ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု , ပြည်တွင်းမှာ ငွေသားထုတ်ခွင့်ကန့်သတ်ချက်တွေဆက်ထားရှိတယ်လို့ ဗဟိုဘဏ်၀န်ခံ

ပြည်တွင်းမှာ ငွေသားထုတ်ခွင့် ကန့်သတ်ချက်တွေ ဆက်ထားတယ်လို့ နေပြည်တော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌက လွှတ်တော်မှာပြောတဲ့သတင်းအပါအဝင် မြန်မာနဲ့ ကမ္ဘာထူးခြားသတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • မြန်မာလုပ်သားအရေး တက်ကြွလှုပ်ရှားသူ ကိုဆူရတ်ကို မှတ်ပုံတင်အတုပြုလုပ်တဲ့စွပ်စွဲချက်နဲ့ ထိုင်းတရားရုံး ဖမ်းဝရမ်းထုတ်ခံရ၊ပြစ်မှုထင်ရှားရင်ထောင်ဒဏ်သုံးနှစ်ကျော် ချမှတ်ခံရနိုင်
  • ဂေဟစနစ်နဲ့ငါးမျိုးစိတ်တွေအတွက်အန္တရာယ်ရှိတဲ့ အာဖရိကငါးခူ ငါးတွေကို ကျပ်သိန်း ၂၃၀ ကျော်ဖိုး တရားမဝင်သယ်ဆောင်လာတဲ့အဖွဲ့ကို မော်လမြိုင်- ရန်ကုန်ရထားပေါ် မှာဖမ်းမိ
  • Nvidia သူဌေး ဂျန်ဆန် ဟွမ် နဲ့ တရုတ်စပိုင်လို့ မသင်္ကာသူအမျိုးသမီး ခြေရှုပ်တဲ့ကိစ္စကို FBI က စုံစမ်းနေပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ပြော
  • မြန်မာနွယ်ဖွား ချင်းဖိုက်တာ UFC Flyweight ချန်ပီယံ ဂျော့ရှု၀ါ ဗန်ကို အောင်မြင်မှုကို တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးက တရား၀င် အသိအမှတ်ပြုလွှာ ချီးမြှင့်
  • မွန်ပြည်နယ်နဲ့ ပဲခူးထဲမှာရှိတဲ့ NUG ရဲ့ စစ်ဌာချုပ်စခန်းနဲ့ KNLA စခန်းတွေအပါအ၀င် စခန်း ၁၁ ခုကို သိမ်းလိုက်တယ်လို့ စစ်တပ် သတင်းထုတ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. စစ်တပ်နဲ့ပူးပေါင်းသွားတဲ့ လီဆူးအဖွဲ့ဝင်တွေက မိုးကုတ်မြို့ကာကွယ်ရေးလုပ်မယ်

    မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင် အယောက် ၂၀၀ ပူးပေါင်းလာတဲ့ပွဲအခမ်းအနား ဒီနေ့မနက်ပိုင်းမှာ မြန်မာစစ်တပ်ကလုပ်ခဲ့ပြီး အခုပူးပေါင်းတဲ့အဖွဲ့ဝင်တွေက မြို့ကာကွယ်ရေးဆက်လုပ်မယ်လို့ ထုတ်ပြောသွားပါတယ်။

    စစ်တပ်နဲ့ပူးပေါင်းတာဟာ ဦးဂူဆီးဦးဆောင်တဲ့ လီဆူးတပ်ဖွဲ့ဝင်တွေဖြစ်ကြောင်း TNLA က အောက်တိုဘာလထဲကထုတ်ပြန်ထားပြီး အဲဒီအဖွဲ့ဝင်တွေက ပြည်သူကိုဖိနှိပ်ရင် အရေးယူမယ့် အကြောင်းပါ ဖော်ပြထားပါတယ်။

