အမေရိကန်တစ်နိုင်ငံလုံး လေယာဉ်ခရီးစဉ်တွေ ရပ်နားခဲ့ရမှု နောက်ဆုံးသိရသမျှ

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
အမေရိကန်တစ်နိုင်ငံလုံးမှာ နိုဝင်ဘာ ၁၃ ရက်မှာ လေကြောင်းထိန်းချုပ်ရေးစနစ်နဲ့ ဆက်သွယ်ရေးပြဿနာဖြစ်ပွားခဲ့တာကြောင့် ပြည်တွင်းနဲ့ နိုင်ငံတကာကို ထွက်ခွာမယ့် လေယာဉ်ခရီးစဉ်တွေကို ရပ်နားထားခဲ့ရပါတယ်။ အမေရိကန်နိုင်ငံရဲ့ ဒေသအတော်များများမှာ ညပိုင်းရောက်လာပြီဖြစ်ပြီးလေဆိပ်တွေမှာ ခရီးသည်တွေ ၄ နာရီကျော်ကြာ ပိတ်မိခဲ့ကြတာဖြစ်ပါတယ်။
၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် အမေရိကန်မှာ 9/11(နိုင်အဲလဲဗင်း) တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက်ပိုင်း အခုလို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လေယာဉ်ခရီးစဉ်တွေ ရပ်နားဖို့ အမိန့်ထုတ်ပြန်တာ ဒုတိယအကြိမ်ဖြစ်ပြီး အချိန်အကြာဆုံးလည်း ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၁ ရက်ကလည်း အမေရိကန်လေကြောင်းအာဏာပိုင်အဖွဲ့ (FAA) ရဲ့ NOTAM လေကြောင်းသတိပေးချက်စနစ် နည်းပညာချို့ယွင်းမှုကြောင့် တစ်နိုင်ငံလုံးမှာ ထွက်ခွာမယ့် လေယာဉ်ခရီးစဉ်အားလုံးကို ရပ်နားခဲ့ရပါတယ်။ အဲဒီအမိန့်ကို နှစ်နာရီနီးပါးအကြာမှာ ပြန်လည်ရုပ်သိမ်းခဲ့ပြီး လေယာဉ်ခရီးစဉ် ၁,၃၀၀ ကျော် ဖျက်သိမ်းခဲ့ရကာ ၁၀,၀၀၀ နီးပါး နောက်ကျခဲ့ပါတယ်။
အမေရိကန်လေကြောင်းအာဏာပိုင်အဖွဲ့ (FAA) က ခရီးသည်တွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် လေယာဉ်ခရီးစဉ်တွေကို ရပ်နားဖို့ အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အခုဖြစ်ရပ်ဟာ အမေရိကန်လေကြောင်းထိန်းချုပ်ရေးစင်တာတွေကို ချိတ်ဆက်ထားတဲ့ ဆက်သွယ်ရေးကွန်ရက် ပြတ်တောက်မှုကြောင့် ဖြစ်ပွားခဲ့တာလို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။
ဘီဘီစီရဲ့ အမေရိကန်မိတ်ဖက် CBS သတင်းဌာနကို သတင်းရင်းမြစ်အများအပြားရဲ့ ပြောကြားချက်အရ အဲဒီနည်းပညာပြဿနာဟာ လေကြောင်းထိန်းချုပ်ရေးစနစ်ကို ချိတ်ဆက်ထားတဲ့ သီးသန့်ဆက်သွယ်ရေးကွန်ရက်ကို အဆင့်မြှင့်တင်ရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။
L3Harris ကုမ္ပဏီက လည်ပတ်နေတဲ့ အဲဒီကွန်ရက်ဟာ အဆင့်မြှင့်တင်မှုအပြီး ပြန်လည်စတင်ခဲ့ပြီးနောက် ဒီလို ချို့ယွင်းမှုဖြစ်ခဲ့တာလို့ CBS က ဖော်ပြပါတယ်။
