ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အောက်တိုဘာ ၃၁ ရက် သတင်းအနှစ်ချုပ် - ပြည်ပရောက်မြန်မာလုပ်သားတွေ ပတ်စ်ပို့သက်တမ်းတိုးရင် ဝင်ငွေခွန်နဲ့ လုပ်ခလစာလွှဲငွေတွေပြရမယ်
ပြည်ပမှာအလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ရောက်ရှိတဲ့နိုင်ငံမှာ နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)သက်တမ်းတိုးတဲ့အခါ ဝင်ငွေခွန် ၁ နှစ်စာနဲ့ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းလွှဲပို့ထားတဲ့ငွေလွှဲပြေစာတွေကို တင်ပြရမယ်လို့ နေပြည်တော်ရဲ့ အလုပ်သမားဝန်ကြီးဌာနနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
ခွင့်နဲ့ပြန်လာတဲ့သူတွေတင်မကဘဲ ပြည်ပမှာ ပတ်စ်ပို့သက်တမ်းတိုးပြီးဆက်နေထိုင်ကြမယ့် မြန်မာနိုင်ငံသားတွေအားလုံး နိုဝင်ဘာ ၁ ရက်ကစပြီး ဒီလုပ်ငန်းစဉ်ကိုဆောင်ရွက်ဖို့ နိုင်ငံတကာက သံရုံးတွေကို နေပြည်တော်ကညွှန်ကြားထားတယ်လို့ သူက ဆက်ပြောပါတယ်။
"ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန် နဲ့ကိုးရီးယား"အပြင် တခြားနိုင်ငံက မြန်မာသံရုံးတွေကို ညွှန်ကြားထားတာလို့ သူက ဖြည့်ပြောပါတယ်။
ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာရှိတဲ့ မြန်မာသံရုံးကတော့ ပတ်စ်ပို့သက်တမ်းတိုးလျှောက်ထားရင် လစာဝင်ငွေခွန် ၂ ရာခိုင်နှုန်းအပြင် မိသားစုလွှဲပို့ငွေ အနီးစပ်ဆုံး ၃ လစာ လွှဲပို့ထားတဲ့ အထောက်အထားတွေပါ ပူးတွဲတင်ပြရမယ်လို့ ဒီနေ့မနက်မှာ ကြေညာထားပါတယ်။
ဂျီ ၂၀ မှာ နိုင်ငံခြားရေးဝန်ကြီးတွေ ရုရှားနဲ့ ဓာတ်ပုံတွဲမရိုက်
အမေရိကန်ပြည်ထောင်စု အတ္တလန္တာမှာပြုလုပ်နေတဲ့ ဂျီ ၂၀ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ဥရောပနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေလက်ဗ်ရော့နဲ့အတူ အဖွဲ့လိုက်ဓာတ်ပုံမရိုက်ချင်ကြလို့ အစီအစဉ် ဖျက်သိမ်းခဲ့ရပါတယ်။
"ဒီစစ်ပွဲမှာ ဘယ်သူက ရန်လိုကျူးကျော်သူလဲဆိုတာ ကျွန်တော်တို့အားလုံးသိကြပါတယ်" လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အက်ဒ် မီလီဘန့်က ထိပ်သီးအစည်းအဝေးမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးကိုတိုက်ရိုက်ပြောခဲ့ပါတယ်။
ရုရှားအစိုးရဟာ ယူကရိန်းမှာ အပြစ်မဲ့အရပ်သားတွေကို သတ်ဖြတ်နေတယ်လို့ မီလီဘန့်က ဆိုခဲ့ပါတယ်။
အစည်းအဝေးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတာဖြစ်ပါတယ်။
