စစ်တပ်ထိန်းချုပ်ထားတဲ့ မြို့ ၃ မြို့ အေအေ တကယ်သိမ်းနိုင်မလား

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၆

ရခိုင်ပြည်နယ်ထဲမှာ မြို့သိမ်းတိုက်ပွဲတွေ ဆက်ဆင်နွှဲနေပြီး သိမ်းဖို့ကျန်နေတဲ့ နယ်မြေတွေကို ရခိုင်လူထုထံ မကြာခင် ပေးအပ်မယ်လို့ အာရက္ခတပ်တော်(အေအေ)က ကြုံးဝါးလိုက်ပါတယ်။

ရခိုင်မှာ တကျော့ပြန်တိုက်ပွဲကာလ ၃ နှစ်ပြည့်တဲ့ နိုဝင်ဘာ ၁၃ ရက်မှာ အေအေက အခုလို စစ်ရေးလုပ်ဆောင်ချက်တွေကို ထုတ်ပြန်လာတာဖြစ်ပါတယ်။

စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် ၃ မြို့ကလွဲရင် ရခိုင်က ကျန်တဲ့မြို့တွေကို အေအေက ထိန်းချုပ်ထားတာပါ။

၃ နှစ်တာအတွင်း အေအေက ကျန်တဲ့ မြို့တွေကို ဆက်တိုက်သိမ်းနိုင်ခဲ့ပေမယ့် ဒီ ၃ မြို့ကို မသိမ်းနိုင်သေးတာ ဘာကြောင့်ပါလဲ။

စစ်တပ်ခံစစ် သာလွန်မှုလား

စစ်တပ်ထိန်းချုပ်ထားတဲ့ မြို့ ၃ မြို့ထဲ စစ်တွေကိုတော့ တပ်က ခံစစ်အင်အား အမြင့်ဆုံးနဲ့ ခုခံထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဒေသကွပ်ကဲမှုဌာနချုပ်ရှိတဲ့အပြင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ပါ ပြောင်းရွှေ့အခြေစိုက်ထားတဲ့အတွက် စစ်တွေက အင်အားတောင့်ပါတယ်။

စစ်တွေမှာ ရွာပေါင်း ၈၀ ကျော်ရှိပြီး စစ်တပ်က အဲဒီရွာတွေအားလုံးနီးပါးမှာ အထိုင်ချတပ်စွဲပြီး အင်အားဖြည့်ထားတယ်လို့ သူကဆိုပါတယ်။

စစ်တွေမြို့မြောက်ဘက်ခြမ်းမှာရှိတဲ့ ရွှေမင်းဂံရေတပ်စခန်းကတော့ စစ်တွေမြို့ စစ်မျက်နှာအတွက် အဓိကကျတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ရဲ့ အကြီးဆုံးရေတပ်ဌာနချုပ်ဖြစ်တဲ့ ကျောက်ဖြူမြို့နယ်ထဲက ဓညဝတီရေတပ်ဌာနချုပ်ကနေ ရေကြောင်းတလျှောက်ပို့လွှတ်လိုက်တဲ့ စစ်အင်အားတွေဟာ ရွှေမင်းဂံရေတပ်ကို ရောက်လာပါတယ်။

ဒီရေတပ်စခန်းကနေမှ စစ်တွေရဲ့ မြို့နယ်အနှံ့မှာ အင်အားဖြန့်ကြက်ပြီး ထိုးစစ်၊ ခံစစ် နှစ်မျိုးလုံးကို လိုသလိုသုံးပြီး စစ်ရေးဖော်ဆောင်နေတာလို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။

ဒီရေတပ်စခန်းနဲ့ ရွှေမင်းဂံချောင်းတစ်ဖက်သာခြားတဲ့ ဝါဘိုကျေးရွာကို‌တော့ အေအေက ပြီးခဲ့တဲ့လပိုင်းအတွင်းမှာပဲ ထိန်းချုပ်ထားပါတယ်။

၂၀၂၆ ဒုတိယနှစ်ဝက်မှာ အေအေတပ်တွေက ရွှေမင်းဂံရေတပ်စခန်းအထိ သိမ်းပိုက်ဖို့ ကြိုးစားနေပေမယ့် နိုဝင်ဘာ ပထမသီတင်းပတ်အထိ ဒီရေတပ်စခန်းကို စစ်တပ်က ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။

