ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

အမေရိကန် ရွေးကောက်ပွဲ

အမေရိကန် ရွေးကောက်ပွဲ သတင်းများ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ကျန်းမာရေးဝန်ထမ်းတွေ ၆ လ အတွင်း အကြိမ်ပေါင်း ၂၅၀ ကျော် တိုက်ခိုက်ခံရ

    မြန်မာနိုင်ငံမှာ တကျော့ပြန် စစ်အာဏာ သိမ်းခံခဲ့ရပြီး ၆ လတာ (ဖေဖေါ်ဝါရီ-ဇူလိုင်) ကာလ အတွင်း မှာ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု ပေးသူတွေ အပေါ် စစ်တပ်က တိုက်ခိုက်မှု ၂၅၂ ကြိမ် ရှိခဲ့တယ်ဆိုပြီး “ပဋိပက္ခအတွင်း ကျန်းမာရေး ဆိုင်ရာ လုံခြုံမှု ရရှိစေရေး ညွန့်ပေါင်းအဖွဲ့ ဆိုတဲ့” နိုင်ငံတကာ INGO အဖွဲ့က ပြောပါတယ်။

    ဝါရှင်တန် ဒီစီမြို့ အခြေစိုက် အဲဒီအဖွဲ့က “မြန်မာနိုင်ငံအတွင်း ကျန်းမာရေးကဏ္ဍ အကြမ်းဖက်ခံရမှု၊ နှောင့်ယှက်ထိပါး ခံရမှု ဖြစ်ရပ်များ” ဆိုတဲ့ အစီရင်ခံစာ တစ်စောင်ကို အခု ရက်ပိုင်းမှာပဲ ထုတ်ပြန်ထားပါတယ်။

    ကျန်းမာရေးဝန်ထမ်း ၁၉၂ ယောက်ကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး၊ စစ်တပ်ရဲ့ လက်ချက်နဲ့ သေဆုံးသူ သိထားရသမျှ ၂၇ ယောက်၊ ဒဏ်ရာရသူ ၃၆ ယောက် ရှိတယ်လို့ အဲဒီ အစီရင်ခံစာထဲ ရေးထားပါတယ်။

    ဒါ့အပြင်၊ ဆေးရုံ ၈၆ ခု စီးနင်း ခံခဲ့ရပြီး ၅၅ ခုမှာ စစ်တပ်က တပ်စွဲ နေရာယူထားတယ်၊ စစ်တပ်ရဲ့ လက်နက်ကြီး ဒဏ်ကြောင့် ကျန်းမာရေး ဆိုင်ရာ နေရာထိုင်ခင်းတွေ ထိခိုက် ပျက်စီးရတာမျိုး အကြိမ်ပေါင်း ၁၇ ကြိမ် ပေါ်ပေါက် ခဲ့တယ်လို့ အဲဒီ အစီရင်ခံစာထဲ စာရင်းပြုစု ဖော်ပြထားတာ တွေ့ရပါတယ်။

    ရန်ကုန် နဲ့ မန္တလေး မြို့ကြီး နှစ်ခုမှာ ပစ်မှတ်ထား အခံရဆုံး ဖြစ်ပြီး၊ စစ်အာဏာပိုင် တွေရဲ့ လက်ချက်မဟုတ်တဲ့ ဖြစ်ရပ်ပေါင်း ၁၅ ခုကိုလည်း သူတို့ သိရှိ ထားတယ်လို့ ဆိုပါတယ်။

    ပဋိပက္ခနေရာတွေမှာ ကျန်းမာရေး ဝန်ထမ်းတွေကို အန္တရာယ် မပြုရဘူး၊ လုံခြုံမှု အပြည့်အဝ ရှိစေရမယ်ဆိုတာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ အဲဒီ ညွန့်ပေါင်း အဖွဲ့က ထောက်ပြပါတယ်။

