ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု , ဒေါ်အောင်ဆန်းစုကြည် သားဖြစ်သူနဲ့ဖုန်းပြောခဲ့တာကို‌လွှတ်တော်မှာထည့်ဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည် သားဖြစ်သူနဲ့ဖုန်းပြောခဲ့တာကို‌ လွှတ်တော်မှာထည့်ဆွေးနွေးတဲ့သတင်းအပါအဝင် ကမ္ဘာနဲ့ မြန်မာထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူတို့ ဖုန်းပြောခွင့်ရသလို ကျန်တဲ့အကျဉ်းသားတွေကိုလည်း ဖုန်းဆက်ခွင့်ပေးဖို့ လွှတ်‌တော်မှာ ထည့်ဆွေးနွေး
  • ပုသိမ်ကြီးမြို့နယ်ထဲက ဖုန်းဆိုင်ဓားပြတိုက် သေနတ်နဲ့ပစ်ခတ်မှု ဆိုင်ရှင်လင်မယားသေဆုံး
  • လွှတ်တော်သုံးရပ်ပေါင်းက လစ်လပ်မဲဆန္ဒနယ် ၅၅ နေရာမှာ ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကြေညာ
  • ဂျပန်အစိုးရအနေနဲ့ မြန်မာကို FATF ရဲ့ အမည်ပျက်စာရင်းကနေ ဖယ်ရှားပေးဖို့ တိုက်တွန်းခဲ့တာမရှိဘူးလို့ ဂျပန်ငြင်းဆို
  • စစ်ကိုင်း- ကချင်အစပ် မော်လူးမြို့ မှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေလို့ လေကြောင်းရန်ကာကွယ်ဖို့နဲ့ ပိတ်မိနေတဲ့ကားတွေအမြန်ဆုံးထွက်ဖို့ ပ.အ.ဖ သတိပေး
  • အသက် ၁၈ နှစ်အရွယ် DMOPDF တပ်ရင်းက အမျိုးသမီးရဲဘော်တစ်ဦး လွယ်ယင်းတောင်ခြေတိုက်ပွဲမှာသေဆုံးမှု ဝမ်းနည်းကြောင်း မှတ်ချက်ပြုမှုတွေ အွန်လိုင်းပေါ် ပျံ့နှံ့

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. လွှတ်တော်ကိုပြန်ထိန်းချုပ်တဲ့ဒီမိုကရက်တွေ ဘာတွေလုပ်နိုင်မှာလဲ

    ရွေးကောက်ပွဲညက ဒီမိုကရက်တွေအတွက် အိပ်မက်တစ်ခုလို ဖြစ်ခဲ့ပါတယ်။ ဇန်နဝါရီလရောက်ရင်တော့ လက်တွေ့အခြေအနေကို ရင်ဆိုင်ရပါတော့မယ်။

    အင်္ဂါနေ့ညမှာ သူတို့ ဝမ်းသာအားရဖြစ်ခဲ့ကြတာ အကြောင်းရှိပါတယ်။ အပြတ်အသတ်အနိုင်ရခဲ့ပြီးနောက် လာမယ့်နှစ်မှာ ဒီမိုကရက်တွေဟာ ကွန်ဂရက်လွှတ်တော်နှစ်ရပ်စလုံးကို ထိန်းချုပ်တော့မှာ ဖြစ်ပါတယ်။

    "ဒီနေ့ကစပြီး အမေရိကန်ရဲ့ကြီးကျယ်တဲ့ ပြန်လည်နိုးထမှု စတင်ပါပြီ" လို့ အောက်လွှတ်တော် ဒီမိုကရက်ခေါင်းဆောင် ဟာကိမ်း ဂျက်ဖရေးစ် က ဝမ်းသာအားရနဲ့ ကြေညာခဲ့ပါတယ်။

