''သူငယ်ချင်းအရင်းအခြာကိုတောင် မပြောပြခဲ့ဘူး'' - ကလေးမွေးအပြီး တစ်သက်မပျောက်တဲ့နောက်ဆက်တွဲပြဿနာများ

ကိုယ်၀န်ဆောင် တစ်ဦးကို နားကြပ်နဲ့စမ်းသပ်နေတဲ့မြင်ကွင်း
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၁၃

ကလေးမွေးဖွားပြီးနောက် ဆီး၊ ဝမ်းမထိန်းနိုင်တာကနေ နာတာရှည်နာကျင်မှုလက္ခဏာတွေကို နှစ်ပေါင်းများစွာကြာတဲ့အထိ အမျိုးသမီး သန်းပေါင်းများစွာ ခံစားနေရဆဲဖြစ်ပါတယ်။

သတိပြုရန် – ဒီဆောင်းပါးမှာ စိတ်ထိခိုက်နိုင်စရာ ဆေးကုသမှုအတွေ့အကြုံ အသေးစိတ်ဖော်ပြချက်တွေပါ၀င်ပါတယ်။

၂၀၂၄ ခုနှစ်မှာ ကျွန်မ ဆေးရုံပေါ် ထပ်ရောက်နေပြန်ပါပြီ။ မော်ဖင်းဆေး ထိုးပေးတာတောင် မသက်သာတဲ့နာကျင်မှုကို ၃၆ နာရီလောက် ခံစားနေရပါတယ်။ ခွဲစိတ်ဆရာဝန်တွေက ခွဲစိတ်ကြည့်တဲ့အခါမှ သိရမှာက အူတချို့ဟာ ဝမ်းဗိုက်အတွင်းနံရံမှာရှိတဲ့အပေါက်တစ်ခုထဲကနေ အပြင်ကို ထွက်နေခဲ့တာပါ။ အဲဒီအခြေအနေကြောင့် အူပေါက်သွားပြီး ဝမ်းဗိုက်တစ်ခုလုံးမှာ ပြည်တွေပြည့်၊ အသက်အန္တရာယ်ရှိတဲ့ပိုးဝင်ရောဂါ ဖြစ်နေခဲ့ပါတယ်။

ခွဲစိတ်မှုမလုပ်ခင် စောင့်နေချိန်မှာ ကျွန်မ အသက်မရှင်တော့ရင်ဆိုပြီး ဘဏ်အကောင့်အချက်အလက်အားလုံးကို အမျိုးသားဆီကို စာပို့ထားခဲ့ပါတယ်။ နာကျင်လွန်းလို့ မျက်လုံးတောင် မဖွင့်နိုင်တော့တဲ့အထိပါ။ နှစ်ရက်လုံး ဘာမှမစားထားပေမဲ့ အော့ချင် အန်ချင်စိတ်က မပျောက်သွားပါဘူး။

ခွဲစိတ်မှုက ငါးနာရီကြာပါတယ်။ သန်းခေါင်ယံမှာမှ အထူးကြပ်မတ်ကုသဆောင်ထဲမှာ သတိပြန်လည်လာပါတယ်။ ချက်ကနေ တင်ပါးဆုံရိုးအထိ ၆ လက်မ (၁၅ စင်တီမီတာ) ရှည်တဲ့ ခွဲစိတ်ရာတစ်ခုနဲ့ ဝမ်းဗိုက်ထဲမှာ အရည်တွေ ထုတ်ဖို့ ပိုက်ကြီးတစ်ချောင်း တပ်ထားပါတယ်။

ကျွန်မ ဘယ်လိုလုပ်ပြီး ဒီအခြေအနေအထိ ရောက်လာခဲ့တာလဲ။ ဒါတွေအားလုံးက ကလေးမွေးဖွားမှုနဲ့ ဘယ်လိုဆက်စပ်နေတာလဲ။

ကလေးမွေးဖွားမှုဟာ အန္တရာယ်ရှိနိုင်တယ်ဆိုတာ လူသိများပါတယ်။ ဒါပေမဲ့ မွေးဖွားပြီးနောက် အစောပိုင်းနှစ်တွေကနေ ဆယ်စုနှစ်တွေအထိ အမျိုးသမီးတွေကို ထိခိုက်စေနိုင်တဲ့ကိုယ်ခန္ဓာဆိုင်ရာ နောက်ဆက်တွဲ ပြဿနာတွေအကြောင်းကိုတော့ သိပ်မပြောကြပါဘူး။

ကျွန်မကြုံခဲ့ရတဲ့အခြေအနေမျိုးက ရှားပါးပေမဲ့ ကလေးမွေးဖွားမှုကြောင့် နောက်ပိုင်းဘဝမှာ ပေါ်လာနိုင်တဲ့နောက်ဆက်တွဲ ပြဿနာတွေကတော့ စိုးရိမ်စရာကောင်းလောက်အောင် အဖြစ်များပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကမ္ဘာတဝန်းမှာ နှစ်စဉ် အမျိုးသမီး သန်း ၄၀ လောက်ဟာ လနဲ့နှစ်ချီကြာတဲ့ နောက်ဆက်တွဲပြဿနာတွေကို ခံစားနေရတယ်လို့ ခန့်မှန်းထားပါတယ်။

အဲဒီပြဿနာတွေထဲမှာ ဆီးနဲ့ဝမ်း မထိန်းနိုင်တာ၊ နာတာရှည်နာကျင်တာတွေအပြင် အမာရွတ်တစ်ရှူးတွေကြောင့် အူလမ်းကြောင်းမှာ အသက်အန္တရာယ်ရှိတဲ့ပြဿနာတွေ ဖြစ်လာတာ၊ နောင်မှာ ကလေးရနိုင်စွမ်းကို ထိခိုက်တာတွေလည်း ပါဝင်ပါတယ်။

ကျွန်မကြုံခဲ့ရတဲ့ပြဿနာမျိုးအပါအဝင် တချို့နောက်ဆက်တွဲဆိုးကျိုးတွေဟာ နှစ်ပေါင်းများစွာကြာမှ ပေါ်လာနိုင်သလို အကန့်အသတ်မရှိ ဆက်လက်ခံစားရနိုင်ပါတယ်။ ဒီအကြောင်းကို ပိုမိုပြည့်စုံစွာ သိနိုင်ဖို့ အမျိုးသမီးတချို့နဲ့ ကျွမ်းကျင်သူတွေကို မေးမြန်းခဲ့ပါတယ်။

ကလေးမွေးဖွားမှုကြောင့် ရေရှည်ဖြစ်ပေါ်နိုင်တဲ့ကိုယ်ခန္ဓာနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို သိရှိနိုင်ဖို့ပါ။ အမျိုးသမီးတွေဟာ သူတို့ရဲ့ပြဿနာတွေကို နားထောင်ပေးမယ့်သူ မရှိဘူးလို့ ခံစားရတာ၊ ဒါမှမဟုတ် ကုသမှုရဖို့ နည်းလမ်းမရှိဘူးလို့တောင် ခံစားရတာတွေကိုလည်း ကြားသိခဲ့ရပါတယ်။

ဒီဆောင်းပါးအတွက် ကိုယ်တိုင်ကြုံခဲ့ရတဲ့အတွေ့အကြုံတွေကို ပြန်ပြောဖို့ အစက မရည်ရွယ်ခဲ့ပါဘူး။ အကြောင်းကတော့ ကိုယ့်ရဲ့အားနည်းချက်တွေကို ဖော်ပြရတာ မနှစ်သက်လို့ပါ။

ဒါပေမဲ့ ကလေးမွေးဖွားမှုရဲ့အန္တရာယ်တွေနဲ့ ကုသအကူအညီရယူနိုင်မယ့် နည်းလမ်းတွေကို ပိုမိုသိရှိလာစေဖို့ ဒီပြဿနာတွေအကြောင်း ပြောပြလိုက်တဲ့အခါ တခြားအမျိုးသမီးတွေလည်း ကိုယ့်အတွက် လိုအပ်တဲ့ဆေးကုသမှုနဲ့ အကူအညီတွေကို ပိုမိုရဲရဲဝံ့ဝံ့ တောင်းဆိုလာနိုင်မယ်လို့ မျှော်လင့်မိတာကြောင့်ဖြစ်ပါယတ်။

