မြန်မာမှာ ရုရှားနဲ့ ပေါင်းလုပ်မယ့် နျူကလီးယားဓာတ်အားပေးစက်ရုံ စီမံကိန်းဆောက်မယ့်နေရာကို ရုရှားနိုင်ငံပိုင် နျူကလီးယားစွမ်းအင်ကုမ္ပဏီ(Rosatom)နဲ့ ညှိနှိုင်းဆွေးနွေးနေဆဲလို့ နေပြည်တော်ဘက်က ထုတ်ပြောလာပါတယ်။
ရုရှားနဲ့ပြုလုပ်ဖို့ စီစဉ်နေတဲ့အသေးစား မော်ဂျူလာဓာတ်ပေါင်းဖို စီမံကိန်းအခြေအနေကို သာပေါင်းအမတ် ဦးမောင်မောင်စိုးက မေးမြန်းချိန်မှာ လျှပ်စစ်နဲ့ စွမ်းအင်ဒု၀န်ကြီး ဦးအေးကျော်က ဒီနေ့ လွှတ်တော်မှာ အခုလိုဖြေခဲ့တာပါ။
နေပြည်တော်ဟာ Rosatom နဲ့ပူးပေါင်းပြီး ၅၅ မဂ္ဂါ၀ပ် ပမာဏ ဓာတ်ပေါင်းဖို ၂ လုံး (စုစုပေါင်းဓာတ်အား မဂ္ဂါ၀ပ် ၁၁၀) တည်ဆောက်မယ့်ဒီစီမံကိန်းအခြေအနေကို လူသိရှင်ကြားထုတ်ပြောတာ နည်းပြီး ရုရှားဘက်က သတင်းတွေ တက်လာမှသာ အများပြည်သူ သိရှိခွင့်ရတာဖြစ်ပါတယ်။
အခုတော့ လျှပ်စစ်ဒု၀န်ကြီးရဲ့လွှတ်တော်မှာပြောဆိုချက်ကြောင့် စီမံကိန်းဘယ်အဆင့်ကို ရောက်နေပြီလဲဆိုတာ သိရတာဖြစ်ပါတယ်။
လျှပ်စစ် ဒု၀န်ကြီး ဦးအေးကျော်ကတော့ နျူကလီးယား ဓာတ်ပေါင်းဖိုပါ၀င်မယ့် ဓာတ်အားပေးစက်ရုံတည်ဆောက်ရေးမှာ စက်ရုံနေရာအတွက် Rosatom နဲ့ညှိနှိုင်းဆွေးနွေးနေတယ်လို့ ပြောပြီး ဒါဟာ နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ (IAEA) ရဲ့ လမ်းညွှန်ချက်တွေကြောင့်လို့ ပြောပါတယ်။
နျူကလီးယားဓာတ်ပေါင်းဖိုသုံး ဓာတ်အားပေးစက်ရုံဖြစ်တာကြောင့် အဆင့်တိုင်းမှာ IAEA သုံးသပ်ရေးအဖွဲ့ရဲ့စိစစ်အတည်ပြုချက်ကိုလည်း ယူရတယ်လို့ သူက ဆိုပါတယ်။
ဒါကြောင့် စီမံကိန်းကို ၂၀၂၈ ခုနှစ်မှာ စတင်နိုင်ဖို့မျှော်လင့်ထားပြီး ၂၀၃၅ ခုနှစ် မတိုင်ခင်မှာ စက်ရုံလည်ပတ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း ဆိုပါတယ်။
Rosatom ဘက်ကတော့ မြန်မာမှာ နျူကလီးယားဓာတ်အားပေး စက်ရုံဆောက်လုပ်ရေးလုပ်ငန်းကို ၂၀၂၇ ခုနှစ် နှစ်စပိုင်းမှာ စတင်ဖို့ မျှော်မှန်းထားတဲ့အကြောင်း ရုရှားဘက်က လာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။
နျူစက်ရုံဆောက်ဖို့ အင်ဂျင်နီယာပိုင်းဆိုင်ရာစစ်တမ်းကောက်တာကို အခုနှစ်ကုန်ပိုင်းမှာ ပြုလုပ်ပြီး ဆောက်လုပ်ရေးကိုတော့ လာမယ့်နှစ်ဆန်းပိုင်းမှာ ပြုလုပ်နိုင်ဖို့ Rosatom ဘက်က မျှော်လင့်နေပါတယ်။
အခုတော့ စက်ရုံဆောက်လုပ်ရေးလုပ်ငန်းကို ၂၀၂၈ ခုနှစ်မှာ စတင်မယ်လို့ လျာထားတဲ့အကြောင်း နေပြည်တော်ရဲ့အပြောအရ IAEA နဲ့ လမ်းညွှန်ချက်တွေနဲ့အညီလုပ်နေရလို့ စီမံကိန်းဟာ နောက်တစ်နှစ်ကို ရွှေ့သွားတယ်လို့ နားလည်ရပါတယ်။
မြန်မာမှာ နျူကလီးယားစက်ရုံဆောက်မယ့်သဘောတူညီချက်ကို ၂၀၂၅ ခုနှစ်၊ မတ်လ တုန်းက ဦးမင်းအောင်လှိုင်ရဲ့ရုရှားခရီးစဉ်မှာ လက်မှတ်ထိုးခဲ့တာဖြစ်ပါတယ်။
အသေးစားဓာတ်ပေါင်းဖို ၂ ဖိုသုံးမယ့်အဲဒီစက်ရုံကနေ ဓာတ်အား မဂ္ဂါ၀ပ် ၁၁၀ အထိ ကနဦးထုတ်ပြီး နောက်ပိုင်းမှာ မဂ္ဂါ၀ပ် ၃၃၀ အထိ အဆင့်မြှင့်သွားဖို့ ရည်မှန်းထားတာဖြစ်ပါတယ်။
မြန်မာမှာ ဆောက်လုပ်မယ့်စက်ရုံအတွက် ရေဖိအားသုံးပြီး ရေနွေးငွေ့အပူကနေ စွမ်းအင်ထုတ်တဲ့ RITM-200N ဓာတ်ပေါင်းဖို အမျိုးအစားကို အသုံးပြုဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
ဒီဓာတ်ပေါင်းဖိုဟာ ရုရှားရဲ့နျူကလီးယားစွမ်းအင်သုံး ရေခဲပြင်ခွဲသင်္ဘောတွေမှာ သုံးတဲ့ဓာတ်ပေါင်းဖို အမျိုးအစား RITM-200 ကို အခြေခံထားတာဖြစ်ပါတယ်။
မြန်မာမှာ တည်ဆောက်ဖို့ စီစဉ်ထားတဲ့မိုဒယ်တူ ဓာတ်ပေါင်းဖိုမျိုးကို ကာဇက်စတန်နိုင်ငံမှာလည်း ရုရှားက တည်ဆောက်ခဲ့ပြီးဖြစ်ပါတယ်။ အဲဒီစက်ရုံရဲ့ကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ ၁ ဘီလျံ(သန်း ၁,၀၀၀) နီးပါးရှိတယ်လို့ သတင်းတွေမှာဖော်ပြပါတယ်။