"ရေတပ်ကို တည်ကြက်လုပ်ပြီး ခံစစ်တွေဖြန့်တယ်၊ ပုဏ္ဏားကျွန်းဘက်ကိုလည်း စစ်ကြောင်းထိုးပြီး ထိုးစစ်စနေတယ်" လို့ မြေပြင်သတင်းရင်းမြစ်က နိုဝင်ဘာလထဲမှာ ပြောပါတယ်။

အေအေထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ စစ်တွေက နယ်မြေချင်းထိစပ်နေပြီး ၂၁ မိုင်ကျော်ပဲ ကွာဝေးပါတယ်။

စစ်တပ်က စစ်တွေမြို့မကျရေး အခိုင်အမာကာဖို့အတွက် စစ်တွေနဲ့ ထိစပ်နေတဲ့ ပုဏ္ဏားကျွန်းမြို့ကို ပြန်ထိန်းချုပ်ဖို့လိုအပ်တယ်ဆိုတဲ့အချက်ကလည်း စစ်ရေးအရ လုပ်ဆောင်ရမယ့် တာဝန်တစ်ခုဖြစ်တယ်လို့ CDM ရေတပ်အရာရှိတစ်ဦးက ထုတ်ပြောပါတယ်။

ဒါကြောင့် စစ်တွေ-ပုဏ္ဏားကျွန်း ရေလမ်းပိုင်းမှာ မဖြစ်မနေ ဖြတ်သန်းရမယ့် ငပြီကျွန်းကို စစ်တပ်က ခြေကုပ်ရအောင် ယူထားတာလို့ သူက ရှင်းပြပါတယ်။

"ကျွန်းပေါ်မှာ အေအေရှိနေရင် စစ်တပ်ရဲ့ရေကြောင်းကနေ သွားမယ့် စစ်ကူတွေအတွက် အဟန့်အတားက ကြီးတယ်" လို့ သူကဆိုပါတယ်။

စစ်တပ်က အောက်တိုဘာလထဲမှာပဲ ကုလားတန်မြစ်ဝနားမှာရှိတဲ့ ငပြီကျွန်းကို ထိန်းချုပ်နိုင်ရေး ဝေဟင်၊ မြေပြင်ထိုးစစ်တွေနဲ့ တိုက်ခိုက်ပြီး ကျွန်းကို သိမ်းထားတာဖြစ်ပါတယ်။

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့ကြား မင်းချောင်းတံတားအနီးက ကျေးရွာတွေမှာလည်း စစ်တပ်နဲ့ အေအေတို့ကြားတိုက်ပွဲတွေ ဆက်ပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက နိုဝင်ဘာ ၁၄ ရက်မှာ ပြောပါတယ်။

ပါဒလိပ်နဲ့ အမြင့်ကျွန်းရွာတွေဘက်မှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ သိရပါတယ်။

"ဒရုန်းတွေ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်တယ်။ အေအေတပ်တွေ ရှေ့တိုးမရအောင် စစ်ကြောင်းထိုးလိုက် ပြန်ဆုတ်ပြီးအင်အားဖြည့်တင်းလိုက်လုပ်နေတာ" လို့ သူက ဆိုပါတယ်။

စစ်တွေမြို့နယ်ထဲက ရွာတွေထဲမှာနေထိုင်တဲ့ ဒေသခံအများစုကတော့ စစ်တွေမြို့ပေါ်ကို စစ်ရှောင်နေကြရတယ်လို့ စစ်ရှောင်ရတဲ့ရွာခံတချို့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"အေအေထိုးစစ်ဖော်လာရင် ရွာခံတွေက အေအေနဲ့ ပူးပေါင်းတာတွေဖြစ်မှာကို စိုးရိမ်ပုံရတယ်။ စစ်တပ်က ဒေသခံတွေကို ရွာတွေထဲမှာမနေခိုင်းဘူး။ မြို့ထဲဘက်ကို ရှောင်ခိုင်းတာ" လို့ သူက ဆိုပါတယ်။