တစ်သက်တာ ခံစားရတဲ့နောက်ဆက်တွဲဆိုးကျိုးတွေ

ဒါဟာ ရှေးပဝေသဏီကတည်းက ရှိလာခဲ့တဲ့အကြောင်းအရာတစ်ခုပါ။ ကလေးမွေးဖွားတာဟာ အန္တရာယ်ရှိနိုင်ပြီး မိခင်နဲ့ ကလေးနှစ်ဦးစလုံးမှာ နောက်ဆက်တွဲပြဿနာတွေ ဖြစ်စေနိုင်သလို အသက်ဆုံးရှုံးတဲ့အထိလည်း ဖြစ်နိုင်ပါတယ်။

ကံကောင်းထောက်မစွာနဲ့ ကမ္ဘာ့ဒေသအတော်များများမှာ မီးဖွားစဉ် မိခင်သေဆုံးမှုတွေ လျော့နည်းလာပါတယ်။ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတဝန်း အသက်ရှင်လျက် မွေးဖွားတဲ့ကလေးအရေအတွက်နဲ့ နှိုင်းယှဉ်ရင် မိခင်သေဆုံးမှုနှုန်းဟာ ၄၀ ရာခိုင်နှုန်း လျော့ကျခဲ့ပါတယ်။

ဒါပေမဲ့ မိခင်သေဆုံးမှု လျှော့ချရေးကိုပဲ အဓိကအာရုံစိုက်ခဲ့တာကြောင့် မီးဖွားချိန်နဲ့ ကလေးမွေးဖွားပြီးနောက် ရေရှည်ခံစားရနိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို လုံလောက်စွာ အာရုံစိုက်မှု မရှိခဲ့ဘူးလို့ နိုင်ငံတကာသုတေသီအဖွဲ့တစ်ဖွဲ့ရဲ့ ၂၀၂၄ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ သုံးသပ်ချက်ကြီးမှာ ဖော်ပြထားပါတယ်။

ဩစတြေးလျနိုင်ငံ ဘားနက် အင်စတီကျူ က မီးဖွားချိန်ဆိုင်ရာ ကူးစက်ရောဂါဗေဒပညာရှင်နဲ့ အဲဒီသုံးသပ်ချက်ကို ဦးဆောင်ရေးသားသူ ဂျော့ရှု၀ါ ဗိုဂျဲ က အမျိုးသမီးအများအပြားဟာ ကိုယ့်အတွက် လိုအပ်တဲ့ အကူအညီကို ကိုယ်တိုင်တောင်းခံဖို့တောင် အခက်အခဲရှိနေကြတာဟာ စိုးရိမ်စရာဖြစ်တယ်လို့ ပြောပါတယ်။

အထူးသဖြင့် ဘယ်လိုအခြေအနေတွေက ပုံမှန်ဖြစ်ပြီး ဘယ်အခြေအနေတွေကို ဆေးစစ်ကုသဖို့ လိုအပ်သလဲဆိုတာ ခွဲခြားရခက်တာကြောင့်လို့ သူက ဆိုပါတယ်။

"နောက်ဆက်တွဲပြဿနာတွေက အမျိုးမျိုးအဖုံဖုံ ဖြစ်နိုင်တာကို သိလိုက်ရတဲ့အခါ ကျွန်တော် တကယ်အံ့အားသင့်ခဲ့ရပါတယ်" လို့ သူက ပြောပါတယ်။

အတွင်းပိုင်း အမာရွတ်တစ်ရှူးများ

ကိုယ်၀န်ဆောင်နှစ်ဦး ဗိုက်ကို ကိုင်ထားတဲ့သရုပ်ဖော်ပုံ

ကျွန်မရဲ့ ဖြစ်ရပ်မှာတော့ အရေးပေါ် ခွဲစိတ်မွေးဖွားခဲ့ရတာကနေ ပြဿနာတွေ စတင်ခဲ့တာပါ။

သမီးလေးမွေးပြီး လေးရက်အကြာမှာပဲ အရေးပေါ်ခွဲစိတ်ကုသမှု ထပ်ခံယူဖို့ ဆေးရုံကို ပြန်ရောက်ခဲ့ပါတယ်။ ခွဲစိတ်ထားတဲ့ ဒဏ်ရာချုပ်ရိုးတွေ အားလုံးပြဲထွက်သွားပြီး အူလမ်းကြောင်းမှာလည်း ပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာတစ်ခု ဖြစ်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ စိတ်ဒဏ်ရာရစရာဖြစ်ခဲ့သလို အလွန်ရှားပါးတဲ့ ဖြစ်ရပ်ဖြစ်တာကြောင့် ဆေးပညာလောကမှာ မကြုံစဖူးဆေးပညာအတိမ်းအစောင်း(Never Event) လို့ သတ်မှတ်ထားတဲ့ အဖြစ်အပျက်မျိုးလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ မွေးကင်းစသမီးလေး ကျန်းကျန်းမာမာရှိနေတာကြောင့် ကျွန်မ အရမ်းဝမ်းသာခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်ကို မေ့ထားပြီး ကျွန်မတို့နှစ်ယောက်စလုံး ဘေးကင်းခဲ့တာကိုပဲ ကံကောင်းတယ်လို့ တွေးကာ ရှေ့ဆက်ခဲ့ပါတယ်။

နောက်ထပ် ကိုယ်ဝန်တစ်ကြိမ်ဆောင်ခဲ့တာအပါအဝင် ခုနစ်နှစ်ကြာသွားခဲ့ပြီး အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားပြီလို့ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ ဗုဒ္ဓဟူးနေ့တစ်နေ့ မွန်းလွဲပိုင်းမှာ ဝမ်းဗိုက်ရုတ်တရက် နာကျင်လာပြီး တဖြည်းဖြည်း ပိုဆိုးလာခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်မ အလုပ်လုပ်နေခဲ့တာပါ။ နာကျင်မှု မကြာခင် သက်သာသွားမယ်လို့ မျှော်လင့်ရင်း အိပ်ရာပေါ် လှဲနေပြီး ကင်မရာပိတ်ထားကာ ဗီဒီယိုအစည်းအဝေးတစ်ခုကို တက်ခဲ့တာ မှတ်မိပါတယ်။

ညနေ ၄ နာရီခွဲလောက်မှာတော့ ခင်ပွန်းဆီ "တော်တော်ဆိုးနေပြီ၊ ဗိုက်ထဲမှာ လှုပ်နေတာကိုတောင် မြင်နေရတယ်" လို့ စာပို့ခဲ့ပါတယ်။ အဲဒီအချိန်အထိ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ပိုးဝင်ပြီး နေမကောင်းဖြစ်တာလို့ပဲ ထင်နေခဲ့ပါတယ်။ နောက်ကြောင်းပြန်စဉ်းစားကြည့်တော့ အဲဒီအချိန်မှာ ကျွန်မ ပုံမှန်အတိုင်း စဉ်းစားဆုံးဖြတ်နိုင်စွမ်း မရှိတော့တာကို သတိပြုမိပါတယ်။

အဲဒါကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုအားတင်းပြီး ကလေးတွေကို ကျောင်းကနေ သွားကြိုနိုင်ခဲ့သလဲဆိုတာ အခုထိ မသိနိုင်ပါဘူး။ ကလေးရဲ့ စက်ဘီးကို ကားပေါ်တင်ဖို့တောင် မနိုင်မနင်း မတင်ခဲ့ရပါတယ်။

ဒါပေမဲ့ နာကျင်မှုကတော့ ပိုပိုဆိုးလာခဲ့ပါတယ်။

နောက်ဆုံးမှာ ခင်ပွန်းက ဆရာဝန်ဖြစ်တဲ့ သူ့ညီမကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ သူက ကျွန်မရဲ့ ခွဲစိတ်မွေးဖွားမှုကြောင့် ဖြစ်လာတဲ့ ၀မ်းဗိုက်အတွင်းပိုင်းတစ်ရှုးတွေကပ်ညိမှု (adhesions) ကြောင့် အူလမ်းကြောင်းကို ပိတ်ဆို့နေတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ကျွန်မ စတင် အန်လာတဲ့အခါ လူနာတင်ယာဉ် ခေါ်ဖို့ ညွှန်ကြားခဲ့ပါတယ်။ ဒါပေမဲ့ လူနာတင်ယာဉ် မရနိုင်တာကြောင့် မတ်တတ်တောင် ကောင်းကောင်းမရပ်နိုင်တော့တဲ့ အခြေအနေမှာ အငှားကားနဲ့ပဲ ဆေးရုံသွားခဲ့ရပါတယ်။

