သယံဇာတကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့၊ အွန်လိုင်းလိမ်လည်မှုတွေကို ပူးပေါင်း တိုက်ဖျက်ဖို့ကိုပါ ဆွေးနွေးခဲ့ကြပါတယ်။
အမေရိကန်က မြန်မာမှာ တရုတ်နဲ့ပြိုင်မှာလား

ဓာတ်ပုံ ရင်းမြစ်, PPIB
အမေရိကန်အနေနဲ့ မြန်မာ့မြေပေါ်မှာ "တရုတ်နဲ့အမေရိကန် ကြိုက်တာရွေး" ဆိုတဲ့ ပုံစံမျိုးနဲ့ ချဥ်းကပ်မှာမဟုတ်ဘူး လို့ ဒေါက်တာမင်းဇော်ဦးက ပြောပါတယ်။
မြန်မာမှာ တရုတ်ရဲ့ အလုံးစုံသြဇာလွှမ်းမိုးမှုကို ဟန့်တဲ့သဘောလောက်ပဲလို့ သူကပြောပါတယ်။
အမေရိကန်အေဂျင်စီတွေအနေနဲ့လည်း မြန်မာ့အရေးမှာ တရုတ်ထဲထဲဝင်ဝင် ပါဝင်နေသလိုမျိုး မလုပ်နိုင်တာကို ရှင်းရှင်းလင်းလင်းနားလည်ထားကြတယ် လို့ သူက ပြောပါတယ်။
အမေရိကန်ရဲ့ မြန်မာ့အရေးမဟာဗျူဟာသစ်ထွက်ပေါ်ချိန်မှာပဲ အမေရိကန်က သက်တမ်းဝက်ရွေးကောက်ပွဲတွေမှာ ဒီမိုကရက်တွေက အနိုင်ရခဲ့ပါတယ်။
လွှတ်တော်ကို ထိန်းချုပ်နိုင်ခွင့် ထရမ့်ဆုံးရှုံးသွားတဲ့အတွက် မြန်မာ့အရေးထရမ့်မူဝါဒတွေအပေါ်မှာရော သက်ရောက်မှု ပြောင်းလဲမှုတွေ ရှိလာနိုင်မလားဆိုတဲ့ မေးခွန်းတွေလည်းထွက်ပေါ်လာပါတယ်။
နိုင်ငံခြားရေးရာမူဝါဒတွေကို အုပ်ချုပ်ရေးယန္တရားကပဲ အဓိကအကောင်အထည်ဖော်မှာဖြစ်လို့ မြန်မာ့အရေး ၂၀၃၀ မူဝါဒက လက်ရှိချမှတ်ထားတဲ့အတိုင်းပဲ ဆက်သွားမယ် လို့ ဒေါက်တာမင်းဇော်ဦးက ပြောပါတယ်။
ဒါပေမဲ့ အကဲခတ်တွေ၊ သုတေသီတွေက အမေရိကန်နဲ့ပတ်သက်ရင် အရှိတရားထက် ပိုတွက်လွန်းကြတယ် လို့ သူကပြောပါတယ်။
"ကိုယ့်ပရိုပဂမ်နာ(ဝါဒဖြန့်ချိရေး)ကို ကိုယ်ပြန်ယုံမိသလို ဖြစ်တတ်တယ်" လို့ သူကပြောပါတယ်။



