    ဒါ့ကြောင့် မြန်မာနိုင်ငံထဲ ကျန်းမာရေး ဝန်ထမ်းတွေကို ပစ်မှတ်ထား တိုက်ခိုက် ခဲ့သူတွေကို အပြစ်ပေး အရေးယူနိုင်ရေး အတွက် လုပ်ဆောင်ကြဖို့လည်း နိုင်ငံတကာ မိသားစုကို အဲဒီ ညွန့်ပေါင်း အဖွဲ့က တောင်းဆိုနေပါတယ်။

  2. တာလီဘန်တွေ အချိန်တိုအတွင်း နယ်မြေတွေ ဘယ်လို သိမ်းပိုက်နိုင်ခဲ့သလဲ

  3. အာဖဂန်နစ္စတန်က အမေရိကန်တပ်တွေ ဆုတ်ခဲ့တဲ့အပေါ် နောင်တမရပါလို့ ဘိုင်ဒန်ပြော

  4. ဒေါ်လာ ၅၀၀၀ နဲ့ မြန်မာသံအမတ်ကို လုပ်ကြံရန်ကြိုးပမ်းမှုကြီး

  5. ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ ပူးပေါင်း ကြံစည်မှုနဲ့ မြန်မာ ၂ ယောက်ကို FBI ဖမ်းဆီး အမှုဖွင့်ထားပြီ

    စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ထိခိုက်နာကျင်အောင် အကြမ်းဖက် တိုက်ခိုက်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ မြန်မာနိုင်ငံသား နှစ်ယောက်ကို ပုဒ်မတပ် အရေးယူထားတယ် ဆိုပြီး အမေရိကန် ပြည်ထောင်စု၊ နယူးယောက် တောင်ပိုင်းဒီစတြိတ် အစိုးရရှေ့နေရုံးက ထုတ်ပြန်ပါတယ်။

    ဖြိုးဟိန်းထွဋ် ၂၈ နှစ်နဲ့ ရဲဟိန်းဇော် အသက် ၂၀ တို့ နှစ်ယောက်ကို အမြင့်ဆုံး ၅ နှစ် အထိ ထောင်ချနိုင်တဲ့ ပုဒ်မနဲ့ အမေရိကန် တရားရေး အာဏာပိုင်တွေက အရေးယူ လိုက်တာ ဖြစ်ပါတယ်။

    အဲဒီ မြန်မာနိုင်ငံသား နှစ်ယောက်ဟာ ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ရာ မြန်မာအာဏာသိမ်း စစ်တပ် အတွက် အလုပ်လုပ်ပေးနေတဲ့ ထိုင်းနိုင်ငံထဲက လက်နက်ပွဲစား တစ်ယောက်နဲ့ အတူ ပူးပေါင်းကြံစည်ခဲ့သူတွေ ဖြစ်ပြီး အဲဒီနှစ်ယောက်ကို နယူးယောက်မြို့မှာ လက်ရ ဖမ်းဆီးမိထားတယ်လို့လည်း အမေရိကန် တရားရေး အာဏာပိုင်တွေက ဆိုပါတယ်။

    သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ သူ့မှာ အန္တရာယ်ရှိနေပြီလို့ အမေရိကန် အာဏာပိုင်တွေထံ တရားဝင် တိုင်တမ်းခဲ့တဲ့နောက် အမေရိကန် ထောက်လှမ်းရေး FBI အဖွဲ့က ဒီအမှုကို တာဝန်ယူ ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။

    ဖြိုးဟိန်းထွဋ်ဟာ သူ့ကို ထိုင်းနိုင်ငံထဲက လက်နက်ပွဲစားက အွန်လိုင်းကနေ ဆက်သွယ်လာပြီး ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ရာ ငွေပေးခိုင်းစေခဲ့တယ်လို့ FBI အရာရှိတွေထံ ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

    ဦးကျော်မိုးထွန်းကို မြန်မာပြည်ကိုယ်စားပြု ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ် နေရာကနေ ထွက်ပေးအောင် အကြမ်းနည်းသုံး ခြိမ်းခြောက်ဖိအား ပေးတဲ့ အနေနဲ့ တိုက်ခိုက်ဖို့ရာ ထိုင်းမှာရှိတဲ့လူက ညွှန်ကြား ခိုင်းစေတာလို့ နားလည်ရပါတယ်။

