ICJ ချမှတ်လာမယ့်ရိုဟင်ဂျာအရေးစီရင်ချက်ကို NUG သဘောထားနဲ့ နိုင်ငံတကာစိုးရိမ်ချက်

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၇

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတဲ့အမှုကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က လာမယ့် နိုဝင်ဘာ ၁၉ ရက်မှာ အပြီးသတ်စီရင်ချက် ဖတ်ကြားတော့မှာဖြစ်ပါတယ်။

ICJ ရဲ့ စီရင်ချက်ထွက်ပေါ်လာဖို့ နီးကပ်လာချိန်မှာ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုဆိုတာ နိုင်ငံရေးအရ အဆင်ပြေ မပြေကို ကြည့်ပြီး ဆုံးဖြတ်ရမယ့်ကိစ္စမဟုတ်ဘဲ အခြေခံမူဝါဒတစ်ရပ်ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားလိုက်ပါတယ်။

ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပတဲ့ Paris Peace Forum ရဲ့ "Myanmar: The War the World Forgot" ဆွေးနွေးပွဲမှာ International Crisis Group (ICG) ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ် ဒေါက်တာ ကွန်းဖော့ အဲရို က ICJ ရဲ့လာမယ့်စီရင်ချက်အပေါ် NUG ရဲ့ သဘောထားကို မေးမြန်းခဲ့တာဖြစ်ပါတယ်။

အဲဒီမေးခွန်းကို ဒေါ်ဇင်မာအောင်က "ရိုဟင်ဂျာတွေအတွက် တရားမျှတမှုဆိုတာ နိုင်ငံရေးအရ အဆင်ပြေမပြေအပေါ် မူတည်တဲ့ကိစ္စ မဟုတ်ပါဘူး။ ဒါဟာ အခြေခံမူဝါဒဆိုင်ရာ ကိစ္စဖြစ်ပါတယ်" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ရိုဟင်ဂျာတွေဟာ ပြင်းထန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေနဲ့ နေရပ်စွန့်ခွာရမှုတွေကို ကြုံတွေ့ခဲ့ရသူတွေဖြစ်ပြီး သူတို့ရဲ့ အခွင့်အရေးနဲ့ ဂုဏ်သိက္ခာကို အသိအမှတ်ပြုကာကွယ်ပေးရမှာဖြစ်သလို မြန်မာနိုင်ငံရဲ့ အနာဂတ်မှာလည်း သူတို့အတွက် နေရာတစ်ခုရှိရမယ်လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။

အနာဂတ်မှာ NUG အနေနဲ့ အစိုးရတာဝန်ယူနိုင်ခဲ့ရင် ရိုဟင်ဂျာတွေအတွက် တရားမျှတမှုကို လက်တွေ့မှာ ဘယ်လိုဖော်ဆောင်မလဲဆိုတဲ့ မေးခွန်းကိုလည်း ဒေါက်တာ ကွန်းဖော့ အဲရို က ဆက်လက်မေးမြန်းခဲ့ပါတယ်။

အဲဒီအပေါ် ဒေါ်ဇင်မာအောင်က လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တစ်ဦးချင်းကျူးလွန်သူတွေကိုသာ တာဝန်ခံစေတာမျိုးမဟုတ်ဘဲ အဲဒီလိုချိုးဖောက်မှုတွေ ဖြစ်ပေါ်စေခဲ့တဲ့ အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးဖွဲ့စည်းပုံတွေကိုပါ တာဝန်ခံစေရမယ်လို့ ဖြေကြားခဲ့ပါတယ်။

အနာဂတ်မှာ တည်ဆောက်မယ့်မြန်မာနိုင်ငံဟာ လူမျိုးစုအားလုံးအတွက် တရားမျှတမှုနဲ့ တန်းတူညီမျှမှုကို အာမခံနိုင်တဲ့ နိုင်ငံဖြစ်ရမယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။

၁၉၈၂ နိုင်ငံသားဥပဒေနဲ့ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေး

တစ်ဖက်မှာလည်း ရိုဟင်ဂျာတွေအတွက် နိုင်ငံသားဖြစ်ခွင့်ပေးရေးနဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပယ်ဖျက်ရေးဆိုတဲ့ NUG ရဲ့ ကတိကဝတ်တွေအပေါ် ဒေါက်တာ ကွန်းဖော့ အဲရိုက မေးမြန်းခဲ့ပါတယ်။