    “လီဆူးက ၅၀ ပဲပူးပေါင်းတာပါ။ ကျန်တဲ့ ၁၅၀ လောက်က သူတို့အတင်းအဓမ္မပြန် စုဆောင်းထားတဲ့သူတွေပါ။ မိုးကုတ်မြို့ပေါ်နဲ့ ရွာတွေဘက်မှာ ပြန်ဆွဲထားတာပါ” လို့ TNLA သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းအတွင်း မိုးကုတ်မြို့ကို တအာင်းတပ် (TNLA) တပ်ဦးဆောင်တဲ့ တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်ခဲ့ပါတယ်။ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် TNLA နဲ့ စစ်တပ် အပစ်ရပ်ချိန်မှာ မိုးကုတ်မြို့ကို စစ်တပ်ဆီ ပြန်လွှဲပြောင်းပေးခဲ့ပါတယ်။

    ဒီနေ့လုပ်တဲ့ပွဲကို TNLA တပ်ဖွဲ့ဝင် အမျိုးသား ၁၇၈ ဦးနဲ့ အမျိုးသမီး ၂၂ ဦးဟာ သေနတ် ၇၈ လက်နဲ့ ကျည်မျိုးစုံ ၁,၅၀၀ နီးပါးတို့နဲ့အတူ ပူးပေါင်းလာတဲ့ လက်နက်ချပွဲအဖြစ် စစ်တပ်ရဲ့ မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကဦးစီးကျင်းပတာပါ။

    စစ်တပ်ရဲ့အချက်အလက်အရ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို လာရောက်ပူးပေါင်းသူ ၂,၅၀၀ ကျော်ပြီလို့လည်း သိရပါတယ်။

    ဒါပေမဲ့ တော်လှန်ရေးအဖွဲ့တွေဘက်ကတော့ ပူးပေါင်းသူတချို့ရှိပေမဲ့ အရေအတွက်မများကြောင်း အစောပိုင်းကတည်းက တုံ့ပြန်ထားပါတယ်။

  2. Nvidia သူဌေးနဲ့ တရုတ်စပိုင်လို့ မသင်္ကာသူအမျိုးသမီး ခြေရှုပ်တဲ့ကိစ္စကို FBI က စုံစမ်းနေပြီလို့ သမ္မတ ထရမ့်ပြော

    အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က အန်ဗီဒီယာ(Nvidia)ကုမ္ပဏီ အမှုဆောင်ချုပ် ဂျန်ဆန် ဟွမ်နဲ့ တရုတ်သူလျှိုလို့ စွပ်စွဲခံထားရသူ အမျိုးသမီးတို့ကြားက ဆက်ဆံရေးကို အမေရိကန်ထောက်လှမ်းရေး (FBI)က စုံစမ်းစစ်ဆေးနေပြီလို့ ပြောလာပါတယ်။

    အန်ဗီဒီယာ သူဌေး ဂျန်ဆန် ဟွမ်ဟာ တရုတ်ထောက်လှမ်းရေးလှုပ်ရှားမှုရဲ့ပစ်မှတ်ထားမှု ခံခဲ့ရတယ်လို့ ယုံကြည်ကြောင်း သတင်းတွေ ထွက်ပေါ်လာပြီးနောက် ဟွမ်နဲ့ စကားပြောခဲ့တယ်လို့ သမ္မတ ထရမ့်က ဆိုပါတယ်။

    "သူက သူလျှိုဖြစ်တယ်ဆိုတာကို သိခဲ့လားလို့ သူ့ကို ကျွန်တော် မေးခဲ့တယ်။ သူ လုံး၀ မသိခဲ့ပါဘူးလို့ ပြောတယ်။ ကျွန်တော်လည်း သူ့ကို ယုံကြည်ပါတယ်'' လို့ ထရမ့်က သတင်းထောက်တွေကို ပြောပါတယ်။

    တရုတ်အစိုးရကတော့ ဂျန်ဆန် ဟွမ်ကို ပစ်မှတ်ထားခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေကို ပယ်ချခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီစွပ်စွဲချက်တွေဟာ "အခြေခံမရှိတဲ့ ထင်ကြေးပေးချက်တွေဖြစ်ပြီး တရုတ်နိုင်ငံကို သိက္ခာချဖို့ ရည်ရွယ်တာ"လို့ ပြောဆိုခဲ့ပါတယ်။