    တကယ်လို့ သံအမတ်ကြီးက ရာထူးနေရာကနေ ဖယ်မပေးဘူးလို့ ဆက်လက် ငြင်းဆန်နေမယ် ဆိုရင် သတ်ပစ်ဖို့ အထိ အဲဒီ လက်နက်ပွဲစားက ခိုင်းစေခဲ့တယ်လို့ ဆိုပါတယ်။ ဦးကျော်မိုးထွန်းရဲ့ ကားတိမ်းမှောက် သွားအောင် ပြုလုပ်ဖို့ တိုင်ပင်ထားခဲ့ကြတယ်လို့ ထွက်ဆိုချက်တွေအရ သိရပါတယ်။

    ဇူလိုင်လ လကုန်ပိုင်းမှာတော့ ရဲဟိန်းဇော် ဆိုသူဟာ ဖြိုးဟိန်းထွဋ်နဲ့ ဆက်သွယ်လာပြီး စုစုပေါင်း အမေရိကန် ဒေါ်လာ ၄၀၀၀ ကို နှစ်ကြိမ်ခွဲပြီး လွှဲပေးခဲ့တယ်လို့ ဆိုပါတယ်။တိုက်ခိုက်မှုတွေ ပြီးမြောက်သွားရင် နောက်ထပ် ဒေါ်လာ ၁၀၀၀ ထပ်ရမယ်လို့ သဘောတူထားတယ်လို့လည်း ဖြိုးဟိန်းထွဋ်က ထွက်ဆိုပါတယ်။

    ဦးကျော်မိုးထွန်း ဦးဆောင်တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် အဖွဲ့အတွက် လုံခြုံရေးကို စေတနာ့ ဝန်ထမ်း တာဝန်ယူပေးနေသူ တစ်ယောက်ကို ဖြိုးဟိန်းထွဋ်က စတင် ဝန်ခံ ပြောဆိုခဲ့ရာကနေ ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ ကြံစည်နေတဲ့ ဒီအမှုကိစ္စ ပေါ်ပေါက်လာတာလို့ နားလည်ရပါတယ်။

  6. လက်နက်မှောင်ခိုသွင်းမှုနဲ့ အမေရိကန်သေနတ်ကုမ္ပဏီတွေကို မက္ကဆီကိုက တရားစွဲ

  7. တာလီဘန်ဝိုင်းထားတဲ့ မြို့ကို စွန့်ခွာဖို့ အရပ်သားတွေကို ဆော်သြ

  8. အာဆီယံဆွေးနွေးပွဲတွေမှာ သီတင်းတစ်ပတ်လုံး ဘလင်ကင်ရှိနေမယ်, မြန်မာအရေး အာဆီယံမူ ၅ ချက် အမြန် အကောင်အထည်ဖော်ဖို့ ဝန်ကြီးဘလင်ကင် ထပ်မံ တိုက်တွန်းလာဖွယ်ရှိ

    အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်ဟာ အာဆီယံ နိုင်ငံတွေက အဆင့်မြင့် အရာရှိတွေနဲ့ အွန်လိုင်း တွေ့ဆုံ ဆွေးနွေးတာတွေကို ရှေ့သီတင်းပတ် ထဲမှာ နေ့စဥ် ပြုလုပ်သွားဖို့ ရှိတယ်ဆိုပြီး၊ အမေရိကန် နိုင်ငံခြားရေး ဌာနကနေ လာတဲ့ သတင်းတွေက ဆိုပါတယ်။

    ရှေ့သီတင်းပတ်ထဲ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ နှစ်လည် အစည်းအဝေး ရှိနေတာမှာ ဝန်ကြီးဘလင်ကင်လည်း ပါဝင်မှာ ဖြစ်တယ်လို့ နားလည်ရပါတယ်။

    မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နဲ့ ထိုင်း တို့ ပါဝင်တဲ့ မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံတွေရဲ့ အစည်းအဝေးလိုမျိုး သီးခြား ကျင်းပတဲ့ အစည်းအဝေးတွေလည်း ဆက်တိုက် ရှိနေတာမှာ၊ အဲဒီ အစည်းအဝေး တွေမှာလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ၅ ရက်ဆက်တိုက် ပါဝင်မှာ ဖြစ်တယ်လို့ သံတမန် အသိုင်းအဝိုင်းက ပြောနေတာ ဖြစ်ပါတယ်။

    ဒါဟာ အာဆီယံ နိုင်ငံတွေနဲ့ကြား ဆက်ဆံရေးကို သမ္မတ ဘိုင်ဒင် အစိုးရကအလေးထားနေတာကို ဖော်ပြနေတယ်လို့ အကဲခတ်တွေက ပြောကြပါတယ်။ လူဦးရေ သန်း ၆၀၀ ကျော် ရှိတဲ့ အာဆီယံ ဒေသမှာ စီးပွားရေး အင်အားကြီး တရုတ်ပြည်မကြီး အစိုးရရဲ့ ဩဇာလွှမ်းမိုးမှုတွေကို ချိန်ခွင့်လျှာညှိ တန်ပြန်နိုင်ဖို့ အမေရိကန်က ကြိုးစားနေတယ်လို့လည်း ဆိုကြပါတယ်။

    တခါ၊ အာဆီယံနိုင်ငံ တစ်ခုဖြစ်တဲ့ မြန်မာပြည်မှာ တကျော့ပြန် စစ်အာဏာ သိမ်းခံ ရပြီးနောက် ဖြစ်ပေါ်လာတဲ့ အခြေအနေတွေဟာ နိုင်ငံတကာ အစည်းအဝေးတွေမှာ ထည့်သွင်း ဆွေးနွေးစရာ အကြောင်းအရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

    ဒါ့ကြောင့် ရှေ့တစ်ပတ် အာဆီယံ အစည်းအဝေးတွေမှာလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကင်က မြန်မာအရေး ဖြေရှင်းဖို့ရာ အာဆီယံ သဘောတူ ၅ ချက်ကို အမြန်ဆုံး အကောင်အထည် ဖော်ဖို့ တွန်းအားပေး ပြောဆိုတာမျိုးတွေ ပြုလုပ်လာဖွယ် ရှိတယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

    ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက စင်္ကာပူ၊ ဗီယက်နမ်၊ ဖိလစ်ပိုင် စတဲ့ အာဆီယံ ဒေသတွင်း နိုင်ငံတွေကို လူကိုယ်တိုင် ရောက်နေခဲ့တဲ့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး လွိုက်အော်စတင်ကလည်း မြန်မာ အရေးနဲ့ ပတ်သက်ပြီး အာဆီယံ ကြားဝင်ရေး လမ်းကြောင်းကို အကောင်အထည် ဖော်ကြဖို့ တိုက်တွန်းတာမျိုး လုပ်ခဲ့ပါတယ်။

  9. ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရေး ဆန့်ကျင်သူ ဗိုင်းရပ်စ်ကြောင့် သေဆုံး

  10. တရုတ်နိုင်ငံဟာ နျူကလီယားလက်နက်တွေ တိုးချဲ့နေတယ်လို့ ပညာရှင်တွေပြော

  11. ကိုဗစ် ကာကွယ်ဆေး ခရီးသွား

  12. သောကြာဂြိုဟ်မှာရော သက်ရှိတွေ ရှိနိုင်သလား

  13. အာဖဂန်နဲ့ ပါကစ္စတန် နယ်စပ်ဖြတ်သန်းဂိတ်မှာ တာလီဘန် အလံလွှင့်ထား

  14. ဖရန့်တီးယား အုပ်ချုပ်မှု အယ်ဒီတာ မြန်မာအကျဥ်းထောင်ထဲ ကိုဗစ် လက္ခဏာတွေ ပြနေပေမယ့် ဘယ်လိုကုသ စစ်ဆေးမှုမျိုးမှ မရဘူးလို့ မိသားစုကပြော

