သရဲတစ္ဆေမြင်တာ၊ အနားမှာ တစ်ယောက်ရှိနေတယ်လို့ ခံစားရတာတွေက ဘာကြောင့်လဲ

    • ရေးသားသူ, ဒေဇီ စတီဖင်စ်
    • ရာထူးတာဝန်, ဘီဘီစီကမ္ဘာတလွှားအစီအစဥ်
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၇

ရှေးခေတ် မက်ဆိုပိုတေးမီးယားဒေသမှာ သေဆုံးသွားသူတွေရဲ့ ဝိညာဉ်တွေက ကျန်ရစ်သူမိသားစုဝင်တွေကို သူတို့ကို စောင့်ရှောက်ပေးရမယ်လို့တောင်းဆိုတဲ့ ပုံပြင်တွေကနေ ချားလ်စ် ဒစ်ကင်းရဲ့ A Christmas Carol ဝတ္ထုအထိ လူသားတွေဟာ သရဲတစ္ဆေအကြောင်း ဇာတ်လမ်းတွေကို ရှေးပဝေသဏီကတည်းက ပြောလာခဲ့ကြပါတယ်။

ဒါပေမဲ့ သရဲတစ္ဆေတွေအပေါ် လူတွေရဲ့ စိတ်ဝင်စားမှုဟာ ဘာကြောင့် အခုအချိန်အထိ မပျောက်ကွယ်သေးတာလဲ။

အမေရိကန်နိုင်ငံ University of West Georgia က စိတ်ပညာပါမောက္ခ ခရစ္စတင်း ဆင်းမွန်စ်မိုး က လူတွေဟာ သဘာဝလွန်ဖြစ်ရပ်တွေကို တကယ်ကြုံတွေ့ခဲ့ကြဖူးတယ်လို့ ပြောပါတယ်။ သဘာဝလွန်ဖြစ်ရပ်ဆိုတာ လက်ရှိသိပ္ပံပညာနဲ့ ရှင်းပြလို့မရသေးတဲ့ ဖြစ်ရပ်တွေကို ယေဘုယျအားဖြင့် ရည်ညွှန်းတာပါ။

"အဲဒီအတွေ့အကြုံတွေဟာ ကြုံတွေ့သူတွေအတွက်တော့ တကယ်ဖြစ်ပျက်ခဲ့တာပါ။ အဲဒီသူတွေအပေါ်လည်း ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိနိုင်ပါတယ်" လို့ သူက ပြောပါတယ်။ ဒါပေမဲ့ အဲဒီလိုအတွေ့အကြုံတွေဟာ သဘာဝလွန်အကြောင်းရင်းကြောင့် ဖြစ်တယ်လို့တော့ ယတိပြတ် မဆိုနိုင်ပါဘူး။

နိုးတစ်ဝက် အိပ်တစ်ဝက်အခြေအနေ

ဆင်းမွန်စ်မိုး ရဲ့ အဆိုအရ လူတွေ သဘာဝလွန်ဖြစ်ရပ်တစ်ခုကို ကြုံတွေ့ရချိန်မှာ ဦးနှောက်အတွင်း ဖြစ်ပျက်နေနိုင်တဲ့ အရာတွေ အများကြီးရှိပါတယ်။

အဲဒါကို ရှင်းပြနိုင်တဲ့ တစ်ချက်ကတော့ အိပ်ပျော်သွားခါနီးနဲ့ နိုးထလာခါနီးကြားကာလကို ခေါ်တဲ့ Hypnagogic state (အိပ်စက်ခြင်းနဲ့ နိုးကြားခြင်းကြား အခြေအနေ) နဲ့ ဆက်စပ်နေပါတယ်။

"ဒီလိုအတွေ့အကြုံတွေ အများစုဟာ လူတွေ အသိစိတ်အခြေအနေ အနည်းငယ်ပြောင်းလဲနေချိန်မှာ ဖြစ်ပေါ်တတ်ပါတယ်" လို့ ဆင်းမွန်စ်မိုးက ပြောပါတယ်။