ဆေးရုံရောက်တဲ့အခါ အူလမ်းကြောင်းပိတ်ဆို့နေကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ မူလခွဲစိတ်မွေးဖွားမှုနဲ့ နောက်ပိုင်း ဒုတိယအကြိမ် ခွဲစိတ်မှုဖြစ်စေခဲ့တဲ့ ဆေးကုသမှုဆိုင်ရာ အမှားကြောင့် ဝမ်းဗိုက်အတွင်းမှာ အမာရွတ်တစ်ရှူးတွေ အများအပြား ဖြစ်ပေါ်နေခဲ့ပြီး အဲဒီအမာရွတ်တွေက အခုအခါ အူတွေဆီ သွေးစီးဆင်းမှုကိုပါ ပိတ်ဆို့နေခဲ့တာပါ။

တချို့အူလမ်းကြောင်းပိတ်ဆို့မှုတွေက သူ့အလိုလို ပြန်ပွင့်သွားတတ်တာကြောင့် ခွဲစိတ်ဖို့ လိုမလို စောင့်ကြည့်ရင်း မခံမရပ်နိုင်အောင် နာကျင်တဲ့ ၃၆ နာရီကို ဖြတ်သန်းခဲ့ရပါတယ်။

ဒုတိယနေ့မှာတော့ ကိုယ်အပူချိန် ရုတ်တရက်တက်လာပြီး သွေးစစ်ချက်အရ ရောင်ရမ်းမှုကို ပြသတဲ့ C-reactive protein (CRP) ပမာဏဟာ ၁ ကနေ ၃၁၁ အထိ အန္တရာယ်ရှိလောက်အောင် မြင့်တက်လာခဲ့ပါတယ်။ ပုံမှန်အားဖြင့် ၅ အောက်မှာပဲ ရှိသင့်တာပါ။

ဒါကြောင့် အမြန်ဆုံး ခွဲစိတ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ လူနာများတဲ့ ဆေးရုံမှာ "အမြန်ဆုံး" ဆိုတာကလည်း နောက်ထပ် နာကျင်စရာ ငါးနာရီကြာမှ ဖြစ်လာခဲ့ပါတယ်။

ခွဲစိတ်ပြီးတဲ့အခါ ခွဲစိတ်ဆရာဝန်က ခွဲစိတ်မှုဟာ သူတို့ထင်ထားတာထက် ပိုရှုပ်ထွေးခဲ့ပေမဲ့ အောင်မြင်ခဲ့တယ်လို့ ပြောပါတယ်။ သွေးနဲ့ အောက်ဆီဂျင် မရတော့တဲ့ အူအစိတ်အပိုင်း ၆၀ စင်တီမီတာ (၂၃.၅ လက်မ) ကို ဖြတ်ထုတ်ခဲ့ရပါတယ်။

ဒါပေမဲ့ အဲဒီခွဲစိတ်မှုက ကျွန်မရဲ့အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ ထုံးစံအတိုင်း အချိန်တစ်ခုကြာတဲ့အခါ ကျွန်မ ကောင်းကောင်းပြန်လည်ကျန်းမာလာခဲ့ပါတယ်။ ကျွန်မရဲ့ စိတ်ဓာတ်ခိုင်မာတတ်တဲ့ အကျင့်အတိုင်း "ဒီထက်ပိုဆိုးနိုင်သေးတာပဲ" လို့ တွေးခဲ့ပြန်ပါတယ်။

အမျိုးသမီးတစ်ဦး C section လုပ်ထားတဲ့ ခွဲစိတ်ထားတဲ့ ပလာစတာကပ် ၀မ်းဗိုက်ကို လက်တစ်ဖက်နဲ့ ခပ်ရွရွ ကိုင်ထားတဲ့ပုံ
ဓာတ်ပုံ ပုံစာ, ကမ္ဘာတလွှားကိုယ်၀န်ကို ခွဲစိတ်မွေးတာတွေ ပိုတွေ့လာရတယ်လို့ သုတေသနတွေမှဖော်ပြ

ဝမ်းဗိုက်ကို ကြီးမားတဲ့ခွဲစိတ်ကုသမှု

ကမ္ဘာတဝန်းမှာ ခွဲစိတ်မွေးဖွားမှုနှုန်း မြင့်တက်လာနေပြီး မွေးဖွားမှုအားလုံးရဲ့ ၂၁ ရာခိုင်နှုန်းခန့်ဟာ ခွဲစိတ်မွေးဖွားမှုတွေ ဖြစ်ပါတယ်။ တချို့နိုင်ငံတွေမှာ ဒီနှုန်းဟာ ၅၈ ရာခိုင်နှုန်းအထိ ရှိနေပြီး ဒိုမီနီကန်သမ္မတနိုင်ငံက ဥပမာတစ်ခုဖြစ်ပါတယ်။

အမေရိကန်မှာလည်း ၃၂ ရာခိုင်နှုန်းကျော် ရှိပါတယ်။ ခွဲစိတ်မွေးဖွားမှုဟာ မိခင်နဲ့ ကလေးရဲ့ ကျန်းမာရေးကို ကာကွယ်ဖို့ မရှိမဖြစ် လိုအပ်နိုင်ပေမဲ့ နောက်ဆက်တွဲပြဿနာ ဖြစ်နိုင်ခြေကိုလည်း မြင့်တက်စေနိုင်တယ်လို့ လန်ကတ်ရှိုင်းယားတက္ကသိုလ်က သားဖွားပညာပါမောက္ခ ဆူးဒေါင်းက ပြောပါတယ်။

နောက်ဆက်တွဲပြဿနာတွေဟာ ချက်ချင်းပေါ်လာတာမျိုး မဟုတ်နိုင်ပါဘူး။ အမေရိကန်မှာ မိခင် ၄၃,၆၄၆ ဦးကို နှစ်ပေါင်း ၅၀ ကြာ လေ့လာခဲ့တဲ့သုတေသနတစ်ခုအရ ခွဲစိတ်မွေးဖွားခဲ့သူတွေဟာ သဘာဝအတိုင်း မွေးဖွားခဲ့သူတွေထက် အဲဒီကာလအတွင်း သေဆုံးနိုင်ခြေ ၁၆ ရာခိုင်နှုန်း ပိုများခဲ့ပါတယ်။

ဒါ့အပြင် နှလုံးသွေးကြောဆိုင်ရာရောဂါ၊ ဆီးချို၊ အသက်ရှူလမ်းကြောင်းရောဂါ၊ ပိုးဝင်ရောဂါနဲ့ ကျောက်ကပ်ရောဂါတွေကြောင့် သေဆုံးနိုင်ခြေလည်း ပိုမြင့်မားခဲ့ပါတယ်။

နောက်ဆက်တွဲ စောင့်ကြည့်စစ်ဆေးမှု မရှိခြင်း

ရင်နာစရာကောင်းတဲ့ အခြေအနေတစ်ခုကတော့ ပထမအကြိမ် အူလမ်းကြောင်းပိတ်ဆို့မှုဖြစ်ပြီးနောက် ကျွန်မလိုအပ်ခဲ့တဲ့ ခွဲစိတ်ကုသမှုကြောင့် ဝမ်းဗိုက်အတွင်းမှာ အမာရွတ်တစ်ရှူးတွေ ပိုမိုဖြစ်ပေါ်လာခဲ့တာပါ။ အဲဒါကြောင့် လေးလအကြာမှာ အလားတူပြဿနာ ထပ်ဖြစ်ခဲ့ပြီး အရေးပေါ်ခွဲစိတ်ကုသမှုခံယူဖို့ ခွဲစိတ်ခန်းထဲကို ပြန်ရောက်ခဲ့ရပါတယ်။

ဒီတစ်ကြိမ်မှာတော့ ဆရာဝန်တွေက အဲဒီနေ့မှာပဲ ခွဲစိတ်ကုသပေးခဲ့တာကြောင့် ပိုးဝင်တာနဲ့ အူပေါက်တာမျိုး မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ ဒီပြဿနာဟာ နောက်တစ်နေ့မှာပဲ ထပ်ဖြစ်နိုင်သလို ဆယ်စုနှစ်ပေါင်းများစွာကြာမှ ဖြစ်နိုင်တာမျိုး ဒါမှမဟုတ် ဘယ်တော့မှ ထပ်မဖြစ်တော့တာမျိုးလည်း ဖြစ်နိုင်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

