ကယ်လီဖိုးနီးယားက အငှားကိုယ်၀န်ဆောင်ကလေးအပြည့်နဲ့ အိမ်ကြီးရခိုင် ''ထိတ်လန့်ဖွယ်စံအိမ်ကြီး''ဘယ်လိုဖြစ်လာလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, မန်ချန် ကျန်း
- ရာထူးတာဝန်, Global China Unit၊ ဘီဘီစီကမ္ဘာတလွှား
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၉
ကယ်လီဖိုးနီးယားပြည်နယ် ဆင်ခြေဖုံးက လူချမ်းသာတွေနေတဲ့ အာကေးဒီးယားမြို့ မှာ နေထိုင်တဲ့ နှစ်လသားအရွယ် ၀ေါ်တာ လေးဟာ ၂၀၂၅ ခုနှစ် မေလတုန်းက ခေါင်းဒဏ်ရာနဲ့ ဆေးရုံတင်လိုက်ရပါတယ်။
ရဲတပ်ဖွဲ့ မှတ်တမ်းအရ ၀ေါ်တာဟာ အိပ်ရာပေါ်က မတော်တဆ ပြုတ်ကျခဲ့တာလို့ သူ့အမေ ဆိုသူအမျိုးသမီးက ပြောပါတယ်။
ဒါပေမဲ့ ကလေးကို စစ်ဆေးခဲ့တဲ့ ဆရာဝန်ကတော့ တစ်ခုခု လွဲနေတယ်လို့ ခံစားမိခဲ့ပါတယ်။
ဝေါ်တာရဲ့ဒဏ်ရာအခြေအနေက ယာဉ်တိုက်မှုတစ်ခုက ရရှိတဲ့ ဒဏ်ရာမျိုး ဒါမှမဟုတ် ပြင်းပြင်းထန်ထန် လှုပ်ခါခံရလို့ ရလာတဲ့ဒဏ်ရာမျိုးနဲ့ ပိုတူနေတယ်လို့ ဆရာဝန်က ဆိုပါတယ်။
ကလေးညှဉ်းပန်းနှိပ်စက်မှုနဲ့ သံသယရှိလာတဲ့အတွက် ရဲတပ်ဖွဲ့က ဝေါ်လတာ နေထိုင်တဲ့ ခမ်းနားထည်ဝါတဲ့ စံအိမ်ကြီးကို ရှာဖွေစစ်ဆေးခဲ့ပြီး သူ့မိဘလို့ ဆိုတဲ့ ဂေါင်ကျွင်းရွမ်(အသက် ၆၆ နှစ်) နဲ့ ဆီဗီယာ ကျန်း (အသက် ၃၉ နှစ်) တို့ကို ယာယီ ထိန်းသိမ်းခဲ့ပါတယ်။
အစိုးရ ရှေ့နေတွေကတော့ သူတို့ တွေ့ရှိခဲ့ချက်အရ ဒီအိမ်ကြီးကို ''ထိတ်လန့်ဖွယ်စံအိမ်" လို့သာ ဖော်ပြပါတယ်။
အဲဒီအိမ်ဟာ နေရာအနှံ့ စောင့်ကြည့်ကင်မရာတွေ တပ်ဆင်ထားတဲ့ အိမ်၀င်းကျယ်ကျယ် အဆောက်အအုံဖြစ်ပြီး အငှား ကိုယ်ဝန်ဆောင် မိခင်တွေက မွေးဖွားပေးခဲ့တဲ့ အသက် ၆ လကနေ ၃ နှစ်ကြားရှိတဲ့ကလေး ၁၄ ဦး နေထိုင်ခဲ့ပါတယ်။
အဲဒီကလေးတွေဟာ နေ့စဉ် ရိုက်နှက်ခံနေရတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
နောက်ပိုင်းမှာ အာဏာပိုင်တွေ စုံစမ်းတွေ့ရှိခဲ့တာက အဲဒီစံအိမ်ရဲ့ လိပ်စာကိုလည်း ဇနီးမောင်နှံနှစ်ဦး လည်ပတ်နေတဲ့ အငှား ကိုယ်ဝန်ဆောင် ဝန်ဆောင်မှု အေဂျင်စီရဲ့ လိပ်စာအဖြစ် မှတ်ပုံတင်ထားပြီး အငှား ကိုယ်ဝန်ဆောင်မိခင် အတော်များများကို လူ စုဆောင်းရာမှာလည်း အသုံးပြုခဲ့တာဖြစ်ပါတယ်။
ဒီနှစ် အောက်တိုဘာမှာတော့ ဇနီးမောင်နှံနှစ်ဦးကို ထပ်မံ ဖမ်းဆီးခဲ့ပြီး ကလေးညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ ရဲက တရားစွဲဆိုခဲ့ပါတယ်။
သူတို့နှစ်ဦးစလုံးက စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး လက်ရှိအချိန်အထိ ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။
တစ်ဦးကို အာမခံကြေး အမေရိကန်ဒေါ်လာ သန်း ၂၀ သတ်မှတ်ထားပါတယ်။