ယူကရိန်းမှာ တရားမျှတပြီး အဓွန့်ရှည်တဲ့ ငြိမ်းချမ်းရေးရရှိဖို့ အဖွဲ့ဝင်နိုင်ငံတွေပိုမိုအားထုတ်လုပ်ဆောင်ရမယ်လို့ မီလီဘန့်က ဂျီ ၂၀ နိုင်ငံခြားရေးဝန်ကြီးတွေကို သောကြာနေ့မှာ ပြောခဲ့ပါတယ်။
ရုရှားကယူကရိန်းကို ကျူးကျော်ချိန်ကစလို့ ဗြိတိန်အစိုးရဟာ ရုရှားဝန်ကြီးတွေနဲ့ နှစ်နိုင်ငံသဘောတူ တွေ့ဆုံဆွေးနွေးမှုတွေ မလုပ်ဘူးဆိုတဲ့ မူဝါဒကို ကာလရှည် ချမှတ်ကျင့်သုံးနေတယ်လို့ ဗြိတိန်အစိုးရအရာရှိတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ယူကရိန်းဟာ ဂျီ ၂၀ အဖွဲ့ဝင်နိုင်ငံမဟုတ်ပေမယ့် ဒီလိုအစည်းအဝေးမျိုးတွေကို အရင်က ဖိတ်ကြားခံခဲ့ရပါတယ်။ ဒါပေမယ့် အခုအစည်းအဝေးကိုတော့ ယူကရိန်း ဖိတ်ကြားမခံခဲ့ရပါဘူး။
ရုရှားနိုင်ငံတွင်းက ရေနံဆိုင်ရာအခြေခံအဆောက်အအုံတွေကို ယူကရိန်းက တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့ကြား အပြန်အလှန်ပြောဆိုမှုပြီးနောက် နှစ်နိုင်ငံကြားဆက်ဆံရေးမှာ တင်းမာမှုတွေရှိနေပါတယ်။
ဆန့်ကျင်ဘက်အားဖြင့် အမေရိကန်နဲ့ ရုရှားကြားဆက်ဆံရေးမှာ တင်းမာမှုတွေ လျော့ကျသွားပြီး ထရမ့်ဟာ ရုရှားအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတချို့ကို ဖြေလျှော့ပေးပြီး ရုရှားဒီဇယ်တွေ အမေရိကန်ဈေးကွက်ကို တင်သွင်းခွင့်ပြုခဲ့ပါတယ်။
အီရန်စစ်ပွဲရဲ့ နိုင်ငံရေးအကျိုးဆက်တွေကို လပေါင်းများစွာ ရင်ဆိုင်ရပြီးနောက် အင်္ဂါနေ့မှာ ပြုလုပ်မယ့် ကြားဖြတ် ရွေးကောက်ပွဲမတိုင်မီမှာ အမေရိကန်ပြည်ထောင်စုမှာ လောင်စာဈေးတွေ ကျဆင်းလာစေဖို့ ထရမ့်က ကြိုးပမ်းခဲ့တာလည်းဖြစ်ပါတယ်။
ထရမ့်ရဲ့ ရုရှားအပေါ် သက်ညှာမှုတွေဟာ မရှည်ကြာသင့်ဘဲ အဆုံးသတ်ကိုသတ်ရတော့မယ့် စစ်ပွဲတစ်ပွဲမှာ ရင်းနှီးမြှုပ်နှံလိုက်တာနဲ့တူပြီး ထရမ့်က ပူတင်ကိုပေးလိုက်တဲ့ လက်ဆောင်လည်းဖြစ်တယ်လို့ ဇလန်းစကီးက ဝေဖန်ခဲ့ပါတယ်။ ရုရှားနဲ့ ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်က စေ့စပ်ဆွေးနွေးလာရေးအတွက် ပိတ်ဆို့မှုတချို့ကို ဖြေလျှော့ပေးလိုက်တာသာဖြစ်တယ်လို့ ထရမ့်က သူ့ဆုံးဖြတ်ချက်ကို ခုခံပြောဆိုခဲ့ပါတယ်။
ကချင်၊ မံစီမြို့နယ်ထဲမှာ မြေရှားလုပ်ကွက်သစ်တစ်ခု တရုတ်တွေတူးဖော်
ကချင်ပြည်နယ်၊ မံစီမြို့နယ်ထဲက မန့်ဝိန်းကြီးဒေသဘက်မှာ မြေရှားသတ္တုသိုက်အသစ်တစ်ခုကို တူးဖော်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ ဒေသခံတချို့က ဘီဘီစီကိုပြောပါတယ်။
"အစက ဖားကန့်က အနန့်ပါရွာမှာ မြေရှားတူးဖို့လုပ်တာ၊ ဒေသခံတွေက ကန့်ကွက်ကြတော့ မန့်ဝိန်း၊ ခခေရွာဘက် ရွှေ့သွားတာ" လို့ မံစီဒေသခံတစ်ဦးက ဆိုပါတယ်။