ဒီအချိန်မှာ စိတ်အတွင်းက ပုံဖော်တွေးတောမှုတွေနဲ့ ပြင်ပကနေ တကယ်မြင်တွေ့၊ ခံစားရတာတွေဟာ ရောထွေးသွားနိုင်တာကြောင့် ဘယ်အရာက စိတ်ကူးယဉ်မှုဖြစ်ပြီး ဘယ်အရာက တကယ့်ပြင်ပအတွေ့အကြုံဖြစ်တယ်ဆိုတာ ခွဲခြားရခက်ခဲလာနိုင်ပါတယ်။

ဒီအချိန်မှာ အိပ်ပျော်နေချိန် ခန္ဓာကိုယ်လှုပ်ရှားလို့မရတဲ့ sleep paralysis လည်း ဖြစ်ပေါ်နိုင်ပါတယ်။၂၀၁၁ ခုနှစ်က သုံးသပ်လေ့လာချက်တစ်ခုအရ ကမ္ဘာ့လူဦးရေရဲ့ ၇ ဒသမ ၆ ရာခိုင်နှုန်းဟာ ဒီအခြေအနေကို ကြုံတွေ့ဖူးကြတယ်လို့ ခန့်မှန်းထားပါတယ်။ Sleep Medicine Reviews ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ အဲဒီလေ့လာမှုမှာ ကမ္ဘာတစ်ဝန်းကလူတွေကို ထည့်သွင်းလေ့လာခဲ့ပြီး ကျောင်းသားတွေနဲ့ စိတ်ရောဂါခံစားနေရသူတွေကိုတော့ အဲဒီလေ့လာချက်ထဲ မထည့်ခဲ့ပါဘူး။

လန်ဒန်မြို့ Goldsmiths တက္ကသိုလ်က ပါမောက္ခ ခရစ်စ် ဖရန့်ချ် ရဲ့ အဆိုအရ ဒီအခြေအနေဟာ "ခန္ဓာကိုယ်က နိုးထလာပေမဲ့ ဦးနှောက်ကတော့ အိပ်ပျော်နေဆဲဆိုတာမျိုး" လို့ဆိုပါတယ်။

သူဟာ စိတ်နယ်လွန်ဖြစ်ရပ်တွေလို့ ထင်ရတဲ့အတွေ့အကြုံတွေရဲ့ နောက်ကွယ်က သိပ္ပံနည်းကျ အကြောင်းရင်းတွေကို လေ့လာတဲ့ Anomalistic Psychology Research Unit ကို Goldsmiths တက္ကသိုလ်မှာ တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။

အိပ်ပျော်နေချိန် ခန္ဓာကိုယ်လှုပ်ရှားမရတဲ့ sleep paralysis ဖြစ်စဉ်မှာ အခန်းထဲမှာ ကိုယ့်အပြင် တခြားတစ်ယောက်ယောက် ရှိနေတယ်လို့ ထင်ထင်ရှားရှားကြီး သိနေသလိုအပါအဝင် လက္ခဏာအမျိုးမျိုး ဖြစ်ပေါ်နိုင်ပါတယ်။

"အခန်းထဲမှာ တခြားဘာကိုမှ မမြင်ရ၊ မကြားရပေမဲ့ တစ်ခုခုတော့ ရှိနေတယ်လို့ ခံစားရတာပါ" လို့ ဖရန့်ချ်က ပြောပါတယ်။

အိပ်ပျော်နေချိန် ခန္ဓာကိုယ်လှုပ်ရှားမရတဲ့အခြေအနေမှာ လူတွေဟာ တကယ်တန်း အထိအတွေ့ကို ခံစားရသလို ဖြစ်တာတွေအပါအဝင် အာရုံထဲ ထင်ယောင်ထင်မှားဖြစ်မှုတွေ ကြီးကြီးမားမားကြုံရတတ်ပါတယ်။

