ချင်းပြည်နိုင်ငံရေး၊ စစ်ရေးစုဖွဲ့မှုနဲ့ နွေဦးကောက်ကြောင်း

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၈

၂၀၂၁ စစ်အာဏာသိမ်းမှုက ချင်းပြည်နယ်မှာ ပြည်မအစိုးရရဲ့လောင်းရိပ်ကလွတ်ကင်းတဲ့ နိုင်ငံရေး၊ စစ်ရေးစုဖွဲ့မှု ရေစီးကြောင်းအသစ်တွေ အားကောင်းလာစေပါတယ်။

ချင်းအရပ်သားတွေပါဝင် စုဖွဲ့တဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ ၂၀ ကျော်အထိ ရှိလာပြီး ဒါဟာ ချင်းသမိုင်းတလျှောက် မကြုံစဖူး နိုးကြားမှုတစ်ခုအဖြစ် သုတေသနတချို့မှာ ဖော်ပြပါတယ်။

ချင်းတပ်ဖွဲ့တွေက မဟာမိတ်တွေနဲ့အတူ စစ်တပ် မထင်ထားလောက်တဲ့နယ်မြေပိုင်စိုးနိုင်တာကို ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်းကို ပြည်နယ်ရဲ့ ၈ ရာခိုင်နှုန်းမှာပဲ ကောက်ယူနိုင်တာကို ကြည့်ရင် သိနိုင်ပါတယ်။

အချိန် ၅ နှစ်ကျော်လာချိန် ၂၀၂၆ ခုနှစ်အတွင်းမှာတော့ စစ်တပ်ရဲ့တန်ပြန်ထိုးစစ်နဲ့ နယ်မြေထိန်းချုပ်မှုဆိုင်ရာလွန်ဆွဲပွဲကို ချင်းတပ်တွေ ဆက်ပြီး ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

ချင်းနွေဦးအစောပိုင်းကာလ သို့မဟုတ် ချင်းကာကွယ်ရေး ဒီရေအမြင့်ဆုံးတက်ချိန်

၂၀၂၄ သန်းခေါင်စာရင်း အရ လူ ၅ သိန်းတောင်မပြည့်လို့ မြန်မာမှာ ဒုတိမြောက် လူဦရေအနည်းဆုံး ချင်းပြည်နယ်ဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ ပေါင်း ၂၀ ကျော်အထိရှိခဲ့ပါတယ်။

သုတေသီအချို့ကတော့ ဒါဟာ ချင်းသမိုင်းတလျှောက်မကြုံစဖူး နိုးကြားမှုလို့ သုံးသပ်ပါတယ်။

နွေဦးတော်လှန်ရေးမတိုင်ခင်ကာလကတည်းက ချင်းပြည်နယ်တွင်း လက်နက်ကိုင်တပ်ရှိတဲ့ နိုင်ငံရေး ဦးဆောင်အဖွဲ့က ချင်းအမျိုးသားတပ်ဦး (CNF/CNA) နဲ့ ဇိုမီးပြန်လည်ပေါင်းစည်းညီညွတ်ရေးအဖွဲ့ (ZRO/ZRA) တို့ပဲရှိတာပါ။

ဒီရေတက်သလို ခပ်မြန်မြန်စုဖွဲ့လာတဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဟာ ချင်းပြည်နယ်တွင်းနဲ့ ပြည်နယ်ပြင်ပ ချင်းတိုင်းရင်းသားတွေနေထိုင်တဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းထဲအထိ စုဖွဲ့ခဲ့ကြပြီး ၂၆ ဖွဲ့အထိ ရှိလာခဲ့ပါတယ်။

စစ်ရေးအရ ဒီလိုစုဖွဲ့မှုတွေအပြင် နိုင်ငံရေးစုဖွဲ့မှုကိုလည်း ၂၀၂၁ ဧပြီလထဲမှာ မြင်လာရပါတယ်။

ချင်းပြည်နဲ့ ချင်းလူမျိုးကိုယ်စား နိုင်ငံရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ဆိုပြီး ဧပြီ ၁၃ ရက်မှာ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) ကို ဖွဲ့စည်းလိုက်တာပါ။

ICNCC ရဲ့ထုတ်ပြန်ချက်အရ အစုအဖွဲ့ ၄ ခုကို အခြေခံ ဖွဲ့စည်းလိုက်တာ တွေ့ရပါတယ်။

  • ချင်းအမျိုးသားတပ်ဦး (CNF/CNA)
  • လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့
  • နိုင်ငံရေးပါတီ အစုအဖွဲ့
  • CDM၊ အရပ်ဘက်အဖွဲ့အစည်း၊ လူငယ်နဲ့အမျိုးသမီးအစုအဖွဲ့ တို့ဖြစ်ပါတယ်။