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေဟာ မြန်မာနိုင်ငံမှာ နိုင်ငံသားဖြစ်ခွင့်ကို သတ်မှတ်ပေးတဲ့ အဓိကဥပဒေဖြစ်ပါတယ်။

ဒေါ်ဇင်မာအောင်ကတော့ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးနဲ့ ဂုဏ်သိက္ခာကို အသိအမှတ်ပြုပြီး ကာကွယ်ပေးရမယ်လို့ ပြောကြားခဲ့ပြီး ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပယ်ဖျက်ရေးနဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်ပေးရေးအပေါ် သီးခြားအသေးစိတ် ပြန်လည်ဖြေကြားခဲ့တာ မရှိပါဘူး။

လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) ကလည်း ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေဟာ ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံမှုနဲ့ နိုင်ငံမဲ့ဖြစ်မှုကို ဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုဖြစ်တယ်လို့ ထောက်ပြထားပါတယ်။

ဒါကြောင့် ရိုဟင်ဂျာအရေးဟာ ၂၀၁၇ ခုနှစ် စစ်တပ်ရဲ့ စစ်ဆင်ရေးတွေအတွင်းက လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်တွေနဲ့သာ သက်ဆိုင်တာ မဟုတ်ဘဲ ဆယ်စုနှစ်နဲ့ချီ ကြာမြင့်လာတဲ့ပြဿနာကိုဖြေရှင်းဖို့လိုအပ်နေတဲ့ကိစ္စအဖြစ်ရှုမြင်ချက်တွေရှိနေပါတယ်။

HRW ကတော့ နိုဝင်ဘာ ၁၉ ရက်မှာ ချမှတ်မယ့် ICJ ရဲ့ အပြီးသတ်စီရင်ချက်ဟာ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရရှိရေး ကြိုးပမ်းမှုမှာ အရေးပါတဲ့ အခိုက်အတန့်တစ်ခု ဖြစ်လာမယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ဒီစီရင်ချက်တစ်ခုတည်းနဲ့ ရိုဟင်ဂျာတွေရဲ့ လက်ရှိအခြေအနေကို ပြောင်းလဲပေးနိုင်မှာ မဟုတ်ဘူးလို့လည်း HRW က သတိပေးထားပါတယ်။

အဲဒီအမှုမှာ ဂမ်ဘီယာနိုင်ငံက ICJ ကို တောင်းဆိုထားတာတွေထဲမှာ မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းပါ တာဝန်တွေကို ချိုးဖောက်ခဲ့ကြောင်း ကြေညာပေးဖို့၊ ချိုးဖောက်မှုတွေ ဆက်လက်ရှိနေပါက ရပ်တန့်ဖို့နဲ့ ကျူးလွန်သူတွေကို အရေးယူနိုင်ရေး ဆောင်ရွက်ဖို့တို့ ပါဝင်ပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေး၊ ဆုံးရှုံးခဲ့တဲ့ ပစ္စည်းဥစ္စာတွေ ပြန်လည်ရရှိရေးနဲ့ နစ်နာသူတွေအတွက် လျော်ကြေးပေးရေးတို့အပါအဝင် ပြန်လည်ကုစားမှုတွေ ဆောင်ရွက်ပေးဖို့၊ အလားတူ ချိုးဖောက်မှုတွေ ထပ်မံမဖြစ်ပွားစေရေး အာမခံချက်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

နိုဝင်ဘာ ၁၉ ရက်မှာ ဖတ်ကြားမယ့် ICJ ရဲ့ အပြီးသတ်စီရင်ချက်ဟာ နောက်ဆုံးအတည်ဖြစ်ပြီး အယူခံဝင်ခွင့် မရှိပါဘူး။ ဒါပေမဲ့ စီရင်ချက်ပါ ဆုံးဖြတ်ချက်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ရေးမှာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖိအားပေးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေက အရေးကြီးတယ်လို့ HRW က ထောက်ပြထားပါတယ်။

ဒီအမှုဟာ လူတစ်ဦးချင်းစီကို ရာဇဝတ်ပြစ်ဒဏ်ချမှတ်ဖို့ တရားစွဲဆိုထားတာမဟုတ်ဘဲ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အဆင့် တာဝန်ရှိမှုကို ဆုံးဖြတ်မှာဖြစ်ပါတယ်။