    တရုတ်သူလျှိုဟု စွပ်စွဲခံထားရတဲ့ အဲလစ် ဟွမ်နဲ့ ပတ်သက်တဲ့ကိစ္စကို သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု တစ်ခု ပြုလုပ်ခိုင်းထားတဲ့ အန်ဗီဒီယာ ကုမ္ပဏီကတော့ ကုမ္ပဏီရဲ့ လျှို့ဝှက်အချက်အလက်တွေ ဒါမှမဟုတ် အမျိုးသားလုံခြုံရေး ထိခိုက်နိုင်တဲ့အချက်အလက်တွေ ထိခိုက်မှုမရှိဘူးလို့ ယူဆထားတဲ့အကြောင်း ပြောပါတယ်။

    အန်ဗီဒီယာဟာ ကမ္ဘာပေါ်မှာ အက်ပဲလ်ပြီးရင် တန်ဖိုးအမြင့်ဆုံး ဒုတိယမြောက် ကုမ္ပဏီဖြစ်ပြီး ဉာဏ်ရည်တု(AI) နည်းပညာရဲ့အဓိက အခြေခံဖြစ်လာတဲ့ကွန်ပျူတာ ချစ်ပ်တွေကို ဒီဇိုင်းထုတ်လုပ်နေတဲ့ကုမ္ပဏီ ဖြစ်ပါတယ်။

    ဒီသတင်းတွေ ထွက်လာပြီးနောက် တနင်္လာနေ့မှာ အန်ဗီဒီယာရဲ့ရှယ်ယာဈေးနှုန်း ၄ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီး ကုမ္ပဏီတန်ဖိုး အမေရိကန်ဒေါ်လာ ဘီလျံ ၂၅၀ ခန့် လျော့ကျသွားခဲ့ပါတယ်။

    နောက်ပိုင်း အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ထရမ့်က FBI ဟာ ဒီကိစ္စကို စုံစမ်းနေတယ်လို့ပြောခဲ့ပေမဲ့ စုံစမ်းစစ်ဆေးမှုရဲ့အသေးစိတ်အချက်အလက် ဒါမှမဟုတ် ဘယ်အချိန်က စတင်ခဲ့သလဲ ဆိုတာကိုတော့ မရှင်းပြခဲ့ပါဘူး။

    FBI ကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

    New York Times သတင်းဌာနကလည်း အမေရိကန်ထောက်လှမ်းရေးအရာရှိတွေက ဟွမ် ခေါ် အဲလစ် ဟွမ်ဟာ ပေကျင်းအတွက် အလုပ်လုပ်တဲ့သူလျှိုတစ်ဦးဖြစ်တယ်လို့ ယုံကြည်နေကြတယ်လို့ သတင်းဖော်ပြပါတယ်။

    ဒါပေမဲ့ ဂျန်ဆန် ဟွမ်နဲ့ အဲလစ် ဟွမ်တို့ ဆွေမျိုးတော်စပ်မှု မရှိဘူးလို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

  3. ဂျော့ရှု၀ါ ဗန်ရဲ့အောင်မြင်မှုကို တက္ကဆက်အုပ်ချုပ်ရေးမှူး အသိအမှတ်ပြု

    မြန်မာနွယ်ဖွား ချင်းဖိုက်တာ ဂျော့ရှု၀ါ ဗန်ရဲ့အောင်မြင်မှုကို အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူးက အသိအမှတ်ပြု ဂုဏ်ပြုလက်မှတ်ချီးမြှင့်လိုက်ပါတယ်။

    ဂျော့ရှု၀ါ ဗန်ဟာ UFC ပြိုင်ပွဲဲရဲ့ ဖလိုင်း၀ိတ်တန်း ချန်ပီယံ ခါးပတ်ကို ၂ ကြိမ်တိတိ ကာကွယ်နိုင်ခဲ့အပြီးမှာ တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက် အဘော့ထ်က ဂုဏ်ပြုလိုက်တာဖြစ်ပါတယ်။

    ဂျော့ရှု၀ါ ဗန်ကလည်း သူ ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခံရတဲ့အကြောင်း သူ့ရဲ့လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။

    ဗန်ဟာ ၀ိတ်တန်းတူ ချန်ပီယံဟောင်း ပန်တိုဂျာကို စက်တင်ဘာလမှာ ထပ်မံအနိုင်ယူပြီး ချန်ပီယံဆုကို ဆက်ထိန်းထားဆဲဖြစ်ပါတယ်။