မန့်ဝိန်းကြီးဒေသကို ကချင်လွတ်လပ်ရေးတပ်(KIA) က ထိန်းချုပ်ထားတာဖြစ်ပါတယ်။ ခခေရွာဟာ မန့်ဝိန်းကြီးအနီးကရွာဖြစ်ပြီး မံစီမြို့နဲ့ ၅၅ မိုင်ဝန်းကျင်လောက် ကွာဝေးပါတယ်။ အနန့်ပါရွာကတော့ ဖားကန့်မြို့နယ်ထဲမှာရှိတာဖြစ်ပါတယ်။
ခခေကျေးရွာက မြေရှားဆိုက်အသစ်ကို တရုတ်လုပ်ငန်းရှင်တွေက ကချင်လွတ်လပ်ရေးတပ်(KIA) ရဲ့ ခွင့်ပြုချက်နဲ့ ၂၀၂၆ ပထမနှစ်ဝက်ကတည်းက စမ်းသပ်တူးဖော်ရေးတွေလုပ်ဆောင်နေတာလို့ သတင်းရင်းမြစ်က ထုတ်ပြောပါတယ်။
မြေရှားတူးဖော်ရာမှာ အရင်စမ်းသပ်တူးဖော်ပြီး မြေရှားထွက်တယ်ဆိုမှ ဇောက်ချတူးဖော်ကြတာလို့ သူက ရှင်းပြပါတယ်။
လက်ရှိမှာတော့ အဲဒီမြေရှားဆိုက်အသစ်မှာ ပြီးခဲ့တဲ့လကတည်းက ဝန်ထမ်းတွေခေါ်ယူထားပြီး တူးဖော်ရေးတွေစလုပ်နေပြီလို့ သူကဆိုပါတယ်။
စမ်းသပ်တူးဖော်ရေးတွေ စလုပ်ကတည်းက ရွာခံတွေဘက်က သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုအန္တရာယ်တွေဖြစ်လာမှာကိုစိုးရိမ်တာကြောင့် ကန့်ကွက်ခဲ့ကြတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ကချင်သတင်းဌာနတစ်ခုကလည်း KIA က ဒီလုပ်ကွက်အသစ်ကို "ဗဟိုစီမံကိန်း" လို့ အမည်ပေးထားပြီး တူးဖော်မှုတွေကို လုပ်ဆောင်နေတာလပိုင်းကြာရှိနေပြီလို့ ရေးသားဖော်ပြထားပါတယ်။
မြေရှားလုပ်ကွက်အသစ်နဲ့ ပတ်သက်ပြီး ဘီဘီစီက KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို မေးမြန်းရာမှာတော့ အတည်မပြုနိုင်သေးဘူးလို့သာ တုံ့ပြန်ပါတယ်။
NUG ရဲ့ နွေဦးထီ ရောင်းချတဲ့ ကိုယ်စားလှယ် ၂ ဦး ဖမ်းဆီးခံရ
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ထိန်းချုပ်ထားတဲ့ နွေဦးထီ (Nway Oo Hti) ဝက်ဘ်စာမျက်နှာကနေ ထီရောင်းချနေတဲ့ ကိုယ်စားလှယ်အမျိုးသမီး ၂ ဦး ဖမ်းဆီးခံရတယ်လို့ ဒီအခြေအနေကိုသိတဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြို့နယ်ထဲနေထိုင်တဲ့ အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်နေ အသက် ၃၉ နှစ်အရွယ် အမျိုးသမီး ၁ ဦး စုစုပေါင်း ၂ ဦးတို့ကို စစ်တပ်က ဖမ်းဆီးလိုက်တာလို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ သတင်းရင်းမြစ်က "အွန်လိုင်း (လူမှုကွန်ရက်)တွေပေါ်မှာ ထီကိုကြော်ငြာပြီးရောင်းတာတွေကြောင့် ခြေရာခံမိတာဖြစ်နိုင်တယ်" လို့ ဆိုပါတယ်။
နွေဦးထီရောင်းတဲ့ကိုယ်စားလှယ်တချို့ကလည်း စစ်တပ်ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာနေထိုင်ကြသူတွေအနေနဲ့ သတိထားရောင်းချကြဖို့ တိုက်တွန်းနေတာကိုလည်း သူတို့ရဲ့ လူမှုကွန်ရက်အကောင့်တချို့ကနေ သတိပေးထားတာတွေ့ရပါတယ်။