အမေရိကန်တစ်နိုင်ငံလုံး လေယာဉ်ခရီးစဉ် ရပ်နားထားမှု ပြန်လည်ရုပ်သိမ်း

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
နောက်ဆုံးရသတင်း- အမေရိကန် အရှေ့ပိုင်းစံတော်ချိန် (ET) နိုဝင်ဘာ ၁၃ ရက် ည ၈ နာရီ ၃၈ မိနစ်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အမေရိကန်တစ်နိုင်ငံလုံး လေယာဉ်ခရီးစဉ်တွေ ရပ်နားထားဖို့ ထုတ်ပြန်ထားတဲ့ အမိန့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန်မီဒီယာတွေက ဖော်ပြပါတယ်။
လေယာဉ်ခရီးစဉ်တွေ ရပ်နားခဲ့ပြီး လေးနာရီခန့်အကြာမှာ ပျံသန်းမှုတွေ ပြန်လည်စတင်တော့မှာ ဖြစ်ပါတယ်။ အမေရိကန် သယ်ယူပို့ဆောင်ရေးဆိုင်ရာ တာဝန်ရှိသူတွေဟာ အိမ်ဖြူတော်မှာ သတင်းစာရှင်းလင်းပွဲ ဆက်လက်ပြုလုပ်နေပြီး ဒီအခြေအနေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ထပ်မံပြောကြားဖို့ ရှိပါတယ်။
ဒီဖြစ်ရပ် ဘယ်လိုစတင်ဖြစ်ပွားခဲ့သလဲဆိုတာကို အမေရိကန် သယ်ယူပို့ဆောင်ရေးဝန်ကြီး ရှောင် ဒပ်ဖီကလည်း အချိန်နဲ့တကွ ရှင်းပြပါတယ်။
ဒေသစံတော်ချိန် ညနေ ၃ နာရီ ၃၆ မိနစ်မှာ နိုင်ငံတစ်ဝန်းက ရေဒါစနစ်၊ ဆက်သွယ်ရေးစနစ်နဲ့ လေကြောင်းထိန်းချုပ်ရေးစင်တာတွေမှာ မတည်ငြိမ်မှုတွေ စတင်ဖြစ်ပွားခဲ့တယ်လို့ သူက ပြောပါတယ်။
Router တွေကနေ မကိုက်ညီတဲ့ အချက်အလက်တွေ စတင်ဝင်ရောက်လာတဲ့နောက် အမေရိကန် ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲရေးအဖွဲ့ (FAA) က နိုင်ငံတစ်ဝန်း လေယာဉ်ခရီးစဉ်တွေ ရပ်နားဖို့ အမိန့်ထုတ်ခဲ့တာပါ။
အမေရိကန်ရဲ့ လေကြောင်းထိန်းချုပ်ရေးစနစ်ဟာ "အလွန်ခေတ်ဟောင်းနေပြီ" လို့ ဒပ်ဖီက သတင်းထောက်တွေကို ပြောပါတယ်။ Router တွေမှာ အချက်အလက်တွေ အလွန်အကျွံ ဝင်ရောက်လာတာကြောင့် လက်ခံရရှိတဲ့ အချက်အလက်တွေ မကိုက်ညီမှု ဖြစ်ပေါ်ခဲ့တာလို့လည်း ရှင်းပြပါတယ်။
ခေတ်မီတဲ့ လေကြောင်းထိန်းချုပ်ရေးစနစ်တစ်ခု တည်ဆောက်နိုင်ဖို့ ကွန်ဂရက်လွှတ်တော်အနေနဲ့ ရန်ပုံငွေ ထောက်ပံ့ပေးဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။ လက်ရှိစနစ်ကို အဆင့်မြှင့်တင်ဖို့ ဒေါ်လာ ဘီလျံ ၅၀ လိုအပ်တယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ ရီပတ်ဘလစ်ကန်ပါတီက အမေရိကန် ကွန်ဂရက်လွှတ်တော်ရဲ့ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် နှစ်ရပ်စလုံးမှာ အများစုနေရာ ရရှိထားပါတယ်။