ပြည်နယ်တွင်းအုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးကို ဦးဆောင်မယ်လို့ ပြောထားတဲ့ ICNCC ပေါ်လာပြီးနောက်မှာ စစ်ရေးစုဖွဲ့မှုအဖြစ် ချင်းဒေသပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC ) ပေါ်ပေါက်လာပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF/CNA)၊ မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ ၉ ဖွဲ့၊ ဒေသကာကွယ်ရေးအဖွဲ့ ၇ ဖွဲ့နဲ့ CDF KKG စတဲ့ အဖွဲ့ ၁၈ ဖွဲ့နဲ့ ဖွဲ့စည်းထားတာပါ။

ဒီစစ်ရေးပူးပေါင်းလုပ်ဆောင်တဲ့ကော်မတီရဲ့အောက်ကနေ တိုက်ပွဲပူးပေါင်းဖော်ဆောင်ပေမဲ့ ဒေသအလိုက် လုပ်ပိုင်ခွင့်ကို မစွက်ဖက်ဘူးဆိုတဲ့မူကို ကိုင်စွဲထားတာပါ။

ဒီစုဖွဲ့မှုတွေဟာ ၂၀၂၃ ခုနှစ်ထဲမှာတော့ ကွဲသွားခဲ့ပါတယ်။

ICNCC ကနေ CNF/ CNA ထွက်သွားပြီး ၂၀၂၃ ဒီဇင်ဘာ ၇ ရက်မှာ ချင်းပြည်ကောင်စီ(CC) ကို ဖွဲ့စည်းလိုက်တာပါ။

ချင်းပြည်နိုင်ငံရေးဦးဆောင်ရာမှာ ထိရောက်တဲ့လုပ်ဆောင်ချက်တွေ မပြုလုပ်နိုင်တာကြောင့်လို့ CNF က သူတို့နုတ်ထွက်ရတဲ့အကြောင်းရင်းကို ပြောပါတယ်။

ချင်းပြည်ကောင်စီဥပဒေအရ ချင်းပြည်ကာကွယ်ရေးဝန်ကြီးဌာနရှိလာမှာဖြစ်တဲ့အတွက်ဆိုပြီး ချင်းကာကွယ်ရေး ၁၈ ဖွဲ့ ပါဝင်တဲ့ CJDC ကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။

ဒီထဲကမှ CNF ရဲ့ စစ်ရေးလက်တံတစ်ခုတည်းဖြစ်ရေးဆိုတဲ့ဦးဆောင်မှုနဲ့ နိုင်ငံရေးစုဖွဲ့မှုနောက်ကို မလိုက်တဲ့အဖွဲ့တွေ့ရှိပါတယ်။

ချင်းပြည်ကောင်စီညီလာခံဟာ ချင်းတမျိုးသားလုံးကို ကိုယ်စားမပြုဘူးလို့ ခံယူတဲ့အဖွဲ့တွေကနေ စီဘီလို့ အတိုကောက်ခေါ်တဲ့ ချင်းညီနောင်(Chin Brotherhood) ပေါ်လာပြီး မကြာခင်မှာပဲ ဖွဲ့စည်းလိုက်ကာ ICNCC ကို ဆက်လက်ဦးဆောင်ပါတယ်။

ချင်းညီနောင်(CB) ကနဦးဖွဲ့စည်းချိန်မှာ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF Zoland)၊ ချင်းအမျိုးသားအစည်းအရုံး (CNO/CNDF) နဲ့ ချင်းအမျိုးသားကောင်စီ(မင်းတပ်) (CNC/CDF Mindat) တို့ ပါ၀င်ပါတယ်။

ဒီနောက်မှာတော့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/MDF)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF-Kanpetlet နဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့မတူပီ (CDF မတူပီ)တို့ ပါဝင်လာပါတယ်။

ချင်းပြည်နယ်တောင်ပိုင်းက ဒီအဖွဲ့တွေဟာ ချင်းပြည်နယ်ထဲ အာရက္ခတပ်တော်(အေအေ) ထိန်းချုပ်ထားတဲ့ ၀လက်၀မြို့နယ်နဲ့ ဆက်စပ်မြို့နယ်တွေက ဖြစ်လို့ ရခိုင်ပြည်နယ်ထဲ နယ်မြေအများစု ထိန်းချုပ်ထားတဲ့အေအေနဲ့လည်း မဟာမိတ်ပြုထားပါတယ်။

