လွတ်တော်ကိုပြန်ထိန်းချုပ်တဲ့ဒီမိုကရက်တွေ ဘာတွေလုပ်နိုင်မှာလဲ

တက္ကဆက်ပြည်နယ် အမေရိကန်အထက်လွှတ်တော်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒီမိုကရက် James Talarico ဟာ ထောက်ခံသူတွေ ဝိုင်းရံထားချိန်မှာ လက်ဝှေ့ယမ်းနေပါတယ်။
ဓာတ်ပုံ ပုံစာ, James Talarico ဟာ တက္ကဆက်ပြည်နယ်ရဲ့ အမေရိကန်အထက်လွှတ်တော်နေရာကို ဒီမိုကရက်တွေဆီ လွှဲပြောင်းရယူပေးခဲ့ပြီး ကွန်ဂရက်ရဲ့အထက်လွှတ်တော်ကို ထိန်းချုပ်နိုင်ဖို့ ပါတီကို အထောက်အကူဖြစ်စေခဲ့ပါတယ်
    • ရေးသားသူ, ကေလာ အပ္ပစတီးင်
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၆

ရွေးကောက်ပွဲညက ဒီမိုကရက်တွေအတွက် အိပ်မက်တစ်ခုလို ဖြစ်ခဲ့ပါတယ်။ ဇန်နဝါရီလရောက်ရင်တော့ လက်တွေ့အခြေအနေကို ရင်ဆိုင်ရပါတော့မယ်။

အင်္ဂါနေ့ညမှာ သူတို့ ဝမ်းသာအားရဖြစ်ခဲ့ကြတာ အကြောင်းရှိပါတယ်။ အပြတ်အသတ်အနိုင်ရခဲ့ပြီးနောက် လာမယ့်နှစ်မှာ ဒီမိုကရက်တွေဟာ ကွန်ဂရက်လွှတ်တော်နှစ်ရပ်စလုံးကို ထိန်းချုပ်တော့မှာ ဖြစ်ပါတယ်။

"ဒီနေ့ကစပြီး အမေရိကန်ရဲ့ကြီးကျယ်တဲ့ ပြန်လည်နိုးထမှု စတင်ပါပြီ" လို့ အောက်လွှတ်တော် ဒီမိုကရက်ခေါင်းဆောင် ဟာကိမ်း ဂျက်ဖရေးစ် က ဝမ်းသာအားရနဲ့ ကြေညာခဲ့ပါတယ်။

အကျင့်ပျက်ခြစားမှုတွေကို စုံစမ်းစစ်ဆေးမယ်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စားသောက်ကုန်နဲ့ ဓာတ်ဆီစရိတ်တွေ လျှော့ချမယ်၊ အီရန်စစ်ပွဲကို ထိန်းချုပ်မယ်ဆိုပြီး မဲဆွယ်စည်းရုံးရေးကာလအတွင်း လပေါင်းများစွာ ကတိပေးခဲ့ပြီးနောက် အခုတော့ အဲဒီအစီအစဉ်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ ပိုပြီးခက်ခဲတဲ့လုပ်ငန်းစဉ်ကို စတင်ရတော့မှာ ဖြစ်ပါတယ်။

ဝါရှင်တန်မှာ အာဏာချိန်ခွင်လျှာ ပြောင်းလဲသွားတယ်ဆိုတာနဲ့ ဒီမိုကရက်တွေဟာ သူတို့ လိုချင်တဲ့ ဥပဒေပြုရေးအစီအစဉ်စာရင်းထဲက အချက်တွေကို ချက်ချင်းစတင်အကောင်အထည်ဖော်နိုင်မယ်လို့တော့ ဆိုလိုတာ မဟုတ်ပါဘူး။

ဒီမိုကရက်တွေက ကွန်ဂရက်ကို ထိန်းချုပ်ထားပေမဲ့ ရီပတ်ဘလီကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ ဥပဒေကြမ်းတွေကို ပယ်ချနိုင်တဲ့အာဏာ ရှိနေဆဲဖြစ်ပါတယ်။