    အကျင့်ပျက်ခြစားမှုတွေကို စုံစမ်းစစ်ဆေးမယ်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စားသောက်ကုန်နဲ့ ဓာတ်ဆီစရိတ်တွေ လျှော့ချမယ်၊ အီရန်စစ်ပွဲကို ထိန်းချုပ်မယ်ဆိုပြီး မဲဆွယ်စည်းရုံးရေးကာလအတွင်း လပေါင်းများစွာ ကတိပေးခဲ့ပြီးနောက် အခုတော့ အဲဒီအစီအစဉ်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ ပိုပြီးခက်ခဲတဲ့လုပ်ငန်းစဉ်ကို စတင်ရတော့မှာ ဖြစ်ပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ်ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  2. ကချင် - စစ်ကိုင်းအစပ် မော်လူးမြို့အနီး တိုက်ပွဲဆက်ရှိ, ပိတ်မိနေတဲ့ ခရီးသွားတွေနဲ့ ကုန်ကားတွေကို နဘားဘက်ထွက်ဖို့ ပအဖ သတိပေးထား

    စစ်ကိုင်း - ကချင်အစပ်၊ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် မော်လူးမြို့အနီးမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဆက်ရှိနေတယ်လို့ မော်လူးမြို့ခံတစ်ဦးက ‌ဒီနေ့ မနက်ပိုင်း ပြောပါတယ်။

    '' မနေ့က တော်တော်ဆိုးတယ်၊ ကျွန်မဆိုင်နားတင် ဒရုန်းကျတာ၊ မြို့ထဲမှာလက်နက်ကြီးကျည်နဲ့ ဒရုန်းထိတာတော်တော်များတယ်၊ အရင်နေ့ထက်စာရင် ဒီမနက်တော့ငြိမ်နေတယ်၊ ဒါပေမဲ့ မြို့ အခြေအနေကတော့ မ‌ကောင်းပါဘူး။ လန့်နေရတာပဲ'' လို့ အဝတ်အထည်ဆိုင်ဖွင့်ထားတဲ့ မော်လူးမြို့ခံကပြောပါတယ်။

    စစ်တပ်ထိန်းချုပ်ထားတဲ့ မော်လူးမြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက အောက်တိုဘာလကတည်းက ထိုးစစ်ဖော်နေတာဖြစ်ပြီး စစ်တပ်ဘက်ကလည်း ခုခံစစ်ဆိုင်နေလို့ နှစ်ဘက်တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    စစ်တပ်က “မဲဇာကို စစ်ကြောင်းထိုးတဲ့အချိန် တော်လှန်‌ရေးဘက်ကလည်း မော်လူးကို ထိုးစစ်ဆင်နေတာ” လို့ သူကဆက်ပြောပါတယ်။ မဲဇာနဲ့ ‌မော်လူးမြို့တို့ဟာ ၃၂ မိုင်ဝန်းကျင်ဝေးပြီး ဒီမြို့ ၂ မြို့ကြားထဲမှာ စစ်တပ်ထိန်းချုပ်ထားတဲ့ အင်းတော်မြို့ ရှိပါတယ်။

    အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကတေ့ာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ရှိနေလို့ သတိထားဖို့ မနေ့က ထုတ်ပြန်သတိပေးထားပါတယ်။ ‌

    နိုဝင်ဘာ ၅ ရက် ကတော့ မော်လူးအထက်တန်းကျောင်းရှေ့ ဒရုန်းဗုံးကျရောက်ခဲ့တာကြောင့် ကလေးတစ်ဦး‌သေဆုံးပြီး ဗုံးစစင်တဲ့ဒဏ်ရာရသူတချို့နဲ့ ကားတစ်စီး မီးလောင်ခဲ့တယ်လို့ မြို့ခံကပြောပါတယ်။

    တဖက်မှာလည်း မော်လူးမြို့အနီးမှာ ပိတ်မိနေတဲ့ ကား အစီးရေ ၁၀၀ ကျော်လောက်ရှိနေပြီး ခရီးသွားတွေ၊ ခရီးသည်တင်ကားတွေနဲ့ ကုန်တင်ကားတွေ နဘားကျေးရွာဘက်ကို အမြန်ဆုံး ရွှေ့ပြောင်းကြဖို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထားပါတယ်။မနေ့ မနက်ပိုင်းကစပြီး လေယာဉ်တွေနဲ့ ပတ်ဝဲတိုက်ခိုက်နေသလို ညပိုင်းမှာလည်း လေယာဉ်တွေ ဆက်လက်ပတ်ဝဲနေတယ်လို့ Indaw Revolution က မနေ့ ညပိုင်းကထုတ်ပြန်ထားပါတယ်။