ချင်းပြည်ကောင်စီ(CC) ကနေ ဖြစ်ပေါ်လာတဲ့ ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှာတော့ ဒေသနဲ့ မျိုးနွယ်စုအခြေခံတဲ့တပ်ဖွဲ့ ၁၉ ဖွဲ့ပါဝင်တယ်လို့ CNF/CNA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဘီဘီစီကို ပြောပါတယ်။

ဒီလိုနဲ့ နိုင်ငံရေးစုဖွဲ့မှုနဲ့ မျိုးနွယ်စုကွဲပြားမှုတွေကြောင့် ချင်းပြည်ထဲမှာ ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံရေးဦးဆောင်အဖွဲ့ ၂ ဖွဲ့ဖြစ်သွားပါတယ်။

ချင်းပြည်ကောင်စီ (CC)နဲ့ ချင်းညီနောင် (CB) တို့ဟာ ထင်ရှားတဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့တွေ ဖြစ်လာပါတယ်။

၂၀၂၄ ခုနှစ်ဟာ ဒီနှစ်ဖွဲ့ရဲ့ နယ်မြေပိုင်စိုးမှုတွေကလည်း များလာသလို တဖက်မှာလည်း အချင်း ချင်းကြား တူမီးအက်ကြောင်းတွေလည်းရှိလာတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။

ချင်းပြည် ၉၀ ရာခိုင်နှုန်းအထိ သိမ်းနိုင်တဲ့ ချင်းတပ်တွေ

ချင်းကာကွယ်ရေးတပ်တွေဟာ ၂၀၂၃ ခုနှစ်ထဲမှာ ချင်းပြည်နယ်နဲ့ စစ်ကိုင်းထဲက မြို့ ၈ မြို့ကို သိမ်းနိုင်ခဲ့ပြီး ၂၀၂၄ ထဲမှာတော့ မြို့နယ်လိုက် သိမ်းတဲ့အထိကို လှမ်းနိုင်ခဲ့ပါတယ်။

၂၀၂၃ ထဲမှာ သိမ်းခဲ့တဲ့ မြို့များ

  • တမူးမြို့နယ်၊ ခမ်းပတ်မြို့ (၇ ရက် နိုဝင်ဘာ ၂၀၂၃)
  • ဖလမ်းမြို့နယ်၊ ရိဒ်ခေါဒါရ်မြို့ (၁၃ ရက် နိုဝင်ဘာ ၂၀၂၃)
  • မတူပီမြို့နယ်၊ လိုင်လဲန်းပီမြို့ (၂၄ရက် နိုဝင်ဘာ၂၀၂၃)
  • မတူပီခရိုင်၊ ရေဇွာမြို့ (၂၉ရက် နိုဝင်ဘာ ၂၀၂၃)
  • ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ (၃၀ရက်၊နိုဝင်ဘာ ၂၀၂၃)
  • ထန်တလန်မြို့နယ်၊ နှာရိန်းမြို့ ( ၃၀ရက် နိုဝင်ဘာ ၂၀၂၃)
  • ဟားခါးမြို့နယ်၊ ဆူရ်ခွားမြို့ (၃၀ရက် နိုဝင်ဘာ၂၀၂၃)
  • မင်းတပ်မြို့နယ်၊ မကွီးအိမ်နူးမြို့ (၃၀ရက်၊ နိုဝင်ဘာ ၂၀၂၃ခုနှစ်)

၂၀၂၄ ထဲမှာတော့ မြို့နယ်တစ်ခုချင်းစီရဲ့ အဓိကမြို့ တွေအပါအဝင် ၈ မြို့ကို ထပ်သိမ်းပါတယ်။

  • ပလက်ဝမြို့ (၁၄ရက် ဇန်နဝါရီ ၂၀၂၄)
  • ပလက်ဝမြို့နယ်၊ ဆမီးမြို့ (၁၆ရက် ဇန်နဝါရီ ၂၀၂၄)
  • ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ (၂၉ရက် ဧပြီ ၂၀၂၄)
  • တွန်းဇံမြို့ (၂၃ရက် မေ ၂၀၂၄)
  • တွန်းဇံမြို့နယ်၊ ကျီခါးမြို့ (၂၃ရက် မေ ၂၀၂၄)
  • မတူပီမြို့ (၂၉ရက် ဇွန် ၂၀၂၄)
  • မင်းတပ်မြို့ (၂၁ရက် ဒီဇင်ဘာ ၂၀၂၄ )
  • ကန်ပက်လက်မြို့(၂၂ ရက် ဒီဇင်ဘာ ၂၀၂၄ )

