ဒေါ်လာသန်း ၅၀၀ အကုန်ခံရိုက်တဲ့ရာမဇာတ်တော်ရုပ်ရှင်ကို အကဲခတ်တွေအမြင်ကွဲပြား

    • ရေးသားသူ, ဇိုယာ မာတင်း
    • ရာထူးတာဝန်, ဘီဘီစီသတင်း၊ ဒေလီ
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၇

ဟိန္ဒူဇာတ်တော်ကြီး ရာမယဏကို ခမ်းခမ်းနားနားပြန်လည်ပုံဖော်ထားတဲ့ရုပ်ရှင်ကို အပိုင်း ၂ ပိုင်းခွဲပြီး ဒေါ်လာ သန်း ၅၀၀ အကုန်အကျခံကာ တစ်ပိုင်းစီ ရုံတင်ဖို့ ပြင်ဆင်တာ အခုဆို ပထမ တစ်ပိုင်းကို ရုံတင်ပြီဖြစ်ပါတယ်။ ဒေါ်လာ ဘီလျံ၀က်အထိ သုံးထားလို့ ဒီရုပ်ရှင်ဟာ အိန္ဒိယရဲ့ကုန်ကျစရိတ်အများဆုံး ရုပ်ရှင်လည်းဖြစ်လာပါတယ်။

ဒီရုပ်ရှင်ကို ကမ္ဘာတဝန်းက ရုပ်ရှင်ရုံတွေမှာ စတင်ပြသချိန်မှာ ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ ရသမျှော်မှန်းချက် မြင့်သလို ဝေဖန်သုံးသပ်ချက်တွေကလည်း အမြင်ကွဲပြားနေပါတယ်။

ဒါရိုက်တာ နီတက်ရှ် တီဝါရီ ရိုက်ကူးတဲ့ ရာမာယဏ ဒဏ္ဍာရီတစ်ခုမွေးဖွားခြင်း(Ramayana: Rise of a Legend)ရုပ်ရှင်ဟာ ရိုက်ကူးဖို့ စီစဉ်ထားတဲ့ ရုပ်ရှင်နှစ်ကားထဲက ပထမဆုံးကား ဖြစ်ပါတယ်။

အိန္ဒိယရဲ့အကျော်ကြားဆုံး သရုပ်ဆောင်တချို့၊ ဟောလိဝုဒ်က ရုပ်ရှင်အထူးပြုလုပ်ချက်ဆိုင်ရာကျွမ်းကျင်သူတွေနဲ့ အော်စကာဆုရ တေးရေး နှစ်ယောက်တို့ ပါဝင်ထားတဲ့အကြီးစားထုတ်လုပ်ရေးဖြစ်ပြီး အိန္ဒိယတို့ အလေးအမြတ်အထားဆုံးဇာတ်လမ်းတွေထဲက တစ်ပုဒ်ကို ကမ္ဘာ့ပရိသတ်ဆီ ရောက်အောင် ကြိုးပမ်းမှု တစ်ရပ်လည်းဖြစ်ပါတယ်။

ဟိန္ဒူဘာသာရဲ့ကျမ်းဂန်လာ ကဗျာလင်္ကာရှည်ကြီးတွေထဲက တစ်ခုဖြစ်တဲ့ ရာမယဏဇာတ်တော်ဟာ မြန်မာနဲ့ ထိုင်းအပါအ၀င် ကမ္ဘာ့တိုက်ကြီးတွေအထိ ကဗျာလင်္ကာ၊ ဘုရားကျောင်းကန် ပန်းပုရုပ်လုံး၊ ရုပ်သေးပန်းချီ၊ စင်တင်ဇာတ်တော် ပြဇာတ် ကဇာတ်တွေအဖြစ် မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းလာတဲ့ဇာတ်လမ်းတစ်ခုလည်းဖြစ်ပါတယ်။