ICJ ရဲ့ စီရင်ချက်ဟာ အတိတ်က လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်တွေအပေါ် မြန်မာရဲ့ တာဝန်ရှိမှုကို ဆုံးဖြတ်ပေးမယ့်အပြင် အနာဂတ်မှာ ရိုဟင်ဂျာတွေအပါအဝင် လူမျိုးစုအားလုံးရဲ့ အခွင့်အရေးနဲ့ တန်းတူညီမျှမှုကို ဘယ်လိုအာမခံပေးမလဲဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာတယ်လို့ အကဲခတ်တချို့က ရှုမြင်ပါတယ်။

ICJ စီရင်ချက် ကိုစောင့်ကြည့်နေကြ

ဂမ်ဘီယာဘက်ကတော့ မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးကာကွယ်ရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ ကွန်ဗင်းရှင်းကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲခဲ့ပြီး အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးဖွဲ့ (OIC) ရဲ့ ထောက်ခံမှုနဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ မြန်မာကို စတင်တရားစွဲဆိုခဲ့တာပါ။

အဓိကအားဖြင့် ၂၀၁၇ ခုနှစ် သြဂုတ်လက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးတွေအတွင်း ရိုဟင်ဂျာတွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှုနဲ့ ကျေးရွာတွေ မီးရှို့ဖျက်ဆီးမှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဆက်စပ်နေတာဖြစ်ပါတယ်။

အဲဒီစစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရပြီး အခုအချိန်အထိ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။

UNHCR နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့ရဲ့ စာရင်းတွေအရ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် အောက်တိုဘာလကုန်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရိုဟင်ဂျာဒုက္ခသည် ၁၂ သိန်းကျော် ခိုလှုံနေကြရပြီး အများစုဟာ ကော့ဘဇားဒေသက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတယ်လို့ ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှာ ICJ က မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ လုပ်ရပ်တွေ မဖြစ်ပွားစေဖို့ တားဆီးကာကွယ်ရမယ်၊ စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက အဲဒီလိုလုပ်ရပ်တွေ မကျူးလွန်စေရဘူးဆိုတဲ့ ယာယီကာကွယ်စောင့်ရှောက်ရေးအစီအမံတွေ ချမှတ်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာလည်း မြန်မာဘက်က တရားရုံးရဲ့စီရင်ပိုင်ခွင့်နဲ့ ဂမ်ဘီယာရဲ့ တရားစွဲဆိုခွင့်ကို ကန့်ကွက်ထားတာတွေကို ICJ က ပယ်ချခဲ့ပြီး အမှုကို ဆက်လက်ကြားနာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ အမှုရဲ့ အနှစ်သာရပိုင်းဆိုင်ရာ ကြားနာမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အခုလို စီရင်ချက်ချဖို့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

နိုဝင်ဘာ ၁၉ ရက် ICJ စီရင်ချက်ကတော့ မြန်မာနိုင်ငံရဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းအောက်က နိုင်ငံတော်တာဝန်ရှိမှုကို ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။

ဒါပေမဲ့ ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာသွားလာခွင့်နဲ့ လုံခြုံစွာ နေရပ်ပြန်နိုင်ရေးအပါအဝင် ရေရှည်ပြဿနာတွေကို ဖြေရှင်းပေးဖို့အတွက်တော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲနဲ့ အနာဂတ်အစိုးရရဲ့လက်တွေ့ဆောင်ရွက်ချက်တွေပါ လိုအပ်နေဦးမယ်လို့ ထိုင်းအခြေစိုက်နိုင်ငံရေးအကဲခတ်တစ်ဦးက ပြောပါတယ်။

''ICJ စီရင်ချက်ဟာ အတိတ်က ကျူးလွန်မှုတွေအတွက် တာဝန်ခံမှုရှိ၊ မရှိ ဆုံးဖြတ်မယ့် အရေးကြီးတဲ့အဆင့်တစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ NUG အပါအဝင် အနာဂတ်နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ ရိုဟင်ဂျာအရေးအပေါ် သူတို့ရဲ့ကတိကဝတ်တွေကို လက်တွေ့လုပ်ဆောင်နိုင်မလားဆိုတာကိုလည်း စောင့်ကြည့်ရမယ့် အချိန်ဖြစ်လာပါတယ်'' လို့ သူကပြောပါတယ်။