နွေဦးထီရောင်းချတဲ့လုပ်ငန်းကနေ NUG လက်အောက်ခံအဖွဲ့စည်းတွေဆီကို ထောက်ပံ့နေတာဖြစ်တာကြောင့် ထီရောင်းချရေးအတွက် အားပေးပြီး ကိုယ်စားလှယ်ယူရောင်းတဲ့သူတွေကို ဖော်ထုတ်ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာလို့ စစ်တပ်ထောက်ခံတဲ့တယ်လီဂရမ်ချန်နယ်တွေက ရေးပါတယ်။
ဖမ်းဆီးခံ ၂ ဦးထဲ ၁ ဦးဟာ ထောက်ပို့အဖွဲ့ဝင်တစ်ဦးဖြစ်သလို ၂၀၂၄ ခုနှစ်ကတည်းက နွေဦးထီကို ကိုယ်စားလှယ်အဖြစ် ယူရောင်းချခဲ့သလို NUG ရဲ့ ဘဏ်စနစ်ကိုပဲ ငွေအလွှဲအပို့အတွက် အသုံးပြုခဲ့သူလို့ သတင်းရင်းမြစ်က ပြောပါတယ်။
နောက်ထပ် တစ်ဦးကတော့ ၂၀၂၅ နှစ်ဝက်လောက်ကမှ နွေဦးထီကို ကိုယ်စားလှယ်ရောင်းချခဲ့တာဖြစ်ပြီး ထီရောင်းရငွေတွေကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းထံ လွှဲပြောင်းတာတွေ လုပ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
စစ်တပ်ထောက်ခံတဲ့ ချန်နယ်တွေမှာတော့ ဖမ်းဆီးခံထားရသူ ၂ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ ထိရောက်စွာအရေးယူသွားမှာဖြစ်တယ်လို့ ရေးသားဖော်ပြနေကြပါတယ်။
နွေဦးထီကို ကိုယ်စားလှယ်ရောင်းချသူ အမျိုးသမီး ၂ ဦးဖမ်းဆီးခံရမှုနဲ့ပတ်သက်လို့ NUG ရဲ့ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူကို ဘီဘီစီက စာပို့ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
အမေရိကန်က ယူကရိန်းကို Patriot ဒုံးကျည် အစင်း ၅၀၀ ရောင်းမယ်
ရုရှားရဲ့ပိုမိုပြင်းထန်လာတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကနေ ကာကွယ်ဖို့ အရေးတကြီးလိုအပ်နေတဲ့ Patriot ဒုံးကျည် အစင်း ၅၀၀ ကို ယူကရိန်းကို ရောင်းချပေးမယ်လို့ အမေရိကန်ပြည်ထောင်စုက အတည်ပြုပါတယ်။
ဒါပေမယ့် ဒုံးကျည်တွေ ယူကရိန်းကို ချက်ချင်းရောက်လာဦးမှာမဟုတ်သေးဘူးလို့ ယူကရိန်းသမ္မတ ဇလန်းစကီးက သတိပေးထားပါတယ်။
အဆင့်မြင့် PAC-3 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေအတွက် ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံ ကုန်ကျမှာဖြစ်ပြီး ဒါတွေကို ယူကရိန်းရဲ့ ဥရောပက မဟာမိတ်တွေနဲ့ ကနေဒါတို့က ကုန်ကျခံမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Patriot ဒုံးကျည်တွေဟာ ရုရှားရဲ့ အသေအပျောက်များစေတဲ့ ပဲ့ထိန်းဒုံးကျည်တွေကို တန်ပြန်ဖို့ တစ်ခုတည်းသော လက်နက်ဖြစ်တာကြောင့် ဒါတွေကို အမြန်ဆုံးပေးပို့ပေးဖို့ ဇလန်းစကီးက အမေရိကန်ပြည်ထောင်စုကို သောကြာနေ့က တောင်းဆိုခဲ့ပါတယ်။