ပြစ်မှုထင်ရှားတယ်လို့ ဆုံးဖြတ်ခံရမယ်ဆိုရင် ဂေါင်ကျွင်းရွမ်ဟာ ထောင်ဒဏ် ၁၇ နှစ်နဲ့ လေးလ ကျခံရနိုင်ပြီး နဲ့ ဆီဗီယာကျန်းကတော့ အများဆုံး ထောင်ဒဏ် ၁၁ နှစ်နဲ့ ရှစ်လ ကျခံရနိုင်ပါတယ်။
''ထိတ်လန့်ဖွယ်စံအိမ်"
သူတို့ ဇနီးမောင်နှံ ဟာ အာကေးဒီးယား မြို့က စံအိမ်ကြီးကို ၂၀၂၁ ဧပြီမှာ ပြောင်းရွှေ့နေထိုင်ခဲ့တာပါ။
အွန်လိုင်း အိမ်ခြံမြေစာရင်းတွေအရ စတုရန်းပေ ၁၀,၀၀၀ ပတ်လည်ကျယ်ဝန်းတဲ့ အဲဒီစံအိမ်ကြီးကို အဲဒီနှစ်အတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ သန်းနဲ့ ရောင်းချခဲ့ပါတယ်။
အဲဒီအိမ်မှာ အိပ်ခန်း ကိုးခန်း၊ ရေချိုးခန်း ၁၁ ခန်းနဲ့ အပူပေးစနစ် တပ်ဆင်ထားတဲ့ ရေကူးကန်တစ်ကန် ပါဝင်ပါတယ်။
လော့စ်အိန်ဂျလိစ် မြို့ရဲ့ အရှေ့ဘက်မှာရှိတဲ့ ဒီချမ်းသာကြွယ်ဝတဲ့ဆင်ခြေဖုံးမြို့ကို ဒေသခံ မီဒီယာတွေက "တရုတ်လူမျိုးတွေရဲ့ဘယ်ဘလီ ဟေးလ်" လို့ တင်စား ပြောကြပါတယ်။
အမေရိကန် သန်းခေါင်စာရင်း နောက်ဆုံးကောက်ယူမှုအရ မြို့နေလူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းနီးပါးဟာ အာရှနွယ်ဖွားတွေဖြစ်ပြီး အများစုက တရုတ်လူမျိုးတွေ ဖြစ်ပါတယ်။
အဲဒီဒေသက အိမ်ထောင်စုဝင်ငွေဟာ အမေရိကန်နိုင်ငံက မိသားစုအများစုရဲ့ဝင်ငွေထက် သိသိသာသာ မြင့်မားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
"အငှားကိုယ်ဝန်ဆောင်မှုလုပ်ငန်းကနေတဆင့် ဒီအိမ်ကို ခေါ်ဆောင်လာခံရတဲ့ ကလေးငယ်လေးတွေအတွက်တော့ ဒီအိမ်ကြီးဟာ 'ထိတ်လန့်ဖွယ်စံအိမ်' လို့ ပြောလို့ရတယ်" ဆိုပြီး အယ်လ်အေ ကောင်တီ ခရိုင်ရှေ့နေချုပ် နသန်ဟော့ခ်ျမင်း က စွဲချက်တွေ တင်သွင်းပြီးနောက် ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
တိုင်ချက်ထဲမှာတော့ ဒီစံအိမ်ကြီးမှာ စောင့်ကြည့်ကင်မရာ ၃၂ လုံး တပ်ဆင်ထားတယ်လို့ ပြောထားပါတယ်။
မှတ်တမ်းဗီဒီယိုတွေအရ ကလေးငယ်တွေဟာ စားပွဲတွေရဲ့ဘေးမှာ နာရီပေါင်းများစွာ ထိုင်နေခဲ့တာကိုတွေ့ရပါတယ်။
အခန်းတစ်ခန်းမှာတော့ စောင့်ကြည့်ကင်မရာ မတပ်ဆင်ထားပေမဲ့ အခြားကင်မရာတွေက ကလေးထိန်းတွေက ကလေးငယ်တွေကို အဲဒီအခန်းထဲ ချီဆောင်သွားတဲ့ ဗီဒီယိုတွေကို မှတ်တမ်းတင်ထားပါတယ်။
အဲဒီနောက် အခန်းထဲကနေ ကလေးငယ်တွေရဲ့အော်ဟစ်ငိုကြွေးသံတွေကို ကြားရတယ်လို့ ဆိုပါတယ်။
အစိုးရရှေ့နေတွေကတော့ ဝေါ်တာလေးရဲ့ဒဏ်ရာတွေဟာ ကလေးထိန်းတစ်ဦးဖြစ်တဲ့ ချူမေလီကြောင့် ဖြစ်ခဲ့တာလို့ စွပ်စွဲထားပြီး ပြင်းထန်တဲ့ကိုယ်ခန္ဓာထိခိုက်ဒဏ်ရာ ဒါမဟုတ် သေဆုံးမှု ဖြစ်စေနိုင်တဲ့အခြေအနေအောက်မှာ ကလေးညှဉ်းပန်းနှိပ်စက်မှုနဲ့ သူ့ကို တရားစွဲဆိုထားပါတယ်။
လီ ကတော့ လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ပြီး သူ့ကို ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။