    အလားတူ အင်းတော်မြို့နယ်ထဲမှာလည်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေရှိနေပြီး ဒီမနက်ပိုင်းမှာတော့ ဟဲနုရွာဘက်ခြမ်းမှာ မီးလောင်ပြီး မီးခိုးလုံးတွေ လွင့်တက်လာတာကို တွေ့ရတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

    အင်းတော်နဲ့ မော်လူးဘက်က စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ ဒီနေ့ မွန်းလွဲပိုင်းအထိ မြန်မာစစ်တပ်က မထုတ်ပြန်သေးပါဘူး။

  3. ဒေါ်အောင်ဆန်းစုကြည် သားဖြစ်သူနဲ့ဖုန်းပြောခဲ့တာကို‌လွှတ်တော်မှာထည့်ဆွေးနွေး

    နေပြည်တော်မှာ အကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူတို့ ဖုန်းပြောခွင့်ရခဲ့တဲ့အကြောင်းကို ပြည်ထောင်စုလွှတ်တော်မှာ လူ့အခွင့်အရေးကော်မရှင်ရဲ့အစီရင်ခံစာကို ဆွေးနွေးကြရင်း လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ထည့်သွင်းဆွေးနွေးသွားတာပါ။

    “ဒေါ်စုကြည်က ဖုန်းဆက်လို့ရပြီးတော့ ကျန်တဲ့အကျဉ်းသားတွေက ဖုန်းဆက်ခွင့်မရဘူးဆိုရင် ကော်မရှင်က ထောက်ပြသင့်တယ်” လို့ သူက မနေ့က အစည်းအဝေးမှာ ပြောလိုက်တာပါ။

    အကျဉ်းချခံထားရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သားငယ်ဖြစ်သူ ကင်မ်အဲရစ်နဲ့ နေပြည်တော်က ဖုန်းပြောခွင့်ပေးပြီး ရက်ပိုင်းအကြာမှာပဲ လွှတ်တော်မှာ ဒီလိုတိုက်တွန်းချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

    ဦးလှဆွေရဲ့ အပြောအရ မြန်မာက အကျဉ်းထောင်ရဲ့ သတ်မှတ်ချက်တွေမှာ ဖုန်းပြောဆိုခွင့်မရှိပေမယ့် ဒါကိုဖြေလျှော့ပေးလိုက်မယ်ဆိုရင် နိုင်ငံတကာကလည်း မြန်မာမှာ လူ့အခွင့်အရေးအပြည့်အဝပေးတဲ့ သဘောဆောင်စေမယ်လို့လည်း သူကဆိုပါတယ်။

    အလားတူ မြန်မာဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်တာမို့ ကုလသမဂ္ဂက ၂၀၁၅ နှစ်က ပြဋ္ဌာန်းခဲ့တဲ့ နယ်လ်ဆင်မန်ဒဲလားစည်းမျဉ်းကို လိုက်နာသင့်တယ်ဆိုပြီးတော့လည်း ဦးလှဆွေက ထောက်ပြပါတယ်။

    အဲဒီစည်းမျဉ်းမှာ အကျဉ်းသားတွေအပေါ် ပြုမူဆက်ဆံခြင်းဆိုင်ရာနဲ့ပတ်သက်လို့ ကုလက သတ်မှတ်ထားတဲ့ အနိမ့်ဆုံး စံသတ်မှတ်ချက်တွေပါဝင်ပါတယ်။

    ဒီစည်းမျဉ်းအရ အနိမ့်ဆုံးစံသတ်မှတ်ချက်တွေထဲ အကျဉ်းသားတွေ မိသားစုနဲ့ စာအပြန်အလှန်ပို့ခွင့်၊ ဖုန်း‌ပြောဆိုခွင့်၊ အကျဉ်းချခံရတဲ့နေရာကို မိသားစုထံ အကြောင်းကြားခွင့်အပြင် မိသားစုနဲ့ လူကိုယ်တိုင်တွေ့ဆုံခွင့် ဒီအချက်တွေ ပါဝင်ပါတယ်။