ဒီဇာတ်တော်ဟာ မင်းဆက်အဆက်ဆက်၊ အင်ပါယာတွေထက်တောင် ရှည်ကြာတည်တံ့ခဲ့ပြီး ဘာသာရေးယုံကြည်ကိုးကွယ်မှု၊ နိုင်ငံရေးလှုပ်ရှားမှုတွေရဲ့စံပြယုဂ်တစ်ခုအဖြစ် ရုပ်ရှင်နဲ့ ရသဖန်တီးမှုအဖြစ် အကြိမ်ကြိမ် သက်၀င်ဖန်တီးခဲ့ကြပြီးဖြစ်ပါတယ်။

တီဝါရီရဲ့အခု ရုပ်ရှင် ဖန်တီးမှုကတော့ နတ်ဘုရားတွေ၊ မိစ္ဆာတွေ၊ ဒေ၀ါလက်နက်တွေ၊ ဘုရင့်နိုင်ငံတော်တွေမှာ အခြေတည်ထားပြီး ချစ်ခြင်းမေတ္တာ၊ တာ၀န်၀တ္တရား၊ ပြည်၀ေးဘ၀တွေကို ဖော်ကျူးထားပါတယ်။

ရန်ဘီးရ် ကပူးရ်က အယိုးဒယပြည်ရဲ့သီလဂုဏ်ရှင် ရာမအရှင်အဖြစ် သရုပ်ဆောင်ထားပါတယ်။ နိုင်ငံကနေ ၁၄ နှစ်ကြာ ပြည်နှင်ခံရပြီးနောက် ရာမဟာ ဇနီးဖြစ်သူ သီတာနဲ့အတူ တောထဲကို ထွက်ခွာသွားပါတယ်။ မယ်သီတာအဖြစ် ဆိုင် ပလာဗီက သရုပ်ဆောင်ထားပြီး သူ့ကို လင်္ကာပြည်ရဲ့ခေါင်းဆယ်လုံးရှိတဲ့ မင်း ရာဝဏ(ဒဿဂီရိ)က ပြန်ပေးဆွဲခံရတဲ့ဇာတ်ဖြစ်ပါတယ်။

အိန္ဒိယတောင်ပိုင်းရဲ့အကျော်ကြားဆုံး သရုပ်ဆောင်တွေထဲက တစ်ယောက်ဖြစ်တဲ့ ယက်ရှ်က ရာဝဏအဖြစ် သရုပ်ဆောင်ထားပါတယ်။ ရာဝဏဟာ အင်အားကြီး စစ်သည်တစ်ယောက်ဖြစ်ပေမဲ့ မာန်မာနကြောင့် ရာမမင်းသားနဲ့ မဟာတိုက်ပွဲကြီး ဆင်နွှဲရပါတယ်။ အဲဒီတိုက်ပွဲကို လာမယ့်နှစ်မှာ ရုံတင်ဖို့ စီစဉ်ထားတဲ့ ရုပ်ရှင်ဒုတိယပိုင်းမှာ ပုံဖော်ပြသမှာ ဖြစ်ပါတယ်။

ရုပ်ရှင်ထုတ်လုပ်သူ နာမစ် မယ်လ်ဟိုထရာဟာ DNEG ရုပ်ရှင်အထူးပြုလုပ်ချက်ကုမ္ပဏီကို ဦးဆောင်နေသူဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ Dune နဲ့ Interstellar အပါအဝင် ဟောလိဝုဒ်ရဲ့ နာမည်ကြီးရုပ်ရှင်ကြီးတွေမှာ ပါ၀င်ခဲ့တဲ့ကုမ္ပဏီ ဖြစ်ပါတယ်။

ရုပ်ရှင်တေးဂီတကို Slumdog Millionaire ရုပ်ရှင်နဲ့ အော်စကာဆုရခဲ့တဲ့ အိန္ဒိယတေးရေးဆရာ အေအာ ရာမန်နဲ့ ဟန်းစ် ဇင်မာတို့ ပူးပေါင်းဖန်တီးထားပါတယ်။ ဟန်းစ် ဇင်မာက Gladiator၊ The Dark Knight၊ Dune ရုပ်ရှင်တွေအတွက် ရေးစပ်ခဲ့သူဖြစ်ပါတယ်။