၂၀၂၅ ဧပြီ ၇ ရက်မှာတော့ ဖလမ်းမြို့ကို ၅ လကြာတိုက်ယူပြီးတဲ့နောက် ချင်းညီနောင် တပ်ဖွဲ့က သိမ်းယူခဲ့ပါတယ်။

ဒါကြောင့် တမူးမြို့နယ်ထဲက ခမ်းပတ်မြို့မပါရင် ချင်းပြည်နယ်ထဲက မြို့ပေါင်း ၂၀ ရှိတဲ့ထဲက ၁၆ မြို့ကို ချင်းတပ်တွေနဲ့ မဟာမိတ် အာရက္ခတပ်တော်(အေအေ) က ထိန်းချုပ်ထားခဲ့ပါတယ်။

ဒီလိုစစ်တပ်ရဲ့တပ်စခန်းတွေကို သိမ်းယူနေချိန်မှာ ချင်းတပ်အချင်းချင်းကြားမှာလည်း ပဋိပက္ခတွေရှိခဲ့ပါတယ်။

၂၀၂၄ ဇွန် ၁၈ ရက်က မတူပီမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်လှည့်ထားတဲ့ ချင်း လက်နက် ကိုင်တပ်နှစ်ဖွဲ့ ရဲ့သေနတ်ပြောင်းတွေဟာ အချင်းချင်းကြား ပြန်လှည့်ပြီး အပြန်အလှန်ပစ်ခတ်တာတွေ ဖြစ်ခဲ့ပါတယ်။

ချင်းညီနောင်က မတူပီအခြေစိုက် ခလရ ၁၄၀ ကို ချင်းအမျိုးသားတပ်ဦးရဲ့ စစ်ရေးလက်တံ CNA နဲ့လည်း တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

CNA ဘက်က တိုက်ပွဲအတွင်းအကျအဆုံးကို အတိအကျထုတ်ပြန်တာမရှိပေမဲ့ CB ဘက်က တော့ CDF မင်းတပ် ရဲဘော် ၂ ဦး ကျဆုံးပြီး အများအပြားဒဏ်ရာရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

မတူပီကို ခွင့်ယူပြီး ပြန်သွားကြတဲ့ ချင်းညီနောင်အဖွဲ့ဝင် ၅ ဦးကိုလည်း CNA က ဖမ်းဆီးခဲ့တယ်လို့ CB ဘက်က ထုတ်ပြန်တာရှိပါတယ်။

CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကတော့ CNA အနေနဲ့ ချင်းညီနောင်ကို တိုက်တာမဟုတ်ဘဲ မဟာမိတ်ဖြစ်တဲ့ အာရက္ခတပ်တော်(အေအေ)ကို တိုက်တာဖြစ်တယ်လို့ ဘီဘီစီရဲ့မေးမြန်းချက်ကို ၂၀၂၄ ခုနှစ်တုန်းက ပြန်လည် ဖြေဆိုထားပါတယ်။

အဲဒီလထဲမှာပဲ ကနေဒီစခန်း သိမ်းပိုက်တာကို PDA-Tedim နဲ့ PDF Zoland အငြင်းပွားတာ လည်းရှိခဲ့ပါတယ်။

၂၀၂၄ ထဲမှာ ဇူလိုင်လမှာတော့ CDF/CNAနဲ့ CDF-Mara တို့ သိမ်းထားတဲ့ လိုင်လင်းပီမြို့ကို ချင်းညီနောင်အဖွဲ့ဝင် MTC/MDF က အာရက္ခတပ်တော်အကူအညီနဲ့ သိမ်းယူလိုက်ပါတယ်။

ပလက်ဝမြို့ကို အေအေရဲ့ သိမ်းပိုက်ရယူမှုအပြီးကတည်းက CNF/CNA အပါအဝင် ချင်းအသိုင်းအဝိုင်းကြားမှာ ချင်းညီနောင်နဲ့ အာရက္ခတပ်တော်ရဲ့မဟာမိတ်ဖွဲ့စည်းမှုကို ဝေဖန်တာတွေရှိနေပါတယ်။

ချင်းညီနောင် (CB)ဘက်ကတော့ အာရက္ခတပ်တော်(အေအေ)နဲ့မဟာမိတ် ဖွဲ့စည်းတာဟာ အာဏာရှင် ပြုတ်ကျရေးအတွက် အေအေက ကူညီပေးတာ ဖြစ်တယ်လို့ ၂၀၂၄ သြဂုတ် ၁၅ ရက် သတင်းစာရှင်းလင်းပွဲမှာ CB ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ပြောထားပါတယ်။