  4. မြောက်ဦးမှာ လေကြောင်းဗုံးကြဲလို့ ကိုယ်ဝန်ဆောင်တစ်ဦးသေဆုံး, လူတစ်ဒါဇင် ဒဏ်ရာရ

    ရခိုင်ပြည်နယ်ထဲက အာရက္ခတပ်တော်(အေအေ)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်ထဲကို စစ်တပ်က မနေ့နိုဝင်ဘာ ၅ ရက် ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲလို့ ကိုယ်ဝန်ဆောင်သည်တစ်ဦး သေဆုံးသွားတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    နောက်ထပ် ဒေသခံ ၁၂ ဦးလည်း ဒဏ်ရာရသွားတယ်လို့ သူက ဆိုပါတယ်။

    တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာဖြစ်ပြီး နန်းကျရွာအနီး အာရှလမ်းမဘေးတလျှောက်က နေအိမ်တွေနဲ့ စေတီတစ်ဆူအနီးကို ဗုံးကျ‌ရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

    အောက်တိုဘာလတုန်းကလည်း အေအေနဲ့ စစ်မျက်နှာဖွင့်ထားတဲ့ စစ်တွေမြို့ပေါ်ကို လေကြောင်းဗုံးကျကွဲလို့ လူ ၉ ဦးသေဆုံးခဲ့ပါတယ်။

    စက်တင်ဘာလတုန်းကလည်း အေအေထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ထဲက အိန္ဒိယဈေးထဲကို စစ်တပ်လေကြောင်းကြဲလို့ လူ ၅၀ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။

    နန်းကျရွာအနီး လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ စစ်တပ်ရော အေအေတပ်ရော ဒီနေ့ မနက်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။

  5. ရီပတ်ဘလီကန်ရွေးကောက်ပွဲရှုံးလို့ ဟက်ဂ်ဆက်သ်နဲ့ ရူဘီယို ရာထူးကနုတ်ထွက်ဖို့မရှိ

    အမေရိကန် ကာကွယ်ရေးဝန်ကြီး ပီတ် ဟက်ဂ်ဆက်သ်နဲ့ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုတို့ဟာ သက်တမ်းဝက်ရွေးကောက်ပွဲအပြီး ထရမ့်အစိုးရအဖွဲ့ အပြောင်းအလဲအတွင်း ရာထူးကနေ ထွက်ခွာရနိုင်တယ်ဆိုတဲ့ ကောလာဟလတွေကို အိမ်ဖြူတော်က ငြင်းဆိုလိုက်ပါတယ်။

    အီရန်စစ်ပွဲကို ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး ဟက်ဂ်ဆက်သ်ကို အစားထိုးဖို့ တောင်းဆိုမှုတွေ ရှိနေတယ်လို့ အမေရိကန်မီဒီယာတွေက ဖော်ပြကြပါတယ်။

    အီရန်စစ်ပွဲကို ကိုင်တွယ်ပုံဟာ ရီပတ်ဘလီကန်ပါတီ ရွေးကောက်ပွဲမှာ အကြီးအကျယ် ရှုံးနိမ့်ခဲ့ရတဲ့ အကြောင်းရင်းတစ်ခုအဖြစ်လည်း အပြစ်တင်ခံနေရပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီလင်ခ့် မှာဖတ်နိုင်ပါပြီ။

  6. ပုသိမ်ကြီးက ဖုန်းဆိုင်ဓားပြတိုက်ခံရမှု ဆိုင်ရှင် လင်မယား သေဆုံး

    မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ထဲက ဖုန်းဆိုင်တစ်ဆိုင်ကို မနေ့က လူ ၂ ဦးထက်မနည်းပါတဲ့ အုပ်စုတစ်စုက ဓားပြတိုက်မှုမှာ ဆိုင်ရှင်ဇနီးမောင်နှံ ၂ ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတချို့က ဘီဘီစီကို ပြောပါတယ်။

    ဓားပြတိုက်တဲ့အုပ်စုမှာ “သေနတ်တွေပါတယ်၊ ဆိုင်ရှင်အမျိုးသမီးက အပြင်ထွက်အော်ပြီး အကူအညီတောင်းလို့ သေနတ်နဲ့ ပစ်လိုက်တာ” လို့ သိရတဲ့ အကြောင်း မြို့ခံတစ်ဦးက ပြောပါတယ်။