ဥရောပမှာ နိုင်ငံရေးနဲ့ စီးပွားရေးတည်ငြိမ်ဖို့အတွက် မဟာမိတ်နိုင်ငံတစ်နိုင်ငံရဲ့ လုံခြုံရေးတိုးမြင့်လာအောင် လုပ်ဆောင်ခြင်းက အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသားလုံခြုံရေးလျာထားချက်တွေကို အားပေးထောက်ခံရာရောက်လို့ အခုလိုအဆိုပြုထားတဲ့ လက်နက်ရောင်းချမှုကို လုပ်ဆောင်ရတာလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဓိကကန်ထရိုက်ကုမ္ပဏီကတော့ အမေရိကန်လက်နက်ကုမ္ပဏီကြီး Lockheed Martion ဖြစ်ပြီး ဒီရောင်းချမှုမှာ အမေရိကန်ရဲ့ရန်ပုံငွေတစ်ပြားမှပါဝင်မှာမဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
အခုလောလောဆယ်မှာတော့ ဂျီ ၂၀ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေလက်ဗ်ရော့ တက်ရောက်လာတာမို့ ဥရောပနိုင်ငံခြားရေးဝန်ကြီးတွေဟာ အဖွဲ့လိုက်ဓာတ်ပုံရိုက်ကူးမှုမှာ မပါဝင်ခဲ့ကြပါဘူး။ အစည်းအဝေးကို အမေရိကန်ပြည်ထောင်စု အတ္တလန္တာမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ကမကထပြုခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်းဟာ ကြားဖြတ်ပစ်ချနိုင်တဲ့ ဒုံးကျည်တွေကို အသည်းအသန်လိုအပ်နေပေမယ့် အမေရိကန်ဟာ အီရန်စစ်ပွဲမှာ ဒီဒုံးကျည်တွေ အများအပြားသုံးစွဲခဲ့တာမို့ ကမ္ဘာတစ်ဝန်းမှာ ပြတ်လပ်နေပါပြီ။
Patriot ဒုံးကျည်တွေဟာ ထုတ်လုပ်ချိန်ကြာမြင့်ပြီး တစ်နှစ်ကိုမှ ဒုံးကျည်အစင်း ၆၀၀ သာထုတ်လုပ်နိုင်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
အဆောက်အဦ၊ ဆိုင်ခန်းနဲ့ မြေငှားရမ်းခ အခွန်တွေကို တိုးမြှင့်ဖို့စီစဉ်
အဆောက်အဦ၊ ဆိုင်ခန်းနဲ့ မြေဌားရမ်းခ အခွန်နှုန်းထားတွေကို တိုးမြှင့်သွားမယ်လို့ လွှတ်တော်မှာ တင်သွင်းတဲ့ဆွေးနွေးချက်တွေကို နေပြည်တော်ရဲ့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ထောက်ခံတယ်လို့ နိုင်ငံပိုင်သတင်းစာကနေ ဒီနေ့ အောက်တိုဘာ ၃၁ ရက်မှာ ထုတ်ပြန်လာပါတယ်။
ဒါပေမဲ့ ဒီလုပ်ငန်းစဉ်ကို ဘယ်အချိန်မှာ စတင်မလဲဆိုတဲ့ ကာလအတိအကျကိုတော့ အတိအကျမသိရသေးပါဘူး။
အခွန်တိုးမယ့်နေရာမှာလည်း အခွန်ခသီးသန့် တိုးကောက်တာမဟုတ်ဘဲ စာချုပ်စာတမ်းတွေကို ပြန်သုံးသပ်ပြီး နှုန်းထားတွေကို ကာလပေါက်ဈေးနဲ့ အညီ တိုးမြှင့်မှာဖြစ်တယ်လို့ သူကဆိုပါတယ်။
ဆိုလိုရင်းကတော့ ကာလပေါက်ဈေးအတိုင်း မြင့်လာတဲ့ နှုန်းထားအလိုက် အခွန်ခကို တိုးပြီးကောက်ခံသွားမယ့်သဘောဖြစ်ပါတယ်။
တံဆိပ်ခေါင်းခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နဲ့ ဝင်ငွေခွန်တွေ ဥပဒေနဲ့ တိုးကောက်မယ့်အစီအစဉ်လို့ နေပြည်တော်ရဲ့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ဆိုပါတယ်။