    မြန်မာပြည်ထဲ အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အမေရိကန် စာနယ်ဇင်းသမား ဒင်နီ ဖဲန်စတာ Danny Fenster မှာ ကိုဗစ်ရောဂါ ကူးစက် ထားနိုင်တဲ့ လက္ခဏာတွေ ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်း ကတည်းက ပြသလာခဲ့ပေမယ့် ကိုဗစ်နဲ့ ပတ်သက်ပြီး ဘယ်လို ကျန်းမာရေး စောင့်ရှောက်မှုမျိုးမှ ရရှိမနေဘူးဆိုပြီး သူ့ရဲ့ မိသားစုဝင်တွေက အမေရိကန် မီဒီယာတွေကို ပြောနေပါတယ်။

    “သူဟာ ဘယ်လိုကုသမှုမျိုး၊ စမ်းသပ်မှုမျိုးမှ ရမနေဘူး။ ကျွန်တော်တို့ အင်မတန် စိတ်ပျက်ရပြီး၊ တော်တော်လေးလည်း စိုးရိမ်နေကြပါတယ်” ဆိုပြီး အစ်ကို တော်စပ်သူ ဘရိုင်ယန် ဖဲန်စတာက အမေရိကန် ရုပ်သံသတင်းဌာန CNBC ကို ပြောပါတယ်။

    အသက် ၃၇ နှစ် အရွယ် ဒင်နီ ဖဲန်စတာဟာ ဖရန့်တီးယား သတင်းမဂ္ဂဇင်းရဲ့ သတင်းခန်း အုပ်ချုပ်မှု အယ်ဒီတာ ဖြစ်ပြီး၊ ရန်ကုန် နိုင်ငံတကာ လေဆိပ်မှာ မေလ ၂၄ ရက်နေ့ တုန်းက ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

    မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူမြို့တော်ကို သွားမယ့် လေယာဥ်ပေါ်ကို အာဏာသိမ်း စစ်ကောင်စီက ဒင်နီ ဖဲန်စတာကို ပေးမတက်တော့ဘဲ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

    အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာအောင် လှုံ့ဆောင်ခဲ့သူ တစ်ဦး အဖြစ် ဖဲန်စတာ့ အပေါ် အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲထားပြီး ဖဲန်စတာကတော့ အဲဒီ စွပ်စွဲချက်တွေကို ငြင်းဆို ထားပါတယ်။

    ဒင်နီ ဖဲန်စတာကို ပြန်လွှတ်ပေးဖို့ အမေရိကန် နိုင်ငံခြားရေးဌာနက တောင်းဆို ထားပါတယ်။

    ပြီးခဲ့တဲ့ လတုန်းက ဖဲန်စတာ့ကို ရုံးထုတ်ခဲ့ပြီး၊ နောက်ရုံးချိန်းကတော့ မနက်ဖြန် ဇူလိုင် ၁၅ ရက်၊ ကြာသပတေးနေ့လို့ နားလည်ထားပါတယ်။

  15. ရှင်ကျန်းပြည်နယ်နဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကို အမေရိကန် သတိပေး

  16. သမ္မတလုပ်ကြံခံရအပြီး နိုင်ငံခြားတပ်တွေ အကူအညီတောင်းလိုက်တဲ့ ဟေတီ

  17. ဟေတီသမ္မတကို လုပ်ကြံသူတွေ ပြည်ပက ကြေးစားတပ်သားတွေဖြစ်

  18. မြန်မာ့ဒီမိုကရေစီရေး နောက်ကြောင်းပြန်သူတွေကို အရေးယူနိုင်ရေး အမေရိကန် အားပေးတဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင် ပြောဆို

    မြန်မာပြည်သူတွေဟာ သူတို့ ကိုယ်တိုင် ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရ ပြည်လည် အသက်ဝင်နိုင်အောင် ကြိုးပမ်းနေတာကို အမေရိကန်ပြည်ထောင်စုက ခိုင်ခိုင်မာမာ အတူတကွ ရပ်တည်ပေးနေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်က သူ့ရဲ့ တွစ်တာ စာမျက်နှာကနေ တဆင့် ထုတ်ပြန်ပါတယ်။