ဇနီးမောင်နှံရဲ့ရှေ့နေဖြစ်တဲ့ မစ်ချဲလ် ခရမ်စ် ကတော့ သူ ပြန်လည်သုံးသပ်ခဲ့တဲ့ အထောက် အထားတွေအပေါ် အခြေခံပြီး အဲဒီစွပ်စွဲချက်ဟာ "ဖြစ်ရပ်မှန်ကို လွဲမှားစွာ ပုံဖော်ထားတာ" ဖြစ်တယ်လို့ စီဘီအက်စ် သတင်းဌာနကို ပြောပါတယ်။
ရှေ့နေ ခရမ်စ်က သူ့အမှုသည် ရွမ်မှာ အပြစ်မရှိဘူးလို့လည်း ပြောပါတယ်။
"သူဟာ မိသားစုဝင် သိုင်းသိုင်း၀ိုင်း၀ိုင်းရှိခွင့်ဆိုတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရပိုင်ခွင့်ကို ကျင့်သုံးခဲ့တဲ့အတွက် ပစ်မှတ်ထားခံနေရတာ ဖြစ်ပါတယ်" လို့ စီဘီအက်စ် သတင်းဌာနက ရှေ့နေရဲ့ ပြောကြားချက်ကို ကိုးကား ဖော်ပြထားပါတယ်။
သူတို့တွေ ကလေးတွေ အများကြီးကို ဘယ်လိုရခဲ့လဲ
အမေရိကန်ဟာ အငှား ကိုယ်ဝန်ဆောင် လုပ်ငန်းအတွက် ကမ္ဘာ့ထိပ်တန်း နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။ အငှားကိုယ်ဝန်ဆောင်တယ်ဆိုတာက အမျိုးသမီးတစ်ဦးက အခြားသူတစ်ဦးရဲ့ ကလေးကို အခကြေးငွေယူ၊ ကိုယ်ဝန်ဆောင်ပြီး မွေးဖွားပေးတာကို ဆိုလိုတာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ အမေရိကန် အငှား ကိုယ်ဝန်ဆောင်မှု အချက်အလက်ဆိုင်ရာ လေ့လာမှုတစ်ရပ်အရ ၂၀၁၄ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အတွင်း ကိုယ်စားကိုယ်ဝန်ဆောင်မှု ဝန်ဆောင်မှု ရယူခဲ့သူ မိဘတွေထဲက သုံးပုံ တစ်ပုံနီးပါးဟာ ပြည်ပနိုင်ငံတွေက လာရောက်သူတွေ ဖြစ်ပါတယ်။
ကိုယ်စားကိုယ်ဝန်ဆောင်မှုကို တားမြစ်ထားတဲ့ တရုတ်နိုင်ငံကတော့ နိုင်ငံခြား ဖောက်သည်အများဆုံး လာရောက်တဲ့ နိုင်ငံဖြစ်ပြီး ပြည်ပက လာရောက်တဲ့ မိဘလောင်းတွေရဲ့ ၄၂ ရာခိုင်နှုန်းခန့် ရှိပါတယ်။
အမေရိကန်နိုင်ငံမှာ တရုတ်က လူအများအပြား အလွယ်တကူ မရယူနိုင်တဲ့ မျိုးပွားမှုဆိုင်ရာ အထောက်အကူပြု နည်းပညာ ဝန်ဆောင်မှုတွေကို ပေးအပ်နေပါတယ်။
အိမ်ထောင်မရှိတဲ့အမျိုးသမီးတွေနဲ့ လိင်တူချစ်သူ အသိုင်းအဝိုင်းဝင်တွေဟာ ဖန်ပြွန်သန္ဓေသား (IVF) ကုသမှုနဲ့ မမျိုးဥ သိမ်းဆည်းမှုတွေ ရယူရာမှာ အတားအဆီးတွေ ကြုံရလေ့ရှိပါတယ်။
ဒါ့အပြင် တရုတ်ရဲ့ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့တဲ့တစ်အိမ်ထောင် ကလေးတစ်ယောက်သာ ယူခွင့် မူဝါဒကြောင့် ကန့်သတ်ခံခဲ့ရတဲ့ ဇနီးမောင်နှံတွေထဲက တချို့ဟာ ၂၀၁၆ ခုနှစ်မှာ အဲဒီမူဝါဒ ရုပ်သိမ်းလိုက်ချိန် ရောက်တဲ့အခါ ကိုယ်တိုင် ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးဖွားဖို့ အခက်အခဲရှိနေခဲ့တာကြောင့် ပြည်ပမှာ အငှားကိုယ်ဝန်ဆောင်ဝန်ဆောင်မှုကို အသုံးပြုလာကြတာ ဖြစ်ပါတယ်။
တရားရုံးမှတ်တမ်းတွေအရ ကလေးမွေးပေးခဲ့တဲ့အငှားကိုယ်ဝန်ဆောင်မိခင်တွေဟာ ရွမ်နဲ့ ကျန်းတို့က သူတို့ကို အငှားကိုယ်၀န်ဆောင်ခိုင်းပြီး ကလေးယူကြမယ့်အပေါ် အစပိုင်းမှာ ကြီးကြီးမားမားသံသယ၀င်တာမျိုး မရှိခဲ့ကြပါဘူး။