    စက်တင်ဘာ ၂၀ ရက်က အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လိစ်မြို့မှာ ကျင်းပခဲ့တဲ့ UFC 331 ပြိုင်ပွဲရဲ့ ဗန်နဲ့ ပန်တိုဂျာတို့ပွဲဟာ အဲဒီညရဲ့အကောင်းဆုံးပြိုင်ပွဲအဖြစ် သတ်မှတ်ခံရပါတယ်။

    အဲဒီမတိုင်ခင် မေလ ၉ ရက်တုန်းကလည်း ဗန်ဟာ UFC 328 ပြိုင်ပွဲမှာ ဂျပန်ဖိုက်တာ တက်ဆူရို တိုင်ရာကို အလဲထိုး အနိုင်ယူပြီး ချန်ပီယံခါးပတ်ကို ကာကွယ်ခဲ့ပြီးဖြစ်ပါတယ်။

    အသက် ၂၅ နှစ်အရွယ် ဗန်ဟာ UFC ရဲ့ အောင်မြင်ထိုးဖောက်မှုရှိတဲ့ဖိုက်တာတစ်ဦးအဖြစ်လည်း အသိအမှတ်ပြုခံထားရပါတယ်။

  4. ချင်းပြည်နိုင်ငံရေး၊ စစ်ရေးစုဖွဲ့မှုနဲ့ နွေဦးကောက်ကြောင်း

    ၂၀၂၁ စစ်အာဏာသိမ်းမှုက ချင်းပြည်နယ်မှာ ပြည်မအစိုးရရဲ့လောင်းရိပ်ကလွတ်ကင်းတဲ့ နိုင်ငံရေး၊ စစ်ရေးစုဖွဲ့မှု ရေစီးကြောင်းအသစ်တွေ အားကောင်းလာစေပါတယ်။

    ချင်းအရပ်သားတွေပါဝင် စုဖွဲ့တဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ ၂၀ ကျော်အထိ ရှိလာပြီး ဒါဟာ ချင်းသမိုင်းတလျှောက် မကြုံစဖူး နိုးကြားမှုတစ်ခုအဖြစ် သုတေသနတချို့မှာ ဖော်ပြပါတယ်။

    ချင်းတပ်ဖွဲ့တွေက မဟာမိတ်တွေနဲ့အတူ စစ်တပ် မထင်ထားလောက်တဲ့နယ်မြေပိုင်စိုးနိုင်တာကို ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်းကို ပြည်နယ်ရဲ့ ၈ ရာခိုင်နှုန်းမှာပဲ ကောက်ယူနိုင်တာကို ကြည့်ရင် သိနိုင်ပါတယ်။

    အချိန် ၅ နှစ်ကျော်လာချိန် ၂၀၂၆ ခုနှစ်အတွင်းမှာတော့ စစ်တပ်ရဲ့တန်ပြန်ထိုးစစ်နဲ့ နယ်မြေထိန်းချုပ်မှုဆိုင်ရာလွန်ဆွဲပွဲကို ချင်းတပ်တွေ ဆက်ပြီး ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ၀င်ဖတ်နိုင်ပါတယ်။

  5. NUG ရဲ့အထူးတိုင်းစစ်ဌာနချုပ်အပါအဝင် စခန်း ၁၁ ခုကိုသိမ်းတယ်လို့ စစ်တပ်ပြော

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့အထူးတိုင်းစစ်ဌာနချုပ်ကို လေကြောင်းဗုံးကြဲပြီး တစ်လကျော်အကြာမှာ မြေပြင်စစ်ကြောင်းသုံးပြီး ဌာနချုပ်ကိုပါ သိမ်းလိုက်တယ်လို့ စစ်တပ်က ဒီနေ့ထုတ်သတင်းစာမှာ ဖော်ပြလာပါတယ်။

    စစ်တပ်ကတော့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရဲ့အရှေ့မြောက်ဘက်၊ ပဲခူးတိုင်း ရွှေကျင်မြို့နယ်ထဲက ပွိုင့် ၄၈၀ တောင်ကုန်းအနီး ထီးကလာချောင်းတဝိုက်မှာ ရှိတဲ့ NUG အထူးတိုင်းစစ်ဌာနချုပ်အပါအဝင် စခန်း ၅ ခုကို သိမ်းလိုက်တယ်လို့ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