    ဆိုင်ရှင်အမျိုးသမီးဟာ အပစ်ခံရတဲ့နေရာမှာတင် သေဆုံးသွားတယ်လို့ သူက ဆိုပါတယ်။

    ဆိုင်ရှင်အမျိုးသမီးပစ်ခတ်ခံရပြီးချင်း ဆိုင်ကိုပြန်ရောက်လာတဲ့ သူ့ရဲ့ ခင်ပွန်းဖြစ်သူကလည်း ဓားပြတိုက်တဲ့ အုပ်စုနောက်ကို အိမ်စီးကားနဲ့အနောက်ကနေ လိုက်သွားခဲ့တယ်လို့ ဒီအခြေအနေကိုသိတဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    ကားနဲ့လိုက်လာတဲ့ ခင်ပွန်းဖြစ်သူကိုလည်း ဓားပြတိုက်တဲ့ အုပ်စုက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ အဲဒီအမျိုးသားဟာ သေနတ်ကျည်ထိမှန်ပြီး ကားပေါ်မှာတင် သေဆုံးသွားတယ်လို့ သူက ဆိုပါတယ်။

    နိုဝင်ဘာ ၅ ရက်ကဖြစ်ခဲ့တဲ့ဒီဖြစ်စဉ်မှာ ဓားပြတိုက်တဲ့ အုပ်စုကို ဒီနေ့ အထိ ဖမ်းမမိသေးဘူးလို့ သတင်းရင်းမြစ်က ပြောပါတယ်။

    အခင်းဖြစ်ပြီး‌နောက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တချို့ ရောက်လာပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ မြို့ခံတချို့က ပြောပါတယ်။ ဒီဖြစ်စဉ်မှာ ဆိုင်ရှင်ဇနီးမောင်နှံ ၂ ဦးလုံး သေဆုံးသွားတာကြောင့် ဓားပြတိုက်ခံလိုက်ရတဲ့ ဆုံးရှုံးမှုပမာဏကို မသိ‌ရသေးဘူးလို့ သတင်းရင်းမြစ်က ပြောပါတယ်။

    ဒီဖြစ်စဉ်မတိုင်ခင် နိုဝင်ဘာ ၄ ရက်တုန်းကလည်း မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ထဲက လျှပ်စစ်ပစ္စည်းဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရတဲ့ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။

  7. လစ်လပ်မဲဆန္ဒနယ် ၅၅ နေရာမှာ ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာ

    လာမယ့် ဧပြီ ၄ ရက်နေ့မှာ လွှတ်တော်သုံးရပ်ပေါင်းက လစ်လပ်မဲဆန္ဒနယ် ၅၅ နေရာမှာ ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မနေ့ ညပိုင်းက ကြေညာပါတယ်။

    မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) နဲ့ ကျင်းပသွားမှာဖြစ်ပြီး ပြည်သူ့လွှတ်တော် လစ်လပ်မဲဆန္ဒနယ် ၃၄ နေရာ၊ အမျိုးသားလွှတ်တော် ၅ နေရာနဲ့ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် လစ်လပ်မဲဆန္ဒနယ် (၁၆) နေရာ မှာ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

    အစိုးရအဖွဲ့ထဲရောက်သွားသူတွေကြောင့် လစ်လပ်သွားတဲ့မဲဆန္ဒနယ်တွေရောနယ်မြေလုံခြုံရေးကြောင့်မကျင်းပဖြစ်ခဲ့တဲ့ နေရာတွေလည်း ပါလာတာတွေ့ရပါတယ်။

    ပြည်သူ့လွှတ်တော် လစ်လပ်မဲဆန္ဒနယ်တွေထဲမှာ ဒုသမ္မတဖြစ်သွားတဲ့ ဦးညိုစောရဲ့ ရန်ကုန်က ကိုကိုးကျွန်းမြို့နယ်လည်းပါသလို နေပြည်တော်က ဇဗ္ဗူသီရိ၊ဥတ္တရသီရိနဲ့ ဒက္ခိဏသီရိမြို့နယ်တွေလည်း ပါဝင်ပါတယ်။