တစ်ဖက်မှာလည်း ဒီလိုအခွန်တိုးကောက်မယ့်အစီအစဉ်ကြောင့် ဆိုင်ခန်း၊ ရုံးခန်းနဲ့ ဂိုဒေါင်ငှားရမ်းခ ကုန်ကျစရိတ်တွေ မြင့်တက်လာမှာဖြစ်ပါတယ်။
ဒီလိုအခြေအနေမှာ ဆိုင်ခန်းငှားရမ်းဖွင့်လှစ်ရတဲ့ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေ(SMEs) ပိုပြီး ကျပ်တည်းလာနိုင်တယ်လို့ အလတ်စား ပဲလုပ်ငန်းရှင်တစ်ဦးက ထောက်ပြပါတယ်။
"အခွန်တွေတိုးရင် စားသုံးကြတဲ့ ဝန်ဆောင်မှုရယူကြတဲ့ ပြည်သူတွေဆီမှာလည်း အခြေခံကုန်ဈေးနှုန်းတွေ ထပ်တက်လာမယ်" လို့ သူက ထောက်ပြပါတယ်။
အလားတူ အိမ်ခြံမြေနဲ့ အဆောက်အဦပိုင်ရှင်တွေဟာလည်း အခွန်ပိုဆောင်ရမှာဖြစ်တာကြောင့် ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေက အိမ်းငှားခစရိတ်တွေလည်း ပိုမြင့်တက်လာမယ်လို့ အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
FATF အမည်ပျက်စာရင်းထဲ မြန်မာကို ဆက်သွင်း
မြန်မာမှာ အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့်ဆက်ဖြစ်နေပြီး တရားမဝင်ငွေကြေးထောက်ပံ့မှုအန္တရာယ်တွေဆက်ရှိနေတာကြောင့် မြန်မာကို အမည်ပျက်စာရင်းထဲ ဆက်သွင်းတယ်လို့ နိုင်ငံတကာငွေကြေးခဝါချမှုတိုက်ဖျက်ရေး စောင့်ကြည့်အဖွဲ့(FATF) က ဆုံးဖြတ်လိုက်ပါတယ်။
ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ အောက်တိုဘာ ၂၆ ရက်ကနေ ၃၀ ရက်အထိ ပြုလုပ်ခဲ့တဲ့ ၃၇ ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးကနေ အခုလို ဆုံးဖြတ်ချက်ထွက်လာတာဖြစ်ပါတယ်။
FATF အနေနဲ့ မြန်မာက ငွေကြေးအဖွဲ့အစည်းတွေရဲ့ ငွေပေးငွေယူမှုတွေမှာ ပုံမှန်မဟုတ်တဲ့ အခြေအနေနဲ့ သံသယဖြစ်ဖွယ်အခြေအနေဟုတ်မဟုတ် ဆိုတာတွေကို ဆုံးဖြတ်ဖို့အတွက် စောင့်ကြည့်မှု ပိုတိုးမြှင့်ဖို့ တိုက်တွန်းပါတယ်။
ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ရဲ့ လုပ်ငန်းလည်ပတ်မှုနဲ့ သတင်းဖြန့်ဝေမှုတွေကို တိုးမြှင့်ဖို့နဲ့ ငွေကြေးခဝါချမှုကို စုံစမ်းစစ်ဆေးခြင်းနဲ့ တရားစွဲဆိုတာတွေ လုပ်ဖို့ တိုက်တွန်းထားပါတယ်။
၂၀၂၇ ခုနှစ် ဖေဖော်ဝါရီအထိ အခြေအနေတွေ တိုးတက်မှုမရှိရင်တော့ တင်းကျပ်ပြင်းထန်တဲ့ တန်ပြန်အရေးယူမှုတွေလုပ်ဖို့အထိ စဉ်းစားချက်ရှိလာမယ်လို့ FATF က သတိပေးပါတယ်။
FATF က မြန်မာကို ၂၀၂၂ အောက်တိုဘာကတည်းက အမည်ပျက်စာရင်းသွင်းခဲ့တာဖြစ်ပါတယ်။ ဒီတစ်ကြိမ်နဲ့ပါဆိုရင် မြန်မာနိုင်ငံက ၅ နှစ်ကြာ အမည်ပျက်စာရင်း(Blacklist) သွင်းခံရတဲ့ နိုင်ငံဖြစ်လာမှာပါ။