အငှားကိုယ်ဝန်ဆောင် ပေးတဲ့ မိခင်တွေကို "Mark Surrogacy" လို့ အမည်ရတဲ့ အေဂျင်စီကတစ်ဆင့် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် အေဂျင်စီတစ်ခုကို သီးခြား လွတ်လပ်တဲ့ ကြားခံအဖွဲ့အစည်းအဖြစ် မြင်လေ့ရှိပေမဲ့ Mark Surrogacy ကို အမှန်တကယ် လည်ပတ် စီမံနေကြသူတွေက ဒီဇနီးမောင်နှံနှစ်ဦးပဲ ဖြစ်တယ်လို့ နောက်ပိုင်းမှာ သိလာတာ ဖြစ်ပါတယ်။
အဲဒီအချက်ကို ထုတ်ဖော်ပြောကြားခဲ့တာ မရှိဘူးလို့ သူတို့ဇနီးမောင်နှံကို အငှားကိုယ်ဝန်ဆောင်မိခင်တချို့က တရားစွဲထားတဲ့အမှု နှစ်မှုမှာ တိုင်ကြားထားတာ တွေ့ရပါတယ်။
ကုမ္ပဏီမှတ်ပုံတင်စာရွက်စာတမ်းတစ်ခုအရ ကျန်းကို Mark Surrogacy ရဲ့ မန်နေဂျာအဖြစ် ဖော်ပြထားပြီး အာကေးဒီးယားမြို့က သူတို့ရဲ့စံအိမ်ကြီးကိုလည်း ကုမ္ပဏီရဲ့ လိပ်စာအဖြစ် မှတ်တမ်းတင်ထားပါတယ်။
အောက်တိုဘာ ၁၆ ရက် ကြားနာမှုမှာ လက်ထောက်ခရိုင်ရှေ့နေ မက်ကန်ဇီ ကင်မရွန် တေးမိုရီ ကလည်း ရွမ်းနဲ့ ကျန်းတို့ဟာ သူတို့ရဲ့နေအိမ်ကနေ လည်ပတ်ခဲ့တဲ့အငှားကိုယ်ဝန်ဆောင် အေဂျင်စီကတစ်ဆင့် တခြားမိဘလောင်းတစ်ဦး တစ်ယောက်နဲ့ အငှားကိုယ်ဝန်ဆောင်မိခင်ကို ချိတ်ဆက်ပေးခဲ့တဲ့ဖြစ်စဉ်တစ်ခုတောင် မရှိဘူးလို့ တရားသူကြီးကို ပြောကြားခဲ့ပါတယ်။
အငှားကိုယ်ဝန်ဆောင် မိခင်တစ်ဦးဖြစ်တဲ့ ထရွန်ဒါရီကာ ဂျိမ်းစ်ကတော့ ၂၀၂၅ ခုနှစ်မှာ လိမ်လည်မှုနဲ့ ရည်ရွယ်ချက်ရှိရှိ မှားယွင်းဖော်ပြမှုအပါအဝင် နစ်နာကြေးတောင်းဆိုချက်တွေနဲ့ သူတို့ ဇနီးမောင်နှံကို တရားစွဲဆိုခဲ့ပါတယ်။
သူ့ရဲ့စွပ်စွဲချက်အရ ရွမ်ဟာ အစပိုင်းမှာ Mark Surrogacy နဲ့ သူ့ရဲ့ဆက်နွှယ်မှုကို ထုတ်ဖော်မပြောခဲ့ဘူးလို့ ဆိုပါတယ်။
ဒီအတွက် သဘောသဘာဝအမှန်ကို သိခဲ့မယ်ဆိုရင် သူ့အနေနဲ့ ဆက်မလုပ်ဖြစ်ခဲ့ဘူးလို့လည်း ပြောပါတယ်။
ဂျိမ်းစ်ကတော့ ဘီဘီစီရဲ့ အင်တာဗျူး တောင်းဆိုမှုကို တုံ့ပြန်ဖြေကြားခြင်း မရှိခဲ့ပါဘူး။

တိုင်ကြားသူ အမျိုးသမီးအနေနဲ့ တရားစွဲဆိုဖို့ လုံလောက်တဲ့အကြောင်းအရင်း မရှိဘူးလို့ ခုခံ ချေပပြီး ဒီအမှုကို ဒီအမှုကို ပယ်ဖျက်ပေးဖို့ တိုင်ကြားခံရသူတွေက နောက်ပိုင်းမှာ ရုံးတော်ကို လျှောက်ထားခဲ့ပါတယ်။
ဒီအမှုကတော့ လက်ရှိအချိန်အထိ တရားရုံးမှာ ဆက်လက် ကြားနာနေဆဲ ဖြစ်ပါတယ်။
တခြားအမျိုးသမီးငါးယောက် ဖြစ်တဲ့ စတေစီ ရေလင်း ကင်းန် ၊ အယ်ဗာလင် ဆီနဲလို့စ် အာရီဂျာ ၊ ခေးလာ့ အီးလ်ရော့ ၊ ဟေလီ ဟာနန်းဒက်ဇ် နဲ့ ဗန်နက်တီ မက်ဂိုဗရင်း တို့ကလည်း ၂၀၂၅ ခုနှစ် ဩဂုတ်လမှာ ဂေါင်ကျွင်းရွမ်တို့ကို တရားစွဲဆိုခဲ့တဲ့သီးခြားအမှုတစ်ခုမှာ အလားတူ အတွေ့အကြုံတွေ ရှိခဲ့ကြောင်း စွပ်စွဲပါတယ်။