    ရှမ်းပြည်မြောက်ပိုင်းက ကျောက်မဲလည်းပါလာသလို မန္တလေးတိုင်းထဲက မိုးကုတ်၊နွားထိုးကြီးနဲ့ စဥ့်ကူး မဲဆန္ဒနယ်တွေပါ ပါလာတာတွေ့ရပါတယ်။

    စစ်ကိုင်းမှာ ဆိုရင်လည်း ပြည်သူ့တော်လှန်ရေးတပ်တွေအားကောင်းတဲ့ ထီးချိုင့်၊ ဗန်းမောက်၊ အင်းတော်၊ ကောလင်း၊ ပုလဲ၊ တန်ဆည်နဲ့ ယင်းမာပင်မြို့နယ် တွေကိုထည့်သွင်းလာတာတွေ့ရပါတယ်။

    ချင်းပြည်နယ်မှာဆိုရင်လည်း တွန်းဇံနဲ့ ဖလမ်းမှာ ကျင်းပမယ်လို့ ကြေညာပါတယ်။ နေပြည်တော်အပါအဝင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ် တို့မှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီး တိုင်းဒေသကြီးတွေမှာတော့ စစ်ကိုင်း၊တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်းတွေ ပါဝင်ပါတယ်။

  8. မြန်မာကို FATF အမည်ပျက်စာရင်းကနေ ဖယ်ရှားပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ သတင်းကို ဂျပန် ငြင်းဆို

    ဂျပန်အစိုးရအနေနဲ့ မြန်မာကို FATF ရဲ့ အမည်ပျက်စာရင်းကနေ ဖယ်ရှားပေးဖို့ တိုက်တွန်းခဲ့တာမရှိဘူးလို့ ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနက ငြင်းဆိုလိုက်ကြောင်း ရိုက်တာသတင်းက ‌ဖော်ပြပါတယ်။

    ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာကို FATF (ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့)စာရင်းကနေ ဖယ်ရှားပေးဖို့ ထောက်ခံတဲ့နိုင်ငံတွေထဲမှာ ဂျပန်လည်း ပါဝင်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပြီးနောက် ဂျပန်ဘက်က အခုလို တုံ့ပြန်လာတာပါ။

    စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ မတည်ငြိမ်မှုတွေနဲ့ ပြည်တွင်းစစ် ကျယ်ပြန့်လာချိန် ၂၀၂၂ ခုနှစ်မှာ FATF ရဲ့ အမည်ပျက်စာရင်းထဲ ထည့်သွင်းခံခဲ့ရတာပါ။ အဲဒီစာရင်းမှာ ပါဝင်တဲ့အတွက် မြန်မာနိုင်ငံနဲ့ ငွေကြေးလွှဲပြောင်းမှုတွေကို ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတွေ မဖြစ်စေရေးအတွက် နိုင်ငံတွေက ပိုမိုတင်းကျပ်စွာ စိစစ်ရတာဖြစ်ပါတယ်။

    “ဂျပန်အစိုးရက မြန်မာကို FATF အမည်ပျက်စာရင်းကနေ ဖယ်ရှားပေးဖို့ ကြိုးပမ်းခဲ့တယ်ဆိုတာ မမှန်ပါဘူး။ ငွေကြေးခဝါချမှုနဲ့ တခြားတရားမဝင်လုပ်ရပ်တွေကို တားဆီးနိုင်ဖို့ လိုအပ်တဲ့ အစီအမံတွေ မြန်မာနိုင်ငံက ပိုမိုအားကောင်းအောင် လုပ်ဆောင်ဖို့ ဂျပန်က မျှော်လင့်ပါတယ်” လို့ ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနက ရိုက်တာကို ထုတ်ပြန်ပြောဆိုပါတယ်။

    အောက်တိုဘာ ၃၀ ရက်က ပါရီမြို့မှာ ကျင်းပခဲ့တဲ့ FATF အဖွဲ့ဝင် ၄၀ နိုင်ငံရဲ့ တံခါးပိတ်အစည်းအဝေးအပြီးမှာလည်း မြန်မာနိုင်ငံဟာ အမည်ပျက်စာရင်းထဲ ဆက်လက်ပါဝင်နေခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ မြန်မာကို စာရင်းကနေ ဖယ်ရှားပေးဖို့ ဂျပန်က တောင်းဆိုခဲ့တာမရှိဘူးလို့လည်း ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။