အခုဖြစ်ခဲ့တာကို "ပြည်သူတွေက အပြည့်အဝလုပ်ပိုင်ခွင့်ပေးလိုက်တာ" လို့ ဒီမိုကရက်တွေ မယူဆသင့်ဘူးလို့ အမေရိကန်အထက်လွှတ်တော်အမတ် ခရစ် ကွန်းစ်က ဘီဘီစီကို ပြောပါတယ်။ ပါတီဟာ "လူကြိုက်များမှု ကျဆင်းနေဆဲ" ဖြစ်တယ်လို့လည်း သူ သတိပေးပါတယ်။

"ကျွန်တော်တို့ အလုပ်ဖြစ်အောင် လုပ်နိုင်တယ်ဆိုတာ သက်သေပြဖို့ လိုပါတယ်။ အထူးသဖြင့် လုပ်ခလစာနည်းတာနဲ့ ကုန်ကျစရိတ်တွေ မြင့်တက်နေတာနဲ့ပတ်သက်ပြီး သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ မေးခွန်းတွေကို လက်တွေ့ကျတဲ့ အဖြေတွေပေးနိုင်ဖို့ လိုပါတယ်။"

ဒီမိုကရက်တွေ လုပ်နိုင်ခြေရှိမယ့်ကိစ္စများ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကယ်လီဖိုးနီးယားပြည်နယ် လွှတ်တော်အမတ် ရောဘတ် ဂါစီယာ ဟာ မကြာခင် အောက်လွှတ်တော်ရဲ့သြဇာကြီးမားတဲ့ ကြီးကြပ်စစ်ဆေးရေးကော်မတီကို ဦးဆောင်တော့မှာ ဖြစ်ပါတယ်။ အဲဒီရာထူးနဲ့ ထရမ့်ရဲ့ သမ္မတသက်တမ်း နောက်ဆုံးနှစ်နှစ်ကို အတော်လေး ခက်ခဲအောင် လုပ်နိုင်တဲ့အာဏာ သူ့မှာ ရှိလာမှာပါ။

ရွေးကောက်ပွဲညမှာ အနိုင်ရတဲ့ရလဒ်တွေ ဆက်တိုက်ထွက်ပေါ်လာချိန် "ရှေ့နေငှားထားပါ" လို့ ဒီမိုကရက်အမတ်က ကြေညာချက်တစ်စောင်မှာ ပြောခဲ့ပါတယ်။

အမေရိကန်အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်က ကော်မတီတွေမှာ စုံစမ်းစစ်ဆေးနိုင်တဲ့ အာဏာတွေ ရှိပါတယ်။ အဲဒီအာဏာတွေကို အသုံးပြုပြီး သမ္မတနဲ့ သူ့အနီးကပ်လူတွေရဲ့ အကျိုးစီးပွားပဋိပက္ခဖြစ်တယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ တခြားလုပ်ရပ်တွေကို စုံစမ်းနိုင်ပါတယ်။

အင်္ဂါနေ့မှာ Garcia က ပစ်မှတ်ထားစုံစမ်းနိုင်တဲ့အကြောင်းအရာစာရင်းတစ်ခုကို ပြောခဲ့ပါတယ်။ အဲဒီထဲမှာ ထရမ့်ရဲ့မိသားစု၊ "စီးပွားရေးလုပ်ငန်းတွေရဲ့အကျင့်ပျက်ခြစားမှု"၊ အမိမြေလုံခြုံရေးဝန်ကြီးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ထိန်းသိမ်းရေးအေဂျင်စီတို့က အာဏာအလွဲသုံးစားလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပြင် Epstein ဖိုင်တွေကို အစိုးရက ကိုင်တွယ်ခဲ့ပုံတို့ ပါဝင်ပါတယ်။