"အဲဒါက တကယ့်ကို ကြောက်စရာကောင်းနိုင်ပါတယ်။ ဒါပေမဲ့ အဲဒါဟာ အာရုံထဲ ထင်ယောင်ထင်မှားဖြစ်တဲ့ အတွေ့အကြုံတစ်ခုသာ ဖြစ်ပြီး တကယ်ဖြစ်နေတာ မဟုတ်ပါဘူး" လို့ ဖရန့်ချ်က ပြောပါတယ်။

ကျွမ်းကျင်သူတွေရဲ့ အဆိုအရ စိတ်ထဲမှာ ကြုံသလိုကျပန်းဖြစ်ပေါ်နေတဲ့ အရာတွေထဲမှာ ပုံစံတစ်ခုခု ရှိနေတယ်လို့ ဦးနှောက်က အဓိပ္ပာယ်ကောက်ယူတတ်တဲ့ Pareidolia ဖြစ်စဉ်ကြောင့်လည်း လူတွေဟာ သဘာဝလွန်ဖြစ်ရပ်တွေကို ကြုံတွေ့ရတယ်လို့ ခံစားနိုင်ပါတယ်။

ကနေဒါနိုင်ငံ အက်ဒ်မွန်တန်မြို့၊ MacEwan တက္ကသိုလ်က ပါမောက္ခ ရော့ဒ်နီ ရှမော့လ်ဇ် က "ကျွန်တော်တို့ရဲ့ အမြင်အာရုံစနစ် အလုပ်လုပ်ပုံကြောင့် မျက်လုံးထောင့်စွန်းကနေ တစ်ခုခုကို မြင်လိုက်ရတဲ့အခါ တကယ်က အဲဒီမြင်ရတာက မျက်နှာမဟုတ်ပေမဲ့ မျက်နှာတစ်ခုလို မှားယွင်းမြင်ယောင်မိဖို့ လွယ်ပါတယ်" လို့ ပြောပါတယ်။

စိတ်ဖိစီးမှုများနေချိန်မှာလည်း အဲဒီလို ပုံစံတွေကို ပိုပြီး မြင်ယောင် တွေ့မြင်တတ်တယ်လို့ ဆင်းမွန်စ်မိုးက ပြောပါတယ်။

စိတ်ပညာရှင်တချို့ကတော့ Dissociation လို့ခေါ်တဲ့ စိတ်နဲ့လူနဲ့ မကပ်တဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုကြောင့် တစ်ယောက်တည်းရှိနေချိန်မှာတောင် ကိုယ့်အနားမှာ တခြားတစ်ယောက်ယောက် ရှိနေတယ်လို့ ခံစားရနိုင်တယ်လို့ ယူဆကြပါတယ်။

ဆင်းမွန်စ်မိုးရဲ့ အဆိုအရ Dissociation ဆိုတာ ကိုယ်နဲ့ စိတ် သီးခြားစီဖြစ်နေသလို ခံစားရတဲ့ အခြေအနေပါ။ ဒီအခြေအနေဟာ ပြင်းထန်တဲ့ စိတ်ဖိစီးမှုတွေ ကြုံရချိန်၊ ဥပမာ ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားချိန်မှာ ကိုယ်နဲ့ စိတ်ကွဲကွာသွားသလို ခံစားရတာမျိုး ဖြစ်နိုင်တယ်လို့ သူက ရှင်းပြပါတယ်။

ဒါပေမဲ့ နေ့စဉ်ဘဝမှာလည်း ရင်းနှီးပြီးသား အလုပ်တစ်ခုကို လုပ်ဆောင်နေချိန်၊ ဥပမာ အိမ်ကို ကားမောင်းပြန်လာတဲ့အခါမျိုး လုပ်နေကျအလုပ်တစ်ခုကို အလိုအလျောက် လုပ်ဆောင်နေတဲ့အချိန်မျိုးမှာလည်း ဒီအခြေအနေ ဖြစ်ပေါ်နိုင်ပါတယ်။