ဆိုလိုတာက ကျွန်မက အနာဂတ်မှာ ဒီပြဿနာ ထပ်မံဖြစ်ပွားနိုင်တဲ့အန္တရာယ်ကို တစ်သက်လုံး ရှိနေတော့မှာဖြစ်လို့ပါ။

ဝမ်းဗိုက်ကို ခွဲစိတ်ကုသမှု ခံယူသူတိုင်းလိုလိုမှာ အတွင်းပိုင်းအမာရွတ်တစ်ရှူးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ကျွန်မရဲ့ ဖြစ်ရပ်ကလည်း အဲဒီအချက်ကို ပြသနေပါတယ်။

၂၀၁၇ ခုနှစ်က ဆွီဒင်နိုင်ငံမှာ အမျိုးသမီးတွေကို လေ့လာခဲ့တဲ့ သုတေသနတစ်ခုအရ ယခင်က ခွဲစိတ်မွေးဖွားဖူးတဲ့ အမျိုးသမီး ၃၇ ရာခိုင်နှုန်းမှာ ဝမ်းဗိုက်အတွင်း တစ်ရှူးတွေကပ်ညိမှု (abdominal adhesions) ရှိခဲ့ပါတယ်။

ခွဲစိတ်မွေးဖွားဖူးခြင်းမရှိတဲ့အမျိုးသမီးတွေမှာတော့ ၁၀ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။

အဲဒီအမာရွတ်တစ်ရှူးတွေဟာ ကိုယ်တွင်းအင်္ဂါတွေကို တစ်ခုနဲ့တစ်ခု တွယ်ကပ်စေနိုင်တာကြောင့် ဝမ်းဗိုက်နာကျင်တာနဲ့ အူလမ်းကြောင်းပိတ်ဆို့တာတွေ ဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင် နောက်ထပ်ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်နဲ့ ကလေး သေဆုံးနိုင်ခြေကို အနည်းငယ် မြင့်တက်စေနိုင်ပြီး အရေးပေါ်ခွဲစိတ်မွေးဖွားခဲ့ရသူတွေမှာ အဲဒီအန္တရာယ် ပိုများပါတယ်။

အတွင်းပိုင်းအမာရွတ်တစ်ရှူးတွေကြောင့် နောက်တစ်ကြိမ် ခွဲစိတ်မွေးဖွားတဲ့အခါ ခွဲစိတ်ကုသမှု ပိုမိုရှုပ်ထွေးလာနိုင်ပြီး ဆီးအိမ်နဲ့ အူလမ်းကြောင်း ထိခိုက်ပေါက်ပြဲနိုင်ခြေလည်း မြင့်တက်လာပါတယ်။

ခွဲစိတ်မွေးဖွားမှုနှုန်း မြင့်တက်လာတာကြောင့် ဒီလိုနောက်ဆက်တွဲပြဿနာတွေ ကြုံတွေ့ရနိုင်တဲ့ အမျိုးသမီးအရေအတွက်လည်း ပိုများလာနိုင်တယ်လို့ ဆူးဒေါင်း က ပြောပါတယ်။

သဘာဝအတိုင်း မွေးဖွားလို့ ရေရှည်ခံစားရနိုင်တဲ့ထိခိုက်မှုများ

သဘာဝမွေးဖွားမှုကြောင့်လည်း နောက်ဆက်တွဲပြဿနာ အမျိုးမျိုး ဖြစ်ပေါ်နိုင်ပါတယ်။

အခု အသက် ၇၀ ကျော်အရွယ်ရှိပြီဖြစ်တဲ့ ဟဲသာ ဘားနက်စ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်က သမီးဖြစ်သူကို မွေးဖွားစဉ် စအိုကြွက်သားနဲ့ အတွင်းသားအထိ စုတ်ပြဲတဲ့ စတုတ္ထအဆင့် (အပြင်းထန်ဆုံးအဆင့်) ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒီလိုဒဏ်ရာရတာဟာ လေလည်တာနဲ့ ဝမ်းသွားတာကို ထိန်းပေးတဲ့ စအိုဝကြွက်သားအပြင် စအိုနဲ့ အူမကြီးအဆုံးပိုင်းရဲ့အတွင်းနံရံအထိ စုတ်ပြဲသွားတာကို ဆိုလိုပါတယ်။

ရေရှည်ခံစားရနိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေထဲမှာ အဖြစ်အများဆုံးတွေကတော့

- လိင်ဆက်ဆံစဉ် နာကျင်ခြင်း (Dyspareunia) – ၃၅ ရာခိုင်နှုန်း

- ခါးအောက်ပိုင်း နာကျင်ခြင်း – ၃၂ ရာခိုင်နှုန်း

- ဆီးမထိန်းနိုင်ခြင်း – ၈ ရာခိုင်နှုန်းမှ ၃၁ ရာခိုင်နှုန်းအထိ

- စိုးရိမ်ပူပန်မှု – ၉ ရာခိုင်နှုန်းမှ ၂၄ ရာခိုင်နှုန်းအထိ

- ဝမ်းမထိန်းနိုင်ခြင်း – ၁၉ ရာခိုင်နှုန်း

- စိတ်ကျရောဂါ – ၁၁ ရာခိုင်နှုန်းမှ ၁၇ ရာခိုင်နှုန်းအထိ

- ကလေးမွေးဖွားရမှာ ကြောက်ရွံ့ခြင်း (Tokophobia) – ၆ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ

- မိန်းမကိုယ်နဲ့ စအိုကြားပိုင်း နာကျင်ခြင်း (Perineal pain) – ၁၁ ရာခိုင်နှုန်း

- ဒုတိယအကြိမ် ကိုယ်ဝန်မရနိုင်ခြင်း (Secondary infertility) – ၁၁ ရာခိုင်နှုန်း

အဖြစ်နည်းတဲ့ တခြားရောဂါအခြေအနေတွေထဲမှာတော့ တင်ပါးဆုံတွင်းအင်္ဂါတွေ အောက်ကိုကျလာခြင်း (Pelvic organ prolapse)၊ စိတ်ဒဏ်ရာနောက်ဆက်တွဲ စိတ်ဖိစီးမှုရောဂါ (PTSD)၊ သိုင်းရွိုက်ဂလင်း လုပ်ဆောင်မှုမမှန်ခြင်း၊ အာရုံကြောထိခိုက်ခြင်း၊ ကိုယ်ဝန်ဆောင်ကာလနဲ့ မီးဖွားပြီးနောက် ဖြစ်ပွားနိုင်တဲ့ နှလုံးကြွက်သားရောဂါ(Peripartum cardiomyopathy)နဲ့ သားဖွားစဉ် ဖြစ်ပေါ်တဲ့အင်္ဂါအစိတ်အပိုင်းကြား ပုံမှန်မဟုတ်တဲ့လမ်းကြောင်းပေါက်ခြင်း (Obstetric fistula) တို့လည်း ပါဝင်ပါတယ်။

ဘားနက်စ်ဟာ ဒီနေ့အချိန်အထိ နာတာရှည်နာကျင်မှုနဲ့ နောက်ဆက်တွဲပြဿနာတွေကို ခံစားနေရဆဲပါ။ သမီးဖြစ်သူဟာ မွေးလမ်းကြောင်းထဲမှာ ညပ်နေခဲ့တာကြောင့် မွေးထုတ်နိုင်ဖို့ ပလာယာကြီးတွေနဲ့ ဆင်တူတဲ့ ညှပ် (Forceps) ကို အသုံးပြုခဲ့ရပါတယ်။

အဲဒီလို မွေးဖွားခဲ့ရတဲ့အတွက် ဝမ်းမထိန်းနိုင်တာ၊ မိန်းမကိုယ်နဲ့ စအိုကြားပိုင်း နာကျင်တာနဲ့ တင်ပါးဆုံတွင်း အာရုံကြော (Pudendal nerve) ထိခိုက်တာတွေ ဖြစ်လာခဲ့ပါတယ်။

"ကျွန်မက နေ့တိုင်း နာကျင်မှုကို ခံစားနေရတာပါ။ တကယ်တော့ တစ်ရက်မှ နားရတယ်ဆိုတာ မရှိပါဘူး" လို့ သူက ပြောပါတယ်။