စစ်တပ်က စစ်တွေကို ခံစစ်အခိုင်အမာပြင်ထားသလို အေအေထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ထဲကို စစ်ကြောင်းအဝင်အထွက်လုပ်ပြီး စစ်ရေးအရ ခြိမ်းခြောက်ထားနိုင်တာကလည်း အေအေရဲ့ စစ်ရှိန်ကို လျော့စေတယ်လို့ CDM ရေတပ်အရာရှိက ပြောပါတယ်။

အေအေက ပုဏ္ဏားကျွန်းမြို့ကို ၂၀၂၄ ခုနှစ်မှာ ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်အနေနဲ့ ပုဏ္ဏားကျွန်းမြို့ကို ပြန်ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင်တော့ ရခိုင်မြောက်ပိုင်းက အေအေထိန်းချုပ်ထားတဲ့ တခြားမြို့တွေကိုပါ ထိုးစစ်ဖော်ဖို့ စစ်ခွင်ပွင့်သွားနိုင်မယ်လို့ သူက ကောက်ချက်ချပါတယ်။

"စစ်တွေကို ပိတ်ဆို့ထားတဲ့ အေအေရဲ့ ရှေ့တန်းစစ်မျက်နှာကို ခွာထုတ်နိုင်သွားမယ်" လို့ သူကဆိုပါတယ်။

ဒါတင်မကဘဲ စစ်တွေနဲ့ မြေမျက်နှာပြင်ချင်းဆက်စပ်မှုတွေကို အားယူပြီး ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ပေါက်တော၊ မြောက်ဦးနဲ့ မင်းပြားတို့ကိုတိုက်ဖို့ ပုဏ္ဏားကျွန်းက ခြေကုပ်နေရာဖြစ်လာနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။

အေအေမသိမ်းနိုင်သေးတဲ့ ကျောက်ဖြူ

စစ်တပ်ထိန်းချုပ်ထားတဲ့ ကျောက်ဖြူမြို့နယ်ထဲမှာလည်း အေအေ နဲ့ တိုက်ပွဲတွေပြင်းထန်နေဆဲပဲလို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

ကျောက်ဖြူနဲ့ အေအေထိန်းချုပ်ထားတဲ့ ရမ်းဗြဲမြို့ကြားက စနဲမြို့အနီးတဝိုက်မှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်ရှိနေတာဖြစ်ပါတယ်။

၂၀၂၆ ဒုတိယနှစ်ဝက်ထဲမှာ ကျောက်ဖြူမြို့နဲ့ ၅မိုင်အကွာထိ အေအေရဲ့ ထိုးစစ် ရောက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ထုတ်ပြောပါတယ်။

ကျောက်ဖြူမြို့နယ်ထဲက ဓညဝတီ ရေတပ်ဌာနချုပ်ကြီးရဲ့ ကာကင်းစခန်းတစ်ခုဖြစ်တဲ့ တောင်ပေါ်ဦးရေတပ်စခန်းကို သိမ်းဖို့ အေအေက ကြိုးစားခဲ့တာပါ။

ဒါပေမဲ့ ဒီစခန်းကို နိုဝင်ဘာလအထိ အေအေက မသိမ်းနိုင်သေးပါဘူး။

စစ်တပ်ကလည်း ဒီရေတပ်စခန်းမကျဖို့ လေကြောင်းတိုက်ခိုက်မှုတွေအပြင် စစ်ကူအင်အားတွေပို့လွှတ်ပြီး ခုခံစစ်ပြင်ထားတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

၂၀၂၆ နိုဝင်ဘာမှာတော့ အေအေရဲ့ တပ်တွေက ကျောက်ဖြူ-ရမ်းဗြဲလမ်းပိုင်းဘေးက ဇင်ချောင်းရွာအထိ ပြန်ဆုတ်ထားတယ်လို့ သူက ဆိုပါတယ်။

