ထရမ့်၊ ပူတင်နဲ့ ရှီ သုံးပွင့်ဆိုင်တွေ့ဆုံမှု ဘယ်လောက်အရေးကြီးလဲ

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၊ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်
ဓာတ်ပုံ ပုံစာ, အေပက်ညီလာခံမှာ အမေရိကန်၊ ရုရှားနဲ့ တရုတ်ခေါင်းဆောင်တွေ သမိုင်းဝင်တွေ့ဆုံမယ်။
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၄

လာမယ့်အပတ်ထဲ တရုတ်နိုင်ငံမှာလုပ်မယ့် ထိပ်သီးဆွေးနွေးပွဲတစ်ခုမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၊ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့ တွေ့ဆုံဖို့ စီစဉ်နေတယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံတောင်ပိုင်း ရှန်ကျန်းမှာလုပ်မယ့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု(အေပက်) ညီလာခံကို ထရမ့်တက်ရောက်ချိန်မှာ အမေရိကန်၊ ရုရှားနဲ့ တရုတ်ခေါင်းဆောင်တွေကြား သမိုင်းဝင်တွေ့ဆုံမှုရှိလာမှာဖြစ်တယ်လို့ အိမ်ဖြူတော်ရဲ့ပြောခွင့်ရှိသူ အိုလီဗီယာ ဝေးလ်က သတင်းထောက်တွေကို ပြောပါတယ်။

"သမ္မတထရမ့်က နျူကလီးယားလက်နက်တွေ ပြန့်ပွားတာကို အင်မတန်အန္တရာယ်ရှိတယ်လို့ ယူဆတာကြောင့် ဒီလက်နက်တွေ လျှော့ချရေးအပါအဝင် တခြားကိစ္စတွေကိုပါဆွေးနွေးကြမှာပါ" လို့ သူက ပြောပါတယ်။

ကမ္ဘာ့နျူလက်နက်အများဆုံးပိုင်ဆိုင်ထားတဲ့ အင်အားကြီးနိုင်ငံတွေရဲ့ တွေ့ဆုံပွဲအတွင်း ယူကရိန်းကိစ္စထက် အီရန်အကြောင်းကို ဆွေးနွေးမယ်ဆိုတာ သိသာထင်ရှားနေပါတယ်။ ရုရှားနဲ့ တရုတ်ကတော့ မှတ်ချက်တစ်စုံတရာ မပြောဆိုသေးပါဘူး။

"ဒီဆွေးနွေးပွဲတွေကနေ သဘောတူညီမှုတစ်ခုခုရမယ်လို့ မမျှော်လင့်ထားဘူး"လို့ အမည်မဖော်လိုတဲ့ အမေရိကန်အဆင့်မြင့်အရာရှိတစ်ဦးက ပြောခဲ့တယ်လို့ အေပီနဲ့ ရိုက်တာသတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

ရုရှားအနုပညာရှင် အလက်ဇီ ဆာဂျင်ကိုက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၊ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့ပုံတူကို ဆွဲထားတာပါ။
ဓာတ်ပုံ ပုံစာ, ရုရှားအနုပညာရှင် အလက်ဇီ ဆာဂျင်ကိုရဲ့လက်ရာ

အဖွဲ့ဝင် ၂၁ နိုင်ငံပါဝင်တဲ့ ထိပ်သီးညီလာခံကို နှစ်ရက်ကြာကျင်းပမှာဖြစ်ပြီး ထရမ့်ဟာ ရှန်ကျန်းကို ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ ရောက်ရှိလာမှာဖြစ်ပါတယ်။ သူဟာ ကြာသပတေးနေ့မှာ သမ္မတရှီနဲ့ နှစ်နိုင်ငံကြား ဆွေးနွေးကြမှာဖြစ်ပါတယ်။

ထရမ့် သမ္မတပြန်ဖြစ်တဲ့ ၂၀၂၅ ခုနှစ်ကစလို့ သူနဲ့ ရှီတို့ကြား စတုတ္ထအကြိမ်မြောက်တွေ့ဆုံမှုဖြစ်ပါတယ်။

"သမ္မတထရမ့်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ သမ္မတနဲ့ ရုရှားဖက်ဒရေးရှင်းရဲ့ သမ္မတတို့ကြား သုံးနိုင်ငံဆွေးနွေးမှုနဲ့ ခရီးစဉ်ကို အဆုံးသတ်မှာပါ" လို့ ဝေးလ်ကပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီခရီးစဉ်အတွင်း သမ္မတထရမ့်က ဖိလစ်ပိုင်မှာလုပ်မယ့် အာဆီယံထိပ်သီးအစည်းအဝေးကိုပါ တက်ရောက်မှာပါ။

ဒီခရီးစဉ်တွေဟာ အမေရိကန်ပြည်သူတွေအတွက် သမိုင်းတွင်တဲ့ အောင်မြင်မှုတွေကို ခိုင်မာအောင်လုပ်ဆောင်ပေးပြီး အင်ဒိုပစိဖိတ်ဒေသမှာ အမေရိကန်ရဲ့အကျိုးစီးပွားကို တိုးတက်စေမှာဖြစ်တယ် လို့ သူကဆက်ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ရုရှားကြားက နျူလက်နက်ထိန်းချုပ်ရေးစာချုပ်ဟာ ဖေဖော်ဝါရီမှာ သက်တမ်းကုန်ဆုံးခဲ့တာကြောင့် ကမ္ဘာ့အများဆုံးနျူလက်နက်တွေနဲ့ပတ်သက်လို့ စည်းကြပ်မှုမရှိဘဲဖြစ်နေပါတယ်။ စစ်အေးခေတ်ကို ပြီးဆုံးစေတဲ့ နျူလက်နက်ပူးပေါင်းထိန်းချုပ်ရေးဟာ အဆုံးသတ်တဲ့အခြေအနေကိုရောက်နေပါတယ်။