ဒီရုပ်ရှင်ကို ဟိန္ဒူဘာသာဝင်တွေရဲ့မီးထွန်းပွဲတော်ဖြစ်တဲ့ ဒီပါ၀လီ မတိုင်ခင်ရက်ပိုင်းအလိုမှာ စတင်ပြသခဲ့ပါတယ်။ ဒီပါ၀လီပွဲတော်ဟာ ရာမမင်းသား ပြည်နှင်ဒဏ်ဘဝကနေ အယိုးဒယပြည်ကို ပြန်လာတာကို ဂုဏ်ပြုတဲ့ပွဲတော်ဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်အထိ ဝေဖန်သူတွေရဲ့တုံ့ပြန်မှုမှာတော့ အမြင်ကွဲပြားမှုတွေ ဖြစ်လာပါတယ်။

NDTV ရုပ်သံလိုင်းက ဆိုင်ဘယ် ချက်တာဂျီက ရုပ်ရှင်ကို ကြယ်ငါးပွင့်အနက် သုံးပွင့်ပေးပါတယ်။ ရုပ်ရှင်ကို မြင်ကွင်းတွေ ခမ်းနားအောင်လုပ်ထားလွန်းလို့ ဒီပြကွက်တွေဟာ ဇာတ်လမ်းဇာတ်သွားကို ဖုံးသွားတာမျိုးဖြစ်စေတယ်လို့ သူက သုံးသပ်ရေးသားပါတယ်။

Hindustan Times သတင်းစာက ရီရှာ့ဘ် ဆူရီကတော့ ပိုပြီး အားတက်သရော ဝေဖန်ခဲ့ပြီး ကြယ်လေးပွင့် ပေးပါတယ်။

"အဲဒီပိုက်ဆံအားလုံးကို ရုပ်ရှင်မျက်နှာပြင်ပေါ်မှာ မြင်ရတာ ၀မ်းသာစရာဖြစ်ပါတယ်" လို့ သူက ရေးသားခဲ့ပါတယ်။ သရုပ်ဆောင်မှုတွေနဲ့ ရုပ်ရှင်အထူးပြုလုပ်ချက်တွေကို ချီးကျူးခဲ့ပေမဲ့ ပထမပိုင်းက နှေးကွေးပြီး တေးဂီတကတော့ မျှော်လင့်ထားသလောက် မကောင်းဘူးလို့ သူက ယူဆပါတယ်။

The Indian Express က ရှုဘ်ရာ ဂူပတာက ရုပ်ရှင်ကို ကြယ်သုံးပွင့် ပေးပါတယ်။ ရုပ်ရှင်ရဲ့ အလွန်ခမ်းနားကြီးကျယ်တဲ့အတိုင်းအတာအပေါ် အစပိုင်းမှာ သံသယရှိခဲ့တယ်လို့ သူက ဝန်ခံပေမဲ့ တဖြည်းဖြည်း သဘောကျလာပြီး "ပြီးပြည့်စုံတဲ့မော်ကွန်းဇာတ်လမ်း" လို့ ခေါ်ဆိုခဲ့ပါတယ်။

ခမ်းနားတဲ့ မြင်ကွင်းတွေကို ဆက်လက်ခံစားနိုင်အောင် "မှော်အတတ်တွေ၊ ရင်ခုန်စရာတွေနဲ့ စွန့်စားခန်းတွေ လုံလုံလောက်လောက် ပါဝင်တယ်" လို့ သူက ရေးသားပါတယ်။ ကျယ်ပြန့်ရှုပ်ထွေးတဲ့ဇာတ်လမ်းထဲမှာ နစ်မြုပ်သွားခြင်းမရှိဘဲ ရုပ်ရှင်ဖန်တီးသူတွေဟာ ဒီဇာတ်လမ်းကို ပြောပြနိုင်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

နိုင်ငံတကာမှာလည်း ဒီရုပ်ရှင်အပေါ် တုံ့ပြန်မှုတွေ ကွဲပြားနေပါတယ်။

The Guardian သတင်းစာမှာ ရေးသားခဲ့တဲ့ ပီတာ ဘရက်ဒ်ရှောက ဒီရုပ်ရှင်ကို "တကယ်ကို ဆွဲဆောင်မှုရှိပြီး အားတက်စရာကောင်းသလို ခမ်းနားလှတဲ့ အိန္ဒိယမော်ကွန်း မဲလိုဒရာမာရုပ်ရှင်" လို့ ဖော်ပြခဲ့ပါတယ်။