အထက်လွှတ်တော်မှာ သမ္မတရဲ့ အစိုးရအဖွဲ့ဝန်ကြီးနဲ့ တရားသူကြီးရာထူး အဆိုပြုခန့်အပ်မှုတွေကို အတည်ပြုနိုင်သလို ပိတ်ပင်နိုင်တဲ့ အာဏာလည်း ရှိပါတယ်။

ဥပမာ ထရမ့်ရဲ့သမ္မတသက်တမ်းအတွင်း အမေရိကန်တရားရုံးချုပ်မှာ ရာထူးလစ်လပ်မှုတစ်ခု ပေါ်လာခဲ့ရင် အထက်လွှတ်တော် ဒီမိုကရက်တွေဟာ သူတို့ရဲ့ အာဏာသစ်ကို အသုံးပြုပြီး အဆိုပြုခန့်အပ်မှုကို ပိတ်ပင်နိုင်ပါတယ်။ ဒါမှမဟုတ် ပါတီနှစ်ရပ်လုံးရဲ့ ထောက်ခံမှုရနိုင်တဲ့ ပိုပြီးသဘောထားပျော့ပျောင်းတဲ့ ကိုယ်စားလှယ်လောင်းတစ်ဦးကို ရွေးချယ်ဖို့ ထရမ့်ကို ဖိအားပေးနိုင်ပါတယ်။

အောက်လွှတ်တော်မှာ သမ္မတတစ်ဦးကို စွပ်စွဲပြစ်တင်နိုင်တဲ့အာဏာလည်း ရှိပါတယ်။ ဒါဟာ အရာရှိတစ်ဦးကို ရာထူးက ဖယ်ရှားဖို့ ကွန်ဂရက်ရဲ့လုပ်ငန်းစဉ်မှာ ပထမဆုံးအဆင့် ဖြစ်ပါတယ်။

ထရမ့်ရဲ့ပထမသမ္မတသက်တမ်းအတွင်း ဒီမိုကရက်တွေက သူ့ကို နှစ်ကြိမ် စွပ်စွဲပြစ်တင်ခဲ့ပေမဲ့ အမေရိကန်အထက်လွှတ်တော်က နှစ်ကြိမ်စလုံးမှာ နောက်ဆုံးတော့ အပြစ်မရှိကြောင်း မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမဲ့ စွပ်စွဲပြစ်တင်မှုတစ်ခုမှာ သမ္မတကို အပြစ်ရှိကြောင်း ဆုံးဖြတ်ဖို့ အမေရိကန်အထက်လွှတ်တော်ရဲ့သုံးပုံနှစ်ပုံအများစု၊ ဒါမှမဟုတ် ၆၇ မဲ လိုအပ်တာကြောင့် အင်္ဂါနေ့မှာ အောင်မြင်မှုရခဲ့ပေမဲ့ ဒီမိုကရက်တွေအနေနဲ့ အဲဒီလိုဆုံးဖြတ်နိုင်ဖို့ ခက်ခဲနေဦးမယ်လို့ ယူဆရပါတယ်။

စွပ်စွဲပြစ်တင်တာဟာ သင့်တော်တဲ့အကြံအစည်ဟုတ် မဟုတ်ဆိုပြီး ဒီမိုကရက်တွေအကြား အပြင်းအထန် ဆွေးနွေးငြင်းခုံနေကြပါတယ်။

၂၀၁၉ ခုနှစ်က ပထမဆုံးစွပ်စွဲပြစ်တင်မှုကြောင့် ပါတီအချင်းချင်း အပြင်းအထန် ရန်လိုမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ထရမ့်က သူ့ကို နိုင်ငံရေးအရ ဖိနှိပ်ညှဉ်းပန်းမှု ခံရသူတစ်ဦးအဖြစ် နောက်ပိုင်းမှာ ပုံဖော်နိုင်ခဲ့ပါတယ်။ ဒါက သူ့ ဒုတိယအကြိမ် အိမ်ဖြူတော်ဝင်ပြိုင်မှုအတွက် ထောက်ခံမှုရရှိအောင် နောက်ပိုင်းမှာ အထောက်အကူဖြစ်ခဲ့ပါတယ်။