ICJ စီရင်ကြားနာမှုတွေပါ အနီးကပ် ရှိနေခဲ့တဲ့ Legal Worldwide Action အဖွဲ့က အမှုဆောင် ဒါရိုက်တာ အန်တိုနီယာ မော်လ်ဗီကတော့ ICJ ရဲ့ ဆုံးဖြတ်ချက် ဖြစ်နိုင်ခြေ ၃ မျိုးရှိတယ်လို့ ဘီဘီစီကို ဖြေကြားထားပါတယ်။

သူဟာ ကုလသမဂ္ဂ စုံစမ်းရေးအရာရှိ တာဝန်ထမ်းဆောင်ခဲ့တုန်းက မြန်မာနဲ့နယ်စပ် ဘင်္ဂလားဒေ့ရှ်ထိ သွားရောက်ပြီး ထွက်ပြေးလာကြသူတွေရဲ့ ထွက်ဆိုချက်တွေကို ရယူခဲ့သူလည်းဖြစ်သလို ICJ အမှုမှာ သက်သေထွက်ဆိုထားတဲ့ရိုဟင်ဂျာ ၃ ယောက်ကို တရားဝင်ကိုယ်စားပြုပေးနေသူပါ။

သူပြောတဲ့ ၃ မျိုးထဲမှာ ပထမတစ်ခုက မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု၊ Genocide ကျူးလွန်မှုအတွက် တာဝန်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်တာပါ။ ဆိုလိုတာက Genocide Convention အောက်မှာ ဖြစ်ပေါ်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှု ရာဇဝတ်မှုအတွက် နိုင်ငံတော်ကိုယ်တိုင် အပြည့်အဝ တာဝန်ရှိတယ်လို့ ဆုံးဖြတ်တာ ဖြစ်ပါတယ်။ ဒါက ပထမဆုံး ဖြစ်နိုင်ခြေလို့ သူက ဆိုပါတယ်။

ဒီလိုဆုံးဖြတ်ချက်မျိုးကို တရားရုံးက အရင်က မချမှတ်ဖူးသေးပါဘူး။ ဒါပေမဲ့ လက်ရှိ ရှိနေတဲ့ သက်သေအထောက်အထားတွေက ဒီလိုဆုံးဖြတ်ဖို့လုံလောက်တယ်လို့ သူတို့က ယုံကြည်ထားပါတယ်။

ဒုတိယ ဖြစ်နိုင်ခြေကတော့ တရားရုံးက Genocide ရာဇဝတ်မှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ တစ်စိတ်တစ်ပိုင်း တာဝန်ရှိတယ်လို့ ဆုံးဖြတ်တာမျိုးပါ။ ဂျန်နိုဆိုက်ဖြစ်ပွားတာကို တားဆီးဖို့ ပျက်ကွက်ခဲ့တာ၊ ဒါမှမဟုတ် ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုတွေကို အရေးယူအပြစ်ပေးဖို့ ပျက်ကွက်ခဲ့တာမျိုး ဖြစ်ပါတယ်။

ဒါကလည်း ဖြစ်နိုင်ခြေရှိပါတယ်။ ၂၀၁၉ ခုနှစ်မှာ ဒီအမှု စတင်ခဲ့ကတည်းက မြန်မာနိုင်ငံဟာ တရားရုံးက ချမှတ်ထားတဲ့ ယာယီအရေးယူဆောင်ရွက်ချက်တွေကို ချိုးဖောက်ခဲ့တယ်လို့လည်း တရားရုံးက ဆုံးဖြတ်နိုင်ပါတယ်။ ဂျန်နိုဆိုက်ကို တားဆီးဖို့နဲ့ အရေးယူအပြစ်ပေးဖို့ ပျက်ကွက်ခဲ့တာမျိုးကိုတော့ ဘော့စ်နီးယား နဲ့ ဆာဘီးယား အမှုမှာ နမူနာရှိခဲ့ပါတယ်။

တတိယ အဓိက ဖြစ်နိုင်ခြေကတော့ မြန်မာနိုင်ငံမှာ ဂျန်နိုဆိုက်အတွက် တာဝန်မရှိဘူးလို့ တရားရုံးက ဆုံးဖြတ်တာပါ။