တစ်ယောက်ယောက် အနားမှာ ရှိနေတယ်လို့ ခံစားရတဲ့အခါ တကယ်တော့ ကိုယ့်ရဲ့ စိတ်နဲ့ကိုယ် အစိတ်အပိုင်းတစ်ခုကို တခြားလူတစ်ယောက်လို ခံစားနေရတာ ဖြစ်နိုင်တယ်လို့ ဆင်းမွန်စ်မူးက ပြောပါတယ်။ စိတ်ဖိစီးမှုများနေချိန် ဒါမှမဟုတ် အိပ်ရေးပျက်နေချိန်တွေမှာ ဒီလို Dissociation အခြေအနေမျိုး ပိုဖြစ်နိုင်တယ်လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။

သုတေသနတချို့မှာ သဘာဝလွန်ဖြစ်ရပ်တွေကို ကြုံတွေ့ခဲ့ရတယ်လို့ ပြောဆိုသူတွေနဲ့ Transliminality လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ သဘောထားတစ်ခုကြား ဆက်စပ်မှုရှိကြောင်း တွေ့ရှိထားပါတယ်။ Transliminality ဆိုတာက ကိုယ့်ရဲ့ အသိစိတ်နဲ့ မသိစိတ်ကြားက အတွေးတွေ၊ ခံစားချက်တွေနဲ့ ပုံရိပ်တွေဟာ အလွယ်တကူ ကူးပြောင်းဝင်ရောက်လာနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ သဘောထားကို ဆိုလိုပါတယ်။

ဆင်းမွန်စ်မိုးရဲ့ အဆိုအရ ဒီသဘောထားကို မေးခွန်းတွေနဲ့ အကဲဖြတ်နိုင်ပြီး အမှတ်ပိုမြင့်သူတွေဟာ "စိတ်ကူးစိတ်သန်းနဲ့ စိတ်ကူးယဉ်နိုင်စွမ်းကောင်းတဲ့ ဖန်တီးနိုင်စွမ်းမြင့်သူတွေ" ဖြစ်တတ်ပါတယ်။

ဒါ့အပြင် "အနုပညာလက်ရာတွေ၊ ဂီတတွေကြောင့် စိတ်ခံစားမှု ပြင်းပြင်းထန်ထန် ဖြစ်တတ်သူတွေ" ဖြစ်သလို "ကိုယ်မက်ခဲ့တဲ့ အိပ်မက်တွေကို မှတ်မိပြီး အဲဒီအိပ်မက်တွေမှာ အဓိပ္ပာယ်ရှာတတ်သူတွေ" လည်း ဖြစ်ကြတယ်လို့ သူက ရှင်းပြပါတယ်။

သူတို့ဟာ မမြင်ရတဲ့ တစ်စုံတစ်ယောက် ကိုယ့်အနားမှာ ရှိနေတယ်လို့ ခံစားရနိုင်ခြေလည်း ပိုများတယ်လို့ ဆင်းမွန်စ်မိုးက ပြောပါတယ်။ ဒါ့အပြင် အာရုံခံစားမှုတစ်မျိုးကနေ ရရှိတဲ့ သတင်းအချက်အလက်ကြောင့် တခြားအာရုံခံစားမှုတစ်မျိုးပါ တစ်ပြိုင်နက် လှုံ့ဆော်ခံရတဲ့ Synaesthesia လို့ခေါ်တဲ့ အခြေအနေမျိုးလည်း ရှိနိုင်ပါတယ်။

Synaesthesia ဆိုတာ အာရုံခံစားမှုတစ်မျိုးကနေ တခြားအာရုံခံစားမှုတစ်မျိုးကိုပါ တစ်ပြိုင်နက် ခံစားမိတဲ့ အခြေအနေပါ။

ဥပမာ- Synaesthesia ရှိသူတစ်ယောက်ဟာ ပန်းရောင်ကို မြင်လိုက်တဲ့အခါ ပန်းရောင်ဟာ နှင်းဆီပန်းတွေရဲ့ အရောင်ဖြစ်တယ်လို့ မသိစိတ်ထဲမှာ ဆက်စပ်တွေးမိပြီး နှင်းဆီပန်းရနံ့ကိုပါ ရတယ်လို့ ခံစားနိုင်တယ်လို့ ဆင်းမွန်စ်မိုးက ရှင်းပြပါတယ်။