ဒီမိုကရက်တွေရဲ့ စွပ်စွဲပြစ်တင်ရေး ကြိုးပမ်းမှုမှန်သမျှကို အတည်ပြုပေးရဖို့ သေချာသလောက်ရှိတဲ့ ဂျက်ဖရေးစ်က သူ့အစီအစဉ်တွေကို ရှင်းရှင်းလင်းလင်း မပြောသေးပါဘူး။

"ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ ဘာတစ်ခုကိုမှ ထည့်သွင်းစဉ်းစားမှာ မဟုတ်ဘူးလို့ မပြောထားပါဘူး" လို့ ဩဂုတ်လမှာ စီအန်အန်သတင်းဌာနကို သူ ပြောပါတယ်။

"ဖြစ်နိုင်ခြေရှိတာတွေကို ဖယ်ထားတာ မရှိပါဘူး။''

အုပ်ချုပ်၊ ဥပဒေပြုရေးနဲ့ တရားရေး စနစ် အချိတ်အဆက်ပြတဲ့ ဂရပ်ဖစ် ဖြစ်ပါတယ်။

ဒီမိုကရက်တွေ လုပ်ဖို့ ခက်မယ့်အရာတွေ

ရွေးကောက်ပွဲမတိုင်မီကတည်းက ကွန်ဂရက်ရဲ့ လုပ်ဆောင်နိုင်စွမ်းအပေါ် အမေရိကန်တွေရဲ့ စိတ်ပျက်မှုက သိသာထင်ရှားခဲ့ပါတယ်။

အောက်တိုဘာလက Gallup စစ်တမ်းတစ်ခုအရ အမေရိကန်မှာ မှတ်ပုံတင်ထားတဲ့ မဲဆန္ဒရှင်တွေရဲ့ ၁၄ ရာခိုင်နှုန်းသာ လွှတ်တော်အမတ်တွေရဲ့လုပ်ရည်ကိုင်ရည်ကို သဘောကျခဲ့ကြပါတယ်။

ဒါပေမဲ့ အိမ်ဖြူတော်မှာ ရီပတ်ဘလီကန်တစ်ဦး ရှိနေပြီး ကွန်ဂရက်ကို ဒီမိုကရက်တွေက ထိန်းချုပ်ထားတဲ့အတွက် အမေရိကန်တွေဟာ ပိုပြီးပြင်းထန်တဲ့ နိုင်ငံရေးအကြပ်အတည်းကို ရင်ဆိုင်ရနိုင်ပါတယ်။

"ပြီးခဲ့တဲ့ကွန်ဂရက်မှာ ရီပတ်ဘလီကန်တွေ အားလုံးကို ထိန်းချုပ်ထားချိန်တုန်းကတောင် ဥပဒေပြုရေးလုပ်ငန်းက ခက်ခဲတယ်လို့ ထင်ခဲ့ရင် အခုတော့ ပိုပြီးရှုပ်ထွေးလာပါလိမ့်မယ်" လို့ ဂျော့၀ါရှင်တန် တက္ကသိုလ်က ဥပဒေပြုရေးရာ ပါမောက္ခ ကေစီ ဘားဂတ်က ပြောပါတယ်။

လွှတ်တော်နှစ်ရပ်စလုံးကို အဆင်ပြေတဲ့လူများစုနဲ့ ထိန်းချုပ်နိုင်မှာဖြစ်လို့ ဒီမိုကရက်တွေဟာ ကွန်ဂရက်ကနေ ဥပဒေကြမ်းတွေကို အတော်လေး လွယ်လွယ်ကူကူ အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီဥပဒေကြမ်းတွေကို ဥပဒေအဖြစ် အသက်ဝင်လာအောင်လုပ်ဖို့က ပိုခက်ခဲပါလိမ့်မယ်။

