Nvidia စီအီးအို ဂျန်ဆန်ဟွမ် နုတ်ထွက်၊ ရှယ်ယာဈေးတွေ ထိုးကျ

ဂျန်ဆန်ဟွမ်
ဓာတ်ပုံ ပုံစာ, နည်းပညာလောကရဲ့ ရော့ခ်စတား ဖြစ်ခဲ့သူ ဂျန်ဆန်ဟွမ်
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၂

ကမ္ဘာ့အကြီးဆုံး နည်းပညာကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ အန်ဗီဒီယာ (Nvidia) ရဲ့ ပူးတွဲတည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် (စီအီးအို) ဂျန်ဆန်ဟွမ် ဟာ ရာထူးကနေ နုတ်ထွက်သွားပြီလို့ Nvidia ကြေညာပါတယ်။

အသက် ၆၃ နှစ်အရွယ် မစ္စတာဟွမ်ဟာ အိမ်ထောင်ရေးဖောက်ပြန်မှု သတင်းတွေ ထွက်ပေါ်လာပြီးနောက် အခုလို နုတ်ထွက်လိုက်ရတာပါ။ အဲဒီထဲက တရုတ်သူလျှိုလို့ သံသယရှိသူ အမျိုးသမီးနဲ့ ဖြစ်ခဲ့တဲ့ ဇာတ်လမ်းကတော့ အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့ နည်းပညာတင်ပို့မှုဆိုင်ရာ စိုးရိမ်မှုတွေနဲ့ပါ ဆက်စပ်နေပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကုမ္ပဏီဝန်ထမ်းတွေဆီ ပေးပို့တဲ့စာမှာ မစ္စတာဟွမ်က ဇနီးဖြစ်သူအပေါ် သစ္စာဖောက်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး သူ့ရဲ့လုပ်ရပ်အတွက် အပြည့်အဝတာဝန်ယူကြောင်းနဲ့ မိသားစုကို ထိခိုက်နစ်နာစေခဲ့တဲ့အတွက် တောင်းပန်ကြောင်း ရေးသားခဲ့ပါတယ်။

အဲဒီသတင်းတွေနဲ့ပတ်သက်ပြီး Nvidia က သီးခြားစုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်နေပြီး အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ကလည်း တရုတ်သူလျှိုဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဆက်စပ်ပြီး စုံစမ်းနေပါတယ်။

Nvidia ဘက်ကတော့ ကုမ္ပဏီရဲ့ လျှို့ဝှက်အချက်အလက်တွေနဲ့ အမေရိကန်အမျိုးသားလုံခြုံရေးကို ထိခိုက်ခဲ့တယ်လို့ ယုံကြည်စရာ အကြောင်းမရှိကြောင်း ပြောထားပြီး စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။

အဲဒီ တရုတ်အမျိုးသမီးနဲ့ ဇာတ်လမ်းအပြင် မစ္စတာ ဟွမ် ဟာ သူ့ကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးအမှုဆောင်တစ်ဦးနဲ့လည်း ဖောက်ပြန်ခဲ့ကြောင်း New York Times သတင်းစာက ထပ်မံဖော်ပြခဲ့ပါတယ်။ အဲဒီအမျိုးသမီးဟာ သူ့လက်အောက်မှာ တိုက်ရိုက်တာဝန်ထမ်းဆောင်နေသူဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီသတင်းနှစ်ခု ထွက်ပြီးချိန်မှာ မစ္စတာ ဟွမ် ရာထူးက နုတ်ထွက်လိုက်တာပါ။

သူနုတ်ထွက်ကြောင်း သတင်းထွက်ပေါ်ပြီးနောက် Nvidia ရဲ့ ရှယ်ယာဈေးဟာ အမေရိကန်က ဈေးကွက်ဖွင့်ချိန်မှာ ၁၃ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပါတယ်။

ဒေါ်လာ ၄.၅ ထရီလျံတန်ဖိုးနဲ့ ကမ္ဘာမှာ ဒုတိယတန်ဖိုးအကြီးဆုံးကုမ္ပဏီအဖြစ် ရပ်တည်ခဲ့တဲ့ Nvidia ဟာ အခုဆို ရက်ပိုင်းအတွင်း ဒေါ်လာဘီလျံ ရာနဲ့ချီ ဆုံးရှုံးနေပါတယ်။