ကြီးမားတဲ့ ချို့ယွင်းမှုတိုင်းကို ကြိုတင်ခန့်မှန်းနိုင်မှာ မဟုတ်ဘူးလို့ ဒပ်ဖီ ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကွန်ဂရက်လွှတ်တော်ထံကနေ ဒေါ်လာ ဘီလျံ ၅၀ တောင်းခံပြီး လေကြောင်းထိန်းချုပ်ရေးစနစ်သစ် တည်ဆောက်ဖို့ ကြိုးပမ်းနေတဲ့ ဒပ်ဖီက မကြာသေးခင်က အသစ်တပ်ဆင်ထားတဲ့ စက်ပစ္စည်းတွေကြောင့် ဒီပြဿနာဖြစ်တာ မဟုတ်ဘူးလို့ ပြောပါတယ်။
"ချို့ယွင်းသွားတာက အဟောင်းတွေပါ။ ခေတ်မမီတော့တဲ့ စက်ပစ္စည်းဟောင်းတွေ ချို့ယွင်းသွားတာပါ" လို့ ဒပ်ဖီက ပြောပါတယ်။
ကွန်ရက်ချိတ်ဆက်မှုတွေ ပြန်လည်အသုံးပြုနိုင်ဖို့ switch တွေမှာ အချက်အလက်ဝန်ပိနေတာကို လျှော့ချတဲ့ ပြုပြင်မှုတွေ လုပ်ဆောင်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီလိုပြုပြင်မှုတွေလုပ်ပြီးနောက် စနစ်ပြတ်တောက်မှုဟာ တိုက်ခိုက်မှုတစ်ခုကြောင့် မဟုတ်ဘဲ ရှိပြီးသား စက်ပစ္စည်းတွေနဲ့ ကွန်ရက်ချို့ယွင်းမှုတွေကြောင့် ဖြစ်တယ်ဆိုတာကို ပြသနိုင်ခဲ့တယ်လို့ ဒပ်ဖီက ပြောပါတယ်။
အမေရိကန် သယ်ယူပို့ဆောင်ရေးဝန်ကြီး ဒပ်ဖီက ကွန်ရက်စနစ်မှာ ဖြစ်လာနိုင်တဲ့ ကြီးမားတဲ့ ချို့ယွင်းမှုတိုင်းကို ကြိုတင်ခန့်မှန်းနိုင်မှာ မဟုတ်သလို အခုလို စနစ်ပြတ်တောက်မှုမျိုး ဖြစ်လာမယ်လို့လည်းမျှော်လင့်မထားခဲ့ဘူးလို့ ပြောပါတယ်။
ခေတ်မမီတော့တဲ့ စနစ်ဟောင်းတွေကို အဆင့်မြှင့်တင်မှု မလုပ်ဘူးဆိုရင် အခုလို ပြဿနာမျိုးတွေ ထပ်ဖြစ်လာနိုင်တယ်လို့လည်း သူက ဆိုပါတယ်။
လေကြောင်းထိန်းချုပ်ရေးစနစ်ဟာ ခေတ်မမီတော့ဘူးလို့ ဒပ်ဖီကိုယ်တိုင် ပြောထားတဲ့အတွက် ဒီစနစ်ကို ဆက်သုံးနေချိန်မှာ လေယာဉ်ခရီးသည်တွေအနေနဲ့ ဘယ်လို စိတ်ချယုံကြည်ပြီး လေယာဉ်စီးနိုင်မလဲဆိုတာ သတင်းထောက်တွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။
ဒါပေမဲ့ ဒပ်ဖီက အဲဒီမေးခွန်းကို တိုက်ရိုက်ဖြေကြားခြင်းမရှိဘဲ စနစ်သစ်တည်ဆောက်ဖို့ ကွန်ဂရက်လွှတ်တော်ရဲ့ အကူအညီ လိုအပ်တယ်လို့ ထပ်ပြောခဲ့ပါတယ်။ စနစ်သစ်တည်ဆောက်ဖို့ အချိန်ယူရမှာဖြစ်ပေမဲ့ အခုအချိန်ဟာ စတင်လုပ်ဆောင်ရမယ့် အချိန်ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
အစောပိုင်းအချက်အလက်များ
L3Harris ကုမ္ပဏီဟာ ကမ္ဘာ့အဆင့်မြင့် လေပိုင်နက်တွေ၊ လက်နက်စနစ်တွေနဲ့ ကွပ်ကဲထိန်းချုပ်ရေးစနစ်တွေအတွက် ဆက်သွယ်ရေးစနစ်တွေ ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘီဘီစီက မှတ်ချက်ပေးဖို့ ဆက်သွယ်မေးမြန်းထားပေမဲ့ ကုမ္ပဏီဘက်က ချက်ချင်းတုံ့ပြန်တာ မရှိသေးပါဘူး။
အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီး မာ့ခ်ဝိန်း မူလင် ကတော့ အခုဖြစ်ရပ်ဟာ အမေရိကန်အပေါ် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့တာဆိုတဲ့ အရိပ်အယောင် မရှိကြောင်း၊ လေယာဉ်အားလုံးရဲ့ အခြေအနေကို သိရှိထားပြီး ခရီးသည်တွေအားလုံး ဘေးကင်းကြောင်း ပြောပါတယ်။
ဒါ့အပြင် အခုဆက်သွယ်ရေးပြဿနာဟာ ကြာသပတေးနေ့က စတင်ခဲ့တဲ့ ကမ္ဘာတစ်ဝန်း Microsoft ဝန်ဆောင်မှု ပြတ်တောက်မှုနဲ့လည်း မသက်ဆိုင်ဘူးလို့ သူက ဆိုပါတယ်။
အမေရိကန်ရဲ့ အဓိကလေဆိပ်အတော်များများကလည်း လေယာဉ်ခရီးစဉ်တွေ ရပ်နားထားရကြောင်း အတည်ပြုထားပြီး ခရီးသည်တချို့ဟာ လေယာဉ်ပြေးလမ်းပေါ်မှာ လေယာဉ်တွေနဲ့အတူ ပိတ်မိနေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
American Airlines က လေယာဉ်ခရီးစဉ်ရပ်နားမှုဟာ တစ်နေ့လုံး ကြာမြင့်နိုင်တယ်လို့ ခန့်မှန်းထားပြီး United Airlines ကလည်း ရပ်နားမှုအမိန့် အသက်ဝင်နေသရွေ့ ပြည်တွင်းလေယာဉ်ခရီးစဉ်တွေ ထွက်ခွာနိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ လေယာဉ်ခရီးစဉ် အခြေအနေသတင်းတွေကို စောင့်ဆိုင်းနေကြတဲ့ ခရီးသည်တွေဟာ နိုင်ငံတစ်ဝန်းမှာ ဆက်လက်ပိတ်မိနေကြပါတယ်။
အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး အမေရိကန် သယ်ယူပို့ဆောင်ရေးဝန်ကြီး ရှောင် ဒပ်ဖီ နဲ့ အမိမြေလုံခြုံရေးဝန်ကြီး မာ့ခ်ဝိန်း မူလင်တို့က မကြာခင် သတင်းထောက်တွေကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့ ရှိနေပါတယ်။
လေယာဉ်ခရီးစဉ်တွေ ဘယ်အချိန်မှာ ပြန်လည်ပြေးဆွဲနိုင်မလဲ၊ ဆက်သွယ်ရေးပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာနဲ့ ရပ်နားမှုအမိန့် ပြန်လည်ရုပ်သိမ်းပြီးနောက် လေယာဉ်ခရီးစဉ်တွေ ဘယ်လောက်ကြာကြာ နောက်ကျနိုင်မလဲဆိုတာတွေကိုတော့ လက်ရှိအချိန်အထိ အတိအကျ မသိရသေးပါဘူး။
အမေရိကန်နိုင်ငံ Newark လေဆိပ် Terminal B မှာ ရှိနေတဲ့ ဘီဘီစီသတင်းထောက် အိုလီဗာ အိုစီ က သူစီးနင်းမယ့် အလက်စကာ လေကြောင်းလိုင်း (Alaska Airlines) ဟာ လော့စ်အိန်ဂျလိစ် (Los Angeles) ကို ထွက်ခွာဖို့ နှစ်နာရီကြာ နောက်ကျသွားပြီလို့ ပြောပါတယ်။