ဥပဒေကြမ်းအများစု ဥပဒေအဖြစ် အသက်ဝင်လာဖို့ သမ္မတက လက်မှတ်ရေးထိုးပေးရပါတယ်။

ထရမ့်မှာ သူ သဘောမတူတဲ့ ကွန်ဂရက်အတည်ပြု ဥပဒေကြမ်းတွေကို ပယ်ချနိုင်တဲ့ အာဏာရှိပါတယ်။ ကွန်ဂရက်အနေနဲ့ သူ့ ပယ်ချမှုကို ကျော်လွန်အတည်ပြုနိုင်ဖို့ လွှတ်တော်နှစ်ရပ်စလုံးမှာ အများစုနဲ့ထောက်ခံမှု လိုအပ်ပါတယ်။ နို၀င်ဘာ ၃ ရက် မဲပေးပွဲမှာ အောင်မြင်မှုရခဲ့ပေမဲ့ ဒီမိုကရက်တွေချည်းပဲနဲ့တော့ အဲဒီလိုမဲအရေအတွက်မျိုး ရှိမှာမဟုတ်ပါဘူး။

နို၀င်ဘာ ၃ ရက်ညမှာ သူ့ပါတီက အထက်လွှတ်တော်နေရာတွေ တစ်ခုပြီးတစ်ခု ရှုံးနိမ့်နေချိန် ထရမ့် က နယူးယောက်ခ်တိုင်းကို သဘောထားပျော့ပျောင်းတဲ့ လေသံနဲ့ ပြောခဲ့ပါတယ်။

"ကျွန်တော်တို့ ဒီမိုကရက်တွေနဲ့ အတူလုပ်သွားမှာပါ။ သူတို့နဲ့ လက်တွဲလုပ်ဆောင်ဖို့လည်း မျှော်လင့်ပါတယ်။ တစ်နည်းနည်းနဲ့ အဖြေတစ်ခု ရှာတွေ့နိုင်မှာပါ" လို့ သူ ပြောပါတယ်။

ဒါပေမဲ့ မိနစ်အနည်းငယ်အကြာမှာတော့ ရှေ့ဘက်မှာ "VETO" ဆိုတဲ့ စာလုံး ရိုက်နှိပ်ထားတဲ့ သူ့ရဲ့ အနီရောင် မဲဆွယ်စည်းရုံးရေးဦးထုပ်ပုံကို ထရမ့်က Truth Social မှာ တင်ခဲ့ပါတယ်။

ဒီမိုကရက်တွေ ထိန်းချုပ်တဲ့ ကွန်ဂရက်အပေါ် ကောင်းလိုက်ဆိုးလိုက်ဖြစ်နေတဲ့ အဲဒီလိုချဉ်းကပ်ပုံဟာ အဓိကပုံစံတစ်ခု ဖြစ်လာနိုင်ပါတယ်။

ထရမ့်ကို ဆန့်ကျင်မှုက ဒီမိုကရက်တွေ အောင်မြင်ဖို့ အထောက်အကူဖြစ်ခဲ့ပေမဲ့ ဒါတစ်ခုတည်းနဲ့ မလုံလောက်နိုင်ဘူးလို့ လွှတ်တော်အမတ်တွေက နို၀င်ဘာ ၃ ရက်ညမှာ အသိအမှတ်ပြုခဲ့ကြပါတယ်။

"ဒါဟာ ဒေါ်နယ်ထရမ့်နဲ့ သူ့ရဲ့အစီအစဉ်တွေ၊ မူဝါဒတွေကို အကြီးအကျယ် ငြင်းပယ်လိုက်တာ ဖြစ်ပါတယ်" လို့ ကွန်းစ်က ဘီဘီစီကို ပြောပါတယ်။

"ဒါပေမဲ့ ကျွန်တော်တို့ အလွန်အကျွံ လုပ်မိရင် ဒါမှမဟုတ် ပါတီအတွင်းမှာ အချင်းချင်း တိုက်ခိုက်တာ များလွန်းရင် ဒီအခွင့်အရေးကို လက်လွတ်သွားနိုင်ပါတယ်။"

