ဒေါ်အောင်ဆန်းစုကြည် အင်တာနက် စသုံးပြီ

Daw Suu and Internet (Photo: Tin Hlaing's Facebook)
ဓာတ်ပုံ ပုံစာ, နေအိမ်မှာ ပထမဆုံး အင်တာနက်ကို ကြည့်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ- Tin Hlaing's Facebook)
ရေးသားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလ မှာ နေ အိမ်အကျယ်ချုပ်က ပြန်လွတ်လာခဲ့ပြီးတဲ့နောက် လျှောက်ထားခဲ့တဲ့ နေအိမ်မှာ အင်တာနက် သုံးစွဲခွင့် ကြာသပတေးနေ့က ခွင့်ပြုချက်ကျလာပြီမို့ သူ့အိမ်မှာ မြန်နှုန်းမြင့် broadband အင်တာနက် တပ်ဆင်လိုက်ပြီလို့ သိရပါတယ်။

အကျယ်ချုပ် အကြိမ်ကြိမ် ကျခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခု အကြိမ်မှာ ပထမဆုံး အင်တာနက်ကို စပြီး အသုံးပြုဖူးတာ ဖြစ်တယ်လို့ လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ဘီဘီစီကို ပြောပါတယ်။

အခုဆို အင်တာနက် တပ်ပြီးသွားပြီ ဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကတော့ ကျန်းမာရေး သိတ်မကောင်းသေးတဲ့ အတွက် အွန်လိုင်း ပေါ် မတက်နိုင်သေးဘူးလို့ သိရပါတယ်။

သူ အကျယ်ချုပ်က ပြန်လွတ်မလာခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်က Twitter နဲ့ Facebook တို့လို အင်တာနက် လူမှု ဆက်သွယ်ရေး မီဒီယာ ကွန်ယက်တွေကို သုံးပြီး လူငယ်တွေနဲ့ ဆက်သွယ်စကားပြောချင်တယ်၊ သူတို့ ရဲ့ အယူအဆတွေ အတွေးအခေါ်တွေကို နားလည်ချင်တယ်လို့ ပြောခဲ့ပါတယ်။

မြန်မာ အစိုးရဟာ အင်တာနက် ဆက်သွယ်ရေးတွေကို ထိန်းချုပ်ထားပြီး၊ နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ ဝက်ဘ်ဆိုက်တွေ ကို ပြည်တွင်းက ဝင်ရောက်ကြည့်ရှူခွင့်ကို တင်းတင်းကြပ် ကြပ် ပိတ်ပင်လေ့ရှိတဲ့ အတွက် နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် လှုပ်ရှားရေး အဖွဲ့တွေရဲ့ ပစ်တင်ဝေဖန်မှုကို ခံနေရတာလည်း ဖြစ်ပါတယ်။