နိုဝင်ဘာ ၁ ရက် သတင်းအနှစ်ချုပ် - ရုရှားဓာတ်ငွေ့ကို ထား၀ယ်ကနေတဆင့် ထိုင်းအထိဖြန့်ဖို့ နေပြည်တော်ဆွေးနွေး

ဓာတ်ပုံ ရင်းမြစ်, MRTV/ Screengrab
ရုရှားကနေ တင်သွင်းလာတဲ့ LPG ဓာတ်ငွေ့ကို တနင်္သာရီတိုင်း၊ ထား၀ယ်ဒေသကနေတဆင့် ထိုင်းနိုင်ငံအထိ တင်ပို့နိုင်ဖို့ မြန်မာ- ထိုင်း- ရုရှား ၃ နိုင်ငံ ပူးပေါင်းနိုင်မယ့်အကြောင်း နေပြည်တော် လျှပ်စစ်နဲ့ စွမ်းအင်၀န်ကြီး ဦးကိုကိုလွင်က ပြောပါတယ်။
ရုရှားဓာတ်ငွေ့ကို ထား၀ယ်ကနေတဆင့် ထိုင်းနဲ့ တရုတ်တို့အပြင် အရှေ့တောင်အာရှတလွှား ပို့နိုင်တဲ့အခွင့်အလမ်းရှိတယ်လို့ဆိုပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောပြီး လပိုင်းအကြာမှာပဲ နေပြည်တော်ဘက်က ထပ်ပြောလာတာဖြစ်ပါတယ်။
အိမ်နီးချင်း ထိုင်းနိုင်ငံဟာ မြန်မာဓာတ်ငွေ့ကို မှီခိုနေပြီး ၂၀၂၁ ခုနှစ် မြန်မာက စစ်အာဏာသိမ်းမှုနောက်ပိုင်း စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် အနောက်နဲ့ ဥရောပကုမ္ပဏီတွေ ထွက်ခွာသွားတဲ့အခါ ထိုင်းဟာ လက်ရှိမှာ မြန်မာက ဓာတ်ငွေ့တူးဖော်လုပ်ငန်းတွေမှာ အများဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်နေပါတယ်။
လျှပ်စစ်နဲ့ စွမ်းအင်၀န်ကြီး ဦးကိုကိုလွင်ကတော့ ထားဝယ်ဒေသမှာ သဘာဓာတ်ငွေ့အရည်ပျော်အခြေစိုက်စခန်း (LNG Terminal) တည်ဆောက်မယ်ဆိုရင် စွမ်းအင်အခက်အခဲကို ကျော်ဖြတ်မယ်လို့ဆိုပြီးပြောပါတယ်။
LNG အပါအဝင် လောင်စာဆီ တင်ပို့နိုင်ဖို့ မြန်မာနဲ့ ရုရှားကြား နှစ်နိုင်ငံသဘောတူစာချုပ် (MoU) ထိုးပြီးဖြစ်သလို ထိုင်းနဲ့ မြန်မာကလည်း လျှပ်စစ်နဲ့စွမ်းအင်ကဏ္ဍပူးပေါင်းဖို့ MoU ထိုးဖို့ ရှိနေတာကြောင့် သုံးနိုင်ငံပူးပေါင်းလုပ်ဖို့ အချိန်ကောင်းဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
ဦးကိုကိုလွင်ဟာ မနေ့တုန်းက ထိုင်းနိုင်ငံကို ရောက်ချိန် ထိုင်းနိုင်ငံစွမ်းအင်ဝန်ကြီး Mr. Akanat Promphan နဲ့ ရုရှားနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Mr. Maxim Reshetnikov တို့နဲ့ သီးသန့်တွေ့ပြီး သုံးနိုင်ငံပူးပေါင်းဖို့ ဆွေးနွေးခဲ့တာလို့ နေပြည်တော်က သတင်းထုတ်တာဖြစ်ပါတယ်။
အထူးသဖြင့် ရုရှား သဘာဝဓာတ်ငွေ့ရည် (LNG) ကို မြန်မာကိုသယ်ပြီး ထိုင်းနဲ့ မျှဝေသုံးကာ မြန်မာ - ထိုင်း နှစ်နိုင်ငံစွမ်းအင်အခက်အခဲကို ဖြေရှင်းနိုင်မယ်လို့ နေပြည်တော်ဘက်က ဆွေးနွေးခဲ့ပါတယ်။
ထားဝယ်ဒေသကနေတဆင့် မြန်မာနိုင်ငံအတွင်းနဲ့၊ ထိုင်းနိုင်ငံအတွင်းကို သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေ သွယ်တန်းပြီးဖြစ်လို့ အဲဒါကို အသုံးချပြီး ထားဝယ်မှာ သဘာဓာတ်ငွေ့အရည်ပျော်အခြေစိုက်စခန်း (LNG Terminal) တည်ဆောက်မယ်လို့ပါ ထည့်ပြောခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
နေပြည်တော်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ဟာ သူ့ရဲ့ နိုင်ငံတကာခရီးစဉ်တိုင်းမှာ ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်လေ့ရှိပြီး တဖက်မှာလည်း ဆယ်စုနှစ်ချီကြာအောင် ရှေ့မဆက်နိုင်တဲ့ ဒီစီမံကိန်းကို ရှေ့တိုးနိုင်ဖို့ ရုရှားနဲ့ အဓိကပူးပေါင်းရေး အကောင်အထည်ဖော်နေပါတယ်။