FATF အနေနဲ့ မြန်မာရဲ့ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုတွေကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး(AML/CFT) စည်းမျဉ်းတွေကိုအကြောင်းပြပြီး ပြည်သူတွေရဲ့ တရားဝင်ငွေအလွှဲအပြောင်းတွေနဲ့ လူသားစာနာအကူအညီတွေကို ပိတ်ပင်ကြန့်ကြာစေတာမျိုး ကန့်သတ်တာမျိုးမဖြစ်ရေး ဆက်ပြီးစောင့်ကြည့်သွားမယ်လို့ ပြောပါတယ်။
ဒါ့အပြင် FATF က တခြားနိုင်ငံတွေကိုလည်း မြန်မာနဲ့ ပတ်သက်တဲ့ ငွေကြေးလွှဲပြောင်းမှုတွေမှာ ဖြစ်လာနိုင်တဲ့ ငွေကြေးပြဿနာတွေကို ထောက်ဆပြီး စိစစ်မှုတွေကို တင်းတင်းကျပ်ကျပ်လုပ်ကြဖို့ တိုက်တွန်းထားပါတယ်။
တရုတ်အပါအဝင် အာရှ-ပစိဖိတ်ဒေသနဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ FATF ရဲ့ ဆုံးဖြတ်ချက်ကို မဖြစ်မနေလိုက်နာရတာကြောင့် ဒဏ်ခတ်ပိတ်ဆို့ခံရတဲ့ နိုင်ငံဟာ ဘဏ်လုပ်ငန်းကဏ္ဍမှာ အထီးကျန်ဆန်သွားနိုင်တယ်လို့ အကဲခတ်တွေက ရှုမြင်ကြပါတယ်။
မြန်မာက ပုဂ္ဂလိကဘဏ်တစ်ခုရဲ့ အရာရှိတစ်ဦးကတော့ မြန်မာဟာ ဒီလိုအမည်ပျက်စာရင်း ဆက်သွင်းခံရတာကြောင့် လုပ်ငန်းရှင်တွေရဲ့ နိုင်ငံခြားငွေလွှဲတွေအပေါ်မှာ နိုင်ငံတကာဘဏ်တွေက စောင့်ကြည့်စစ်ဆေးပြီး စာရွက်စာတမ်းအထောက်အထားတွေလည်း ပိုပြီးလိုအပ်လာနိုင်တယ်လို့ ဆိုပါတယ်။
"သွင်းကုန်၊ ပို့ကုန်လုပ်ငန်းတွေလည်း ပိုနှောင့်နှေးလာမယ်။ တရားဝင် ဘဏ်စနစ်က ကျဉ်းလာတော့ တရားမဝင်(ဟွန်ဒီ)ဈေးကွက်တွေ ကျယ်ပြန့်လာမယ်" လို့ သူက ထောက်ပြပါတယ်။
အလားတူ ငွေကြေးစီးဆင်းမှုတွေကို ပိုပြီးတင်းကျပ်စောင့်ကြည့်တဲ့ အခြေအနေတွေကြောင့် နိုင်ငံတကာကုမ္ပဏီတွေအနေနဲ့လည်း ငွေအသွင်းအထုတ်လုပ်တဲ့ခက်ခဲမှုတွေနဲ့ ဒဏ်ခတ်ပိတ်ဆို့ခံရနိုင်တဲ့ အန္တရာယ်တွေကြောင်း ရင်းနှီးမြှုပ်နှံမှုအသစ်တွေ နိုင်ငံထဲဝင်ရောက်ဖို့ လက်တွန့်သွားစေနိုင်တယ်လို့ သူက ရှင်းပြပါတယ်။
နတ်ရေကန်တိုက်ပွဲမှာ စစ်တပ်ရဲ့ စက်တပ်လေထီးတစ်စင်းကို အေအေပစ်ချ
စစ်တွေအနီးတဝိုက် တိုက်ပွဲဆက်ပြင်းထန်
မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းဟောင်း ရခိုင်ရိုးမပေါ်က နတ်ရေကန်ဗျူဟာကုန်းတိုက်ပွဲမှာ စစ်တပ်ရဲ့ စက်တပ်လေထီးတစ်စင်းကို မနေ့ အောက်တိုဘာ ၃၀ ရက်က ပစ်ချခဲ့တယ်လို့ အာရက္ခတပ်တော်(အေအေ)က သတင်းထုတ်ပြန်လာပါတယ်။
အေအေထုတ်ပြန်လာတဲ့ ရုပ်သံဖိုင်အတိုထဲမှာတော့ လူမောင်းနှင်းလာတာမဟုတ်ဘဲ အဝေးထိန်း ထိန်းချုပ်စနစ်နဲ့ မောင်းနှင်လာတဲ့ စက်တပ်လေထီးတစ်စင်းကို တွေ့ရပါတယ်။
ဒီစက်တပ်လေထီးပေါ်မှာ နတ်ရေကန်ဗျူဟာကုန်းကိုပို့မယ့် ခဲယမ်းနဲ့ ရိက္ခာတွေ တင်ဆောင်လာတာလို့ အေအေက ပြောပါတယ်။