ဒါတွေက ဖြစ်နိုင်ခြေသုံးမျိုးဖြစ်ပေမဲ့ တရားရုံးဆုံးဖြတ်ချက်က အတည်ဖြစ်လာမှာပါ။

ICJ စီရင်ချက်နောက်ပိုင်း စိုးရိမ်ချက်များ

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူ ကယ်လီ အန်း အက်ကယ်စ်-ကာရီ ကလည်း ICJ ရဲ့ စီရင်ချက်ထွက်ပေါ်လာပြီးနောက် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ ဖြစ်ပွားလာနိုင်ခြေရှိလာမှာကို စိုးရိမ်ကြောင်း သတိပေးထားပါတယ်။

အောက်တိုဘာ ၂၉ ရက်က ကုလသမဂ္ဂမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ဂမ်ဘီယာနိုင်ငံဘက်က အမှုအနိုင်ရပြီး မြန်မာအာဏာပိုင်တွေ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ဒါမှမဟုတ် အဲဒီလိုဖြစ်ရပ်တွေကို တားဆီးကာကွယ်ဖို့ ပျက်ကွက်ခဲ့ကြောင်း ICJ က ဆုံးဖြတ်ခဲ့ရင် အဲဒီစီရင်ချက်နောက်ပိုင်း မြန်မာနိုင်ငံတွင်းမှာ အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်တဲ့ အလားအလာကို စိုးရိမ်ကြောင်း ပြောပါတယ်။

သူ့အဆိုအရ ရိုဟင်ဂျာတွေအပါအဝင် ဗုဒ္ဓဘာသာဝင်မဟုတ်သူတွေ၊ ဗမာလူမျိုးမဟုတ်သူတွေနဲ့ မွတ်စလင်တွေကို ပစ်မှတ်ထားပြီး အမုန်းစကားဖြန့်ဝေခဲ့တဲ့ အုပ်စုတွေဟာ အွန်လိုင်းပေါ်မှာ ပိုမိုလှုပ်ရှားလာနေသလို စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံရေးနယ်ပယ်တွေမှာလည်း လှုပ်ရှားမှုတွေ ပိုများလာတဲ့ လက္ခဏာတွေ တွေ့နေရတယ်လို့ ဆိုပါတယ်။

ဒါဟာ ICJ စီရင်ချက်ထွက်ပေါ်လာပြီးနောက် အကြမ်းဖက်မှုတွေ ဖြစ်ပွားလာနိုင်တဲ့ ရှေ့ပြေးလက္ခဏာဖြစ်နိုင်တယ်လို့ သူက သုံးသပ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်ဖို့ တိုက်တွန်းခဲ့ပါတယ်။

အဲဒီသတင်းစာရှင်းလင်းပွဲမှာ ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အကြီးအကဲ နစ်ခ် ကွမ်ဂျီယန်ကလည်း ICJ စီရင်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ အမျိုးသားရေးစိတ်ဓာတ်ကို လှုံ့ဆော်ပြီး အကြမ်းဖက်မှုတွေ ဖြစ်ပေါ်စေဖို့ ကြိုးပမ်းလာနိုင်ခြေဟာ စိုးရိမ်စရာဖြစ်တယ်လို့ ပြောပါတယ်။

သူက ၂၀၁၇ ခုနှစ် ရိုဟင်ဂျာတွေအပေါ် စစ်ဆင်ရေးကာလအတွင်း Facebook အကောင့် ၄၃ ခုကနေ ခြောက်လအတွင်း ပို့စ်ပေါင်း ရှစ်သိန်းခန့် ဖြန့်ဝေခဲ့ပြီး အဲဒီထဲက ပို့စ်တစ်သောင်းကျော်ဟာ အမုန်းစကားသတ်မှတ်ချက်နဲ့ ကိုက်ညီကြောင်း စုံစမ်းတွေ့ရှိထားတဲ့ အချက်ကိုလည်း ထောက်ပြခဲ့ပါတယ်။

အဲဒီအကောင့်တွေကို မြန်မာစစ်တပ်က ထိန်းချုပ်လုပ်ကိုင်ခဲ့ကြောင်း နည်းပညာဆိုင်ရာအထောက်အထားတွေနဲ့ ဖော်ထုတ်နိုင်ခဲ့တယ်လို့ နစ်ခ် ကွမ်ဂျီယန်ကဆိုပါတယ်။

ဘီဘီစီအနေနဲ့ ဒီပြောဆို ထောက်ပြချက်တွေအပေါ် သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။