ဘားနက်စ်တစ်ယောက်တည်း ဒီလိုကြုံတွေ့နေရတာ မဟုတ်ပါဘူး။ အထူးသဖြင့် သဘာဝမွေးဖွားခဲ့တဲ့ အမျိုးသမီးတွေမှာ ကလေးမွေးပြီးနောက် ဆယ်စုနှစ်များစွာကြာတဲ့အထိ ဆီးနဲ့ ဝမ်းမထိန်းနိုင်တဲ့ ပြဿနာတွေဟာ အလွန်အဖြစ်များပါတယ်။

ကလေးမွေးပြီးနောက် နှစ်ပေါင်း ၂၀ ကနေ ၂၆ နှစ်အကြာမှာရှိတဲ့ အမျိုးသမီးတွေကို လေ့လာထားတဲ့ သုတေသနတစ်ခုအရ ၆၁ ရာခိုင်နှုန်းဟာ ဆီးမထိန်းနိုင်တဲ့ ပြဿနာရှိပြီး ၂၂ ရာခိုင်နှုန်းက ဝမ်းမထိန်းနိုင်သလို ၁၇ ရာခိုင်နှုန်းမှာတော့ တင်ပါးဆုံတွင်းအင်္ဂါတွေ အောက်ကိုကျလာတဲ့ လက္ခဏာတွေ ရှိနေကြောင်း တွေ့ရှိခဲ့ပါတယ်။

ဗြိတိန်နိုင်ငံ ဂလပ်စကို ကယ်လီဒိုးနီးယားတက္ကသိုလ်က ကျန်းမာရေးဝန်ဆောင်မှု သုတေသနပါမောက္ခနဲ့ အဲဒီသုတေသနကို ဦးဆောင်ပြုလုပ်ခဲ့သူ ဆူဇန် ဟေဂင်ကတော့ ဒီကိန်းဂဏန်းတွေမှာ မမြင်ရတဲ့အချက်တစ်ခု ရှိနေတယ်လို့ ပြောပါတယ်။

အဲဒါကတော့ ဒီပြဿနာတွေကြောင့် အမျိုးသမီးတွေရဲ့ နေ့စဉ်ဘဝ၊ လူမှုဆက်ဆံရေးနဲ့ အလုပ်လုပ်နိုင်စွမ်းတွေအပေါ် ပြင်းထန်တဲ့ထိခိုက်မှုတွေ ဖြစ်ပေါ်နေတာပါ။

ဥပမာ ဘားနက်စ်ဟာ ကြုံတွေ့ခဲ့ရတဲ့ စိတ်ဒဏ်ရာကြောင့် နောက်ထပ်ကလေးမယူရဲတော့သလို အလုပ်ကိုလည်း ပြန်မဝင်နိုင်ခဲ့ပါဘူး။

"ဘယ်အချိန်မဆို မတော်တဆ ဝမ်းသွားမိနိုင်တယ်ဆိုတဲ့ အသိနဲ့ အမြဲနေနေရတာက စိတ်ဖိစီးမှု အရမ်းများပါတယ်" လို့ သူက ပြောပါတယ်။

အဲဒီအချိန်တုန်းကတော့ ဆီး၊ ဝမ်းမထိန်းနိုင်တာ ဒါမှမဟုတ် နာကျင်မှုအကြောင်း ဘယ်သူမှ ထုတ်မပြောခဲ့ကြပါဘူး။

"ကိုယ့်ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းကိုတောင် ဒီအကြောင်း မပြောပြခဲ့ကြဘူး" လို့ သူက ပြောပါတယ်။

သဘာဝမွေးဖွားချိန်မှာ အမျိုးသမီး ၁၀ ယောက်မှာ ၉ ယောက်အထိဟာ မိန်းမကိုယ်နဲ့ စအိုကြားပိုင်းမှာ အသားစုတ်ပြဲတာ၊ ပွန်းပဲ့တာ ဒါမှမဟုတ် ခွဲစိတ်ဖြတ်တောက်ရတာမျိုး အနည်းဆုံးတစ်ခုခု ကြုံတွေ့ရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Episiotomy လို့ခေါ်တဲ့ ဒီခွဲစိတ်မှုဟာ ကလေးရဲ့ဦးခေါင်း ထွက်လာနိုင်ဖို့ မွေးလမ်းကြောင်းဝကို ပိုကျယ်အောင် မိန်းမကိုယ်နဲ့ စအိုကြားပိုင်းကို ခွဲစိတ်ဖြတ်တောက်တာ ဖြစ်ပါတယ်။

ကလေးမွေးဖွားရာမှာ Forceps လို့ခေါ်တဲ့ သတ္တုညှပ် ဒါမှမဟုတ် ကလေးဦးခေါင်းမှာ စုပ်အားနဲ့ကပ်ပြီး ဆွဲထုတ်တဲ့ Ventouse ကိရိယာတွေ အသုံးပြုရတဲ့အခါ အသားစုတ်ပြဲနိုင်ခြေ သိသိသာသာ ပိုများပါတယ်။ ပိုနက်တဲ့အထိ စုတ်ပြဲဒဏ်ရာရခဲ့ရင် ဆီး၊ ဝမ်းမထိန်းနိုင်တာ၊ လိင်ဆက်ဆံချိန် နာကျင်တာနဲ့ ပြန်လည်ပြုပြင်ခွဲစိတ်ကုသမှု ခံယူရနိုင်ခြေ ပိုမြင့်လာပါတယ်။

တောင်အာရှနွယ်ဖွား အမျိုးသမီးတွေမှာလည်း သဘာဝမွေးဖွားချိန် အသားစုတ်ပြဲနိုင်ခြေ ပိုများပါတယ်။ ဒါပေမဲ့ ကလေးတစ်ယောက်မိခင်ဖြစ်တဲ့ ကာဂျယ် ဒါဆေးလ်ဗားဟာ စတုတ္ထအဆင့်အထိ ပြင်းထန်တဲ့ စုတ်ပြဲဒဏ်ရာ မရမချင်း ဒီအချက်ကို မသိခဲ့ပါဘူး။

"ဒဏ်ရာရပြီးနောက်ပိုင်း ကျွန်မရဲ့ဘဝတစ်ခုလုံးက အဲဒီဒဏ်ရာကိုပဲ ဗဟိုပြုပြီး လည်ပတ်နေရသလိုပါပဲ" လို့ ကလေးမွေးဖွားချိန် ဒဏ်ရာရခဲ့တာ ခြောက်နှစ်ရှိပြီဖြစ်တဲ့ ဒါဆေးလ်ဗားက ပြောပါတယ်။

"နောက်တစ်နေ့ ဘာလုပ်မလဲ၊ ဘာစားမလဲဆိုတာကအစ အရင်စဉ်းစားရပါတယ်။ အပြင်သွားဖို့ ခရီးစဉ်စီစဉ်တဲ့အခါလည်း လမ်းမှာ အိမ်သာရှိမရှိ သေချာတွက်ချက်ရပါတယ်။ အဲဒီလို မစဉ်းစားဘဲ ဘာအစီအစဉ်မှ လုပ်လို့မရပါဘူး" လို့ သူက ဆိုပါတယ်။

ဒါဆေးလ်ဗားဟာ အခုအချိန်အထိ တင်ပါးဆုံတွင်း နာတာရှည်နာကျင်မှုကို ခံစားနေရပြီး အကြာကြီး ထိုင်တာ၊ မတ်တပ်ရပ်တာတွေ မလုပ်နိုင်ပါဘူး။ နောက်ထပ်ကလေးယူဖို့လည်း အစီအစဉ်မရှိတော့ပါဘူး။

"နောက်ထပ်ကလေးတစ်ယောက် ယူဖို့ဆိုတာ စိတ်ထဲမှာတောင် တွေးကြည့်ဖို့ ကျွန်မအတွက် မဖြစ်နိုင်တော့ပါဘူး" လို့ သူက ပြောပါတယ်။

နာတာရှည် နာကျင်မှု

ဦးခေါင်းပုံထဲမှာ ကလေးကိုယ်၀န်နေပုံ မြင်ကွင်း သရုပ်ဖော်ဖို့

ကလေးကို သဘာဝမွေးဖွားခဲ့တာဖြစ်စေ၊ ခွဲစိတ်မွေးဖွားခဲ့တာဖြစ်စေ ကလေးမွေးပြီးနောက် နှစ်ပေါင်းများစွာကြာတဲ့အထိ နာကျင်မှုတွေ ခံစားရနိုင်ပါတယ်။