ဇင်ချောင်းရွာဟာ အေအေထိန်းချုပ်ထားတဲ့ စနဲမြို့အနီးမှာရှိတဲ့ရွာဖြစ်ပါတယ်။

စနဲမြို့ကို အေအေထိန်းချုပ်ထားတယ်ဆိုပေမယ့် ကျောက်ဖြူ-ရမ်းဗြဲလမ်းပိုင်းမှာတော့ နှစ်ဖက်တပ်တွေ ဖြန့်ကြက်ပြီး စစ်ဆိုင်ထားကြတဲ့အခြေအနေလို့ သူက ရှင်းပြပါတယ်။

စစ်ရေးအကဲခတ်တချို့ကတော့ တရုတ်က သူ့ရဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းတွေရှိတဲ့ ကျောက်ဖြူနယ်ထဲမှာ ထိုးစစ်မဆင်ဖို့ စစ်တပ်ရော အေအေရော နှစ်ဖက်လုံးကို တရုတ်က ကြားဝင်ပြီး ဖိအားပေးတာ သတိပေးတာမျိုးတွေရှိနိုင်တယ်လို့ ယူဆနေကြပါတယ်။

တရုတ်အကောင်အထည်ဖော်နေတဲ့ နှစ်နိုင်ငံ ရထားလမ်းစီမံကိန်းဟာလည်း တရုတ်ကူမင်းကနေ စတင်မှာဖြစ်ပြီး ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့မှာ အဆုံးသတ်မှာဖြစ်ပါတယ်။

အမည်မဖော်လိုတဲ့ CDM ရေတပ်အရာရှိတစ်ဦးကတော့ အေအေအနေနဲ့ ရခိုင်ပြည်နယ်ပြန်တည်ဆောက်တဲ့နေရာမှာ အိမ်နီးချင်း အင်အားကြီးတရုတ်နိုင်ငံနဲ့ ဆက်ဆံရေးမပျက်ပြားအောင် ထိန်းညှိဖို့ လိုမယ်လို့ မှတ်ချက်ပြုပါတယ်။

"မသိမ်းနိုင်တာမဟုတ်လောက်ဘူး။ တရုတ်စီမံကိန်းဧရိယာကို မထိခိုက်အောင် တရုတ်က ဖိအားပေးနိုင်တယ်။ တိုက်ပွဲကြီးတွေဖြစ်မလာအောင် အတိုင်းအတာတစ်ခုအထိ ထိန်းတိုက်နေရတော့ တိုက်ပွဲက ကြာရှည်တာပေါ့" လို့ သူက ရှင်းပြပါတယ်။

မာန်အောင်မြို့ကတော့ ကုန်းတွင်းပိုင်းတိုက်ပွဲတွေနဲ့ အလှမ်းဝေးတဲ့ ပင်လယ်ပြင်က မာန်အောင်ကျွန်းပေါ်မှာ တည်ရှိတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ထဲက စစ်တပ်ရဲ့ ရေတပ်စခန်းတွေနဲ့ ရေကြောင်းလှုပ်ရှားမှုတစ်ခုလုံးကို မထိန်းချုပ်နိုင်သရွေ့ မာန်အောင်မြို့ကို အေအေထိန်းချုပ်နိုင်ဖို့က အလှမ်းဝေးနေဦးမယ်လို့ ရခိုင်စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက ထုတ်ပြောပါတယ်။

စစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေး

စစ်တပ်က အေအေနဲ့ တိုက်ပွဲကာလအတွင်းမှာပဲ အေအေထိန်းချုပ်ထားတဲ့ မြို့နယ်တွေထဲကို လေကြောင်းတိုက်ခိုက်မှုတွေ ပိုတိုးပြီး လုပ်လာတယ်လို့ အေအေထိန်းချုပ်ဒေသတွေမှာ နေထိုင်နေကြတဲ့သူတချို့က ဘီဘီစီကိုပြောပါတယ်။

စစ်တပ်လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူအစုလိုက် အပြုံလိုက်သေဆုံးခဲ့တဲ့ဖြစ်စဉ်တွေကိုလည်း အေအေက သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၆ ခုနှစ် ၆လအတွင်းမှာပဲ စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အကြိမ်ရေ ၃၂၈ ကြိမ်ရှိတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒ လေ့လာရေးအင်စတီကျု (ISP Myanmar) က ပြောပါတယ်။