    ဒါအပြင် သိမ်ဇရပ်မြို့တဝိုက်က ကော်ကတ်နဲ့ ကော်ကီးထရွာ တဝိုက်မှာရှိတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၁၊ ရင်း ၃ ဌာနချုပ်အပါအဝင် စခန်း ၄ ခုကိုလည်း သိမ်းခဲ့တယ်လို့ စစ်တပ်ထုတ်ပြန်ချက်က ဆိုပါတယ်။

    စစ်တပ်ထုတ်ပြန်သလို ဌာနချုပ် အသိမ်းပိုက်ခံရတာ ရှိ၊ မရှိနဲ့ပတ်သက်ပြီး NUG ၀န်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်အပါအဝင် KNU သတင်းထုတ်ပြန်ရေးဘက်ကိုလည်း ဘီဘီစီက မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

    ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်က အထူးတိုင်းစစ်ဌာနချုပ်ကိုဗုံးကြဲခဲ့လို့ လေတပ် CDM တပ်ကြပ်ကြီး ဦးနေလင်းအောင်နဲ့ PDF တပ်ဖွဲ့ဝင်တွေအပါအဝင် ၅ ဦးသေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

    ထိခိုက်ဒဏ်ရာရသူတွေထဲ NUG အထူးတိုင်းစစ်ဌာနချုပ်ရဲ့တိုင်းကွပ်ကဲရေးမှူး ကိုအောင်စံရှားလည်း ပါဝင်ပါတယ်။

  6. ဘဏ်ထဲ ကိုယ်ပိုင်အပ်နှံငွေကိုအကန့်အသတ်နဲ့သာထုတ်ခွင့်ပေးထားကြောင်း ဗဟိုဘဏ် ဝန်ခံ

    လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ဘဏ်စာရင်းတွေကနေ ငွေသားထုတ်ယူတာကို တစ်ပတ်မှာ အများဆုံး ကျပ်သိန်း ၁၀၀ ထုတ်ခွင့်ပေးထားကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသက်ထွန်းအောင်က မနေ့ကလုပ်တဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောပါတယ်။

    အစိုးရဘဏ်တွေမှာ ပုဂ္ဂလိကဘဏ်တွေလိုမျိုး အပ်နှံထားတဲ့ငွေကို လိုအပ်သလို ထုတ်ယူခွင့်ပြုဖို့ ရှိ၊ မရှိကို မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်ပြည်သူ့လွှတ်တော်အမတ် ဦးမျိုးမြင့်သိန်းက လွှတ်တော်မှာ မေးချိန် ဗဟိုဘဏ်ဘက်က အခုလိုပြန်ဖြေခဲ့တာပါ။

    ၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့နောက် ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေမှာ ငွေသားထုတ်ယူမှုတွေကို ဗဟိုဘဏ် ဘက်က အဆင့်ဆင့်ကန့်သတ်တာတွေ ပြုလုပ်ခဲ့ပြီး နေပြည်တော်မှာ လွှတ်တော်နဲ့ အစိုးရသစ်တက်လာတဲ့အထိ ဒီကန့်သတ်ချက်တွေ ဆက်ရှိနေပါတယ်။

    ဗဟိုဘဏ်ဘက်ကတော့ ဘဏ်မှာအပ်နှံထားတဲ့ငွေကို လိုအပ်သလိုထုတ်နိုင်ဖို့ ဘဏ္ဍာရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်တွေပေါ်မူတည်ပြီး ဘဏ္ဍာ အခွန်ဝန်ကြီးဌာနနဲ့ ပူးပေါင်းလုပ်နေတယ်လို့ ခုခံပြောဆိုသွားပါတယ်။

    ဒါပေမဲ့ စက်မှုဇုန်စက်ရုံတွေရဲ့လုပ်ခလစာတွေအတွက် ကန့်သတ်ချက်မရှိထုတ်ပေးပေမဲ့ ကုန်ကြမ်းဝယ်ယူတာအတွက် ငွေသားထုတ်ယူရင်တော့ တစ်ပတ်ကို အများဆုံး ကျပ်သိန်း ၁,၀၀၀ ခွင့်ပြုထားတယ်လို့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသက်ထွန်းအောင်က လွှတ်တော်မှာ ပြောပါတယ်။

    ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗဟိုဘဏ်က တင်းကျပ်တဲ့မူဝါဒကို ကျင့်သုံးခဲ့ပြီး ပြည်တွင်းဘဏ်တွေမှာ အပ်နှံငွေတွေကို အကန့်အသတ်နဲ့သာ ထုတ်ယူခွင့်ရခဲ့သလို နိုင်ငံခြားငွေလဲနှုန်းတွေကိုလည်း သတ်မှတ်ဈေးအတိုင်းသာလဲလှယ်ခွင့်ပြုခဲ့ပါတယ်။

    ဒါပေမဲ့ အစိုးရဌာနတွေက သင်တန်းကျောင်း စရိတ်၊ ဆုချီးမြှင့်ငွေ၊ ဝတ်စုံစရိတ်၊ နိုင်ငံ့ဝန်ထမ်းကောင်းတံဆိပ်ချီးမြှင့်ငွေ၊ ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ငွေ၊ ဝန်ထမ်းဆုချီးမြှင့်ငွေတွေနဲ့ ဘာသာရေးဆိုင်ရာအခမ်းအနားတွေအတွက် ငွေသားထုတ်ယူတာ၊ အစိုးရဌာနတွေရဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေရဲ့ ထောက်ပံ့ပို့ဆောင်ရေး အသုံးစရိတ်အတွက် ငွေသား ထုတ်ယူတာကိုတော့ ကန့်သတ်ချက်မရှိ ခွင့်ပြုထားတယ်လို့ ဗဟိုဘဏ်ဘက်က ပြောပါတယ်။

    နောက်ပြီး ပြည်တွင်းမှာ ငွေသားကိုင်တာ လျှော့ချဖို့ ဒီဂျစ်တယ်ငွေပေးချေမှုတာတွေကိုလည်း လုပ်နေတယ်ဆိုပြီး ဗဟိုဘဏ်ဘက်က လွှတ်တော်မှာ ထည့်ပြောခဲ့ပါတယ်။

    ဒီဂျစ်တယ်ငွေပေးချေမယ်ဆိုရင် လူပုဂ္ဂိုလ်အချင်းချင်းက တစ်ရက်ကို အများဆုံး ကျပ်သိန်း ၅၀၊ ရွှေဆိုင်တွေ အီလက်ထရောနစ်ဆိုင်တွေလိုမျိုးကို လူပုဂ္ဂိုလ်က ငွေပေးချေတာမျိုးဆိုရင် တစ်နေ့ကို အများဆုံး ကျပ်သိန်း ၁၀၀ အထိသာ လွှဲခွင့်ပေးထားတယ်လို့ဆိုပါတယ်။

    ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗဟိုဘဏ်ကတင်းကျပ်တဲ့မူဝါဒကို ကျင့်သုံးခဲ့ပြီး ပြည်တွင်းဘဏ်တွေမှာ အပ်နှံငွေတွေကို အကန့်အသတ်နဲ့သာထုတ်ယူခွင့်ရခဲ့သလို နိုင်ငံခြားငွေလဲနှုန်းတွေကိုလည်း သတ်မှတ်ဈေးအတိုင်းသာလဲလှယ်ခွင့်ပြုခဲ့ပါတယ်။ဒါကြောင့် ဗဟိုဘဏ်ရဲ့ ငွေကြေးမူဝါဒတချို့ကိုအပြောင်းအလဲလုပ်ဖို့ စီးပွားရေးအသိုင်းအဝိုင်းက အစောပိုင်းကတည်းက ထုတ်ပြောခဲ့ကြပါတယ်။

  7. ပဲခူးဘူတာမှာ ရထားနဲ့တရားမဝင်သယ်လာတဲ့ အာဖရိကငါးခူ ကျပ်သိန်း ၂၃၀ ကျော်ဖိုးဖမ်းဆီးခံရ