 ရွေးကောက်ပွဲညမှာ ပါတီဝန်ထမ်းတွေကို နှုတ်ဆက်နေတဲ့အမေရိကန်အောက်လွှတ်တော် ဒီမိုကရက်ခေါင်းဆောင် ဟာကိမ်း ဂျက်ဖရေးစ်
ဓာတ်ပုံ ပုံစာ, ရွေးကောက်ပွဲညမှာ ပါတီဝန်ထမ်းတွေကို နှုတ်ဆက်နေတဲ့အမေရိကန်အောက်လွှတ်တော် ဒီမိုကရက်ခေါင်းဆောင် ဟာကိမ်း ဂျက်ဖရေးစ်

ထရမ့်က ဗီတိုအာဏာသုံး ပယ်ချမယ်လို့ ခြိမ်းခြောက်ထားပေမဲ့ ဝင်ငွေနည်းသူတွေ အသုံးပြုတဲ့ Medicaid နဲ့ Obamacare ဈေးကွက်လို ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်တွေမှာ ရီပတ်ဘလီကန်တွေ အကြီးအကျယ် ဖြတ်တောက်ခဲ့တာကို သူ့ပါတီက ပြန်လည်ပြင်ဆင်လိုတယ်လို့ ဟာကိမ်း ဂျက်ဖရေးစ် က ပြောထားပါတယ်။

"အောက်လွှတ်တော် ဒီမိုကရက်တွေအနေနဲ့ ဒီ Medicaid ဖြတ်တောက်မှုတွေကို ပြန်လည်ပြင်ဆင်ဖို့နဲ့ လူတိုင်းတတ်နိုင်မယ့်ကျန်းမာရေးစောင့်ရှောက်မှု အက်ဥပဒေ အခွန်သက်သာခွင့်တွေကို သက်တမ်းတိုးဖို့ ထိပ်တန်းဦးစားပေးအနေနဲ့ ဆောင်ရွက်သွားမယ်လို့ ကျွန်တော်တို့ ကတိပြုထားပါတယ်" လို့ စက်တင်ဘာလက ကျန်းမာရေးဝန်ထမ်းတွေအတွက် ပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ ဟာကိမ်း ဂျက်ဖရေးစ် က ပြောခဲ့ပါတယ်။

ပါတီနှစ်ရပ်စလုံး ပုံမှန်အားဖြင့် သဘောတူလေ့ရှိတဲ့ လူနေမှုစရိတ် သက်သာရေးဆိုင်ရာ မူဝါဒတွေ၊ ဉာဏ်ရည်တု(အေအိုင်)လုပ်ငန်းကို စည်းမျဉ်းချမှတ်ရေး၊ အစ္စရေးအတွက် စစ်ရေးရန်ပုံငွေကို ပြန်လည်သုံးသပ်ရေးနဲ့ အီရန်စစ်ပွဲကို ထိန်းချုပ်ရေးတို့မှာ လွှတ်တော်အမတ်တွေက သဘောတူညီချက်ရဖို့ ကြိုးစားရင်း ဆွေးနွေးပွဲတွေ ပျက်ပြားသွားနိုင်ပါတယ်။

၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲကာလဆီ ဦးတည်ရာမှာ အတိုက်အခံဖြစ်လာမယ့် ရီပတ်ဘလီကန်တွေဟာ ဒီမိုကရက်တွေ အောင်မြင်မှုများစွာ ရရှိအောင် ကူညီချင်စိတ် ရှိချင်မှရှိပါလိမ့်မယ်။

ဒီမိုကရက်တွေကိုယ်တိုင်ကြားမှာလည်း အထူးသဖြင့် အစ္စရေးနဲ့ သက်ဆိုင်တဲ့ကိစ္စတွေမှာ သဘောထားကွဲလွဲမှုတွေ ပေါ်ပေါက်လာနိုင်ပြီး ပါတီအတွင်း သဘောတူညီချက်ရဖို့ ခက်ခဲစေနိုင်ပါတယ်။