ချင်းညီနောင်က အနာဂတ်ချင်းပြည်အုပ်ချုပ်ရေးမှာ အေအေနဲ့ ပလက်ဝအရေး တိကျတဲ့ ဆွေးနွေးချက်ကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

၂၀၂၅ ဇူလိုင်ထဲမှာ ချင်းညီနောင်အဖွဲ့ဝင် CNO/CNDF က CNF/CNAနဲ့ CDF ဟွာလ်ငိုးရိမ် တို့ ထိန်းထားတဲ့ ရိဒ်ခေါ်ဒါရ်နယ်စပ်မြို့ကို ဝင်တိုက်ခဲ့ပါတယ်။

အပြန်အလှန်အနေနဲ့ CNF/CNA က CNO/CNDF ဌာနချုပ်ကို ဝင်သိမ်းခဲ့ပါတယ်။

အဲဒီတစ်လတည်းမှာပဲ ကန်ပက်လက်မြို့နယ်ထဲမှာ CDF-Daai နဲ့ CDF ကန်ပက်လက်တို့ အကြား နယ်မြေအငြင်းပွားတာလည်း ရှိခဲ့တာပါ။

နယ်မြေထိန်းချုပ်မှုကို ခြုံကြည့်ရရင်တော့ ချင်းပြည်နယ်ထဲမှာ CC ကနေဖြစ်လာတဲ့ ချင်းပြည်ကာကွယ်ရေးဝန်ကြီးဌာနတပ်တွေက မြောက်ပိုင်းမြို့နယ်တွေက မြို့တွေကို သိမ်းထားပြီး ချင်းညီနောင်ကတော့ တောင်ပိုင်းမြို့နယ်တွေကို သိမ်းထားနိုင်တဲ့အခင်းအကျင်းဖြစ်ပါတယ်။

နယ်မြေပိုင်စိုးမှုအရတော့ ချင်းညီနောင် CB က အများစုရရှိထားတာပါ။

ချင်းပြည်နယ်မြို့နယ် ၉ ခုမှာ စစ်တပ်က မြို့တော် ဟားခါး၊ တီးတိန်နဲ့ ထန်တလန်မြို့ပေါ် နေရာတွေမှာသာ ကျန်တဲ့အနေအထားကို ၂၀၂၅ ခုနှစ် တတိယ ၃ လပတ်ထဲမှာ တွေ့ရပါတယ်။

အဲဒီနှစ်အောက်တိုဘာလမှာတော့ စစ်တပ်ဟာ လက်လွတ်နယ်မြေတွေကို ပြန်လည်ရယူဖို့ ချင်းပြည်ကို တန်ပြန်ထိုးစစ်ဆင်လာပါတယ်။

၂၀၂၅-၂၀၂၆ အကူးအပြောင်းကာလ တန်ပြန်ထိုးစစ်နဲ့ ချင်းတပ်ဖွဲ့တွေရဲ့ ခုခံစစ်

ရှမ်းမြောက်အပစ်ရပ်သွားတဲ့နောက်မှာ ချင်းပြည်နယ်ကို အင်အား ၇၀၀ ဝန်းကျင်ပါ ရွှေ့လျားစစ်ကြောင်းပုံစံနဲ့ စစ်တပ်ဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာမှာ စစ်ကြောင်း ထိုးပါတယ်။

ကလေး-သိုင်းငင်းလမ်း၊ ကလေး-နတ်ချောင်းလမ်းနဲ့ တီးတိန်-ကလေးလမ်း ၃ကြောင်းခွဲပြီး စစ်ထိုးလာတာပါ။

ဒီထိုးစစ်အတွင်းမှာ ချင်းတပ်ဖွဲ့တွေဘက်က ဝေဘူလမြို့ကို လက်လွှတ်ခဲ့ရပါတယ်။

ချင်းမြောက်ပိုင်းထိုးစစ်မှာ စစ်တပ်ဟာ မြေပြင်အင်အားနဲ့ လေကြောင်းကို အများအပြားသုံးပြီး ၂၀၂၆ ဧပြီ ၂၅ ရက်မှာ ဒုတိယမြို့တော် ဖလမ်းမြို့ကို ပြန်သိမ်းလိုက်ပါတယ်။

ဖလမ်းကိုသိမ်းပြီး ရက်ပေါင်း ၂၀ ကျော်အကြာ မေ ၁၉ ရက်မှာ ချင်းမြောက်ပိုင်းက တွန်းဇံမြို့ကို စစ်တပ်က သိမ်းပြီး ချင်းပြည်စစ်ရေးရဲ့ချိန်ခွင်လျှာ ပြောင်းလဲလာတာတွေ့ လာရပါတယ်။