လေဆိပ်မှာ ခရီးသည်အများအပြား စောင့်ဆိုင်းနေကြပြီး အစားအသောက်ဆိုင်တွေမှာလည်း တန်းစီသူတွေ ရှိနေပါတယ်။ လေယာဉ်ခရီးစဉ်တွေ နောက်ကျနေတဲ့အတွက် ဒီည ခရီးထွက်နိုင်ဖို့ မလွယ်ကူတော့ဘူးလို့ သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
သူဟာ အလက်စကာ လေကြောင်းလိုင်း (Alaska Airlines) နဲ့ လော့စ်အိန်ဂျလိစ် ကို သွားမယ့် လေယာဉ်ကို နောက်တစ်နာရီလောက်ဆို စီးရတော့မှာ ဖြစ်ပေမဲ့ အခုတော့ နှစ်နာရီ ထပ်မံနောက်ကျမယ်လို့ အသိပေးထားပါတယ်။ ဒီအခြေအနေအရ ဒီည လေယာဉ်ထွက်ဖြစ်ဖို့ မလွယ်တော့ဘူးလို့ ထင်ရပါတယ်။
သူ့သတင်းပေးပို့ချက်အရ လေဆိပ်မှာ ထိုင်ခုံအများစု ပြည့်နေပြီး ဒီလေဆိပ်အဆောင်တစ်လျှောက်က အစားအသောက်နဲ့ အဖျော်ယမကာဆိုင်တွေမှာလည်း တန်းစီစောင့်ဆိုင်းသူတွေ ရှိနေပါတယ်။
အချိန်ကုန်လွန်စေဖို့ မသိကျွမ်းသူတွေအချင်းချင်း ဘောလုံးပွဲအကြောင်း စိတ်ဝင်တစား ပြောဆိုနေကြသလို ဖုန်းတွေကိုလည်း မကြာခဏကြည့်ပြီး လေယာဉ်ခရီးစဉ်နဲ့ပတ်သက်တဲ့ နောက်ဆုံးသတင်းတွေကို စောင့်ကြည့်နေကြပါတယ်။
ဒါပေမဲ့ လေဆိပ်လုံခြုံရေးစစ်ဆေးရေးဂိတ်မှာတော့ တန်းစီစောင့်ဆိုင်းသူ အလွန်နည်းနေတာကို တွေ့ရပါတယ်။ ဒါကတော့ ခရီးသည်တချို့က သူတို့ရဲ့ ခရီးစဉ်အစီအစဉ်တွေကို ဖျက်သိမ်းပြီး လေဆိပ်ကနေ ပြန်သွားကြတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ကယ်လီဖိုးနီးယားလေဆိပ်က ပစိဖိတ်ဒေသကို ဦးတည်မယ့် လေယာဉ်ခရီးစဉ်တချို့ ပြန်လည်ထွက်ခွာခွင့်ပြု

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဆန်ဖရန်စစ္စကို အပြည်ပြည်ဆိုင်ရာလေဆိပ် (SFO) ကနေ လေယာဉ်ခရီးစဉ်တချို့ ပြန်လည်ထွက်ခွာခွင့်ပြုနေပြီလို့ သိရပါတယ်။
လေဆိပ်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ချက်အရ ဟာဝိုင်အီနဲ့ အာရှနိုင်ငံတွေ အပါအဝင် ပစိဖိတ်ဒေသကို ဦးတည်ပျံသန်းမယ့် လေယာဉ်ခရီးစဉ်တွေကို ထွက်ခွာခွင့်ပြုလိုက်တာလို့ဆိုပါတယ်။
အမေရိကန်တစ်နိုင်ငံလုံး လေယာဉ်ခရီးစဉ်တွေ ရပ်နားထားရပြီးနောက် လေဆိပ်တစ်ခုကနေ လေယာဉ်တချို့ ပြန်လည်ထွက်ခွာခွင့်ပြုလိုက်တာ ပထမဆုံးဖြစ်ပါတယ်။
9/11 ဖြစ်ရပ်နောက်ပိုင်း အဆိုးရွားဆုံးဖြစ်ပေမဲ့ အတိုင်းအတာချင်း မတူ - လေကြောင်းကျွမ်းကျင်သူပြော
အမေရိကန်တစ်နိုင်ငံလုံး လေယာဉ်ခရီးစဉ်တွေ ရပ်နားထားရမှုနဲ့ပတ်သက်ပြီး အရင်ဖြစ်ရပ်တွေနဲ့ နှိုင်းယှဉ်ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။
အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီး မာ့ခ်ဝိန်း မူလင်က သတင်းစာရှင်းလင်းပွဲမှာ အခုဖြစ်ရပ်ဟာ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုဖြစ်ရပ်လိုမျိုး မဟုတ်ကြောင်း အကြိမ်ကြိမ် ပြောဆိုခဲ့ပါတယ်။ ဘီဘီစီရဲ့ အချက်အလက်စိစစ်ရေးအဖွဲ့ BBC Verify က Cranfield တက္ကသိုလ် လေကြောင်းနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ တွဲဖက်ပါမောက္ခ ဒေါက်တာ ဂိုင်း ဂရက်တန် (Guy Gratton) ကို မေးမြန်းရာမှာလည်း အခုဖြစ်ရပ်ဟာ 9/11 ဖြစ်ရပ်နောက်ပိုင်း အဆိုးရွားဆုံးဖြစ်ရပ်လို့ မြင်ရပေမဲ့ အဲဒီဖြစ်ရပ်နဲ့ အတိုင်းအတာချင်းတော့ မတူဘူးလို့ ပြောပါတယ်။
အလားတူဖြစ်ရပ်အဖြစ် ၂၀၂၃ ခုနှစ်မှာ အမေရိကန်လေကြောင်းအာဏာပိုင်အဖွဲ့ (FAA) ရဲ့ NOTAM လေကြောင်းသတိပေးချက်စနစ် ချို့ယွင်းခဲ့တာကို သူက ထောက်ပြပါတယ်။
အဲဒီတုန်းက လေယာဉ်ခရီးစဉ်တွေ ရပ်နားမှုဟာ ၁ နာရီ ၅၂ မိနစ်ကြာမြင့်ခဲ့ပြီး လေယာဉ်ခရီးစဉ် ၉,၅၀၀ ခန့် နောက်ကျခဲ့ကာ ၁,၃၀၀ ခန့် ဖျက်သိမ်းခဲ့ရတယ်လို့ ဒေါက်တာ Guy Gratton က ပြောပါတယ်။
အဲဒီစနစ်ချို့ယွင်းမှုကြောင့် လေယာဉ်ဘေးကင်းရေးဆိုင်ရာ သတိပေးချက်တွေ ထုတ်ပြန်နိုင်ခြင်း မရှိတော့တဲ့အတွက် စနစ်ပြန်လည်ကောင်းမွန်လာတဲ့အထိ လေယာဉ်ခရီးစဉ်တွေ ရပ်နားခဲ့ရတာပါ။
အခုတစ်ကြိမ်မှာတော့ အမေရိကန်တစ်နိုင်ငံလုံး လေယာဉ်ခရီးစဉ် ရပ်နားမှုကို အရှေ့ပိုင်းစံတော်ချိန် ညနေ ၃ နာရီ ၅၄ မိနစ် (ဂရင်းနစ်စံတော်ချိန် ည ၈ နာရီ ၅၄ မိနစ်) ကတည်းက စတင်ခဲ့တာဖြစ်ပြီး သုံးနာရီကျော်ကြာမြင့်လာပြီဖြစ်တဲ့အတွက် ၂၀၂၃ ခုနှစ်က ဖြစ်ရပ်ထက် အချိန်ပိုကြာနေပြီ ဖြစ်ပါတယ်
"ပြည်သူတွေ ဘယ်သူမှ အန္တရာယ်မရှိခဲ့ဘူး" - အိမ်ဖြူတော်
သတင်းစာရှင်းလင်းပွဲ စတင်ချိန်မှာ အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီး မာ့ခ်ဝိန်း မူလင်က ဒီနေ့ဖြစ်ပွားတဲ့ ဆက်သွယ်ရေးစနစ် ချို့ယွင်းမှုဟာ မနေ့က လူအများကြုံခဲ့ရတဲ့ Microsoft စနစ်ပြတ်တောက်မှုနဲ့ ဘာမှမသက်ဆိုင်ဘူးလို့ သူက ပြောပါတယ်။
ခရီးစဉ်ရပ်နားမှုကြောင့် သောင်တင်နေတဲ့ ခရီးသည်တွေကို ကူညီပေးနေသလို အားလုံးဘေးကင်းစေဖို့ အစိုးရအနေနဲ့ မကြုံစဖူး အရှိန်အဟုန်နဲ့ ဆောင်ရွက်နေတယ်လို့လည်း မူလင်က ပြောပါတယ်။
ပြည်သူတွေအနေနဲ့ အန္တရာယ်ရှိခဲ့တာ မဟုတ်ဘဲ "ဘယ်သူမှ အန္တရာယ်မရှိခဲ့ပါဘူး" လို့ သူက အလေးထား ပြောပါတယ်။
