ဒီလိုနာကျင်မှုဟာ တင်ပါးဆုံတွင်းကို ဖြတ်သန်းသွားပြီး လိင်အင်္ဂါ၊ စအိုနဲ့ ဆီးလမ်းကြောင်းတစ်ဝိုက်က လှုပ်ရှားမှုနဲ့ အာရုံခံစားမှုတွေကို ထိန်းချုပ်ပေးတဲ့ Pudendal nerve (တင်ပါးဆုံတွင်း အာရုံကြော) ထိခိုက်ပျက်စီးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အမျိုးသမီးတွေ ပြောပြတဲ့ နာကျင်မှုကို ကျန်းမာရေးဝန်ထမ်းတွေက အမြဲတမ်း အလေးအနက်ထား ဆက်ဆံလေ့မရှိဘူးဆိုတာကိုလည်း သုတေသနတွေနဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ဥပမာ၊ ၂၀၂၄ ခုနှစ်က ဗြိတိန်နိုင်ငံရဲ့ ကလေးမွေးဖွားစဉ် စိတ်ဒဏ်ရာရမှုဆိုင်ရာ အစီရင်ခံစာမှာ လူနာတစ်ဦးကို လုံလောက်တဲ့ အကိုက်အခဲပျောက်ဆေး မပေးဘဲ ချုပ်ပေးနေစဉ် သားဖွားမီးယပ်ဆရာဝန်တစ်ဦးက သားဖွားဆရာမကို "အမျိုးသမီးတွေရဲ့ မိန်းမကိုယ်မှာ အာရုံကြောတွေ မရှိဘူး" လို့ ပြောခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို ဖော်ပြထားပါတယ်။

ဘားနက်စ်ကလည်း Pudendal nerve ထိခိုက်မှုကြောင့် နာကျင်ရနိုင်တဲ့အကြောင်းကို သတင်းစာတစ်စောင်မှာ ဖတ်ရမှ သိခဲ့ရတာပါ။

"ကျွန်မ တကယ်နာကျင်နေတာကို ဘယ်သူမှ မယုံခဲ့ကြဘူး" လို့ သူက ပြောပါတယ်။

စိတ်ကျန်းမာရေး

ကလေးနှစ်ယောက်မိခင်ဖြစ်တဲ့ ဒင်ပဲလ် မစ်စထရီဟာ လွန်ခဲ့တဲ့ ခြောက်နှစ်က စတုတ္ထအဆင့်အထိ ပြင်းထန်တဲ့ စုတ်ပြဲဒဏ်ရာ ရရှိခဲ့မှုနဲ့ပတ်သက်ပြီး အဲဒီအချိန်က စိတ်ဒဏ်ရာတွေကို ပြန်လည်ခံစားရစေတဲ့ အမှတ်ရမှုတွေနဲ့ စိတ်ထိခိုက်စေတဲ့ အခြေအနေတွေကို အခုအချိန်အထိ ကြုံတွေ့နေရပါတယ်။

ခွဲစိတ်ချုပ်ထားတဲ့နေရာတွေ ပြဲထွက်ပြီး ပိုးဝင်ခဲ့တာကြောင့် ဝမ်းနဲ့ လေတွေကို ဝမ်းဗိုက်မှာ ဖောက်ထားတဲ့ အပေါက်ကတစ်ဆင့် အပြင်ထုတ်နိုင်ဖို့ Stoma လို့ခေါ်တဲ့ အပေါက်တစ်ခု ဖောက်ပေးခဲ့ရပါတယ်။

"ကျွန်မရဲ့ မိန်းမကိုယ်ကနေ ဝမ်းတွေ ထွက်လာခဲ့တယ်။ တစ်ခုခုတော့ မှားနေပြီဆိုတာ သိလိုက်တယ်" လို့ မစ်စထရီက ပြောပါတယ်။

အဲဒီလို ကြုံတွေ့ခဲ့ရတာတွေကြောင့် ဒုတိယကလေးကို ကိုယ်ဝန်ဆောင်ချိန်မှာ သူ့အတွက် အကြီးမားဆုံး ကြောက်ရွံ့မှုတွေထဲက တစ်ခုက ဆေးရုံကို ရောက်သွားပြီး ကလေးမွေးဖွားရင်း အသက်ဆုံးရှုံးရမှာကိုပါပဲ။ အဲဒီကြောက်စိတ်က သူ့အပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာ Stoma အပေါက်ကို ပြန်ပိတ်ပေးခဲ့ပေမဲ့ ခွဲစိတ်ထားတဲ့နေရာမှာ အတွင်းပိုင်းအမာရွတ်တစ်ရှူးတွေ ဖြစ်ပေါ်လာတာကြောင့် အခုတော့ ဝမ်းသွားချင်စိတ်ကို ထိန်းမထားနိုင်တာ၊ ဝမ်းဗိုက်နဲ့ တင်ပါးဆုံတွင်း နာတာရှည်နာကျင်တာတွေ ခံစားနေရပါတယ်။

"အခြေခံအားဖြင့် ကျွန်မရဲ့ အူလမ်းကြောင်းက ဝမ်းဗိုက်နံရံနဲ့ ကပ်နေတယ်လို့ ထင်ပါတယ်။ ဒါကြောင့် အစာတွေ ဖြတ်သန်းသွားတဲ့အခါ လွတ်လွတ်လပ်လပ် ရွေ့လျားနိုင်ခြင်း မရှိတော့ဘူး" လို့ သူက ပြောပါတယ်။ အဲဒီအတွက် ဝမ်းဗိုက်နာကျင်မှုတွေ ဆက်တိုက်ခံစားနေရတာ ဖြစ်ပါတယ်။

ကလေးမွေးဖွားပြီး ပထမတစ်နှစ်အတွင်း ဖြစ်ပေါ်တတ်တဲ့ စိတ်ကျန်းမာရေးပြဿနာတွေအကြောင်း အခုအခါ ပိုမိုသိရှိနားလည်လာကြပေမဲ့ အမျိုးသမီးအများအပြားဟာ နှစ်ပေါင်းများစွာကြာတဲ့အထိ စိတ်ကျန်းမာရေးပြဿနာတွေ ဆက်လက်ခံစားနေရတာကိုတော့ လူသိနည်းနေဆဲ ဖြစ်ပါတယ်။

လေ့လာဆန်းစစ်ချက်တစ်ခုအရ အမျိုးသမီး ၄ ဒသမ ၅ ရာခိုင်နှုန်းခန့်ဟာ သုံးနှစ်တာ စောင့်ကြည့်လေ့လာခဲ့တဲ့ ကာလတစ်လျှောက်လုံး စိတ်ကျရောဂါလက္ခဏာတွေ ဆက်လက်ခံစားခဲ့ရပါတယ်။

ကလေးမွေးပြီးစ မိခင် ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ စိတ်ကျရောဂါ ခံစားရနိုင်တယ်လို့ ခန့်မှန်းထားပြီး ဒါဟာ မီးဖွားပြီးနောက် အဖြစ်အများဆုံး စိတ်ကျန်းမာရေးပြဿနာ ဖြစ်ပါတယ်။

တခြားပြဿနာတွေထဲမှာ စိုးရိမ်ပူပန်မှု၊ စိတ်ဒဏ်ရာနောက်ဆက်တွဲ စိတ်ဖိစီးမှုရောဂါ (PTSD) နဲ့ မီးဖွားပြီးနောက်စိတ်ရောဂါ (Postpartum psychosis) တို့လည်း ပါဝင်ပါတယ်။

ကလေးနှစ်ယောက်မိခင် နေယာ ဂျိုရှီဟာ ၂၀၂၀ ပြည့်နှစ်မှာ အရေးပေါ်ခွဲစိတ်မွေးဖွားပြီးနောက် မီးဖွားပြီးစ မိခင်တွေကို စောင့်ရှောက်တဲ့ဆောင်မှာ ကုသမှုခံယူခဲ့ရတဲ့ အတွေ့အကြုံကြောင့် PTSD ရောဂါ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအချိန်မှာ သူ့ကို စွန့်ပစ်ထားသလို၊ အကူအညီမရသလို ခံစားခဲ့ရပါတယ်။

"ကိုယ့်ကိုယ်ကိုယ်တောင် ပြန်မစောင့်ရှောက်နိုင်တဲ့အထိ ကိုယ်ခန္ဓာအခြေအနေ မကောင်းခဲ့ပါဘူး။ မွေးကင်းစကလေးကိုတောင် မစောင့်ရှောက်နိုင်ခဲ့ပေမဲ့ အရာအားလုံးကို တစ်ယောက်တည်း ဖြေရှင်းခဲ့ရပါတယ်" လို့ ဂျိုရှီက ပြောပါတယ်။