ဒါဟာ တကယ်ပဲ နှင်းဆီပန်းနံ့ ရနေတာမဟုတ်ဘဲ အရောင်ကို မြင်ရုံနဲ့ အနံ့ကိုပါ ခံစားမိတာမျိုးပါ။သုတေသီရဲ့ အယူအဆကတော့ ဒီလို အာရုံခံစားမှုတွေ ရောထွေးဖြစ်ပေါ်နေတာကြောင့် တချို့လူတွေဟာ သဘာဝလွန်ဖြစ်ရပ်တစ်ခုကို ကြုံတွေ့နေရတယ်လို့ ထင်မြင်ခံစားမိနိုင်တယ်လို့ ဆိုပါတယ်။

ပတ်ဝန်းကျင်ကြောင့်လည်း သရဲခြောက်သလို ခံစားရနိုင်

ဖရန့်ချ်ရဲ့ အဆိုအရ တချို့နေရာတွေဟာ တခြားနေရာတွေထက် သရဲခြောက်သလို ပိုခံစားရစေနိုင်ပါတယ်။ "အလင်းရောင်ကောင်းကောင်းရှိတဲ့ နေရာကနေ အလင်းရောင်မှိန်တဲ့ နေရာကို ဝင်သွားတဲ့အခါမျိုး၊ မျက်နှာကျက်မြင့်တဲ့ အဆောက်အအုံတွေထဲ ဝင်သွားတဲ့အခါမျိုးမှာ လူတွေဟာ စိတ်ပူပန်မှုနဲ့ မသက်မသာဖြစ်မှုကို ပိုခံစားရတတ်ပါတယ်" လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ပတ်ဝန်းကျင်ကြောင့် တချို့ သက်ရောက်မှုကတော့ ပိုရှုပ်ထွေးပါတယ်။ ဥပမာအားဖြင့် Infrasound လို့ခေါ်တဲ့ ကြိမ်နှုန်း ၂၀ ဟတ်ဇ်အောက်ရှိတဲ့ အသံလှိုင်းတွေ ဖြစ်ပါတယ်။ ဒီအသံလှိုင်းတွေက စက်ယန္တရားတွေ၊ ယာဉ်အသွားအလာတွေ၊ ရေပိုက်စနစ်နဲ့ အပူပေးစနစ်တွေကနေ ထွက်ပေါ်နိုင်ပြီး အထူးသဖြင့် အဆောက်အအုံဟောင်းတွေမှာ တွေ့ရတတ်ပါတယ်။

Infrasound ကို လူတွေက သာမန်အားဖြင့် နားနဲ့ သတိပြုမိနိုင် ကြားနိုင်ခြင်း မရှိပေမဲ့ လူတွေအပေါ် သက်ရောက်မှုမရှိဘူးလို့တော့ မဆိုနိုင်ဘူးလို့ ရှမော့လ်ဇ်က ပြောပါတယ်။

သူပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာ Infrasound အသံရှိနေတဲ့အတွက် စမ်းသပ်မှုမှာ ပါဝင်သူတွေရဲ့ တံတွေးထဲမှာ စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ ဟော်မုန်းတစ်မျိုးဖြစ်တဲ့ Cortisol ပမာဏ အနည်းငယ် မြင့်တက်လာတာကို တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် သူတို့ဟာ စိတ်တိုလွယ်လာတာနဲ့လည်း ဒီအသံ ဆက်စပ်နေကြောင်း တွေ့ရှိခဲ့ပါတယ်။

Infrasound နဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို ကြုံတွေ့ခံစားရတယ်ဆိုတဲ့ အတွေ့အကြုံတွေကြား ဆက်စပ်မှုရှိ၊ မရှိဆိုတာ အငြင်းပွားစရာ ဖြစ်နေဆဲပါ။ ဖရန့်ချ်ကိုယ်တိုင် ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာလည်း ဒီနှစ်ခုကြား ဆက်စပ်မှုရှိကြောင်း သက်သေမတွေ့ခဲ့ပါဘူး။