စစ်တပ်က ရိဒ်ခေါ်ဒါရ်နယ်စပ်မြို့က လွဲရင် ချင်းမြောက်ပိုင်းကို ၂၀၂၆ ပထမနှစ်ဝက်ထဲမှာ ဇိုမီးအဖွဲ့အဖြစ်တဲ့ ZRO/ZRA၊ စစ်မှုထမ်းအင်အား ပူးပေါင်းမှုတွေနဲ့ ပြန်လည်သိမ်းယူထားပါတယ်။

မြောက်ပိုင်းကို အချိန်မြန်မြန်နဲ့ စစ်တပ်က သိမ်းနိုင်တာဟာ ဖလမ်းကျသွားတာကြောင့်ဖြစ်တယ်လို့ စစ်ရေးစောင့်ကြည့်သူ CDM ဗိုလ်ကြီးဇင်ယော်က ၂၀၂၆ မေလထဲမှာ ဖြေထားပါတယ်။

မဏိပူရမြစ်ကို စစ်တပ်ရောက်လာချိန်မှာ ချင်းတပ်တွေရဲ့ ခုခံအားကျသွားတယ်လို့လည်း သူက သုံးသပ်ပါတယ်။

စစ်တပ်ဟာ လက်ရှိအချိန်အထိ ချင်းမြောက်ပိုင်းမြို့နယ် ၅ မြို့နယ်ကို ထိန်းချုပ် ထားပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်းကို ထိန်းချုပ်ထားတဲ့စစ်တပ်ဟာ တောင်ပိုင်းကိုလည်း မြောက်ပိုင်းထိုးစစ်ထက်သာလွန်တဲ့ အင်အားသုံးပြီး ဝင်လာပါတယ်။

စစ်တပ်က ချင်းတောင်ပိုင်းကို ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းမှာ အင်အားအလုံးအရင်းသုံးပြီး မြေပြင် စစ်ကြောင်းတက်ပါတယ်။

စစ်တပ်ရဲ့မြေပြင်စစ်ကြောင်းအင်အား ၂,၀၀၀ နဲ့အထက်မှာရှိတာကို ချင်းတောင်ပိုင်း တပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီတိုက်ပွဲကို ချင်းတောင်ပိုင်းမြို့နယ်အခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ CDF မင်းတပ်၊ CDF ကန်ပက်လက်၊ CDF မတူပီနဲ့ CDF ဒိုင်ရ်တို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ CPU/CPA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ပူးပေါင်းတိုက်ခိုက်ပါတယ်။

CPU/CPA က ချင်းညီနောင်အဖွဲ့ဝင်တွေထဲကမှ တောင်ပိုင်းအဖွဲ့တွေချင်း ထပ်မံဖွဲ့စည်းလိုက်တဲ့ မဟာမိတ်အဖွဲ့တစ်ခုဖြစ်ပါတယ်။ ဒီအဖွဲ့ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်မှာ ဖွဲ့စည်းလိုက်တာပါ။

စစ်တပ်ဟာ ဒီမဟာမိတ်အဖွဲ့ရဲ့နယ်မြေ၊ ချင်းတောင်ပိုင်းနဲ့ကပ်လျက် မကွေးတိုင်းထဲက ဆိပ်ဖြူ-ပေါက်-ကျောက်ထုလမ်းကနေ မင်းတပ် မြို့နယ်ထဲကို ဝင်လာသလို ဆိပ်ဖြူ-လောင်းရှည်-ဆောလမ်းကနေ ကန်ပက်လက်ထဲကို ဝင်လာတာပါ။

စစ်တပ်ရဲ့ဒီထိုးစစ်ကတော့ ၂၀၂၆ စက်တင်ဘာအထိ လေကြောင်းကနေ ဆက်တိုက် ဖိအား ပေးတိုက်ခိုက်နေပေမဲ့ ထိုးစစ်ကတော့ မင်းတပ်မြို့၊ ကန်ပက်လက်မြို့အထိ မရောက် လာသေးဘူးလို့ ချင်းစစ်ရေးသတင်းအရင်းအမြစ်ရဲ့ပြောပြချက်အရသိရပါတယ်။

မြေပြင်စစ်ကြောင်း ရှေ့မရောက်တဲ့စစ်တပ်ဟာ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေထဲမှာတော့ ၂၀၂၆ ခုနှစ်၊ ဇွန်လနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်နေလို့ အရပ်သားထိခိုက်သေဆုံးမှုတွေလည်းရှိနေပါတယ်။