အဲဒီတရားစွဲဆိုချက်မှာ ကျန်းဟာ သူနဲ့ ရွမ်တို့ရဲ့အေဂျင်စီနဲ့ပတ်သက်မှုကို ထုတ်ဖော်မပြောခဲ့သလို သူတို့မှာ အမှန်တကယ်ရှိနေတဲ့ကလေးအရေအတွက်ကိုလည်း ဖွင့်ဟမပြောခဲ့ဘူးလို့ စွပ်စွဲထားပါတယ်။
"တရားလို အမျိုးသမီးတိုင်းက သူတို့စုံတွဲအတွက် ကိုယ်စားကိုယ်ဝန်ဆောင်ပေးနေတဲ့ တစ်ဦးတည်းသောအမျိုးသမီးဟာ သူတို့ပဲဖြစ်တယ်လို့ ယုံကြည်ခဲ့ကြပြီး ချစ်မြတ်နိုး တန်ဖိုးထားရတဲ့ တစ်ဦးတည်းသောကလေးတစ်ယောက်ကို ရဖို့ မိသားစုတစ်စုကို ကူညီပေးနေတယ်လို့ ထင်မြင်ခဲ့ကြပါတယ်" လို့ တရားစွဲဆိုချက်မှာ ဖော်ပြထားပါတယ်။
ဒီဇနီးမောင်နှံဟာ ကယ်လီဖိုးနီးယားအခြေစိုက် ရင်သွေးပဒေသာ အငှားကိုယ်၀န်ဆောင် (Babytree Surrogacy) ဆိုတဲ့ နောက်ထပ် အငှားကိုယ်ဝန်ဆောင် အေဂျင်စီတစ်ခုကိုလည်း အသုံးပြုခဲ့ပါတယ်။
ရွမ်ဟာ ၂၀၁၈ ခုနှစ်အတွင်း သူတို့ထံ ဆက်သွယ်လာခဲ့တယ်လို့ ဒီလုပ်ငန်းကို တည်ထောင်သူ ပက်ထရစ် ယု က ဘီဘီစီကို ပြောပါတယ်။
ယုက ရွမ်ဟာ မိသားစုကြီးတစ်ခု ထူထောင်ချင်တယ်လို့ ပြောခဲ့ကြောင်း ဘီဘီစီကို ပြောပါတယ်။ သူတို့က ရွမ်ကို အမျိုးသမီးအများအပြားနဲ့ ချိတ်ဆက်ပေးခဲ့ပြီး အနည်းဆုံး ကလေး လေးယောက် မွေးဖွားပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
"သူ့အပေါ် စုံစမ်းစစ်ဆေးနေတယ်ဆိုတဲ့သတင်းတွေ တွေ့ရတော့မှ သူ့မှာ ကလေး အဲဒီလောက်အများကြီး ရှိနေတာကို ပထမဆုံး သိခဲ့ရတာပါ။ ချက်ချင်းပဲ သူနဲ့ လက်တွဲအလုပ်လုပ်တာ ရပ်ဆိုင်းလိုက်ပါတယ်" လို့ ယု က ပြောပါတယ်။
ဒါပေမဲ့ သူ ချိတ်ဆက်ပေးခဲ့တဲ့ အမျိုးသမီးတစ်ဦးကတော့ ၂၀၂၄ ခုနှစ်အတွင်း ကိုယ်ဝန်ရရှိခဲ့ပြီး ကလေးငယ် ဝေါ်တာလေးရဲ့ဒဏ်ရာအကြောင်း သတင်းတွေ ထွက်ပေါ်လာတဲ့အချိန်မှာ ပြီးခဲ့တဲ့နှစ် မေလမှာ ကိုယ်ဝန်ဆောင်ထားပြီးသား ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့က ကလေးညှဉ်းပန်းနှိပ်စက်မှု စွပ်စွဲချက်တွေကို စုံစမ်းနေစဉ် အာဏာပိုင်တွေက သူတို့ရဲ့ ကလေး ၂၁ ဦးကို အကာအကွယ်ပေးထိန်းသိမ်းမှုအောက်မှာ ထားခဲ့ပါတယ်။
ယု ကတော့ ဇနီးမောင်နှံနဲ့ အဲဒီအချိန်က အသစ်ကိုယ်ဝန်ဆောင်ထားတဲ့ အငှား ကိုယ်ဝန်ဆောင်မိခင်တို့ တွေ့ဆုံနိုင်ဖို့ စီစဉ်ပေးခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။
ဇနီးမောင်နှံဟာ ယုံကြည်ချက် အပြည့်ရှိပုံရပြီး ကလေးတွေကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်တယ်လို့ ကိုယ်စားကိုယ်ဝန်ဆောင်မိခင်ကို စိတ်ချအောင် ပြောခဲ့ကြတယ်လို့ လည်း သူက ပြောပါတယ်။
အဲဒီအမျိုးသမီးကတော့ ကိုယ်ဝန် ဆက်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပြီး ၂၀၂၆ ခုနှစ် အစပိုင်းမှာ ကလေးမွေးဖွားခဲ့ပါတယ်။