နတ်ရေကန် ဗျူဟာကုန်းအနီးမှာလည်း စစ်တပ်နဲ့ အေအေတပ်တွေကြား တိုက်ပွဲပြင်းနေတယ်လို့ ဘီဘီစီရဲ့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
အလားတူ အေအေထိန်းချုပ်ထားတဲ့ တောင်ကုတ်နဲ့ ဆက်သွယ်ထားတဲ့ ပဲခူးအနောက်ခြမ်း၊ ပန်းတောင်မြို့နယ်ထဲမှာလည်း စစ်တပ်စစ်ကြောင်းတွေ ဆက်ရှိနေပြီး အေအေအပါအဝင် ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သူက ဆိုပါတယ်။
အေအေထိန်းချုပ်ထားတဲ့ ဂွမြို့နယ်ထဲ လမ်းပေါက်တဲ့ ဧရာဝတီတိုင်း ရေကြည်၊ လေးမျက်နှာဘက်မှာလည်း နှစ်ဘက်တိုက်ပွဲဖြစ်ပွားနေပါတယ်။
တစ်ဖက် ရခိုင်ပြည်နယ်ရဲ့ မြို့တော်စစ်တွေတဝိုက်မှာလည်း စစ်တပ်နဲ့ တိုက်ပွဲပြင်းထန်နေတာ ၂ လကြာရှိပြီလို့ အေအေရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်တွေ-ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ဝါဘို၊အမြင့်ကျွန်းရွာတွေဘက်မှာ နှစ်ဘက်တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလည်း တိုက်လေယာဉ်တွေသုံးပြီး လေကြောင်းတိုက်ခိုက်မှုတွေတိုးလုပ်နေတယ်လို့ ဆိုပါတယ်။
အလားတူ စစ်တွေအခြေစိုက် စစ်တပ်ရဲ့ ရွှေမင်းဂံရေတပ်စခန်းမှာလည်း အေအေက ထိုးစစ်ဆင်နေတာကြောင့် နှစ်ဘက်တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စစ်တွေမြို့တွင်းနဲ့ မြို့ပြင် တကြော ပုဏ္ဏားကျွန်းနဲ့ ဆက်စပ်နေတဲ့ ကားလမ်းမတွေပေါ်မှာ စစ်တပ်က အင်အားတွေဖြန့်ကြက်ပြီး လမ်းပိတ်ထားတယ်လို့ သူက ဆိုပါတယ်။
"စစ်တွေရော ပုဏ္ဏားကျွန်းက ဒေသခံတွေရော ရှောင်စရာနေရာမရှိလို့ တိုက်ပွဲထဲမှာ ပိတ်မိနေကြတယ်" လို့ သူက ဆက်ပြောပါတယ်။ စစ်တပ်ကလည်း စစ်တွေမြို့နယ်ထဲက တိုက်ပွဲတွေမှာ ထိုးစစ်အရှိန်မလျော့ဘဲ မြို့နယ်တစ်ခုလုံးပြန်ရရေးအတွက် ရှေ့တိုးတိုက်ခိုက်နေတယ်လို့ အေအေက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်ဘက်က အကျအဆုံးများနေတယ်လို့ အေအေက ထုတ်ပြန်ချက်ထဲမှာ ရေးပါတယ်။ စစ်တပ်ကလည်း အေအေထိန်းချုပ်ထားတဲ့ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ထဲကကို ပြီးခဲ့တဲ့လတွေအတွင်း လေကြောင်းတိုက်ခိုက်မှုတွေလုပ်လို့ လူအစုလိုက်အပြုံလိုက် သေဆုံးတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။
စစ်တပ်က ရခိုင်ပြည်နယ်ကို ၄၉၂၆ စစ်ဆင်ရေးခေါင်းစဉ်နဲ့ မြို့တွေဝင်ပေါက်တွေအပြင် အေအေထိန်းချုပ်ထားတဲ့ မြို့တွေရဲ့ ပတ်ပတ်လည်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းတွေခွဲပြီး စက်တင်ဘာလဆန်းပိုင်းကတည်းက ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ စစ်တပ်ထောက်ခံသူတွေက ပြောထားပါတယ်။