ယာယီ စီအီးအို ကိုလက်က ဘယ်သူလဲ

ကိုလက် ခရက်စ်
ဓာတ်ပုံ ပုံစာ, ဘဏ္ဍာရေးအမှုဆောင်ချုပ် ကိုလက် ခရက်စ်က ယာယီအမှုဆောင်အရာရှိချုပ်ဖြစ်လာ

အခုအခါ မစ္စတာ ဟွမ်ရဲ့နေရာမှာ ကုမ္ပဏီရဲ့ ဘဏ္ဍာရေးအရာရှိချုပ် ကိုလက် ခရက်စ် (Colette Kress) ကို ယာယီ စီအီးအိုအဖြစ် ခန့်အပ်လိုက်ပါတယ်။

ယာယီ အမှုဆောင်အရာရှိချုပ်အဖြစ် ခန့်အပ်ခံရတဲ့ Colette Kress ဟာ ၂၀၁၃ ခုနှစ်ကတည်းက Nvidia ရဲ့ ဘဏ္ဍာရေးအရာရှိချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။ သူဟာ အရင်ကလည်း Cisco နဲ့ Microsoft ကုမ္ပဏီတွေမှာ ဘဏ္ဍာရေးဆိုင်ရာ ရာထူးတွေ ထမ်းဆောင်ခဲ့ဖူးပါတယ်။

Nvidia ဟာ မစ္စတာဟွမ် ဦးဆောင်မှုအောက်မှာ ဂိမ်းကစားရာမှာ အသုံးပြုတဲ့ ချစ်ပ်ပြားတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုကနေ ဉာဏ်ရည်တုနည်းပညာ (AI) အတွက် လိုအပ်တဲ့ ချစ်ပ်ပြားတွေကို ကမ္ဘာတစ်ဝန်း အဓိကထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီကြီးတစ်ခုအဖြစ် ကြီးထွားလာခဲ့တာပါ။

သူဟာ Nvidia ကို လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးခုကျော်က ပူးတွဲတည်ထောင်ခဲ့သူဖြစ်ပြီး ကုမ္ပဏီရဲ့ အောင်မြင်မှုမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။

ဒါကြောင့် သူ့ရဲ့ ရုတ်တရက် နုတ်ထွက်မှုဟာ ကုမ္ပဏီရဲ့ အနာဂတ်ဦးဆောင်မှုနဲ့ AI နည်းပညာဈေးကွက်အပေါ် သက်ရောက်မှုရှိလာနိုင်တယ်လို့ စီးပွားရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။

တရုတ်ရဲ့ စိုးရိမ်မှု

ဒီအရှုပ်တော်ပုံဟာ မစ္စတာ ဟွမ်ရဲ့ ကိုယ်ရေးကိုယ်တာအရှုပ်တော်ပုံအဖြစ်သာ ရပ်တန့်မနေဘဲ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား နည်းပညာပြိုင်ဆိုင်မှုနဲ့ပါ ဆက်စပ်လာပါတယ်။

အမေရိကန်ဘက်က သူလျှိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို တရုတ်အစိုးရက ငြင်းဆိုထားပါတယ်။ နောက်ပြီး ဒီကိစ္စကိုအကြောင်းပြုပြီး တရုတ်နိုင်ငံဆီ အဆင့်မြင့်နည်းပညာပစ္စည်းတွေ ရောင်းချမှုကို ထပ်မံကန့်သတ်လာနိုင်တဲ့အပေါ် တရုတ်အစိုးရက စိုးရိမ်နေပါတယ်။

ဒါကြောင့် သူလျှိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အသုံးပြုပြီး တရုတ်နိုင်ငံဆီ နည်းပညာပစ္စည်းတင်ပို့မှုတွေကို ထပ်မံကန့်သတ်တာမျိုး မလုပ်ဖို့ အမေရိကန်ကို ဘေဂျင်းအစိုးရက သတိပေးထားပါတယ်။

Skip YouTube post
Google YouTube ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

ယခုဆောင်းပါးတွင် Google YouTube မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Google YouTube ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။ YouTube တွင်ကြော်ငြာများပါဝင်နိုင်ပါသည်။

End of YouTube post