ကိုယ်စားကိုယ်ဝန်ဆောင်တာကို ဘယ်နှစ်ကြိမ်ပြုလုပ်နိုင်တယ်ဆိုတဲ့ဥပဒေဆိုင်ရာ ကန့်သတ်ချက်မျိုး အမေရိကန်မှာ မရှိသလို အဲဒီအချက်အလက်ကို ထုတ်ဖော်ဖို့ ဥပဒေအရ သတ်မှတ်ချက်လည်း မရှိဘူးလို့ ဒေါက်တာ လီယန် ယုက ပြောပြပါတယ်။
ဒေါက်တာ လီယန် ယုက အမေရိကန် မျိုးဆက်ပွားဆေးပညာလောက(American Society for Reproductive Medicine)ရဲ့ တရုတ်ရေးရာအထူးအဖွဲ့(Chinese Special Interest Group) ဒုတိယဥက္ကဋ္ဌဖြစ်သလို Old Dominion University က မျိုးပွားမှုဆိုင်ရာ ဆေးပညာသင်တန်းအစီအစဉ် ဒါရိုက်တာလည်း ဖြစ်ပါတယ်။
ဒေါက်တာလီယန်ကတော့ ဘဏ်အချို့ ဒါမှမဟုတ် အေဂျင်စီတချို့မှာတော့ အငှားကိုယ်၀န်ဆောင်တာနဲ့ပတ်သက်ပြီး ၀န်ဆောင်မှုအပိုင်းမှာ သူတို့ရဲ့သတ်မှတ်ချက်တွေရှိပေမဲ့ မလုပ်မနေရဆိုပြီး ဥပဒေအရ ပြဋ္ဌာန်းထားတာ မရှိဘူးလို့ ပြောပါတယ်။
ဒါ့အပြင် စုံတွဲတစ်တွဲဟာ သူတို့ရဲ့အချက်အလက်အားလုံးကို အေဂျင်စီတစ်ခုချင်းစီထံ အပြည့်အစုံ မဖော်ပြဘဲ မတူတဲ့အေဂျင်စီ အများအပြားနဲ့ တစ်ပြိုင်နက် လုပ်ဆောင်နိုင်တယ်လို့လည်း ပြောပါတယ်။
"ဒါက ဥပဒေနဲ့ လုပ်ငန်းဆိုင်ရာစည်းမျဉ်းတွေကြား အလွှာပါးပါးလေးခြားနေတာကို အသုံးချနိုင်တယ်ဆိုတာကို ပြတယ်" လို့ သူက ဆိုပါတယ်။
လီယန်ကတော့ ဒီအလွှာပါးပါးလေးကို အသုံးချကြတဲ့ အခြေအနေတွေကို သူ မြင်တွေ့ခဲ့ဖူးပြီး အဲဒီလိုလုပ်နေတာ တရုတ်လူမျိုးတွေချည်းမဟုတ်ဘဲ လူကုံထံတွေလည်း ပါနေတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နဲ့ အချက်အလက်ကာကွယ်ရေး စည်းမျဉ်းတွေနဲ့ ဆရာဝန်တွေ၊ သန္ဓေအောင်မြင်မှုဆိုင်ရာဆေးခန်းတွေနဲ့ ချုပ်ဆိုထားတဲ့လျှို့ဝှက်ချက်စောင့်ထိန်းရေးသဘောတူညီချက်တွေကြောင့် ဖြစ်ရပ်အများစုဟာ လူကြားထဲ ရောက်မလာတာလို့ ဆိုပါတယ်။
"တစ်နည်းပြောရရင် (ရွမ်ရဲ့အမှုမျိုး) ဒီလို အပြုအမူဟာ အရင်က တစ်ခါမှ မရှိဖူးတဲ့ ဖြစ်ရပ်တော့ မဟုတ်ပါဘူး" လို့ လီယန်က ပြောပါတယ်။
စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ရွမ်နဲ့ ကျန်းတို့ကို ကိုယ်စားပြုတဲ့ရှေ့နေတွေထံ ဘီဘီစီ က မှတ်ချက်တောင်းခံခဲ့ပါတယ်။
နှစ်ဦးစလုံးကို ကိုယ်စားပြုတဲ့ ရှေ့နေခရမ်စ်ကတော့ တုံ့ပြန်ဖြေကြားခြင်း မရှိခဲ့ပါဘူး။
ကျန်းကို ကိုယ်စားပြုတဲ့ မက်ထ် ခိုဟာနင် ကတော့ ဒီအမှုကို သင့်လျော်တဲ့ ဥပဒေလမ်းကြောင်းတွေအရ ဖြေရှင်းသွားမယ်လို့ ပြောပါတယ်။
ကလေးရဲ့မိဘတွေအကြောင်း
အောက်တိုဘာ ၁၆ ရက် ကြားနာမှုအတွင်း လက်ထောက်ခရိုင်ရှေ့နေ တေးမိုရီက ၂၀၂၅ ခုနှစ်မှာ သူတို့ရဲ့ရှိတဲ့ပိုင်ဆိုင်ဟာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ထက် ပိုတယ်လို့ တရားသူကြီးကို ပြောခဲ့ပါတယ်။
တေးမိုရီက ရွမ်နာမည်နဲ့ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့စာအုပ်) သုံးအုပ်ကို တွေ့ရှိခဲ့တယ်လို့လည်း ပြောပါတယ်။ မက္ကဆီကို၊ တရုတ်နဲ့ အမေရိကန်နိုင်ငံက ထုတ်ပေးထားတဲ့ နိုင်ငံကူးလက်မှတ်တွေ လို့ဆိုပါတယ်။