ရာမမင်းသား ပြည်နှင်ခံရစေတဲ့ နန်းတွင်းအရှုပ်အထွေးတွေထဲမှာ ကမ္ဘာကျော် ပြဇာတ်ဆရာ ရှိတ်စပီးယားရဲ့လက်ရာသဘောတွေကို သူတွေ့ရသလို သီတာမင်းသမီးကို ကယ်တင်ဖို့ ရာမရဲ့ ခရီးစဉ်မှာလည်း ဟိုးမားရဲ့ မော်ကွန်းဇာတ်လမ်းသဘောတွေကို တွေ့ရတယ်လို့ ဆိုပါတယ်။

ကျယ်ပြန့်တဲ့ ရှုခင်းတွေနဲ့ စိတ်ကူးယဉ်ပုံရိပ်တွေက The Lord of the Rings နဲ့ The Lion King ကို သူ့အား သတိရစေခဲ့ပါတယ်။

"တော်တော်လေး အံ့ဩစရာကောင်းတဲ့စွန့်စားခန်းတစ်ခုပါ" လို့ သူက ရေးသားပြီး ကြယ်လေးပွင့် ပေးခဲ့ပါတယ်။

တခြားဝေဖန်သူတွေကတော့ သိပ်ပြီး သဘောမကျခဲ့ကြပါဘူး။

IGN က စစ်ဒန့် အက်ဒ်လာခါက ရုပ်ရှင်ကို ၁၀ မှတ်တန်းပြည့်မှာ ၄ မှတ်ပေးခဲ့ပြီး အက်ရှင်မြင်ကွင်းတွေကို "အဟောင်းထဲက မထွက်ဘူး" လို့ ဖော်ပြသလို ကွန်ပျူတာနဲ့ ဖန်တီးထားတဲ့ပုံရိပ်တွေကိုလည်း "မျက်စိစူးစရာ" လို့ ဆိုပါတယ်။

Next Best Picture က ဂျိုဗန်နီ လာဂိုက ရုပ်ရှင်ကို ၁၀ မှတ်ထဲ ၅ မှတ် ပေးခဲ့ပြီး ယက်ရှ်ရဲ့ ဆွဲဆောင်မှုအားကောင်းတဲ့ ရာဝဏဇာတ်ကောင် သရုပ်ဆောင်မှုနဲ့ တေးရေး ရာမန်၊ ဇင်းမားတို့ရဲ့ တေးဂီတကို ချီးကျူးပါတယ်။

ဒါပေမဲ့ ဒီရုပ်ရှင်ရဲ့ကြီးမားကျယ်ပြန့်တဲ့ ဇာတ်ကြောင်းကို Game of Thrones ပုံစံ ဇာတ်လမ်းတွဲအဖြစ် ဖန်တီးခဲ့ရင် ပိုကောင်းနိုင်တယ်လို့ သူက ယူဆပါတယ်။

အင်္ဂလိပ်ဘာသာစကားနဲ့ ရိုက်ကူးထားတဲ့ဗားရှင်းမှာ သရုပ်ဆောင်တွေရဲ့ နှုတ်ခမ်းလှုပ်ရှားမှုတွေကို ချိန်ညှိဖို့ ဉာဏ်ရည်တုနည်းပညာ(AI) ကို အသုံးပြုထားတာလည်း ဝေဖန်ခံခဲ့ရပါတယ်။

တီဝါရီကတော့ နိုင်ငံတကာပရိသတ်တွေ ပိုမိုလွယ်ကူစွာ ကြည့်ရှုနိုင်ဖို့ အဲဒီလိုလုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။ ဒါပေမဲ့ အက်ဒ်လာခါက ရလဒ်ကို "ဟာသပြကွက်တွေအတွက် မလှုပ်မရှားပုံရိပ်တွေပေါ်မှာ ပုံကြီးချဲ့ထားတဲ့ပါးစပ်လှုပ်ရှားမှုတွေ ထပ်တင်ထားသလိုပဲ" လို့ ခံစားမိတဲ့အကြောင်း နှိုင်းယှဉ်ပြနေပါတယ်။