    ဒါပေမဲ့ အောက်တိုဘာ ၃၀ ရက်မှာ ရိုက်တာက ဖော်ပြခဲ့တဲ့ သတင်းမှာတော့ ဂျပန်အစိုးရအဆင့်မြင့်အရာရှိတစ်ဦးနဲ့ ဒီကိစ္စကို သိရှိသူတစ်ဦးရဲ့ ပြောဆိုချက်အရ ဂျပန်က မြန်မာကို အမည်ပျက်စာရင်းကနေ ဖယ်ရှားပေးဖို့ တိုက်တွန်းနေတယ်လို့ ဆိုထားပါတယ်။

    အဲဒီသတင်းရင်းမြစ်နှစ်ဦးထဲက တစ်ဦးကတော့ ကြာသပတေးနေ့မှာ ရိုက်တာကို ထပ်မံပြောဆိုရာမှာ မိမိရဲ့ အရင်ပြောဆိုချက်အတိုင်း ရပ်တည်ကြောင်း ပြောခဲ့ပြီး ကျန်တစ်ဦးကိုတော့ ချက်ချင်း ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိခဲ့ပါဘူး။

    စစ်တပ်ကျောထောက်နောက်ခံပြု မြန်မာအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ အမည်ပျက်စာရင်းကနေ ဖယ်ရှားနိုင်ရေး ကြိုးပမ်းမှုတွေကို “မိတ်ဆွေနိုင်ငံအချို့” က ထောက်ခံနေတယ်လို့ စနေနေ့မှာ ရိုက်တာကို ပြောထားပါတယ်။

    အမေရိကန်၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ တောင်ကိုရီးယားနဲ့ အင်ဒိုနီးရှားတို့က မြန်မာရဲ့ ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုကြောင်းနဲ့ မြန်မာရဲ့ လက်ရှိတိုးတက်မှုကို အသိအမှတ်ပြုတဲ့အတွက် ကျေးဇူးတင်ကြောင်းလည်း သူက ပြောပါတယ်။ ဒါပေမဲ့ အသေးစိတ်ကိုတော့ ရှင်းပြခဲ့ခြင်းမရှိပါဘူး။

    တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံအနေနဲ့ FATF ရဲ့ တာဝန်ဝတ္တရားတွေကို လိုက်နာဖို့ တိုက်တွန်းနေပြီး ဒီကိစ္စနဲ့ပတ်သက်လို့ FATF အဖွဲ့ဝင်နိုင်ငံတွေနဲ့ အနီးကပ်ညှိနှိုင်းနေတယ်လို့ ပြောပါတယ်။

    ကျန်တဲ့နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ တရုတ်၊ အိန္ဒိယနဲ့ အင်ဒိုနီးရှားတို့ကတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့တာ ဒါမှမဟုတ် ရိုက်တာရဲ့ မေးမြန်းမှုကို တုံ့ပြန်ခြင်းမရှိခဲ့ပါဘူး။

    ဂျပန်က မြန်မာကို FATF အမည်ပျက်စာရင်းကနေ ဖယ်ရှားပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ သတင်းကို ငြင်းဆိုလိုက်တဲ့အပေါ် စစ်တပ်ကျောထောက်နောက်ခံပြု မြန်မာအစိုးရဘက်က ချက်ချင်း တုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။

    ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ အောက်တိုဘာလ ၂၆ ရက်ကနေ ၃၀ ရက်အထိ ကျင်းပခဲ့တဲ့ ငွေကြေးဆိုင်ရာ အရေးယူ ဆောင်ရွက်ရေးအဖွဲ့(FATF)ရဲ့ မျက်နှာစုံညီ အစည်းအဝေးကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

  9. မင်္ဂလာပါ။ နိုဝင်ဘာ ၆ ရက် ဘီဘီစီမြန်မာပိုင်းသတင်း‌တွေကို ဒီစာမျက်နှာမှာ တိုက်ရိုက် တင်ဆက်ပေး‌‌နေပါတယ်။