Infrasound ရှိနေရုံနဲ့ သဘာဝလွန်ဖြစ်ရပ်တစ်ခုကို ကြုံတွေ့ခံစားရတာမျိုး မဖြစ်နိုင်ဘူးဆိုတာကို ရှမော့လ်ဇ်ကလည်း သဘောတူပါတယ်။ ဒါပေမဲ့ အထူးသဖြင့် စိတ်ပူပန်မှုကြောင့် Pareidolia လို စိတ်ပိုင်းဆိုင်ရာ ဖြစ်စဉ်တွေ ပိုဆိုးလာနိုင်တာကြောင့် Infrasound ဟာ ဒီဖြစ်စဉ်တွေရဲ့ အကြောင်းရင်းတွေထဲက အစိတ်အပိုင်းငယ်တစ်ခု ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

စိတ်ပူပန်တာ၊ ဒါမှမဟုတ် တစ်ခုခုရှိနေတယ်လို့ ခံစားရတာနဲ့ အဲဒီအရာကို သဘာဝလွန်ဖြစ်ရပ်တစ်ခုလို့ ဘာကြောင့် သတ်မှတ်ယူဆနိုင်မှာလဲဆိုတာကတော့ မေးခွန်းတစ်ခု ဖြစ်နေဆဲပါ။

သေပြီး နောက်ဘဝရှိတယ်ဆိုတဲ့ သက်သေလား

ဒီမေးခွန်းရဲ့ အဖြေဟာ လူသားတွေရဲ့ ဆင့်ကဲပြောင်းလဲဖြစ်ပေါ်လာမှုနဲ့ ဆက်စပ်နေနိုင်တယ်လို့ ပညာရှင်တချို့က ယူဆကြပါတယ်။

သဘာဝလွန်ဖြစ်ရပ်တွေကို လူတွေ ဘာကြောင့် ယုံကြည်ကြသလဲဆိုတာ လေ့လာတဲ့ ရိုးရာပုံပြင်နဲ့ ယုံကြည်မှုဆိုင်ရာ သုတေသီ ဒေဘိုရာ ဟိုက်ဒ်က "ကျွန်မတို့ဟာ အမှန်တရားကို သိဖို့ထက် အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် ပိုပြီး သဘာဝအလျောက် ဖွဲ့စည်းထားကြတာပါ" လို့ ပြောပါတယ်။

"ကျွန်မတို့ရဲ့ စဉ်းစားတွေးခေါ်မှုစနစ်နဲ့ အာရုံခံစားမှုစနစ် အများစုဟာ အခြေအနေတစ်ခုရဲ့ အမှန်တရားကို အတိအကျသိဖို့ထက် အသက်ရှင်ရပ်တည်နိုင်ဖို့ကို ပိုပြီး ဦးတည်နေပါတယ်" လို့ သူက ဆိုပါတယ်။

အရင်ခေတ်တွေတုန်းက အဆိုးဆုံးဖြစ်နိုင်ခြေကို အရင်ဆုံး တွေးဆတတ်တာဟာ လူသားတွေရဲ့ ဆင့်ကဲဖြစ်စဉ်မှာ အားသာချက်တစ်ခု ဖြစ်ခဲ့နိုင်ပါတယ်။ ဥပမာ အရိပ်တစ်ခုကို သားရဲတိရစ္ဆာန်လို့ ထင်မြင်တာ၊ ဘာမှန်းမသိတဲ့ အသံတစ်ခုကို အန္တရာယ်တစ်ခုလို့ ယူဆတာမျိုး ဖြစ်ပါတယ်။

ဒါ့အပြင် လူသားတွေမှာ Agency Detection လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ သဘောထားတစ်ခုလည်း ရှိတယ်လို့ ဟိုက်ဒ်က ပြောပါတယ်။