အိန္ဒိယမှာတော့ ဒီရုပ်ရှင်ကို အရင်က ဇာတ်လမ်းပုံဖော်မှုတွေနဲ့ နှိုင်းယှဉ်နေကြပါတယ်။ အထူးသဖြင့် ရာမာနန် ဆာဂါရဲ့ Ramayan ဇာတ်လမ်းတွဲနဲ့ နှိုင်းယှဉ်ကြတာပါ။ ဒီဇာတ်လမ်းတွဲဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် လေးခုနီးပါးက ရိုးရှင်းတဲ့ဇာတ်ဝင်ခန်းတွေနဲ့ အခုခေတ်အမြင်မှာ ခေတ်နောက်ကျသလို ထင်ရတဲ့အထူးပြုလုပ်ချက်တွေကို အသုံးပြုပြီး တစ်နိုင်ငံလုံးက ပရိသတ်တွေကို ဖမ်းစားခဲ့ပါတယ်။

ဒီဇာတ်လမ်းတွဲကို ၁၉၈၇ ခုနှစ်မှာ ပထမဆုံး ထုတ်လွှင့်ခဲ့ချိန်က အိန္ဒိယနိုင်ငံတဝန်း တနင်္ဂနွေနေ့ မနက်ခင်းတွေမှာ ဘာသာရေးဝတ်ပြုချိန်တစ်ခုလို တိတ်ဆိတ်ငြိမ်သက်နေခဲ့ပါတယ်။ လမ်းတွေပေါ်မှာ လူရှင်းသွားပြီး ဆိုင်တွေ တံခါးပိတ်လို့ အိမ်နီးချင်းတွေရဲ့ ရုပ်မြင်သံကြားစက်တွေနားမှာ စုဝေးကြည့်ရှုခဲ့ကြပါတယ်။

ပရိသတ်တချို့က ရေချိုး၊ အမွှေးတိုင်ထွန်းပြီး ရုပ်မြင်သံကြားစက်တွေမှာ ပန်းကုံးတွေ ချိတ်ဆွဲကာ ဘုရားဝတ်ပြုဖို့ ပြင်ဆင်သလိုမျိုး ဒီအစီအစဉ်ကို ကြည့်ဖို့ ပြင်ဆင်ခဲ့ကြပါတယ်။

New York University က မီဒီယာပညာရှင် အာဗင် ရာဂျာဂိုပယ်က ရထားတွေနဲ့ ဘတ်စ်ကားတွေ ရပ်နားခဲ့ပြီး ခရီးသည်တွေက လမ်းဘေးရုပ်မြင်သံကြားစက်တွေမှာ ဒီဇာတ်လမ်းတွဲကို ကြည့်ဖို့ ဆင်းခဲ့ကြတယ်လို့ ၂၀၁၉ ခုနှစ်မှာ ဘီဘီစီကို ပြောခဲ့ပါတယ်။

အစိုးရပိုင် Doordarshan ရုပ်သံကနေ ထုတ်လွှင့်ခဲ့တဲ့အပိုင်း ၇၈ ပိုင်းပါ ဇာတ်လမ်းတွဲရဲ့ လူကြိုက်အများဆုံး အပိုင်းတချို့ကို ပရိသတ် သန်း ၈၀ ကနေ သန်း ၁၀၀ အထိ ကြည့်ရှုခဲ့တယ်လို့ ခန့်မှန်းပါတယ်။ အဲဒီအချိန်က အိန္ဒိယမှာ ရုပ်မြင်သံကြားစက်တစ်လုံး ပိုင်ဆိုင်နိုင်တာကို ဇိမ်ခံမှုတစ်ခုအဖြစ် သတ်မှတ်ရတဲ့အတွက် အဲဒီပမာဏဟာ အံ့အားသင့်စရာ ဖြစ်ပါတယ်။