အစ္စရေးအတွက် အမေရိကန် စစ်ရေးရန်ပုံငွေတွေ ဆက်လက်ပေးအပ်ရေးနဲ့ပတ်သက်ပြီး ကြားဖြတ်ရွေးကောက်ပွဲကာလမှာ ဒီမိုကရက်တစ်ပါတီတွင်း သဘောထားကွဲလွဲမှု ပေါ်ပေါက်ခဲ့ပါတယ်။

မီချီဂန်ပြည်နယ်က အက်ဘ်ဒူးလ် အယ်လ်-ဆာယက်ဒ်လို အထက်လွှတ်တော်အမတ်သစ်တွေနဲ့ အမေရိကန်အောက်လွှတ်တော်အမတ်သစ်တချို့က အစ္စရေးကို အကူအညီ လျှော့ချမယ့် ဥပဒေကြမ်းကို မဲပေးထောက်ခံမယ်လို့ မဲဆွယ်စည်းရုံးရေးကာလအတွင်း ပြောခဲ့ကြပါတယ်။

ဒီဒီမိုကရက်တွေဟာ သူတို့ရဲ့ကိုယ်ပိုင်ပါတီခေါင်းဆောင်တွေဆီက အတားအဆီးနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

ဒါ့အပြင် ထရမ့်ရဲ့နိုင်ငံခြားရေးမူဝါဒကို ထိန်းချုပ်ရေးကိစ္စလည်း ရှိပါသေးတယ်။ ဒီမိုကရက်တွေက လူများစုရထားပေမဲ့ ဒါကို လုပ်ဖို့ ခက်ခဲနိုင်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီကတည်းက ထရမ့်ရဲ့ အီရန်နဲ့စစ်ပွဲ ဆက်လက်ဆင်နွှဲနိုင်မှုကို ကန့်သတ်ဖို့ ကွန်ဂရက်မှာ နှစ်ပါတီ ပူးပေါင်းကြိုးပမ်းမှုတွေ ရှိခဲ့ပါတယ်။

အဲဒီအစီအမံတချို့ကို လွှတ်တော်တစ်ရပ် ဒါမှမဟုတ် နှစ်ရပ်စလုံးက အတည်ပြုခဲ့ပေမဲ့ ကွန်ဂရက်က အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။

ထူးခြားတာက အီရန်နဲ့တိုက်ပွဲတွေ ရပ်တန့်ဖို့ ဆုံးဖြတ်ချက်တစ်ရပ်ကို အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်နှစ်ရပ်စလုံးက ဇွန်လမှာ အတည်ပြုခဲ့ပါတယ်။ ထရမ့်က အဲဒီဆုံးဖြတ်ချက်ကို ပယ်ချလို့မရပေမဲ့ လက်တွေ့မှာတော့ လျစ်လျူရှုထားပါတယ်။

ထရမ့်မှာ စစ်ပွဲကို ဆက်လက်ဆင်နွှဲဖို့ ကျယ်ပြန့်တဲ့အာဏာရှိတယ်လို့ အိမ်ဖြူတော်က ပြောထားပါတယ်။

ဒါပေမဲ့ ထရမ့်ကို လိုက်နာအောင် အတင်းအကျပ်လုပ်နိုင်တဲ့ကွန်ဂရက်ရဲ့အာဏာဟာ "ဥပဒေအရ အဖြေမရှိသေးတဲ့မေးခွန်းတစ်ခု" ဖြစ်တယ်လို့ Brookings Institution က အုပ်ချုပ်ရေးလေ့လာမှုဆိုင်ရာ အကြီးတန်းသုတေသီ စကော့ အန်ဒါဆန်က ပြောပါတယ်။

"ကွန်ဂရက်က ဒါကို တရားရုံးမှာ အဆုံးအဖြတ်ခံယူဖို့ ကြိုးစားနိုင်ပြီး တရားရုံးတွေက အဖြေပေးလာအောင် လုပ်နိုင်ပါတယ်။"