မီးဖွားချိန်နဲ့ ဆက်စပ်တဲ့ စိတ်ကျန်းမာရေးအထူးကုဆရာဝန်ရဲ့ အကူအညီကြောင့် ကလေးမွေးပြီး တစ်နှစ်အကြာမှာ PTSD ရောဂါကနေ ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာတော့ ရာသီမလာခင် တစ်ပတ်၊ နှစ်ပတ်အလိုမှာ ပြင်းထန်တဲ့ စိတ်ကျဝေဒနာနဲ့ မျှော်လင့်ချက်ကင်းမဲ့မှုတွေ ဖြစ်ပေါ်စေတဲ့ Premenstrual Dysphoric Disorder (PMDD) လို့ခေါ်တဲ့ ရာသီမလာခင် ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာရောဂါတစ်မျိုး ခံစားလာရပါတယ်။

ဒီရောဂါနှစ်မျိုးဟာ ဆက်စပ်မှုရှိတတ်ကြောင်း သုတေသနတွေမှာ တွေ့ရှိထားပါတယ်။ ဒုတိယကလေးမွေးဖွားပြီးနောက်မှာတော့ ဂျိုရှီရဲ့ စိတ်ကျန်းမာရေးလက္ခဏာတွေ ပိုမိုပြင်းထန်လာပြီး နေ့စဉ်ဘဝကိုပါ ထိခိုက်လာခဲ့ပါတယ်။

"ကျွန်မဟာ အမြဲပင်ပန်းနွမ်းနယ်တာ၊ စိတ်တိုလွယ်တာ၊ စိတ်ဓာတ်ကျတာ၊ စိုးရိမ်ပူပန်တာ၊ အိပ်မပျော်တာနဲ့ အိပ်မက်ဆိုးတွေ မက်တာတွေကို ခံစားနေရပါတယ်။ ကလေးငယ်နှစ်ယောက်ကို ပြုစုရင်း ဒီလို အသက်ရှင်နေရုံလောက်ပဲ ရှိတဲ့ဘဝကို ဖြတ်သန်းရတာ အတော်ခက်ခဲပါတယ်" လို့ သူက ပြောပါတယ်။

ကျွန်မ တွေ့ဆုံမေးမြန်းခဲ့တဲ့ တခြားအမျိုးသမီးတွေလိုပဲ ဂျိုရှီဟာလည်း သူ့ရဲ့ ကျန်းမာရေးအခြေအနေကို မှန်ကန်စွာ ရောဂါရှာဖွေသိရှိနိုင်ဖို့နဲ့ လိုအပ်တဲ့ အကူအညီတွေ ရရှိဖို့ အခက်အခဲတွေ ကြုံခဲ့ရပါတယ်။

အခုတော့ သူဟာ ကလေးမွေးဖွားပြီးနောက် မိခင်တွေကို ပြုစုစောင့်ရှောက်ပေးတဲ့ Doula တစ်ယောက်အဖြစ် လေ့ကျင့်သင်ကြားထားပြီး မီးဖွားပြီးနောက် ကျန်းမာရေးပြဿနာတွေ ကြုံတွေ့နေရသူတွေကို ကူညီပေးဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။

လိုအပ်တဲ့ အကူအညီတွေ ရရှိနိုင်ဖို့ တောင်းဆိုလှုပ်ရှားခြင်း

ကလေးမွေးဖွားပြီးနောက် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲပြဿနာ အများအပြားအတွက် ချက်ချင်းဖြေရှင်းနိုင်တဲ့ နည်းလမ်းမရှိပေမဲ့ ဘယ်လိုအကူအညီတွေ ရရှိနိုင်တယ်ဆိုတာ သိထားခြင်းကတော့ အရေးကြီးတဲ့ ပထမခြေလှမ်းတစ်ခု ဖြစ်နိုင်ပါတယ်။

တင်ပါးဆုံတွင်းအင်္ဂါတွေ အောက်ကိုကျလာတဲ့ ပြဿနာ (Pelvic organ prolapse) ရှိတဲ့ အမျိုးသမီးတွေကို ဆေးကုသစောင့်ရှောက်မှုပေးခဲ့တဲ့ အတွေ့အကြုံတွေအကြောင်း ၂၀၁၉ ခုနှစ်က လေ့လာထားတဲ့ အစီရင်ခံစာတစ်ခုမှာ ဗြိတိန်အခြေစိုက် သုတေသီအဖွဲ့က အမျိုးသမီးအများအပြားဟာ ဆေးကုသမှုခံယူဖို့ နောက်ကျခဲ့ကြကြောင်း တွေ့ရှိခဲ့ပါတယ်။

အကြောင်းရင်းတစ်ခုကတော့ သူတို့ရဲ့ ရောဂါလက္ခဏာတွေကို ပြောပြရမှာ ရှက်တာ ဒါမှမဟုတ် ဆရာဝန်တွေက အလေးအနက်မထားဘူးလို့ ခံစားရတာကြောင့် ဖြစ်ပါတယ်။ အမျိုးသမီးတစ်ဦးဆိုရင် ရောဂါဝေဒနာကို နှစ်ပေါင်း ၃၀ ကြာ ခံစားခဲ့ရပြီး ရောဂါလက္ခဏာတွေ ပိုဆိုးလာမှသာ ဆရာဝန်ဆီ သွားပြခဲ့ပါတယ်။

အမျိုးသမီးအများအပြား နှစ်ပေါင်းများစွာ ဝေဒနာခံစားနေရတဲ့ အဓိကအကြောင်းရင်းတစ်ခုကတော့ ကလေးမွေးပြီးနောက် ဆေးကုသစောင့်ရှောက်မှုတွေမှာ မိခင်ထက် ကလေးကို ပိုအာရုံစိုက်လေ့ရှိတာကြောင့် ဖြစ်ပါတယ်။ အဲဒီအတွက် အမျိုးသမီးတွေဟာ အကူအညီမဲ့ တစ်ယောက်တည်းဖြစ်နေသလို ခံစားရတာ ဒါမှမဟုတ် လိုအပ်တဲ့ သတင်းအချက်အလက်နဲ့ အထောက်အပံ့တွေ မရရှိတာမျိုး ဖြစ်တတ်ပါတယ်။

အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ်က သားဖွားမီးယပ်ပညာ ပါမောက္ခ အလီဆန် စတူးဘ်က အစီရင်ခံစာတစ်ခုမှာ အခုလို ရေးသားထားပါတယ်။

"ကလေးက သကြားလုံးဖြစ်ပြီး မိခင်ကတော့ အဲဒီသကြားလုံးကို ထုပ်ထားတဲ့ စက္ကူလိုပါပဲ။ သကြားလုံးကို ထုတ်ယူပြီးတဲ့အခါ ထုပ်ပိုးထားတဲ့ စက္ကူကိုတော့ ဘေးဖယ်ထားလိုက်ကြတယ်။"

နောက်ထပ်ပြဿနာတစ်ခုကတော့ နိုင်ငံအလိုက် မူဝါဒတွေ ကွဲပြားပေမဲ့ ကလေးမွေးပြီးနောက် မိခင်တွေကို ဆေးစစ်ဆေးမှု အကြိမ်အနည်းငယ်သာ ပုံမှန်ပြုလုပ်ပေးလေ့ရှိတာဖြစ်တယ်လို့ ဗိုဂယ်က ပြောပါတယ်။

အဲဒီအတွက် နောက်ပိုင်းမှာ ဆက်လက်ရှိနေတဲ့ ကျန်းမာရေးပြဿနာတွေကို သတိမပြုမိဘဲ လွတ်သွားနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေဟာ အကူအညီမတောင်းခင်၊ ဒါမှမဟုတ် အကူအညီမတောင်းဖြစ်ခဲ့ရင် ဘယ်လောက်ကြာကြာ ဝေဒနာခံစားနေရသလဲဆိုတာ အတိအကျ မသိနိုင်ပါဘူး။

"ကလေးမွေးပြီးနောက် လူတိုင်း ဘယ်လိုအခြေအနေတွေ ကြုံတွေ့နေရသလဲဆိုတာကို ကျွန်တော်တို့ တကယ်တမ်း မသိကြသေးပါဘူး" လို့ သူက ပြောပါတယ်။