သရုပ်ဆောင်တွေကိုယ်တိုင်လည်း ကြည်ညိုလေးစားခံရသူတွေ ဖြစ်လာခဲ့ပါတယ်။

ရာမမင်းသားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ အာရွန် ဂိုဗယ်က သူ့ကို မြင်တဲ့အခါ လူတွေ ငိုကြွေးခဲ့ကြပြီး သူ့ခြေထောက်ကို ထိတွေ့ကန်တော့ခဲ့ကြတာကို ပြန်ပြောပြဖူးပါတယ်။

အခုတော့ အတိတ်ကို လွမ်းဆွတ်သတိရစေတဲ့သရုပ်ဆောင်ရွေးချယ်မှုတစ်ခုအဖြစ် ဂိုဗယ်ဟာ တီဝါရီရဲ့ ရုပ်ရှင်မှာ ရာမမင်းသားရဲ့ ခမည်းတော် ဒသရထအဖြစ် ပြန်လည်ပါဝင်လာပါတယ်။

ရာမာနန် ဆာဂါရဲ့ Ramayan ဟာ အခုအချိန်အထိ ဟိန္ဒူမော်ကွန်းဇာတ်ကို ပြန်လည်ပုံဖော်ထားတာတွေထဲမှာ လူကြိုက်အများဆုံးအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

တခြားပုံဖော်မှုတွေကလည်း မော်ကွန်းဇာတ်တော်ကို သူတို့ကိုယ်ပိုင်နည်းလမ်းတွေနဲ့ ပြန်လည်ဆန်းသစ်ခဲ့ကြပါတယ်။

၁၉၉၂ ခုနှစ်က အိန္ဒိယ-ဂျပန် ပူးပေါင်းထုတ်လုပ်တဲ့ကာတွန်းရုပ်ရှင် Ramayana: The Legend of Prince Rama က ဒီဇာတ်လမ်းကို အသေးစိတ်ကျကျ လက်နဲ့ရေးဆွဲထားတဲ့ကာတွန်းရုပ်ပုံတွေနဲ့ အသက်သွင်းခဲ့ပါတယ်။

တီဝါရီရဲ့ Ramayana ကတော့ အရင်ခေတ်က ဖန်တီးသူတွေ စိတ်ကူးနဲ့တောင် မမှန်းဆနိုင်ခဲ့တဲ့ နည်းပညာအရင်းအမြစ်တွေနဲ့ ရောက်ရှိလာတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းနဲ့ ဇာတ်ကောင်တွေကို ကြည့်ရှုပြီး ကြီးပြင်းလာခဲ့တဲ့မျိုးဆက်တွေရဲ့မျှော်လင့်ချက်တွေလည်း တစ်ပါတည်း ပါလာပါတယ်။

ဒီရုပ်ရှင်ဟာ အိန္ဒိယမှာ နိုင်ငံရေးအရ တင်းမာနေတဲ့အချိန်ကာလတစ်ခုမှာလည်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ရာမဟာ ဟိန္ဒူဝိသေသလက္ခဏာရဲ့အားကောင်းတဲ့သင်္ကေတတစ်ခု ဖြစ်လာနေပြီး လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း မော်ကွန်းဇာတ်ကို လူကြိုက်များတဲ့ပုံစံနဲ့သုံးသပ်တာ ဒါမှမဟုတ် ပြန်လည်ပုံဖော်တာတွေတောင် အငြင်းပွားမှုတွေ ဖြစ်ခဲ့ပါတယ်။

ရာမယဏဇာတ်တော်ကို ကုန်ကျစရိတ်အများအပြားနဲ့ ပြန်လည်ပုံဖော်ထားတဲ့ နောက်ထပ်ရုပ်ရှင်တစ်ကားဖြစ်တဲ့ ၂၀၂၃ ခုနှစ်ထွက် Adipurush ဟာ အကြောင်းအရာအများအပြားကြောင့် ပြင်းပြင်းထန်ထန် ဆန့်ကျင်ဝေဖန်ခံခဲ့ရပါတယ်။