အခုနှစ် အောက်တိုဘာလအတွင်းမှာ ဦးမင်းအောင်လှိုင်နဲ့ သူ့လက်ထောက် ဒုသမ္မတ ဦးညိုစောတို့ဟာ ဒေသဖွံ့ဖြိုးရေးလို့ဆိုပြီး ထားဝယ်ခရိုင်ကို မကြာခဏ ခရီးသွားနေသလို စစ်ရေးအရလည်း နယ်မြေပြန်ထိန်းချုပ်နိုင်ဖို့ စစ်တပ်က ကြိုးပမ်းနေပါတယ်။
တဖက်မှာလည်း ထားဝယ်ခရိုင်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေနဲ့ မြန်မာစစ်တပ်ကြား မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်လေ့ရှိပြီး လောင်းလုံး၊ သရက်ချောင်းတို့ဘက်မှာ တော်လှန်ရေးအင်အားစုတွေက နယ်မြေစိုးမိုးထိန်းချုပ်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်ကပဲ သရက်ချောင်းမြို့နယ်၊ သညော်ဆီ(ကညင်ချောင်း) ရွာကို မြန်မာစစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့လို့ အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) က သတင်းထုတ်ပြန်ပါတယ်။
လွိုင်ကော်အရှေ့ခြမ်း စစ်ရှောင်စာသင်ကျောင်းကို စစ်တပ် ဗုံးကြဲမှု အမိန့်ပေးသူအဆင့်ဆင့်ကို ဖော်ထုတ်မယ်လို့ IEC ပြော

ဓာတ်ပုံ ရင်းမြစ်, IEC
ကယား (ကရင်နီ) ပြည်နယ်က လွိုင်ကော်မြို့နယ်အရှေ့ခြမ်းမှာဖွင့်လှစ်ထားတဲ့ ဝမ်ငေါ့စစ်ရှောင် စာသင်ကျောင်းမှာ ထမင်းစားနေချိန် ဗုံးကြဲခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လေယာဉ်မောင်းနှင်သူတွေနဲ့ အဆင့်ဆင့်ကွပ်ကဲသူတွေကို ဖော်ထုတ်သွားမယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ပြောပါတယ်။
ဝမ်ငေါ့စစ်ရှောင်ကျောင်း ဗုံးကြဲခံရမှုမှာ ကလေးငယ် ၃ ဦး နေရာမှာတင်သေဆုံးခဲ့လို့ တရားမျှတမှုရရေး ဥပဒေကြောင်းအရအရေးယူနိုင်အောင်ဆောင်ရွက်မယ်လို့ လို့ IEC အတွင်းရေးမှူး ၂ ဖြစ်တဲ့ ကိုဗညားခွန်အောင်က ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ မနေ့ အောက်တိုဘာ ၃၁ ရက်ဟာ စနေနေ့ဖြစ်ပေမဲ့ ကရင်နီဒေသကစာသင်ကျောင်းတွေဟာ မြေပြင်အခြေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်းအန္တရာယ်အပေါ်မူတည်ပြီး ကျောင်းဖွင့်ခဲ့တာပါ။
စာသင်ကျောင်းဗုံးကြဲခံရလို့ ၃ တန်းကျောင်းသားတစ်ဦး၊ ၅ တန်းနဲ့ ၇ တန်းက ကျောင်းသူ တစ်ဦးစီသေဆုံးခဲ့ပါတယ်။
ဒါအပြင် နောက်ထပ်ကလေးငယ် ၅ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့လို့ ဆေးကုသမှုခံယူနေရတယ်လို့ IEC ရဲ့ အချက်အလက်အရ သိရပါတယ်။
"နေ့ခင်း ၂ နာရီ ဝန်းကျင်မှာ ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးကြဲတယ်၊ Y 12 နဲ့ကလည်း အကြိမ်အများကြီး လှည့်ပတ်ပြီးမှ ဗုံးကြဲခဲ့တယ်။ ဒါက မလုပ်သင့်မလုပ်အပ်တဲ့တိုက်ခိုက်မှုဖြစ်တယ်" ကိုဗညားခွန်အောင်က ဆက်ပြောပါတယ်။
၂၀၂၄ ခုနှစ်တုန်းကလည်း ဒီးမော့ဆိုအနောက်ဘက်ခြမ်း ဒေါဆီးအီ နဲ့ လွိုင်နန်းဖ ရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းသုံး ဗုံးကြဲလို့ ကျောင်းသားတွေ သေဆုံးခဲ့ပါတယ်။
အခု ဝမ်ငေ့ါဖြစ်စဉ်နဲ့ပတ်သက်လို့ မြန်မာစစ်တပ်ဘက်က ဒီနေ့ နိုဝင်ဘာ ၁ ရက်မနက်ပိုင်းအထိ တစုံတရာထုတ်ပြန်လာတာ မရှိသေးပါဘူး။