    မြန်မာ အရပ်ဘက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့လည်း ဝန်ကြီး ဘလင်ကင်က ဆိုပါတယ်။

    အဲဒီလို တွေ့ဆုံရတဲ့အတွက် ဝမ်းမြောက်ကြောင်း ပြောရင်းမှာပဲ မြန်မာပြည် ဒီမိုကရေစီလမ်းပေါ် ပြန်ရောက်အောင် လှုပ်ရှားရုန်းကန်မှုတွေမှာ အမေရိကန် ပြည်ထောင်စုက အတူတကွ ရပ်တည်ကြောင်း ဝန်ကြီး ဘလင်ကင်က ထပ်လောင်း ကတိပြု ပြောဆိုတာ ဖြစ်ပါတယ်။

    မြန်မာပြည်သူတွေ အပေါ်စစ်တပ်က အကြမ်းဖက် ဖိနှိပ်နေတာတွေ ရပ်ဖို့လည်း အမေရိကန်က တောင်းဆိုကြောင်း ဝန်ကြီးဘလက်က ရေးသားထားပါတယ်။

    မြန်မာ အရပ်ဘက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံခဲ့ကြောင်း ပြောခွင့်ရ နက်ဒ်ပရိုက်စ်ကလည်း အတည်ပြုပါတယ်။

    မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို နောက်ကြောင်းပြန် ပြောင်းလဲပစ်သူတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ကြသူတွေကို အပြစ်ပေး အရေးယူနိုင်ရေးမှာလည်း အမေရိကန် အစိုးရက အားပေးကူညီမယ့် အကြောင်း ဝန်ကြီး ဘလင်က ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

  19. အမေရိကန်ဩဇာကြီး ရှေ့နေအသင်းက စစ်ခေါင်းဆောင်ကို အိတ်ဖွင့်ပေးစာပို့

    မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်းပြီး နိုင်ငံတော် အတိုင်ပင်ခံနဲ့ သမ္မတတို့ကို ဖမ်းဆီးထားတာကို ရှုတ်ချကြောင်း အမေရိကန် ရှေ့နေများ ဘားအသင်း ABA က ထုတ်ပြန်ပါတယ်။

    အာဏာသိမ်း စစ်ခေါင်းဆောင်ကို လိပ်မူထားတဲ့ အိတ်ဖွင့်ပေးစာကို ABA ရဲ့ လက်ရှိ ဥက္ကဌ မစ္စ ပက်ထရစ်ရှာ လီရီဖိုက လက်မှတ်ထိုး ထုတ်ပြန်တာ ဖြစ်ပါတယ်။

    အဲဒီစာထဲမှာ ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် အပါအဝင် အစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးခြင်းအားဖြင့် တရားဥပဒေစိုးမိုးရေး ရူးလ်အော့ဖ်လောကို ဖျက်သိမ်းလိုက်တဲ့ လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချတယ် ဆိုပြီး ရေးသားထားပါတယ်။

    စစ်တပ်ရဲ့လုပ်ရပ်တွေဟာ ဥပဒေစိုးမိုးရေး၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှု ဖော်ဆောင်ရေး။ ဒီမိုကရေစီ အခြေခံမူတွေနဲ့ အခြေခံဥပဒေနဲ့ညီတဲ့ အစိုးရတွေ ထူထောင်ထားရှိရေး ဆိုတဲ့ အာဆီယံ ပဋိညာဥ်ပါ အချက်တွေကို ချိုးဖောက် ရာရောက်နေတယ်လို့ အမေရိကန် ရှေ့နေများ ဘားအသင်းရဲ့ ဥက္ကဌက ထောက်ပြထားပါတယ်။

    အရပ်သားအုပ်ချုပ်ရေးကို ဖယ်ရှားတဲ့ လုပ်ရပ်၊ ၂၀၂၀ ရွေးကောက်ပွဲ ရလာဒ်တွေကို မလေးစား မလိုက်နာတဲ့ လုပ်ရပ်တွေ အပေါ်မှာလည်း မစ္စ လီရီဖိုက ရှုတ်ချပါတယ်။