ဟိန္ဒူအဖွဲ့တွေက ဒီရုပ်ရှင်ဟာ ဘာသာရေးဇာတ်ကောင်တွေကို မလေးမစားပြုထားတယ်လို့ စွပ်စွဲပြီး ပိတ်ပင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဝေဖန်သူတချို့ကလည်း ရာဝဏကို ပုံဖော်ထားပုံဟာ မူဂယ်ခေတ် ပုံရိပ်တွေကို အခြေခံထားပြီး မွတ်စလင်တွေအပေါ် တစ်ဖက်သတ်ပုံဖော်မှုတွေကို ပိုမိုခိုင်မာစေတယ်လို့ဆိုကာ မေးခွန်းထုတ်ခဲ့ကြပါတယ်။

ဒီရုပ်ရှင်ဟာ စကားပြောခန်းတွေနဲ့ ရုပ်ရှင်အထူးပြုလုပ်ချက်တွေကြောင့်လည်း ဝေဖန်ခံခဲ့ရပါတယ်။

နောက်ဆုံးထွက်ရုပ်ရှင်မှာ ဒီဇာတ်ကောင်တွေကို သရုပ်ဆောင်ကြသူတွေအတွက် အဲဒီတာဝန်ရဲ့ ဖိအားကို အလွန်အမင်း ခံစားခဲ့ရပါတယ်။

"ကျွန်တော် ကြောက်ရွံ့မှုတွေနဲ့ ပြည့်နေခဲ့ပါတယ်" လို့ ကပူးရ်က BBC Asian Network က ဟာရွန် ရာရှစ်ကို ပြောပါတယ်။

"ကျွန်တော်က ဒီဇာတ်ကောင်အတွက် အသက်အရမ်းကြီးနေလောက်ပြီ၊ ဒီဇာတ်ကောင်နဲ့ ထိုက်တန်အောင် သရုပ်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ ထင်ခဲ့ပါတယ်။"

ဒီဇာတ်ရုပ်ကို "တစ်သက်မှာ တစ်ခါသာရနိုင်တဲ့အခွင့်အရေး" လို့ သူက ခေါ်ဆိုခဲ့ပါတယ်။ ဒါပေမဲ့ သန်းနဲ့ချီတဲ့ လူတွေ ကိုးကွယ်တဲ့ဇာတ်ကောင်တစ်ယောက်အဖြစ် သရုပ်ဆောင်ရတာကြောင့် တခြားရုပ်ရှင်တွေမှာ ရခဲ့တဲ့ဖန်တီးမှုလွတ်လပ်ခွင့်မျိုး အများကြီး မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။

သီတာအဖြစ် သရုပ်ဆောင်တဲ့ ဆိုင် ပလာဗီကတော့ ဒီအတွေ့အကြုံဟာ အနုပညာပိုင်းဆိုင်ရာ ဖြစ်သလောက် ဘာသာရေးနဲ့ စိတ်ပိုင်းဆိုင်ရာအရလည်း အရေးပါခဲ့တယ်လို့ ပြောပါတယ်။

ဘာသာရေးကိုင်းရှိုင်းတဲ့မိသားစုမှာ ကြီးပြင်းလာတဲ့သူက ဒီဇာတ်ရုပ်ကို သရုပ်ဆောင်မှုတစ်ခုအဖြစ်သာမက ကိုယ်ပိုင်တိုးတက်မှုအတွက် အခွင့်အရေးတစ်ခုအဖြစ်ပါ ခံယူခဲ့တယ်လို့ ဆိုပါတယ်။

ပရိသတ်တွေ ရုပ်ရှင်ရုံတွေဆီ သွားရောက်ကြည့်ရှုလာတာနဲ့အမျှ ဒီရုပ်ရှင်အပေါ် ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာ မကြာခင် ပိုရှင်းလင်းလာမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဘယ်လိုဆုံးဖြတ်ချက်ပဲ ထွက်ပေါ်လာပါစေ၊ မျိုးဆက်ပေါင်းများစွာ ချစ်မြတ်နိုးလာခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ကို တစ်ခါမှ မရှိခဲ့ဖူးတဲ့အတိုင်းအတာနဲ့ ရုပ်ရှင်မျက်နှာပြင်ကြီးပေါ် တင်ဆက်လိုက်တာကြောင့် ဒါဟာ အိန္ဒိယအတွက် အရေးကြီးတဲ့ယဉ်ကျေးမှုအခိုက်အတန့်တစ်ခု ဖြစ်ပါတယ်။