နှစ်ဖက်စလုံးအနေနဲ့ သဘောတူညီမှုမူဘောင်သစ်ကို နှောင့်နှေးမှုမရှိဘဲ ဖော်ဆောင်ဖို့ ကုလသမဂ္ဂက တိုက်တွန်းထားပါတယ်။ နျူလက်နက်ထုတ်လုပ်စုဆောင်းလာနေတဲ့ တရုတ်ပါပါဝင်လာအောင် ပိုမိုကောင်းမွန်တဲ့ သဘောတူညီမှုရအောင် ကြိုးပမ်းမယ်လို့ ထရမ့်ကပြောပါတယ်။

တရုတ်နဲ့ ရုရှားရဲ့ ပူးပေါင်းပါဝင်မှုရအောင် ကြိုးပမ်းရာမှာ အခက်အခဲတွေ အများကြီးကြုံရနိုင်ပြီး အောင်မြင်ဖို့ နှစ်များစွာ အချိန်ယူရလိမ့်မယ်လို့ အမေရိကန်အဆင့်မြင့်အရာရှိဟောင်းတွေနဲ့ လေ့လာသူတွေက ဘီဘီစီကိုပြောပါတယ်။

တရုတ်နိုင်ငံတောင်ပိုင်း ရှင်ကျန်းမှာလုပ်မယ့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု(အေပက်) ညီလာခံ
ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံတောင်ပိုင်း ရှန်ကျန်းမှာလုပ်မယ့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု(အေပက်) ညီလာခံ

ရှီဟာ ဒီနှစ်အစောပိုင်းမှာ ပူတင်နဲ့ ထရမ့်တို့ကို ရက်အနည်းငယ်သာခြားပြီး သီးခြားစီလက်ခံတွေ့ဆုံခဲ့ပြီးပါပြီ။ အမေရိကန်သမ္မတကလည်း တရုတ်သမ္မတကို စက်တင်ဘာမှာ ဝါရှင်တန်မှာ လက်ခံတွေ့ဆုံခဲ့ပြီးပါပြီ။

ယူကရိန်းကို ၂၀၂၂ ခုနှစ်မှာ ကျူးကျော်ခဲ့ပြီးနောက် ရုရှားဟာ အထီးကျန်ပိုဆန်လာပြီး အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုကို ခံရချိန်ကစလို့ တရုတ်ဟာ ရုရှားအတွက် အဓိက ကုန်သွယ်ဖက်နိုင်ငံဖြစ်လာခဲ့ပါတယ်။

ရုရှားဒီဇယ်တွေကို နိုင်ငံတွင်း တင်သွင်းပြီး ရုရှားရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို အများဆုံးဝယ်ယူနေတဲ့ တရုတ်အပါအဝင်နိုင်ငံတချို့အပေါ် ပိတ်ဆို့မှုယာယီရပ်ဆိုင်းထားဖို့ အမေရိကန်က ဆုံးဖြတ်ခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ကြောင့် အမေရိကန်ဟာ ရုရှားအပေါ် ပျော့ပျောင်းလာပြီလို့ ဥရောပနိုင်ငံတွေက သတ်မှတ်ပြီး စိုးရိမ်မှုတွေရှိလာခဲ့ပါတယ်။

ထရမ့်နဲ့ ရှီတို့ဟာ ဒီနှစ်အတွင်း ဘေကျင်းနဲ့ဝါရှင်တန်တို့မှာ ထိပ်သီးအစည်းအဝေးတွေလုပ်ပြီး ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးရဖို့ ကြိုးပမ်းလာပါတယ်။ ဒါပေမယ့် ကုန်သွယ်ရေး၊ အေအိုင်ကဏ္ဍမှာ လွှမ်းမိုးနိုင်ရေး ယှဉ်ပြိုင်မှု၊ ထိုင်ဝမ်အရေးစတဲ့ အရေးကြီးတဲ့ကိစ္စတွေမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေမမြင်တွေ့ရသေးပါဘူး။

တရုတ်ဟာ အီရန်ရဲ့ ရေနံကို အဓိကဝယ်ယူသူဖြစ်ပြီး အကြီးဆုံးစီးပွားဖက်နိုင်ငံလည်းဖြစ်တာမို့ အီရန်က စစ်ပွဲဟာလည်း သဘောကွဲလွဲစရာကိစ္စဖြစ်နေပါတယ်။

အေပက်ဆွေးနွေးပွဲရဲ့ ဆက်စပ်အစည်းအဝေးတွေမှာ ရှီဟာ နှစ်နိုင်ငံဆွေးနွေးမှုတွေ လုပ်ဆောင်လိမ့်မယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာက နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောခွင့်ရှိသူစကားကို ကိုးကားပြီး သောကြာနေ့မှာ ဖော်ပြခဲ့ပေမယ့် သုံးနိုင်ငံအစည်းအဝေးကိစ္စကိုတော့ မဖော်ပြခဲ့ပါဘူး။

ထိပ်သီးအစည်းအဝေးမှာ ဒီလိုဆွေးနွေးမှုတွေဖြစ်လာဖို့ အချက်ပြမှုတွေရှိနေတယ်လို့ ရုရှားအစိုးရရဲ့ပြောခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ က ပြောတဲ့အကြောင်း ရုရှားနိုင်ငံပိုင်သတင်းဌာန Tass က အခုလအစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။