    စစ်တပ်ရဲ့ လုပ်ရပ်တွေဟာ မြန်မာ တရားရေးစနစ်တစ်ခုလုံးကို ပစ်ပယ်လိုက်တာ ဖြစ်ပြီး၊ ရှေ့နေနဲ့ တရားသူကြီးတွေဟာ အမှီအခိုကင်း သီးသန့်လွတ်လပ်ဖို့ လိုတယ် ဆိုတဲ့ အခြေခံမူကိုပါ ပျက်စီးသွားစေတယ်လို့ ဆိုပါတယ်။

    သီးသန့်လွတ်လပ်တဲ့ တရား စီရင်ရေး အာဏာကို ပျက်ပျယ်စေတဲ့ မြို့နယ်တချို့မှာ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ လုပ်ရပ်တွေ အပါအဝင် နိုင်ငံရေး အကျဥ်းသားတွေရဲ့ ရှေ့နေတွေကိုပါ မရှောင် ပစ်မှတ်ထား ဖမ်းဆီးခံနေရတဲ့ အခြေအနေတွေဟာလည်း အင်မတန် စိုးရိမ်စရာ ကောင်းလှတယ်လို့ ရေးသားထားပါတယ်။

    စစ်ခေါင်းဆောင်တွေ အနေနဲ့ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲကို လေးစားပြီး အရပ်သား အစိုးရနဲ့ CRPH အဖွဲ့ဝင်တွေ အပါအဝင် ရွေးကောက်ခံ လွှတ်တော်ထံ အာဏာပြန်အပ်ဖို့ အေဘီအေ အဖွဲ့က တောင်းဆိုပါတယ်။

    ဒါ့အပြင် တရားစီရင်ရေး လွတ်လပ်မှု ရှိဖို့၊ ရှေ့နေတွေကို အန္တရာယ်မပြုဖို့၊ ဥပဒေမဲ့ သတ်ဖြတ်ဖမ်းဆီးနေတာတွေ ရပ်ဖို့နဲ့ ကျုးလွန်တဲ့ စစ်အရာရှိတွေကို နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေနဲ့ အညီ အပြစ်ပေး အရေးယူ ဖို့ ဆိုတာတွေလည်း အေဘီအေ အဖွဲ့က အကြံပြုပါတယ်။

    အမေရိကန် ရှေ့နေများ ဘားအသင်းဟာ အမေရိကန်ပြည်ထောင်စုမှာ တရားလွှတ်တော်ရှေ့နေတွေ အပါအဝင် ဥပဒေ ပညာရှင်တွေ ပေါင်းစုထားတဲ့အင်အားအကြီးဆုံး ရှေ့နေအဖွဲ့ဖြစ်ပါတယ်။

    ဥပဒေကျောင်းတွေမှာ ပညာရပ်ပိုင်းဆိုင်ရာ စံနှုန်းတွေ သတ်မှတ်တဲ့ အခါမျိုး၊ ဥပဒေနဲ့ အသက်မွေးဝမ်းကျောင်းရင် ထားရှိရမယ့် ကျင့်ဝတ်တွေကို အဓိပ္ပာယ်ဖွင့် ဖော်ဆောင် သတ်မှတ်တဲ့ အခါမျိုးတွေမှာ ဩဇာရှိ လွှမ်းမိုးတဲ့ အဖွဲ့ကြီး ဖြစ်ပါတယ်။

    အေဘီအေရုံးချုပ်ဟာ ရှီကာဂိုမြို့၊ အီလီနွိုင်းပြည်နယ်မှာ ရှိပြီး ဝါရှင်တန်ဒီစီမြို့ ရုံးခွဲကလည်း နာမည်ကျော်ထင်ရှားတဲ့ အေဘီအေရုံးပဲ ဖြစ်ပါတယ်။

  20. ပန်းကန်ပြားပျံ UFO တွေ အကြောင်း အမေရိကန် အစိုးရတရားဝင်ပြော