    ရန်ကုန်ကနေ မော်လမြိုင်ကို ပြေးဆွဲနေတဲ့ ရထားပေါ်မှာ တရားမဝင် သယ်ဆောင်လာတဲ့ အာဖရိကငါးခူ ပိဿာ ၃၉၀၀ ကျော်ကို ပဲခူးဘူတာမှာ နိုဝင်ဘာ ၉ ရက် မနက်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ ပဲခူးအခြေစိုက်သတင်းရင်းမြစ်တချို့ကပြောပါတယ်။

    ငါးတွေကို ၁၀ ဂါလံဆံ့ ပလတ်စတစ်ပုံး ၃၆၁ ပုံးနဲ့ သယ်ဆောင်လာတာဖြစ်ပြီး စုစုပေါင်းအလေးချိန် ၃၉၇၁ ပိဿာခန့်၊ ကာလတန်ဖိုး ကျပ် ၂၃၄ သိန်းကျော်ဖိုးရှိတယ်လို့ သိရပါတယ်။

    အာဖရိကငါးခူဟာ အသားစားငါးမျိုးဖြစ်သလို သဘာဝဂေဟစနစ်ရဲ့ ဟန်ချက်ညီမှုကို ထိခိုက်စေနိုင်တဲ့ ငါးမျိုးစိတ်အဖြစ်သတိပေးခံထားရတဲ့ ငါးမျိုးစိတ်ဖြစ်ပါတယ်။ ငါးငယ်တွေနဲ့ အခြားရေနေသတ္တဝါတွေကို စားသောက်တတ်တာကြောင့် သဘာဝရေပြင်ထဲ ပျံ့နှံ့သွားပါက ဒေသခံငါးမျိုးစိတ်တွေအတွက် အန္တရာယ်ရှိနိုင်တယ်လို့ ဆိုပါတယ်။

    မျိုးပွားနှုန်းမြန်ပြီး ပတ်ဝန်းကျင်အခြေအနေအမျိုးမျိုးမှာ အသက်ရှင်နိုင်တဲ့အတွက် ဒေသခံငါးတွေနဲ့ အစာနဲ့ နေထိုင်ရာနေရာအတွက် ယှဉ်ပြိုင်ရနိုင်သလို ဒေသခံငါးမျိုးစိတ်တွေရဲ့ အရေအတွက်ကိုလည်း လျော့ကျစေနိုင်ပါတယ်။

    ရန်ကုန်ကနေ မော်လမြိုင်ကို မောင်းနှင်လာတဲ့ အမှတ် ၈၁ အဆန်ရထားပေါ်မှာ တရားမဝင်ငါးတွေ သယ်လာတယ်ဆိုတဲ့ သတင်းရရှိတဲ့အတွက် ရဲတပ်ဖွဲ့နဲ့ ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းပြီး ပဲခူးဘူတာမှာ စစ်ဆေးခဲ့တာလို့ သိရပါတယ်။

    ဘူတာကို ရောက်လာတဲ့ ရထားရဲ့ နောက်ဆုံးကုန်တင်တွဲအတွင်းမှာ ငါးပုံးတွေကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

    ငါးတွေကို တရားမဝင် သယ်ဆောင်လာတယ်လို့ သံသယရှိသူ အသက် ၁၉ နှစ်ကနေ ၃၁ နှစ်အရွယ် အမျိုးသားသုံးဦးကိုလည်း ဖမ်းဆီးထားပြီး ငါးလုပ်ငန်းဥပဒေအရ အရေးယူနိုင်ဖို့ စစ်ဆေးနေတယ်လို့ သိရပါတယ်။

  8. မြန်မာလုပ်သားအရေး တက်ကြွလှုပ်ရှားသူ ကိုဆူရတ်ကို ထိုင်းတရားရုံး ဖမ်းဝရမ်းထုတ်

    ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားအရေး တက်ကြွလှုပ်ရှားသူ Bright Future အဖွဲ့ခေါင်းဆောင် ကိုဆူရတ် (ခေါ်) ဝီရာ ဆဲန်ထောင် ကို ကန်ချနဘူရီခရိုင်တရားရုံးက နိုဝင်ဘာ ၉ ရက်မှာ ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ ထိုင်းသတင်းဌာနတချို့က ဖော်ပြပါတယ်။