၂၀၂၆ နိုဝင်ဘာ ၁၃ ရက်မှာလည်း အေအေထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ထဲက ဗျာလစစ်ဘေးရှောင်စခန်းကို စစ်တပ်က ဗုံးကြဲလို့ လူ ၁၀ ဦးထက်မနည်းသေဆုံးတယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။

  • ၂၀၂၅ ခုနှစ် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ရွာဗုံးကြဲမှု (၄၀ ဦးထက်မနည်းသေဆုံး)
  • ၂၀၂၅ ခုနှစ် ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာက စာသင်ကျောင်းဗုံးကြဲခံရမှု (၂၀ ဦးထက်မနည်းသေဆုံး)
  • ၂၀၂၅ ခုနှစ် မြောက်ဦးဆေးရုံဗုံးကြဲခံရမှု (၃၀ ဦးထက်မနည်းသေဆုံး)
  • ၂၀၂၆ ခုနှစ် ကျောက်တော်မြို့ အိန္ဒိယဈေး ဗုံးကြဲခံရမှု (၅၀ ဦးထက်မနည်းသေဆုံး)

ဒီလေကြောင်းကြဲခံရတဲ့နေရာတွေဟာ ရခိုင်ပြည်နယ်ထဲ ဖြစ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေထဲက လူအသေအပျောက်များခဲ့တဲ့ဖြစ်စဉ်တွေဖြစ်ပါတယ်။

ဒီဖြစ်စဉ်တွေမှာ သေဆုံးခဲ့တဲ့သူတွေဟာ အရပ်သားတွေဖြစ်တယ်လို့ မြေပြင်မှာ ကူညီကယ်ဆယ်ရေးလုပ်ခဲ့ကြသူတချို့က ဘီဘီစီကို အစောပိုင်းကတည်းက ထုတ်ပြောထားကြပါတယ်။

တစ်ဖက်မှာလည်း စစ်တပ်က ရခိုင်ပြည်နယ်ထဲက ဒေသခံတွေကို ဒီလိုပစ်မှတ်ထားတိုက်ခိုက်လာတာဟာ အေအေနဲ့ ဒေသခံတွေကြားက ဆက်သွယ်မှု၊ ထောက်ခံမှုတွေကို ပြတ်တောက်၊ လျော့ကျစေချင်တာကြောင့်လို့ ရခိုင်စစ်ဘေးရှောင်အရေးဆောင်ရွက်သူတစ်ဦးက ဆိုပါတယ်။

"လေကြောင်းလာတော့ ဒေသခံတွေ အထိတ်တလန့်ဖြစ်ပြီး နေရပ်ကနေ စွန့်ခွာကြမယ်၊ အေအေနဲ့ သူ့ကိုထောက်ခံတဲ့သူတွေကြား သတင်းစီးဆင်းမှုကိုလည်းပြတ်တောက်စေတာပေါ့" လို့ သူက ဆိုပါတယ်။

အလားတူ လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်အများစုဟာ အေအေထိန်းချုပ်ထားတဲ့ ဒေသတွေထဲမှာဖြစ်နေတာကြောင့် အေအေရဲ့ အုပ်ချုပ်ရေး ယန္တရားတွေအပြည့်အဝ လည်ပတ်လို့မရအောင် ထိထိရောက်ရောက်ဟန့်တားတဲ့နည်းလမ်းတစ်ခုလို့ စစ်ရေးအကဲခတ်တစ်ဦးက ပြောပါတယ်။

အေအေရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ၂၀၂၆-၂၀၂၇ နှစ်တွေမှာ မြို့သိမ်းတိုက်ပွဲတွေကို အပြီးသတ်ဆင်နွှဲမယ်လို့ အစောပိုင်းကတည်းက ကြွေးကြော်ထားပါတယ်။

အေအေအတွက်တော့ ရခိုင်လူထုကြုံနေရတဲ့ လေကြောင်းအန္တရာယ်နဲ့ နိုင်ငံတကာအကျိုးစီးပွားဖိအားတွေက လက်ကျန်မြို့တွေသိမ်းနိုင်ဖို့ စိန်ခေါ်ချက်ဖြစ်နေပါတယ်။