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုမှာလည်း အမျိုးသမီးအများစုက ကလေးမွေးပြီး တစ်နှစ်အထိ ဆေးကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ဆက်လက်ရရှိဖို့ လိုအပ်တယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမဲ့ ကလေးငယ်ကို ပြုစုစောင့်ရှောက်နေရတဲ့ မိဘအသစ်အများအပြားမှာ ကိုယ့်ကျန်းမာရေးကို ပြန်လည်အာရုံစိုက်ဖို့ အချိန်မရှိကြတာလည်း အမှန်ပါပဲ။

ဒါ့အပြင် ကလေးမွေးပြီးနောက် ကာလနဲ့ပတ်သက်တဲ့ အယူအဆမှားတွေလည်း ရှိနေပါတယ်။ "နာကျင်မှုတချို့ရှိတာ ဒါမှမဟုတ် ကိုယ်ခန္ဓာရဲ့ လုပ်ဆောင်နိုင်စွမ်း ကျဆင်းသွားတာဟာ ပုံမှန်ပဲလို့ မျှော်လင့်ထားကြတာက ပြဿနာရဲ့ အဓိကအစိတ်အပိုင်းတစ်ခုပါ" လို့ ဗိုဂယ်က ပြောပါတယ်။

အမျိုးသမီးအများအပြားဟာ ကလေးမွေးပြီးနောက် နောက်ဆက်တွဲပြဿနာတွေ ကြုံရတာကို သဘာဝပဲလို့ ယူဆပြီး "ငါ့အတွက်တော့ ဒီလိုပဲ ဖြစ်တော့မှာပေါ့။ ချောင်းဆိုးလိုက်တိုင်း ဆီးထွက်မယ်၊ ပြေးလို့လည်း မရတော့ဘူး" လို့ တွေးတတ်ကြကြောင်း သူက ရှင်းပြပါတယ်။

ကျွန်မ တွေ့ဆုံမေးမြန်းခဲ့တဲ့ အမျိုးသမီးတွေထဲမှာ ဒါဆေးလ်ဗားကတော့ ရုပ်ပိုင်းဆိုင်ရာကုထုံး (Physiotherapy) ခံယူခဲ့တာကြောင့် ရောဂါလက္ခဏာတချို့ သက်သာလာခဲ့ပါတယ်။ ဒါပေမဲ့ ကုသမှုအတွက် ကိုယ်ပိုင်ငွေနဲ့ ပေးချေခဲ့ရပါတယ်။ ကိုယ်ခန္ဓာပြန်လည်ကောင်းမွန်လာမှုကို ကိုယ်တိုင်စောင့်ကြည့်နိုင်တာကလည်း သူ့ရဲ့ စိတ်ကျန်းမာရေးအတွက် အထောက်အကူဖြစ်ခဲ့ပါတယ်။

"ကိုယ့်အခြေအနေ တိုးတက်ကောင်းမွန်လာတာကို ကိုယ်တိုင်မြင်လာရတဲ့အခါမှ အပြောင်းအလဲတွေ စဖြစ်လာတာပါ" လို့ သူက ပြောပါတယ်။

ဒါ့အပြင် အထောက်အကူပြုအဖွဲ့တွေကလည်း သူ့အတွက် အကျိုးရှိခဲ့ပါတယ်။ အဲဒီအဖွဲ့တွေထဲက တစ်ဖွဲ့ကို အခု သူကိုယ်တိုင် ဦးဆောင်နေပါတယ်။

"ကိုယ့်ဒေသမှာ ကိုယ့်လိုပဲ ဒဏ်ရာရခဲ့ဖူးတဲ့ အမျိုးသမီးတွေနဲ့ တွေ့ဆုံနိုင်ပါတယ်။ ကိုယ်တစ်ယောက်တည်း အထီးကျန်နေစရာ မလိုတော့ပါဘူး" လို့ သူက ပြောပါတယ်။

ဘားနက်စ်ကလည်း သူ့ရဲ့ နာကျင်မှုတွေကို နှစ်ပေါင်းများစွာ အလေးအနက်မထားဘဲ လျစ်လျူရှုခံခဲ့ရတာကြောင့် ကိုယ့်ခံစားချက်ကို နားလည်အသိအမှတ်ပြုပေးဖို့နဲ့ ကိုယ်ပြောတာကို ယုံကြည်ပေးဖို့ ဘယ်လောက်အရေးကြီးသလဲဆိုတာ ပြောပြပါတယ်။

"လွန်ခဲ့တဲ့နှစ်တွေတုန်းက ဆရာဝန်တစ်ယောက်က ကျွန်မဟာ အတော်လေး မိုက်မဲပြီး စိတ်ကယောက်ကယက်နိုင်တဲ့ အမျိုးသမီးတစ်ယောက်လို့ ပြောခဲ့တာကို ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး" လို့ သူက ပြောပါတယ်။

တခြားအမျိုးသမီးတွေအတွက် သူ့ရဲ့ အကြံပြုချက်ကတော့ ကိုယ့်ရဲ့ဝေဒနာကို နားထောင်ပေးဖို့ အမြဲတမ်း တောင်းဆိုတိုက်တွန်းနေဖို့ပါပဲ။

"ဒီဒဏ်ရာတွေဟာ ကိုယ့်ဘဝကို လုယူသွားတဲ့ ရက်စက်တဲ့ သူခိုးတစ်ယောက်လိုပါပဲ။ ကိုယ့်ဘဝတစ်ခုလုံးကို လွှမ်းမိုးသွားခွင့် မပေးပါနဲ့" လို့ သူက ဆိုပါတယ်။

ကျွန်မကိုယ်တိုင်လည်း အစပိုင်းမှာ အတွင်းပိုင်းအူကပ်ညိမှု (Adhesions) ဆိုတာ ဘာလဲဆိုတာ မသိခဲ့ပါဘူး။ အရင်က ခွဲစိတ်ကုသမှုတွေ ခံယူခဲ့ဖူးတာကြောင့် ဒီလိုဖြစ်နိုင်ခြေ ပိုများတယ်ဆိုတာကိုလည်း ဘယ်သူမှ မပြောပြခဲ့ပါဘူး။

ဒီလိုအဖြစ်အပျက်တွေ ကြုံခဲ့ရပေမဲ့ နောက်ဆက်တွဲပြဿနာတစ်ခုစီပြီးတိုင်း ကျွန်မ ကောင်းကောင်းပြန်လည်သက်သာလာခဲ့ပြီး နေ့စဉ်ဘဝမှာ နာကျင်မှုမရှိတာကြောင့် ကိုယ့်ကိုယ်ကိုယ် ကံကောင်းတယ်လို့ ခံစားရဆဲပါ။ ကိုယ်လိုအပ်တဲ့ ဆေးကုသမှုရဖို့ ကိုယ့်အတွက်ကိုယ် ထုတ်ဖော်ပြောဆိုတောင်းဆိုဖို့ ဘယ်လောက်အရေးကြီးသလဲဆိုတာကိုလည်း ကိုယ်တိုင်ကြုံတွေ့ရင်း သိရှိခဲ့ရပါတယ်။

နေ့စဉ်ဘဝမှာတော့ အဲဒီစိတ်ဒဏ်ရာတွေနဲ့ နောက်ဆက်တွဲအန္တရာယ်တွေကို သိပ်ပြီး ပြန်မတွေးဖြစ်ပါဘူး။ ဒါပေမဲ့ တစ်ခါတလေ ဗိုက်နာလာတဲ့အခါ နောက်တစ်ကြိမ် ဆေးရုံသွားရရင် ဘယ်လိုအခြေအနေတွေ ကြုံရမလဲ၊ အရေးပေါ်ကုသမှု အမြန်ရဖို့ ဆရာဝန်တွေကို ဘယ်လိုပြောရမလဲဆိုတာ ပြန်စဉ်းစားမိပါတယ်။

ကျွန်မ တွေ့ဆုံမေးမြန်းခဲ့တဲ့ ကျွမ်းကျင်သူအများအပြား ပြောခဲ့သလိုပဲ အသိပညာဟာ အစွမ်းထက်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဒီအကြောင်းအရာတွေကို မျှဝေခြင်းအားဖြင့် တခြားသူတွေလည်း ဘယ်လိုလက္ခဏာတွေကို သတိထားရမလဲ၊ ဘယ်အချိန်မှာ အကူအညီတောင်းခံသင့်သလဲဆိုတာ သိရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်။