တရုတ်မီဒီယာတွေအပြောအရ ရွမ်ကို ၁၉၅၉ ခုနှစ်က တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကန်းပြည်နယ်မှာ မွေးဖွားခဲ့ပါတယ်။
အသက် ၁၈ နှစ်အရွယ်မှာ ဥရုမ်ချီမြို့က နိုင်ငံပိုင်ကုန်စုံလုပ်ငန်းတစ်ခုမှာ စာရင်းကိုင်အဖြစ် ၀င်လုပ်ခဲ့ပါတယ်။
၁၉၉၇ ခုနှစ်မှာ အူရုံချီ မြို့ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်တစ်ဦးဖြစ်လာခဲ့ပြီး ၂၀၀၈ ခုနှစ်မှာတော့ ရှင်ကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ကိုယ်စားလှယ်တစ်ဦး ဖြစ်လာခဲ့ပါတယ်။
အဲဒီတာဝန်ဟာ ပြည်နယ်လွှတ်တော်မှာ တာဝန်ထမ်းဆောင်ရတဲ့ ရာထူးဖြစ်ပြီး အမေရိကန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နဲ့ ဆင်တူပါတယ်။
အမေရိကန်ကို ပြောင်းရွှေ့နေထိုင်ပြီးနောက်မှာလည်း လူအများရှေ့ထွက်တာ မရပ်သွားခဲ့ပါဘူး။
သူဟာ အမေရိကန် - ရှင်းကျန်း ကုန်သည်ကြီးများအသင်း(US Xinjiang Chamber of Commerce) ရဲ့ဥက္ကဋ္ဌနဲ့ တရုတ်- အမေရိကန်ဖက်ဒရေးရှင်း(China America Federation)ရဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်လာခဲ့ပြီး ၂၀၁၉ ခုနှစ်ကတည်းက အများပြည်သူဆိုင်ရာ အခမ်းအနားတွေမှာ ပါဝင်တက်ရောက်ခဲ့ပါတယ်။
ဘီဘီစီက တွေ့မြင်ခဲ့တဲ့ ဓာတ်ပုံတစ်ပုံမှာတော့ ရွမ်ဟာ ၂၀၂၂ ခုနှစ် အခမ်းအနားတစ်ခုအတွင်း အာကေးဒီးယားမြို့တော်ဝန်ဟောင်း လီလင်း၀မ်နဲ့လက်ချင်းတွဲထားတာ မြင်ရပါတယ်။
အဲဒီနှစ် ဝမ်ရဲ့မြို့တော်ဝန် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလအတွင်း ရွမ်ဟာ သူ့အမည်နဲ့ ဖွဲ့စည်းထားတဲ့ကုမ္ပဏီတစ်ခုကနေ အမေရိကန်ဒေါ်လာ ၄,၉၀၀ လှူဒါန်းခဲ့ပါတယ်။
အမေရိကန်တရားရေးဌာနက ဝမ်ကို တရုတ်နိုင်ငံအတွက် တရားမ၀င်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့တယ်ဆိုတဲ့စွဲချက်နဲ့တရားစွဲဆိုပြီးနောက် သူဟာ ဒီနှစ်မေလမှာ အာကေးဒီယား မြို့တော်ဝန်ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။
သူဟာ ပြစ်မှုကြီးတစ်ရပ်နဲ့ပတ်သက်တဲ့စွဲချက်အတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။
အိမ်ခြံမြေ အကျိုးဆောင်အဖြစ် လုပ်ကိုင်ခဲ့တဲ့ ကျန်းနဲ့ ပတ်သက်ပြီးတော့ အများပြည်သူ သိရှိထားတဲ့အချက်အလက်က နည်းပါးလှပါတယ်။
ရွမ်နဲ့ ကျန်းတို့ဟာ ဘယ်တုန်းကမှ လက်ထပ်ထားခြင်း မရှိခဲ့ပါဘူး။
တရားရုံး စာရွက်စာတမ်းတွေအရ ကျန်းဟာ အခြားအမျိုးသားတစ်ဦးနဲ့ လက်ထပ်ထားခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။
ဒီကလေးတွေ ဘာဆက်ဖြစ်မလဲ
အောက်တိုဘာလဆန်းပိုင်းမှာ ပြုလုပ်ခဲ့တဲ့ကြားနာမှုအတွင်း လက်ထောက်ခရိုင်ရှေ့နေ တေးမိုရီက ဒီမိသားစုနဲ့ ဆက်နွှယ်နေတဲ့ကလေး စုစုပေါင်း ၂၆ ဦး ရှိတယ်လို့ တရားသူကြီးကို ပြောကြားခဲ့ပါတယ်။