    ကိုဆူရတ်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့မှာ ထိုင်းနိုင်ငံအတွင်း နေပြည်တော်က ဖွင့်လှစ်ထားတဲ့ CI စင်တာတွေ ဖျက်သိမ်းရေးနဲ့ မြန်မာအာဏာပိုင်တွေရဲ့ အလုပ်သမားဆိုင်ရာ မူဝါဒတွေကို ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။

    အဲဒီဆန္ဒပြပွဲအတွင်း ထိုင်းအမျိုးသားရေးလှုပ်ရှားတဲ့ အဖွဲ့တချို့ရဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုကိုလည်း ခံခဲ့ရသူဖြစ်ပါတယ်။ သူ့ကို ဖမ်းဝရမ်းထုတ်ခဲ့တာဟာ ဆိုင်ယော့ခရိုင် မှတ်ပုံတင်ရုံးက သူ့ရဲ့ မွေးစာရင်းကို ပယ်ဖျက်ပြီးနောက် ထွက်ပေါ်လာတာပါ။ အဲဒီရုံးက ကိုဆူရတ်ဟာ အစိုးရအရာရှိတွေကို သတင်းအချက်အလက် မှားယွင်းပေးခဲ့တယ်ဆိုပြီး ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပါတယ်။

    ကိုဆူရတ်ဟာ ၁၀ နှစ်ခံ ထိုင်းနိုင်ငံသားကတ် ကိုင်ဆောင်ထားသူဖြစ်ပြီး သူ့ရဲ့ မှတ်ပုံတင်အထောက်အထားတွေကို စစ်ဆေးပေးဖို့ ထိုင်းအမျိုးသားရေးလှုပ်ရှားတဲ့ အဖွဲ့တချို့က အာဏာပိုင်တွေကို ဖိအားပေးတောင်းဆိုခဲ့ပြီးနောက် သူ့ရဲ့ နောက်ကြောင်းရာဇဝင်ကို ပြန်လည်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

    တရားရုံးရဲ့ ဖမ်းဝရမ်းအရ ကိုဆူရတ်ဟာ ထိုင်းနိုင်ငံသားမဟုတ်သူတစ်ဦးအတွက် အိမ်ထောင်စုစာရင်းနဲ့ အခြားအရပ်ဘက်မှတ်ပုံတင်စာရွက်စာတမ်းတွေမှာ အချက်အလက်အတု ထည့်သွင်းတာ၊ အသုံးပြုတာ ဒါမှမဟုတ် တရားမဝင် မှတ်ပုံတင်ရယူတာတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

    ပြစ်မှုထင်ရှားရင် ထောင်ဒဏ် သုံးနှစ်ကျော် ချမှတ်ခံရနိုင်ပြီး အမှုအတွက် သက်တမ်းကန့်သတ်ချက်က ၁၀ နှစ်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    ဒါအပြင် သူ့ကိုမြန်မာအာဏာပိုင်တွေဘက်ကို ပြန်လွှဲပြောင်းမှာကိုလည်း ထိုင်းရောက်မြန်မာလုပ်သားအရေးတက်ကြွလှုပ်ရှားသူတွေက စိုးရိမ်နေကြပါတယ်။

    ကိုဆူရတ်ဟာ မြန်မာအလုပ်သမားတွေရဲ့ အလုပ်အကိုင်မှတ်ပုံတင်ရေး၊ တရားဝင်အထောက်အထားရရှိရေးနဲ့ အလုပ်သမားအခွင့်အရေးတွေအတွက် လှုပ်ရှားနေသူဖြစ်ပါတယ်။

    မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ နေရပ်ပြန်ရမယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ စီးပွားရေးကို ပြင်းပြင်းထန်ထန် ထိခိုက်နိုင်တယ်လို့လည်း ကိုဆူရတ်က မကြာသေးခင်က Prachachat သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောဆိုထားပါတယ်။

  9. မင်္ဂလာပါ။ နိုဝင်ဘာ ၁၀ ရက် ဘီဘီစီမြန်မာပိုင်းသတင်း‌တွေကို ဒီစာမျက်နှာမှာ တိုက်ရိုက် တင်ဆက်ပေး‌‌နေပါတယ်။