ဒါဟာ ထူးဆန်းတဲ့အရာတစ်ခုကို ကြုံတွေ့ရတဲ့အခါ "တစ်စုံတစ်ယောက် ဒါမှမဟုတ် အသိစိတ်ရှိတဲ့ အရာတစ်ခုခုက ကျွန်တော်တို့အပေါ် ရည်ရွယ်ချက်တစ်ခုခုနဲ့ အဲဒီအရာကို လုပ်ဆောင်ခဲ့တာလို့ အလိုလို ယူဆတတ်ကြတာပါ" လို့ ဖရန့်ချ်က ရှင်းပြပါတယ်။

"အဲဒီကနေတစ်ဆင့် ကျွန်တော်တို့အနားမှာ အန္တရာယ်ပေးနိုင်တဲ့ အရာတွေ ရှိနေနိုင်ပြီး အဲဒီအရာတွေဟာ တစ်ခါတလေ မမြင်ရတဲ့ သက်ရှိသတ္တဝါပုံစံမျိုးစုံ ဖြစ်နိုင်တယ်လို့ တွေးမိဖို့ သိပ်မခက်တော့ပါဘူး" လို့ သူက ပြောပါတယ်။

Confirmation bias လို့ခေါ်တဲ့ ကိုယ်ယုံကြည်ထားတဲ့ အယူအဆကို ထောက်ခံတဲ့ အချက်အလက်တွေကို ပိုပြီး အာရုံစိုက်တတ်တဲ့ စိတ်သဘောထားကလည်း ထူးဆန်းတဲ့ အတွေ့အကြုံတွေကို သဘာဝလွန်ဖြစ်ရပ်တွေလို့ သတ်မှတ်ယူဆရတဲ့ အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါတယ်။

ဟိုက်ဒ်ရဲ့ အဆိုအရ ယဉ်ကျေးမှုတစ်ခုနဲ့တစ်ခု ယုံကြည်မှုတွေ ကွဲပြားနိုင်ပေမဲ့ ဘာသာရေးနဲ့ အယူသီးမှုတွေဟာ လူသားတွေရဲ့ စိတ်သဘောသဘာဝထဲမှာ အခြေခံအားဖြင့် ပါဝင်နေတတ်ပါတယ်။

"သရဲတစ္ဆေတွေ တကယ်ရှိတယ်လို့ ယူဆထားတဲ့ ယုံကြည်မှုစနစ်တစ်ခု ရှိပြီးသားဆိုရင် ထူးဆန်းတဲ့အရာတစ်ခု ကြုံတွေ့တဲ့အခါ 'ဒါဟာ သရဲတစ္ဆေကြောင့်ပဲ' လို့ ရှင်းပြတာဟာ ယုတ္တိမတန်ဘူးလို့ မဆိုနိုင်ပါဘူး" လို့ ဖရန့်ချ်က ပြောပါတယ်။

ဒါ့အပြင် လူသားတွေကိုယ်တိုင်ကလည်း သရဲတစ္ဆေတွေ ရှိတယ်လို့ ယုံကြည်ချင်ကြတာနဲ့ ဒီအချက်က ဆက်စပ်နေနိုင်ပါတယ်။

"ကိုယ်က အမှန်လို့ ယုံကြည်ထားပြီးသားဖြစ်စေ၊ အမှန်ဖြစ်စေချင်တဲ့အရာဖြစ်စေ အဲဒီအယူအဆကို ထောက်ခံပေးတဲ့ သက်သေတွေကို ပိုပြီး အာရုံစိုက်တတ်ကြပါတယ်" လို့ ဖရန့်ချ်က ဆိုပါတယ်။

"သေဆုံးပြီးနောက်မှာလည်း ဘဝတစ်ခု ဆက်ရှိနေတယ်ဆိုတဲ့ အယူအဆအတွက် သရဲတစ္ဆေတွေဟာ သက်သေတစ်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် သေဆုံးပြီးနောက် ဘဝတစ်ခု ရှိနေတယ်ဆိုတာကို ယုံကြည်ချင်သူတွေဟာ သရဲတစ္ဆေတွေ တကယ်ရှိနိုင်တယ်ဆိုတဲ့ အယူအဆကို ပိုပြီး လက်ခံလာနိုင်ပါတယ်" လို့ သူက ပြောပါတယ်။