တရားစွဲဆိုချက်အရ ကျန်း ဟာ ၂၀၂၅ ခုနှစ် မေလအထိ ကလေး ၂၁ ဦးရဲ့ စာရင်းကို ဖိုင်တစ်ခုနဲ့ မှတ်တမ်းတင်ထားခဲ့ပါတယ်။
အဲဒီကလေး ၂၁ ဦးကို ပြည်နယ်အာဏာပိုင်တွေရဲ့အုပ်ထိန်းစောင့်ရှောက်မှုအောက်ကို ရွှေ့ပြောင်းထားခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ နောက်ထပ် ကလေး ၅ ဦး မွေးဖွားခဲ့တယ်လို့ ဘီဘီစီ ရဲ့ အမေရိကန် သတင်းမိတ်ဖက် စီဘီအက်စ်နယူးစ်က ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ ဖော်ပြခဲ့ပါတယ်။
ကိုယ်စားကိုယ်ဝန်ဆောင် မိခင်တစ်ဦးက မွေးဖွားပေးခဲ့တဲ့ ကလေးတစ်ဦးကတော့ ဗာဂျီးနီးယား ပြည်နယ်မှာ သူ့ကို မွေးဖွားပေးခဲ့တဲ့ အငှားကိုယ်ဝန်ဆောင် မိခင်နဲ့အတူ နေထိုင်လျက် ရှိပါတယ်။
သူတို့ ဇနီးမောင်နှံ ငှားရမ်းခဲ့တဲ့ အငှားကိုယ်ဝန်ဆောင် မိခင် မယ်လီဆာ အက်ပ်ဟာ ပြီးခဲ့တဲ့နှစ်က စုံစမ်းစစ်ဆေးမှုအကြောင်း သိရှိခဲ့ချိန်မှာ ကိုယ်ဝန်ဆောင်ထားပြီးဖြစ်ကာ အဲဒီကလေးကို သူကိုယ်တိုင် ဆက်စောင့်ရှောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
သူတို့ ဇနီးမောင်နှံကတော့ အက်ပ်ဟာ ကိုယ်စားကိုယ်ဝန်ဆောင်မှု စာချုပ်ကို ဖောက်ဖျက်ခဲ့တယ်လို့ ဆိုပြီး ကလေးမလေးကို ပြန်လည်လွှဲအပ်ပေးဖို့နဲ့ အမေရိကန်ဒေါ်လာ တစ်သန်း ပေးလျော်ဖို့ တောင်းဆို တရားစွဲခဲ့ပါတယ်။
အစပိုင်းမှာ အက်ပ်မှာ ရှေ့နေမရှိခဲ့တာကြောင့် တရားရုံးမှာ သူ့ကိုယ်သူ ကိုယ်စားပြုခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ Virginia Legal Aid Society က ရှေ့နေ ပယ်မလာ ဒီကမ်ပ်က သူ့ရဲ့အမှုကို လက်ခံဆောင်ရွက်ပေးခဲ့ပါတယ်။
အက်ပ် ဟာ ဘီဘီစီ က အင်တာဗျူးတောင်းတာကို ငြင်းဆိုခဲ့ပါတယ်။
ဘီဘီစီကို ပေးပို့တဲ့ထုတ်ပြန်ချက်ထဲမှာတော့ သူ့ရဲ့ရှေ့နေ ဒီကမ်ပ် က "ကလေးတွေငယ်တွေအတွက် တရားမျှတမှု ရရှိအောင် ဆောင်ရွက်ပေးနေလို့ လော့စ်အိမ်ဂျလိစ်က ကယ်လီဖိုးနီးယား ခရိုင်ရှေ့နေဌာနရဲ့ကြိုးပမ်းချက်အပေါ် တကယ့်ကို ကျေးဇူးတင်ပါတယ်" လို့ ပြောပါတယ်။
ဒီအမှုကို လာမယ့်မတ်လအထိ ဆက်လက် ကြားနာသွားမှာ ဖြစ်ပါတယ်။
ကလေးမလေးကိုတော့ လူမှုဝန်ထမ်းဌာနရဲ့အုပ်ထိန်းကွပ်ကဲမှုအောက်မှာ ထားရှိပေမဲ့ လက်ရှိမှာ အက်ပ်နဲ့အတူ နေထိုင်နေပါတယ်။
မကြာသေးခင်ကပဲ ကလေးငယ်လေးပထမဆုံး မွေးနေ့ကို ကျင်းပခဲ့ပါတယ်။
"သူဟာ ဗာဂျီးနီးယားမှာ ဘေးကင်းလုံခြုံပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင်နေပါတယ်။ ရှေ့ဆက်ပြီးလည်း အဲဒီလိုပဲ ဆက်ရှိနေမယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်" လို့ ရှေ့နေ ဒီကမ့်ပ် က ပြောပါတယ်။



