ချင်းပြည်ရဲ့ မြေပြင်အနေအထားဟာ အရှေ့ကနေ အနောက်ဘက်ကို မြေပြင်စစ်ကြောင်းထိုးဖို့ ခက်ခဲတာကြောင့် ရခိုင်ပြည်နယ် ဝင်ပေါက် ပလက်ဝမြို့နယ်အထိရောက်ဖို့ အချိန်ပိုယူရနိုင်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော် ကသုံးသပ်ထားပါတယ်။

ချင်းပြည်နယ်ထဲက ပလက်ဝ၊ မင်းတပ်၊ ကန်ပက်လက်နဲ့ မတူပီမြို့နယ်တွေကတော့ ချင်း ညီနောင်ကနေ ၂၀၂၆ အောက်တိုဘာလအထိ ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပါတယ်။

ချင်းလူထုအတွက် အရေးကြီးတဲ့ CC နဲ့ CB တွေ့ဆုံရေး အခြေအနေ

ချင်းအရေးသုံးသပ်သူတွေပြောကြားချက်နဲ့ နှစ်ဖက်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ ချင်းပြည်ကောင်စီ CC က နိုင်ငံရေးဦးစားပေးပြီး CB ကတော့ နယ်မြေပိုင်စိုးရေးစစ်ရေးကို ဦးစားပေးတာတွေ့ရပါတယ်။

နှစ်ဖွဲ့စလုံးက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပေမဲ့ နိုင်ငံရေးရည်မှန်းချက်၊ အနာဂတ်အုပ်ချုပ်ရေးပုံစံနဲ့ ခေါင်းဆောင်မှုအစီအစဥ်တွေ မတူကြဘူးလို့ ချင်းရေးရာအဖွဲ့ ရဲ့ ၂၀၂၅ ဒီဇင်ဘာ ၂၆ ရက်ထုတ် အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။

လက်ရှိစစ်ရေးအခြေအနေမှာ CB က မြေပြင်အင်အား အားကောင်းပြီး ချက်ချင်းတုန့်ပြန်နိုင်တဲ့ အဖွဲ့ဖြစ်ပေမဲ့ နိုင်ငံရေးရည်ရွယ်ချက်ပိုင်းမှာ မပြည့်စုံသေးဘူးလို့ ချင်းရေးရာအဖွဲ့က သုံးသပ်ပါတယ်။

CC ကတော့ နိုင်ငံရေးအမြင်နဲ့ အနာဂတ်အုပ်ချုပ်ရေးအတွက် အရေးပါပေမဲ့ လက်ရှိတိုက်ပွဲအခြေအနေမှာ စစ်ရေးအင်အား မလုံလောက်သေးဘူးလို့ ဆိုပါတယ်။

ချင်းပြည်နယ်အတွက် အကောင်းဆုံးကတော့ CB ရဲ့ စစ်ရေးစွမ်းအားနဲ့ CC ရဲ့ နိုင်ငံရေးမူဝါဒကို ပေါင်းစည်းတာဖြစ်တယ်လို့ ချင်းရေးရာအဖွဲ့က သုံးသပ်ပါတယ်။

ဒီနှစ်ဖွဲ့ရဲ့ပြန်လည်သင့်မြတ်ရေးအတွက် ၂၀၂၄ စက်တင်ဘာ ၂၁ ရက်မှာ တွေ့ဆုံမှုရှိခဲ့ပါတယ်။ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့ဇွန်လနောက်ပိုင်းတွေ့ဆုံဆွေးနွေးမှုလည်းဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊အိုက်ဇောမြို့မှာ ဇိုပြန်လည်ပေါင်းစည်းရေးအဖွဲ့အစည်း Zoro က ဦးဆောင်ပြီး တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ပြုလုပ်နိုင်ခဲ့တာပါ။

အဲဒီတွေ့ဆုံပွဲကို ချင်းပြည်အစိုးရအဖွဲ့ ၊ ချင်းအမျိုးသားတပ်ဦး CNF၊ ကြားကာလချင်း အမျိုးသား အတိုင်ပင်ခံကောင်စီ(ICNCC)၊ ချင်းညီနောင်က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

''ချင်းလက်နက်ကိုင် အဖွဲ့အချင်းချင်း သဘောထားမတိုက်ဆိုင်ရင် အင်အားသုံးဖြေရှင်းတာမလုပ်ဖို့'' အပါအဝင် အချက် ၅ ချက်ကို ကနဦး သဘောတူညီမှုရခဲ့ပါတယ်။

သဘောတူညီချက်အရ နှစ်ဖက်ပြေလည်ဖို့ ဆက်လက်တွေ့ဆုံညှိနှိုင်းတာတွေနဲ့ သင့်မြတ်ရေးကော်မတီတစ်ခုဖွဲ့စည်းတာတွေလည်း ရှိလာမှာဖြစ်ပါတယ်။

အဲဒီတွေ့ဆုံမှုအပြီး ၂ နှစ်နီးပါးအကြာမှ CC နဲ့ ICNCC/CB ပြန်လည်စေ့စပ်ရေးအတွက် ဒီနှစ် သြဂုတ် ၆ ရက်ကနေ ၈ ရက်အထိ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မှာ ချင်းငြိမ်းချမ်းရေးညီလာခံ ထပ်ပြုလုပ်ခဲ့ပါတယ်။

နှစ်ဖွဲ့လုံးရဲ့ ကိုယ်စားလှယ်တွေ စားပွဲဝိုင်းတခုတည်းမှာ ဆွေးနွေးတာတော့မဟုတ်ပါဘူး။

Chin Peace and Reconciliation Initiative -CPRI က ချင်းပြည်ကောင်စီ (CC) နဲ့ ICNCC/CB ကိုယ်စားလှယ်တွေကို သီးခြားတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

"CCနဲ့ CB တွေ့ဆုံရေးအတွက် CPRIက တဖွဲ့ချင်းသီးသန့်တွေ့ဆုံတာမျိုးပါ။ CPRIက ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ သိတာကိုမေးမြန်းတာရှိပါတယ်"လို့ CNF/CNA ပြောခွင့်ရ ဆလိုင်းထက်နီက ဘီဘီစီကို သြဂုတ် ၂၁ ရက်မှာ ပြောပါတယ်။

ဒီတွေ့ဆုံပွဲမှာ ချင်းတောင်ပိုင်းအဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ CPU/CPA ကိုယ်စားလှယ်တော့ မတွေ့ရဘူးလို့ ချင်းဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။

ချင်းညီနောင်နဲ့ CPU/CPA ပြောခွင့်ရ ဆလိုင်းယောမန်ကိုလည်း ဘီဘီစီက အိုက်ဇောလ်ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ပတ်သက်လို့ စာပို့မေးမြန်းထားပေမဲ့ ပြန်လည်ဖြေဆိုတာမရှိပါဘူး။

အဲဒီနောက် ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်မှာတော့ ဒီနှစ်ဖွဲ့ ကိုယ်စားလှယ်တွေ မီဇိုရမ်မှာတွေ့ဆုံပြီး ချင်းအမျိုးသားကောင်စီ (CNC) ကိုဖွဲ့စည်းဖို့ သဘောတူညီချက်ရှိခဲ့တယ်လို့ဆိုပြီး အိန္ဒိက လာတဲ့သတင်းတွေက ဖော်ပြပါတယ်။

CC နဲ့ ICNCC တို့ဟာ ရေရှည်နိုင်ငံရေးရည်မှန်းချက်တွေ အကောင်အထည်ဖော်နိုင်ဖို့ CNC ဖွဲ့စည်းရာမှာ အုပ်ချုပ်ရေးဆိုင်ရာဖွဲ့စည်းပုံတစ်ရပ် အတူရေးဆွဲသွားဖို့ သဘောတူခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

နောက်ပြီး ဒေသတွင်း၊ ပြည်နယ်အဆင့်နှင့် နိုင်ငံအဆင့်တို့တွင် ငြိမ်းချမ်းရေးနဲ့ ဆွေးနွေးညှိနှိုင်းရေး လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်သွားရန်လည်း သဘောတူထားကြတယ်လို့ ဆိုပါတယ်။

သုတေသနအဖွဲ့ဖြစ်တဲ့ ချင်းရေးရာအဖွဲ့ကတော့ ချင်းပြည်နယ်တွင်းမှာ နိုင်ငံရေး စစ်ရေး ဦးဆောင်အဖွဲ့တွေကြား ပူးပေါင်းဆောင်ရွက်မှု အရေးကြီးတယ်လို့ သတိပေးပြီး ကွဲပြားမှုမှာ ထိခိုက်ဆုံးရှုံးရမယ့်သူတွေက အဖွဲ့အစည်းတွေ မဟုတ်ဘဲ ချင်းလူထုဖြစ်တယ်ဆိုတဲ့အချက်ကို သတိပေးထားပါတယ်။